အပိုင်း ၁၃

4.8K 590 3
                                    

Unicode

  
ယုံးဘုရင်က နယ်စပ်ကို ဖြတ်လာပြီတဲ့လား!
  
သူ သက်ပြင်းချ၍ မဆုံးခင်မှာပင် ရုတ်တရက် အမှုထမ်းတစ်ယောက်က အမြန်ရောက်လာကာ ထပ်မံ သတင်းပို့ပြန်သည်။
  
"အရှင်...ထျန်းတုမြို့တော်က ရှောင်ကုန်းဇီ[1]က မုန့်ဝူယုံးမိန်းကလေးနဲ့အတူ အတင်းဝင်လာပြီး သူ(မ)ကို လက်ထပ်မယ်လို့ ပြောနေပါတယ်။ဒီအစေခံက သူ့ကို မတားမြစ်ရဲခဲ့ပါဘူးအရှင်!"
  
ဤရှောင်ကုန်းဇီက သာမန်လူမဟုတ်ပေ။ သူဟာ အမျိုးသမီးဧကရာဇ်၏ တူအရင်းဖြစ်သူ ကျန်းကျင်ယွမ်ပင် ဖြစ်လေသည်။

သူဟာ သူ့ပုံစံအစစ်အမှန်ကို ဖုံးကွယ်ကာ ဟန်ပြည်နယ်သို့လာ၍ ဟန်ရှောင်လင်ဆီကနေ သတ္ထုဒြပ်စင်ကို ပိုအားကောင်းလာစေသော စိတ်ဝိညာဥ်သန့်စင်နယ်ပယ်ကျင့်ကြံဆင့်ကို လာရောက်ဆည်းပူးနေတာ ၂လနီးပါးရှိပြီဖြစ်သည်။
  
အမျိုးသမီးဧကရာဇ်ဟာ ကလေးရဖို့ မဖြစ်နိုင်ခဲ့ပေ။ သူမမှာ အမွေဆက်ခံသူမရှိတာကြောင့် ကျန်းကျင်ယွမ်ကသာ နောက်တက်မည့်ဧကရာဇ်ဖြစ်လာဖို့ အလားအလာအများဆုံးဖြစ်ပေသည်။ သူသာ အမျိုးသမီးဧကရာဇ်ထက် အသက်ရှည်ခဲ့မည် ဆိုလျှင်ပေါ့လေ။
  
ဟန်ရှောင်လင်၏ မျက်လုံးထဲမှာတော့ ဒေါသမီးတောက်တွေ တောက်လောင်နေချေပြီ။

"ဘာတွေဖြစ်နေတာလဲ!"
  
အမှုထမ်းက စကားပြန်ဖြေဖို့မရလိုက်ခင်မှာပင် ကျန်းကျင်ယွမ်၏ ကြည်လင်သည့်အသံက ခပ်ဝေးဝေးကနေ ထွက်လာသည်။

"ငါ့ဆရာ ဟန်ဘုရင်ကို တွေ့ချင်တယ်။ ဘယ်သူက ငါ့ကိုလာတားရဲလဲ!"
  
အသံက သည်အထိကြားရကာ ရွှေချည်ထိုးထားသည့် တန်ဖိုးကြီးအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်၏ ပုံရိပ်က အားနွဲ့သည့်အမျိုးသမီးတစ်ယောက်ကို ဆွဲခေါ်ကာ အတွင်းသို့ တစ်ဟုန်ထိုးဝင်လာခဲ့ပြီ ဖြစ်သည်။
  
အမျိုးသမီးက ဆက်လက်ရုန်းကန်နေဆဲဖြစ်ပြီး မျက်ရည်များဖြင့် ငိုကြွေးနေ၏။

"ကျွန်မကိုလွှတ် ! ကျွန်မကိုလွှတ်ပေး ! ကျန်းကျင်ယွမ် ကျွန်မကိုလွှတ်ပေး!"
  
ဟန်ရှောင်လင်မှာ မူးရိပ်ရိပ် ဖြစ်သွားတော့သည်။
  
ကျန်းကျင်ယွမ်၏ ပုံစံမှန်ဟာ ထိပ်တန်းလျို့ဝှက်ချက်ဖြစ်၏။ ခုတော့ ကောင်းရော! အကုန်လုံး သိသွားကြလေပြီ။
  
မုန့်ဝူယုံးထံကြည့်နေသော ဟန်ရှောင်လင်၏ မျက်လုံးထဲမှာတော့ ပြင်းထန်ကာ လူသတ်လိုသည့်အရှိန်အဝါတို့က ထင်းထွက်လျက်သား။
  
လွန်ခဲ့သည့်နှစ်ရက်က သူဟာ မုန့်ဝူယုံးကို မြို့တော်အပြင်ဘက်သို့ လိုက်ပို့ရန် သူ့လူတွေကို စေခိုင်းထားခဲ့သည်။ သူမမှာ ကျန်းကျင်ယွမ် စွဲလန်းသွားလောက်အောင်သုံးနိုင်မည့် ဒီလောက်ကောင်းသည့်နည်းလမ်းရှိနေမည်ဟုတော့ ဘယ်တုန်းကမှ မထင်ခဲ့ချေ။
  
ဤအကြောင်း တွေးမိတော့ သူ့အကြည့်တွေက ပိုနက်ရှိုင်းလာတော့သည်။
  
စန်းယွမ်ယွမ်ကတော့ မျက်ခုံးကိုသာ အသာအယာပင့်လိုက်မိသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now