Stone-Age Husband Raising Journal_ Chapter(28)_ ကျိုးကျီရဲ့သားရဲပုံစံ

8.8K 1.6K 56
                                    

Stone-Age Husband Raising Journal_ Chapter(28)_ ကျိုးကျီရဲ့သားရဲပုံစံ


ရှုန်းယယ်မှ အဖက်မခံပဲ ရှောင်လိုက်သဖြင့် ရှုန်းချီ ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူ အမှားလုပ်လိုက်မိတာလား....?

 
ရှုန်းယယ်သည် မထင်မှတ်ပဲ တုန့်ပြန်လိုက်မိသည့် သူ့လုပ်ရပ်ကြောင့် နည်းနည်းရှက်သွားမိပေမယ့် ရှင်းအောင် ပြောလိုက်သည်။

 "ငါ့မှာ မိတ်ဖက်ရှိနေပြီ။ ဒါကြောင့် တခြားသူတွေနဲ့  ခပ်ခွာခွာနေမှ ဖြစ်မယ်  "  

ရှုန်းချီက နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်ကာ  ဖက်ဟန်ပြင်နေသည့်လက်ကို ချလိုက်ကာ  လေးစားစွာ ပြောခဲ့သည်။

 "ဒီလိုလည်း ဟုတ်တာပဲ။ ရှုန်းယယ်.....မင်းက မင်းရဲ့ မိတ်ဖက်အပေါ် အရမ်းဂရုစိုက်တတ်တဲ့ လူပဲ"

ရှုန်းယယ်လို့ မိတ်ဖက်အပေါ် သစ္စာရှိသူတွေက ရှားလှသည်။
 
"ခင်ဗျား.. ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ..."

ရှုန်းချီသည် ရှုန်းယယ်ထက် အသက်ဆယ်နှစ်ကျော် ပိုကြီးသဖြင့် အရင်က သူတို့ အဆက်အဆံ သိပ်မရှိပေ။ ဒါပေမယ့် အရင်က ရှုန်းချီက သူ့ကို အခုလို လှိုက်လှဲသည့် ပုံစံမရှိခဲ့ပေ။

  "ရှုန်းယယ်... မနေ့က မင်း ကုပေးလိုက်လို့  ငါ့ဒဏ်ရာတွေ အရမ်းကို သက်သာသွားပြီ။ အဲ့ဒီကြောင့် မင်းကို ငါ ကျေးဇူးတင်နေခဲ့တာ..."

ရှုန်းယယ်၏ ကုသမှုစွမ်းရည်က ဘုန်းတော်ကြီး ထက်တောင် ပိုသာသည်ဟု ရှုန်းချီ ခံစားမိသည်။ ရှုန်းယယ်က တကယ်ကို အထင်ကြီးစရာ ကောင်းလှ သည်။ သူ့ထက် ဆယ်နှစ်ကျော်ငယ်တဲ့ ရှီလီဆီမှာ သူ ရှုံးသွားပြီးတဲ့နောက် အရမ်း စိတ်ဆင်းရဲနေခဲ့ရ သည့်အပြင်  သိက္ခာလည်းကျ၊ ဒဏ်ရာလည်း ပိုဆိုး ခဲ့ပြီး လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပေ။

 
ဘုန်းတော်ကြီးက ဆေးအချို့ပေးကာ အနားယူဖို့ ပြောပေမယ့် ဒဏ်ရာများက နာလွန်းလို့ သူ့မှာ ညည အိပ်ပင်မပျော်ခဲ့ပေ။ နောက်ဆုံး သူ ပြန်မကောင်းနိုင် တော့ဘူးဟုပင် ထင်ခဲ့သည်။

 
ရှုန်းချီသည် မျိုးနွယ်စုတွင် ခေါင်းဆောင် ရှုန်းဟော်ပြီးလျှင်  ဒုတိယခွန်အားအကြီးဆုံး စစ်သည်တော်ဖြစ်ပြီး လူတိုင်း လေးစားအားကျရသော သူဖြစ်ပေမယ့် အခုတော့  လူတိုင်း  အမဲလိုက်နေချိန် တွင် သူက ဒဏ်ရာများကြောင့်  ဂူထဲ ထိုင်ကာ ဝေဒနာ ခံစားနေရသည်။  


သူ ဘယ်တော့မှ အမဲ ပြန်မလိုက်နိုင်လောက် တော့ဘူးလို့ ထင်မိခဲ့သည်။ သူ့လို စစ်သည်တော် တစ်ယောက်က စုဆောင်းရေးအဖွဲ့ထဲ ဝင်ရမယ် ဆိုတာက  အစော်ကားခံလိုက်ရတာပဲ ဖြစ်သည်။
 သူ အသေခံပစ်ဖို့တောင် စဉ်းစားမိခဲ့သည်။


သူ  စိတ်ဓာတ်လုံးဝ ကျနေရချိန်မှာ မထင်မှတ်ပဲ  
ရှီလီက ရှုန်းယယ်နှင့် တိုက်သည့်ပွဲမှာ ရှုံးနိမ့်သွားခဲ့သည်။ ထိုတိုက်ပွဲကို သူ့မျက်လုံးနဲ့ မမြင်လိုက်ရပေမယ့် တခြားလူတွေက သူ့ကို လာပြောပြခဲ့လို့ အကုန်ကြားသိခဲ့ရသည်။

 
လူငယ်မျိုးဆက်၏ ခွန်အားကြီးသော စစ်သည်တော် လေးက နောက်ဆုံး  အရွယ်ရောက် လာခဲ့ပြီ။ ရှုန်းချီသည် သူ့ကိုယ်စား ရှီလီကို အနိုင်တိုက် ပေးခဲ့သည့် အရမ်းကို ဝမ်းသာလွန်းလို့  ရှုန်းယယ်ကို ကျေးဇူးတင်စကား ပြောရန် အားတင်းပြီး သူ့ဂူထဲမှ  ထွက်ခဲ့သည်။
 
မထင်မှတ်ပဲ ရှုန်းယယ်က သူ့ဒဏ်ရာများကို ကြည့်ပေးမည်ဟု ပြောခဲ့သည်။ ကြည့်ပေးလည်း ဘာမှ မထူးဘူးဆိုတာသိပေမယ့်  သဘောတူကာ ကြည့်ခိုင်းခဲ့သည်။ သူ့ အခြေအနေက အရမ်းဆိုးဝါးနေတာကို သူ့ဖာသာ သိပြီးဖြစ်လို့ ကြည့်ကြည့်၊မကြည့်ကြည့် ဘာမှ မထူးတော့ပေ။

 
ပြီးတော့ ရှုန်းယယ် ပေးခဲ့သော ဆေးပင်တွေက သူ့ဆိုးဝါးနေတဲ့ ဒဏ်ရကို သက်သာစေမည် မဟုတ်တော့ပေ။ နောက်ဆုံး ထိုမြက်တွေက အဆိပ်ဖြစ်ပြီး သူသေသွားလည်း အေးတာပဲ ဆိုပြီး ရှုန်းချီက မငြင်းပဲ ပေးသမျှ အကုန်ဝါးစားခဲ့သည်။
ပြီးတော့ သူက ထိုည နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။


 ခါတိုင်းလို ဒဏ်ရာက နာလွန်းလို့ အိပ်မပျော် လောက်ဘူးလို့ ထင်ထားခဲ့ပေမယ့် သူက အရမ်းကို နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ ဒါ့အပြင် နိုးလာတော့ သူ့ဒဏ်ရာတွေက သိသိသာသာ သက်သာသွားပြီး မတ်တပ်ပင် ရပ်နိုင်ခဲ့သည်။ ဒီပုံစံနဲ့ဆိုရင် ရက်နည်းနည်းထပ်နားလိုက်ရင် သေချာပေါက် ပြန်ကောင်းလာတော့မည်။

 ဒါကြောင့် ရှုန်းချီသည် ရှုန်းယယ်ကို အရမ်း ကျေးဇူးတင်ပြီး မနက်ကတည်းက လာစောင့်နေကာ ရှုန်းယယ်ကို တွေ့သည်နှင့် ဝမ်းသာအားရပြေးဖက် မိတာ ဖြစ်သည်။

 
"ခင်ဗျားရဲ့ ဒဏ်ရာ သက်သာသွားတယ် ဟုတ်လား"

ရှုန်းယယ်သည် ရှုန်းချီရဲ့စကားကို နားထောင်ပြီး အံ့အားသင့်စွာ  ကြည့်လိုက်သည်။

"ဟုတ်တယ်။ အတော်လေးကို သက်သာသွားပြီ။  နောက်ရက်တွေဆို အမဲတောင် ပြန်လိုက်နိုင်တော့မယ် ထင်တယ်ကွ...မင်းပေးတဲ့ ဆေးပင်တွေက အဲ့ဒီလောက် စွမ်းမယ်လို့ ငါ လုံးဝမထင်ထားခဲ့မိဘူး။ အဲ့ဒါတွေက အရမ်း အဖိုးတန်မှာပဲ။ ကျေးဇူးပဲကွာ ရှုန်းယယ်ရာ"

ရှုန်းချီက ဆို့နင့်စွာပြောခဲ့သည်။


"ရပါတယ်ဗျာ။ ခင်ဗျား ထပ်ယူဦးမလား"

ရှုန်းယယ်က မေးလိုက်သည်။ ကျိုးကျီ မနေ့က ရှုန်းချီကို စားခိုင်းတဲ့ ဆေးပင်တွေက သူနေ့တိုင်း ပြုစားနေရတဲ့ ဆေးပင်တွေဖြစ်ပြီး  ရှုန်းချီကို ဝါးပြီး အုံခိုင်းသော ဆေးပင်များလည်း သူ ခဏခဏ ဒဏ်ရာကို သုံးနေရတာဖြစ်သည်။ သူသုံးစဉ်က သိပ်မထူးခြားပေမယ့် ရှုန်းချီသုံးတော့မှ ဘာကြောင့်  အရမ်း အစွမ်းထက်သွားရတာလဲ...

 "ရပါတယ်ဗျာ.. ခင်ဗျားလိုသေးလား။ ဆေးပင်တွေ ထပ်ယူမလား"


ရှုန်းချီက ဒဏ်ရာပြန်သက်သာလာမည့်သူ ဖြစ်လို့ပဲ ဆေးက စွမ်းနေတာလား။

 "အာ...တော်ပါပြီကွာ။ ငါ့ကို  တန်ဖိုးကြီးတဲ့ ဆေးပင်တွေထပ်ပေးစရာ မလိုတော့ပါဘူး။ ငါလည်း သက်သာလာပါပြီ "

ဒီလို မှော်အစွမ်းလို အာနိသင် ထက်မြက်တဲ့ ဆေးပင်တွေ သူ့ကို ထပ်ပေးချင်တယ်ဆိုတာ ရှုန်းယယ်က အရမ်းကောင်းတဲ့လူပဲလို့ ရှုန်းချီတွေးနေမိသည်။

 
"ရပါတယ်။  ခဏစောင့်ပေ။ ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့မယ် "

 ရှုန်းယယ်သည် သူ့ဂူဆီပြန်ပြေးလာလို့ ကျိုးကျီက မေးလိုက်သည်။

 
"ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ... "  
 

"ကျိုးကျီ ...မနေ့က ရှုန်းချီကို မင်း ပေးလိုက်တဲ့ ဆေးပင်တွေက အရမ်းတန်ဖိုးကြီးလား"

"တန်ဖိုးမကြီးပါဘူး.... ဘာဖြစ်လို့လဲ"  

"ရှုန်းချီကို ငါ နည်းနည်း ထပ်ပေးလို့ ရမလား။ ဒီဆေးပင်တွေက သူ့ဒဏ်ရာအတွက်  အသုံးဝင်တယ်ထင်တယ် "

ရှုန်းယယ်က ပြောလိုက်တော့ ကျိုးကျီက မငြင်း လိုက်ပေ။  ရှုန်းယယ်က အခု စိတ်အာရုံကြောကို တည်ငြိမ်စေသည့် ဆေးပင်များ  မလိုအပ်တော့သဖြင့်  ရှုန်းချီကို  ပေးလိုက်တာက အဆင်ပြေပါသည်။

 ကျိုးကျီသည် စိတ်ဖြေဆေးပင်များကို ထုတ်ယူလာပြီး ကမ်းပေးလိုက်သည်။

 "ဒါတွေကို  ခြောက်ပုံ ပုံခိုင်းပြီး  တစ်ပုံဆီကို အသားနဲ့ ရောစားခိုင်းလိုက်၊ စားပြီးရင် အိပ်ရေးဝအောင် အိပ်ပေးရမယ်လို့ ပြောလိုက်ဦး "


ရှုန်းချီကဲ့သို့ အကြမ်းခံနိုင်သော သားရဲလူသားတွေက ကောင်းကောင်းစားကာ နှစ်ခြိုက်စွာ အိပ်လိုက်ရုံနှင့် သေချာပေါက် ပြန်ကောင်းလာလိမ့်မည်။

 
ရှုန်းယယ်က ထိုဆေးပင်များကို ယူ၍  ရှုန်းချီကို လာပေးလိုက်တော့ ရှုန်းချီမှာ ပိုပြီး ကျေးဇူးတင်သွားသည်။

"ကျေးဇူးတင်ပါတယ်ကွာ"

ရှုန်းယယ်က  လူကောင်း ဖြစ်တာကို သိခဲ့ရင် အရင်ကတည်းက သူက ရှုန်းယယ်နှင့် အဆက်ဆံ ပိုလုပ်မိမှာ သေချာသည်။
 
 အနာဂတ်တွင် သူက ရှုန်းယယ်ရဲ့ကျေးဇူးတွေကို ပြန်ဆပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။  


ရှုန်းချီသည် အမဲလိုက်အဖွဲ့၏ အသန်မာဆုံး လူများထဲမှ တစ်ယောက်ဖြစ် သောကြောင့် လောလောဆယ် သူက ဒဏ်ရာရထားလို့ အမဲမလိုက်နိုင်ပေမယ့် ခေါင်းဆောင်က သူ့အသား ဝေစု ကို ပိုပေးထားသည်။  ဒါ့အပြင် သူ အရင် ကတည်းက သိုလှောင်ထားခဲ့သော အသားတွေ လည်း ရှိနေသည်။ ရှုန်းယယ်က ဒီဆေးပင်ကို အသားနှင့် ရောစားကာ အိပ်ရန်ပြောတော့ ချက်ချင်း သဘောတူလိုက်သည်။

 
 စုပေါင်းအမဲလိုက်အဖွဲ့ ထွက်လာချိန်တွင် ရှုန်းချီက သူ့ဂူထဲမှာ အိပ်ပျော်လို့နေလေပြီ။

 
ရှုန်းယယ်သည် ရှုန်းချီကို ဆေးပင်များ ပေးပြီးနောက်  အဖွဲ့နှင့် သွားပေါင်းကာ အမဲလိုက်ရန် စောင့်နေ လိုက်သည်။ ရှုန်းဟော်က ရောက်လာပြီး လူစုံ၊မစုံ မေးလိုက်သည်။

  "အကုန်ရောက်ပြီလား"

"ရှီလီ မရောက်လာသေးပါဘူး"  

"သွားခေါ်လိုက်"

ရှုံဟယ်က ပြောလိုက်သည်။


 မကြာမီပင် ရှီလီလိုက်လာခဲ့သည်။ ဟိုတနေ့က တိုက်ပွဲမှာ ရှုံးထားလို့ သူ အရှက်ကွဲပြီး တနေကုန် ဂူဲက မထွက်ပဲ နေခဲ့သည်။ ဒီနေ့လည်း အမဲလိုက် မထွက်ပဲ နေမည်ကြံထားသည်။ စားစရာ မရှိရင် ကိုယ့်ဖာသာ အမဲလိုက်ထွက်မည်ဟု ကြံထားပေမယ့်   မျိုးနွယ်စုဝင်တစ်ယောက် လာခေါ်သောအခါ  
စုပေါင်းအမဲလိုက်ခြင်းတွင် ပါဝင်နိုင်ပါရက် အလုပ်လုပ်ဖို့ ငြင်းဆန်သူများကို မျိုးနွယ်စုထဲက ကန်ထုတ်ပစ်သည်ဆိုသည့် စည်းကမ်းကို သတိရကာ လိုက်လာခဲ့သည် ။


အခုချိန် မျိုးနွယ်စု၏  အပြင်ဘက်တွင် အခြေနေမဟန်သေးပေ။ သူသာ  ချိုင့်ဝှမ်းထဲမှ နှင်ထုတ်ခံရရင် ဟိုးငယ်စဉ်ဘဝက အပြင်ဘက် လျှောက်သွားနေရသည့် ခြေသလုံးအိမ်တိုင်ဘဝကို ပြန်ရောက်ကာ သူ့ ဘဝ အရမ်းခက်ခဲသွားနိုင်သည်။

 ခြေသလုံးအိမ်တိုင်သွားလာသည့်သူများက ငတ်လွန်းလို့ တွေ့ရာအကုန်စားပြီး အဆိပ်မိကာ သေကုန်တာ များသည်။ သူတို့ မိသားစု ငယ်စဉ်က ဒီလို ဘဝမှာ ဘယ်လို အသက်ရှင်အောင် နေခဲ့သည်ကို ရှီလီလည်း မသိတော့ပေ။ ဒီလို ခက်ခဲကြမ်းတမ်းသည့် ဘဝကို ပြန်မရောက်ချင်တော့သဖြင့် ရှီလီက အညိုမည်းစွဲနေသည့် ဒဏ်ရာကို ဖုံးဖို့ သားရေချပ် ကို ကိုယ်တွင်ပတ်ကာ လိုက်လာခဲ့ ရတော့သည်။

 
သူတို့ချသည့် ရန်ပွဲတွင် ရှုန်းယယ်လည်း  ရှီလီကြောင့်  ဒဏ်ရာအများအပြားရခဲ့ပေမယ့်  ကျိုးကျီကုပေးလို့ ဒဏ်ရာအကုန် ကျက်ကုန်ပြီ။  ရှီလီက ကုသမှု မရှိသည့်အပြင် ဒဏ်ရာက ရှုန်းယယ်ထက် ပိုများ လို့ အခု သူ့ ဒဏ်ရာတွေက ပိုဆိုးကာ ရှုန်းယယ်၏ လက်ဝါးစာမိထားသည့် မျက်နှာကယောင်ကိုင်း နေသည်။

ရှုန်းဟော်က ရှီလီကို  တစ်ချက်ကြည့်ကာ သူ့အသင်းထဲကို ထည့်လိုက်သည်။ ရှုန်းယယ်ကို အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခိုင်းလိုက်သည်။

 
 ရှီလီက ဒဏ်ရာရထားလို့ အသင်းကို ဦးဆောင်နိုင်မှာ မဟုတ်သလို  ရှုန်းယယ်ကိုလည်း အသင်းတစ်ခုကို ခေါင်းဆောင်ကြည့်ခိုင်းလိုက်တာဖြစ်သည်။ ဒီနည်းနဲ့ သူ့သမီးနဲ့ရှီလီကိုလည်း ခွဲထားလိုက်သည်။

 
မျိုးနွယ်စုဝင်များကား ရှုန်းဟော်၏ စီမံမှုကို ဘယ်လိုမှ မတွေးပေမယ့် ရှီလီကတော့ သူ့ကို စော်ကားလိုက် သည်ဟု ခံစားလိုက်ရသည်။ သူက ဒီဝက်ဝံကြီး မျိုးနွယ်စုဝင်များအပေါ် သံယောဇဉ် ထားခဲ့ပေမယ့် မနေ့က တိုက်ပွဲမှာ ရှုံးခဲ့ရုံနှင့် သူ့ကို ဒီလို ဆက်ဆံသည်ဟု ထင်လိုက် သည်။

ဒါကြောင့် မကြာခင် ဖြစ်လာမည့် ဘေးကပ်ဆိုးကြီး တွင် ဒီမျိုးနွယ်စု တစ်ခုလုံး သေကျေပျက်စီးသွား စေချင် တော့သည်။ ဒါကြောင့် မကြာခင် ဆိုက်ရောက်လာမယ့် ကပ်ဘေးကို သူက လုံးဝ ဖွင့်ပြောမည် မဟုတ်ပေ။

 
ရှီလီသည် မျက်မှောင်ကြုတ်လျက် ရှုန်းဟော်နောက်က မှုန်ကုတ်ကုတ်နှင့် လိုက်လာခဲ့သည်။ သူတို့မိသားစု ၃ ယောက်  ခြေသလုံး အိမ်တိုင်ဖြင့် လေလွင့်နေပြီး ဒီမျိုးနွယ်စုက နေစရာ၊ စားစရာပေးခဲ့သည့် ကျေးဇူးကို ရှီလီက လုံးဝ ထည့်မတွက်တော့ပေ။ သူ့ခေါင်းထဲရှိသည်က သူ့ကို စော်ကားအရှက်ခွဲသဖြင့် လက်တုန့်ပြန်ရန်သာ ဖြစ်သည်။


 
ရှုန်းယယ်သည်  သူ့အဖွဲ့သားများကို ဦးဆောင်၍ ပျော်ရွှင်စွာ ထွက်ခွာခဲ့သည်။ အမဲလိုက်သမားများ ထွက်သွားပြီးနောက် စုဆောင်းရေးအဖွဲ့လည်း ထွက်လာကြသည်။ စုဆောင်းရေးအဖွဲ့ဝင်များသည် အရင်က ကျိုးကျီနှင့် အဆက်အဆံ မရှိလို့ စောင့်မခေါ်ပေမယ့် ခုရက်ပိုင်း ရှုန်းယယ်နှင့်တွဲကာ လူသိများလာသဖြင့်   တစ်ယောက်က သွားခေါ်လိုက်သည်။

 "ကျိုးကျီ ....စုဆောင်းရေးသွားကြရအောင်"

"ငါ ဒီနေ့ မလိုက်ဘူး"

 ကျိုးကျီက ပြောလိုက်သည်။


"မင်း မလိုက်ရင် ဘာမှ ရမှာမဟုတ်ဘူး"

စုဆောင်းရေးအဖွဲ့ခေါင်းဆောင်က စိတ်ပျက်ကာ ပြောလိုက်သည်။ အရင်က ကျိုးကျီက ဘာမှ သိပ်မလုပ်ပဲ အပါးခိုနေပေမယ့် သူက သနားကာ ဘာမှ သိပ်မပြောခဲ့ပေ။ အခုတော့  ကျိုးကျီက သနားစဖွယ် မကောင်းရုံသာမက မနာလိုစရာကောင်းနေ တော့သည်။

 
"အင်း....  "

ကျိုးကျီက ပြောလိုက်တော့  စုဆောင်းရေး အဖွဲ့ဝင်များက ကျိုးကျီကို မကျေနပ်စွာ ကြည့်ကာ  အသုံးမကျသည့်သူဟု စိတ်ထဲက တွေးလိုက်ကြသည်။

 
ရှုန်းယယ်ကို ပိုင်ဆိုင်လိုက်ရတာနဲ့  စုဆောင်းရေးကဲ့သို့ ရိုးရှင်း အလုပ်တောင် မလုပ်ချင်တော့ဘူး။ ဒီလိုလူက ကြာကြာရပ်တည်နိုင်မည် မဟုတ်ပေ။ ဒီနေ့ညနေ ပြန်လာရင် ခေါင်းဆောင်ကို သွားတိုင်ရမည်ဟု တွေးလိုက်သည်။

 
ကျိုးကျီက သူ့ကို ဘယ်လိုမြင်လည်း စိတ်မဝင်စားအားပေ။ ဒီနေ့ သူ လုပ်စရာ အဓိက အလုပ် ၂ ခုရှိနေသည်။ တခုက သူ့သားရဲပုံစံကို ဘယ်လိုလဲ ဆိုတာ ပြောင်းကြည့်ရမည်။ သူက ဘာကောင်လဲဆိုတောတောင် မသိပဲ မိတ်ဖက်ပွဲ လုပ်လို့ မဖြစ်ပေ။

နောက်တခုက မကြာခင် လုပ်မယ့် မိတ်ဖက်ပွဲမှာ    ရှုန်းယယ်ကို လက်ထပ် လက်ဆောင်အဖြစ် စွမ်းအင်အများကြီးပါတဲ့ အပင်ကို တွေ့အောင် ရှာပြီး. လက်ဆောင်ပေးချင်သည်။

 
 လက်ထပ်ခြင်းအတွက် ရှုန်းယယ်မှ နေစရာ   ဂူနှင့် ပရိဘောဂများ ပေးထားပြီး ဖြစ်သည်။ မိသားစုကို ထောက်ပံ့ရန် အမဲလည်း လိုက်ပေးသးသည်။ ကျိုးကျီ က ဘာလက်ဆောင်မှ မပါပဲ ဒီအတိုင်း ရှုန်းယယ်နှင့် လက်မထပ်နိုင်ပေ။


 အတိတ်ဘဝတွင် နှစ်ပေါင်းများစွာ ကြာအောင်  ဖုတ်ကောင်တွေ တိုက်ခိုက်သတ်ဖြတ်ခဲ့ရလို့ အခု ထပ်ပြီး မသတ်ချင်တော့ပေ။  သူ့ မိသားစုကို အမဲလိုက်ခြင်းနဲ့  မထောက်ပံ့နိုင်တော့ အလုပ်ကြိုးစားပြီး ရှုန်းယယ်ကို ဂရုစိုက်ပေးဖို့ပဲ ကျန်တော့သည်။

သူ ဒီကမ္ဘာကို ရောက်လာခဲ့တာ နှစ်လကြာခဲ့ပြီး  နေ့ခင်းပိုင်း မကြာခဏ အပြင်ထွက်ဖြစ်သလို ညဘက်လည်း တစ်ခါတစ်လေ ထွက်ခဲ့ဖူးသည်။ ဒီကမ္ဘာကြီးက စွမ်းအင်များနှင့် ပြည့်ဝနေပြီး အပင်များက ပုံမှန်ထက် ပို၍ စွမ်းအင်ရှိနေသည်။  အချို့အပင်များက သဘာဝ ရတနာဟု ခေါ်ရလောက် အောင် များပြားလွန်းသည့် စွမ်းအင်များ ပါဝင်နေ တတ်သည်။ ပြီးတော့ ဒီကမ္ဘာမှာ အချို့တိရိစ္ဆာန် များသည် တချို့ထက်ကို ပိုပြီး ခွန်အားကြီးနေသည်။
ဒီလိုဖြစ်တာက ထိုအကောင်တွေက သူတို့ရဲ့ မျိုးရိုးဗီဇပြောင်းလဲသွာစေမယ့် တခုခုကို စားမိခဲ့ သောကြောင့် ဖြစ်သည်။

 
ကျိုးကျီသည် မျိုးနွယ်စုအနားကို ရှာကြည့်ရာ  တွေ့သည့်အပင်များထဲတွင် စွမ်းအင် သိပ်မပါပေ။ ဒါပေမယ့် တခြားနေရာတွင်  စွမ်းအင်ပေါများသော အပင်များ ရှိနေနိုင်သည်။ ဒီလိုအပင်ကို သူ လိုက်ရှာချင်နေလို့ စုဆောင်းရေးအဖွဲ့သွားသည့် ဘက်နှင့် ဆန့်ကျင်ဘက်ကို တစ်ယောက်တည်း ထွက်လာခဲ့သည်။

 
 ထွက်လာစက ပုံမှန်လျှောက်ပေမယ့် နောက်တော့ အရှိန်နှင့်လျှောက်လာတော့သည်။  အပင်စွမ်းအားရှင် ဖြစ်လို့ သစ်တော၊ သစ်ပင်က သူနှင့် တစ်သားတည်း ဖြစ် သည်။ ဒါ့အပြင် သူက အင်အားကြီးသော စိတ်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ကျိုးကျီ၏ ခပ်သွက်သွက်လမ်းလျှောက်နှုန်းသည် ရှုန်းယယ်ပြေးသည်ထက် ပိုမြန်သည်။


တစ်နာရီခန့် ကြာတော့ ဝက်ဝံကြီးမျိုးနွယ်စု၏ ပိုင်နက်မြေမှ ထွက်လာနိုင်ခဲ့တော့သည်။
  ကျိုးကျီသည် ပိုင်နက်သစ်တော အပြင်ဘက် မြက်ခင်းပြင်ကျယ်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာကိုရောက်တော့ သူ့
 စိတ်စွမ်းအင်ကို ဖြန့်ကျက်ကြည့်လိုက်စဉ်  ထု ုမြက်ခင်းပြင်ကျယ်ကြီးတွင် အရွယ်အစား ကြီးမားသော ဒိုင်နိုဆောများစွာ သွားလာ နေထိုင်နေမှန်း သိလိုက်ရသည်။ ဒီကမ္ဘာတွင် အလေးချိန် တန်နှင့်ချီသော သားကောင်တွေ များလွန်းလှသည်။

 မျိုးနွယ်စုထဲတွင် ခေါင်းဆောင် ရှုန်းဟော်၏ ဝက်ဝံပုံစံ အလေးချိန်မှာ တစ်တန်ခန့် ရှိသည်။
ရှုန်းယယ်လည်း မကြာခင်နှစ်အနည်းငယ်အတွင်း ထိုအလေးချိန်ကို မှီလာနိုင်သည်ဟု အားလုံးက ခန့်မှန်းနေကြသည်။ သူ့ရဲ့မိတ်ဖက်ကအရမ်းကို အရွယ်စားကြီးလှသည်ဟု ကျိုးကျီတွေးနေသည်။
 

 သူလည်း တိရိစ္ဆာန်ပုံစံ ဘယ်လို ပြောင်းရမလဲဆိုတာ တွေးနေသည် မျိုးနွယ်စုဝင်များသည် သူတို့ရဲ့သားရဲပုံစံကို လျင်မြန်စွာ ပြောင်းနိုင်လို့  လွယ်ကူသည့်ပုံ ဟု ထင်ခဲ့သည်။  ဒါပေမယ့် လက်တွေ့ သူက တခါမှ မပြောင်းဖူးလို့ ဘယ်က စပြောင်းရမလဲ မသိဖြစ်နေသည်။

 
ကျိုးကျီမှာ ထိုကိစ္စကို တွေးတောဆင်ခြင်နေစဉ် သူ့  ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ယောင်လာသလို ခံစားလိုက်ရသည်။ ဒီလို ဖောင်းကားလာတာက နာကျင်ခံစားရတာ မရှိပဲ နေလို့ ကောင်းလှသည်။

 
 သူ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်တွေက မဆံ့တော့လို့ တဖြည်းဖြည်းပြဲကုန်ပေမယ့် သူက ဘာမှ မဖြစ်ပေ။ အချိန်တိုအတွင်း သူက အခြားပုံစံတစ်ခုပြောင်းသွားခဲ့သည်။

 
ဒီကမ္ဘာမြေက တကယ့်ကို  အံ့သြဖို့ကောင်းတာပဲ...

 ကျိုးကျီသည် သူ့ ဘေးက အပင်တွေကို မျက်လုံး ဝေ့ကြည့်လိုက်သည်။ တိရိစ္ဆာန်ပုံစံ  ဘယ်လိုပြောင်းရမလဲဆိုပြီး ခုလေးတင် သစ်ပင်အောက်မှာ စဉ်းစားနေခဲ့တာ..... ဘယ်လို ဖြစ်ပြီး အပင်က ပုသေးသွားခဲ့တာလဲ..
 
သူ  ဘာကောင်အဖြစ် ပြောင်းသွားတာလဲ..

 
ကျိုးကျီက  မကောင်းသောနိမိတ်ကို ခံစားမိ လိုက်ရသည်။ သူ လက်မြှောက်ဖို့ ကြိုးစားလိုက်ရာ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီးသား ဖြစ်သွားသည်။

ဒါ့အပြင် သူ့ခြေထောက်အောက်က မြေကြီးက တုန်သွားတာကို ခံစားလိုက်ရသည်။ သူ့ကို သတိမထားမိပဲ သူ့ခြေထောက်နားတွင် သွားလာနေသည့်   တိရိစ္ဆာန်များက အခုတော့ အသည်းအသန်   အသက်လုကာ ထွက်ပြေးနေကြရသည်။

 
ကျိုးကျီသည် သူ့နှာခေါင်းကို ထိကြည့်ဖို့ လုပ်ပေမယ့် သူ့နှာခေါင်းကြီးက ရှည်လျားစွာ ပုံပြောင်းသွားတာကို တွေ့လိုက်ရသည်။

သူ့နှာခေါင်းက နှာမောင်းရှည်ရှည် ဖြစ်သွာတာလား...
သူ့  နှာခေါင်း အပြင်  အရှေ့ဘက်သို့ ငေါထွက်နေသော အစွယ် နှစ်ချောင်းကိုပါ မြင်လိုက်ရသည်။   သူ့အစွယ်တွေက ရှည်လျား ကောက်ကွေးနေပြီး သူ့ကို  ခက်ထန်ကြမ်းတမ်းသည့် ပုံပေါ်လာစေသည်။
 
 ကျိုးကျီ အခုတော့ အမှန်တရားကို  သိလိုက်ပြီ။

သူက  ဆင်တစ်ကောင်အဖြစ် ပြောင်းသွားခြင်း  ဖြစ်သည်။ ပြီးတော့ ဆင်တွေက ဒီလောက် အရွယ်စားကြီးလို့လား...
 
***-***

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now