အပိုင်း ၅၅

3.3K 433 2
                                    

Unicode

သို့ပေမဲ့ သူတို့ဟာ ကြောက်စရာကောင်းသည့်လူတွေနှင့် လားလားမျှမတူချေ။
  
ထိုလူအုပ်ကြီးက သူမအား အံ့အားတသင့်ဖြစ်အောင် တက်ကြွနေမှုတို့ကိုသာ ဖြစ်ပေါ်စေသည်။ သူတို့တစ်ဦးချင်းစီတိုင်းဟာ အလွန်သွက်လက်တက်ကြွ၍ တစ်စက္ကန့်လေးတောင်မှ အနားမနေကြပေ။ သည်နေရာရှိလမ်းတစ်လျောက်က နတ်ဆိုးအကုန်နီးပါးကို ယုံးဝူမင့် ချေမှုန်းခဲ့တာကြောင့် စင်္ကြန့်၏ ဝင်ပေါက်က ခုချိန်မှာတော့ ငြိမ်းသက်အေးချမ်းနေသည်။လောလောဆယ်မှာ နတ်ဆိုးတွေက ဝရုန်းသုန်းကားဝင်လာခြင်းမျိုးလည်း မရှိသေးပေ။

အရိုအသေပေးပြီးနောက် အရိပ်ကိုယ်ရံတော်များဟာ ခံတပ်ပေါ်တက်လိုက်၊ ယာယီဆောက်ထားသည့် ကတုတ်ကျင်းပေါ်တက်လိုက် လုပ်နေကြသည်မှာ အငြိမ်မနေနိုင်ကြသော မျောက်အုပ်စုများအလား။
  
စန်းယွမ်ယွမ်ဟာ ယုံးဝူမင့်နောက် တောက်လျောက်လိုက်လာရတာကြောင့် သွေးထွက်သံယိုမြင်ကွင်းတွေကို အနည်းနှင့်အများတော့ ခံနိုင်ရည်ရှိနေပြီဖြစ်သည်။

သူမက ယုံးဝူမင့်လက်မောင်းကိုကိုင်ကာ သွမ်မင့်ကျောပေါ်ကနေ ခုန်ချ၍ ခံတပ်၏ အစွန်းနားကို လျှောက်သွားကာ တစ်ချက်ကြည့်ကြည့်လိုက်သည်။
  
အပြင်ဘက်မဟာတံတိုင်း၏ အနောက်ဘက်၌ကား အသူတရာချောက်နက်ကြီး ဖြစ်သည်။
  
မနေ့ညက မမျှော်လင့်ပါဘဲ စိတ်ဝိညာဥ်ဖုံးကွယ်နယ်ပယ်၏ ဒုတိယအလွှာရောက်သွားခဲ့သဖြင့် စန်းယွမ်ယွမ်ဟာသူမ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေက တိုးတက်နေတာကို ခံစားမိနေသည်။

သူမအမြင်အာရုံတွေက မနေ့ကထက် နှစ်ဆလောက် စူးရှလာ၏။ ခံတပ်နားမှာရပ်ကာ ငုံ့ကြည့်လိုက်ရုံဖြင့် သူမဟာ နတ်ဆိုးတစ်ယောက်ချင်းစီ၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။
  
အနီရောင်လှိုင်းလုံးတွေက မြင်ကွင်း၏ ဘယ်နှင့်ညာထိ ​တိုးချဲ့လာပြီဖြစ်ကာ ကျန်း၁၀၀ကျော်အကွာလောက်မှာတော့ အဆုံးမရှိသည့် အနက်ရောင် ချောက်နက်များ ရှိနေလေသည်။

အသူတရာချောက်အထက်မှာ သိပ်သည်းလှသော မိုးကြိုးတိမ်တိုက်များရှိနေပြီး မိုးကြိုးများက တိမ်တိုက်တွေထဲကနေ အသူတရာချောက်အောက်သို့ မကြာခဏ ပစ်ချနေပေမဲ့လည်း အောက်ခြေကနေ ဆက်လာနေသည့် နတ်ဆိုးအုပ်စုကြီးကိုတော့ မတားနိုင်ချေ။
  
ယွင်နိုင်ငံတော်၏ ၁၈နယ်မြေသည် ပင်လယ်ထဲရှိ သီးခြားကျွန်းစုများလိုပင်။ တိုက်ကြီးတစ်ခုလုံးကို ထိုကဲ့သို့ ချောက်နက်ကြီးများဖြင့် ဝန်းရံထားကာ နတ်ဆိုးများက ချောက်နက်ကြီးအောက်ခြေမှ တက်လာကြ၍ အကာအကွယ်စည်းများကို အချိန်မရွေး အရူးအမူးတိုက်ခိုက်လာနိုင်သည်။ပုံသေတွက်ဆထားလို့လည်း မရချေ။

စန်းယွမ်ယွမ်က သူမအကြည့်တို့ကို ပြန်ရုတ်လိုက်ရင်းမှ တံတိုင်း၏ တခြားတစ်ဖက်ဆီသို့ သွားလိုက်သည်။
  
သည်နေရာကနေဆို အဝေးရှိ အတွင်းမဟာတံတိုင်းကို မျက်နှာမူကာ ကြည့်လို့ရပေသည်။
  
တစ်ညတည်းဖြင့် ချောက်နက်အောက်ခြေမှ တက်လာသော နတ်ဆိုးအရေအတွက်ဟာ ရုတ်တရက်ကြီး ဆယ်ဆတိုးလာကာ သူတို့ထဲက အနည်းစုက ကျိုးပေါက်သွားသော မြို့တံခါးကနေ ကြားခံနယ်မြေထဲဝင်လာကြတာဖြစ်သည်။ထိုကနေတဆင့်မှ များလှစွာသော နတ်ဆိုးတွေဟာ ပိရစ်မစ်ကဲ့သို့ တစ်လွှာပြီးတစ်လွှာ ထပ်လာကာ အပြင်မဟာတံတိုင်းကြီးအပေါ် တန်းတွယ်တက်လာနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now