အပိုင်း ၅၈

3.2K 387 1
                                    


Unicode
  
သူက လက်ဝေ့ယမ်းကာ ဆိုလိုက်သည်။

"မင်းသွားနှင့်ပါ။ ငါ ငါ့ရဲ့တပ်ဖွဲ့ကို ဦးဆောင်ပြီး နောက်ကနေ အနီးကပ်လိုက်ခဲ့မယ်"
  
ယုံးဝူမင့်ကတော့ ယဥ်ကျေးတောင်မနေတော့။ မျက်နှာက လှောင်ပြုံးနှင့်အတူ သူက ဟန်ရှောင်လင်အနားသို့လာကာ အော့အန်မနေသည့်ဘက်ခြမ်းကနေ ဖြတ်ကျော်သွားလေသည်။
  
ဟန်ရှောင်လင်မှာ မသိလိုက်စွာပင် အကြည့်တို့က စန်းယွမ်ယွမ် ကိုယ်ပေါ်သို့ စွဲညိကပ်ပါသွားတော့သည်။
  
သူ မနေ့တုန်းက သူရဲခိုပေါ်မှာလည်း ထိုအမျိုးသမီးကို မြင်ခဲ့ရသည်။ သို့ပေမဲ့ ထိုအချိန်တုန်းက ဂရုမစိုက်ခဲ့ပေ။ ထိုကဲ့သို့ အမြင့်နေရာမျိုးမှာ နေရကာ ဘေးကနေ တပ်ဖွဲ့ကြီး၏ ကာကွယ်ပေးတာခံရမှာတော့ လူတိုင်းက တည်ငြိမ်နေမည့်မျက်နှာပေး ဖြစ်နေကြမှာပင်ဖြစ်သည်။
  
မုန့်ဝူယုံးကတော့ တပ်စခန်းချသည့်နေရာမှာ ရှိတုန်းက တံတိုင်းအပြင်ထွက်ကာ ကစားရဖို့အတွက် အကြောက်အလန့်မရှိစွာ နည်းပေါင်းစုံ သုံးခဲ့ပေ၏။ သူမဟာ မနေ့က ပြဿနာရှာခဲ့ပြီး သည်နေ့မှာလည်း နတ်ဆိုးတွေ သုတ်သင်တာကို မြင်ချင်၍ သူနှင့်လိုက်ပါရစေဟု ရဲတင်းစွာ ငိုယို​အော်ဟစ်ခဲ့သေးသည်။သူမကို ခေါ်လာမိသော သူ့ဦးနှောက်ကြီးသည်လည်း မြင်းကန်ခံလိုက်ရပြီ ထင်ပါ၏။
  
ခုချိန်မှာတော့ သူမ၏ ဖြူလျော်နေသော မျက်နှာသေးသေးလေးနှင့် မျက်ဝန်းထောင့်က မျက်ရည်စတွေက သူ့ကို နည်းနည်းတော့ သနားစိတ်ဝင်မိသွားစေသည်။

သို့သော်လည်း ထိုအမှုမထားတတ်သည့် အမျိုးသမီးကိုမြင်လိုက်ရချိန်မှာတော့ မုန့်ဝူယုံးအပေါ်ထားသည့် သူ့နှလုံးသားထဲက နူးညံ့မှုသေးသေးလေးများဟာလည်း လေထဲမှာ လေထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
  
တစ်ခုတည်းကျန်တာဆို၍ မကျေမနပ်ညည်းတွားမှုသာပင်။-----ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ကိုယ့်အရှက်ကိုယ်ခွဲရတာ သဘောကျနေမှတော့ ခံပေါ့ ဟူ၍။
  
သူမနေနိုင်စွာပင် နောက်လှည့်၍ ထိုလှုပ်လီလှုပ်လဲ့ ပုံရိပ်လေးကို ထပ်ကြည့်လိုက်ပြန်သည်။
  
ဘာလို့များ ယုံးဝူမင့်လို အဲ့အရူးက ဒီလောက်ကောင်းတဲ့ အမျိုးသမီးကို ရှာတွေ့ရတာတဲ့တုန်း။ ဒါကြီးက ကောင်းကင်ဘုံရဲ့ လက်ဆောင်မွန်ကို ဖြုန်းတီးနေတာနဲ့ မတူဘူးလား။
  
ဖုံးကွယ်ထားသည့် ပစ္စည်းတွေအောက်က ပကတိပုံစံကို မြင်ရဖို့ မဖြစ်နိုင်သော်လည်း ဟန်ရှောင်လင်ကတော့ ထိုအမျိုးသမီးက ပြိုင်ဖက်ကင်းအောင်လှလိမ့်မည်ဆိုတာ သေချာနေသည်။
  
သူ ဘယ်တုန်းကမှ မတွေးမိသည်ကတော့ မြင်မြင်ချင်း သူ့နှလုံးသားထဲမှာ လေးစားမှုတို့ပြည့်လျှမ်းသွားအောင်လုပ်ခဲ့သော ထိုအမျိုးသမီးက စန်းယွမ်ယွမ်ဖြစ်နေမည် ဆိုတာပင်။
  
ထို့အပြင် "မြင်မြင်ချင်းအချစ်" ဟုသူထင်နေသည့်အရာက တကယ်တမ်းတော့ စစ်မြေပြင်အတွင်းမှာ စိတ်က အလွန်လှုံ့ဆော်ခံထားရပြီး ရုတ်တရက် ဤမျှ ငြိမ်းချမ်းနေသော အမျိုးသမီးကိုမြင်လိုက်ရသည့်အခါ သူ့စိတ်အခြေအနေက ရှုပ်ထွေးရှော့ခ်ရသွားပြီး နှလုံးသားတစ်စုံစာချုပ်၏ သက်ရောက်မှုနှင့်ပါ အမွှေခံလိုက်ရတာကြောင့်ဖြစ်သည်။
  
သူက ထိုအရာကို အချစ်ဟု အထင်မှားသွားခြင်းပင်။
  
ယုံးဝူမင့်က ဦးဆောင်ကာ ဂိတ်နားက ထွက်လာလိုက်သည်။
  
မြေပြင်က မသိမသာ တုန်ခါသွားသည်။မျက်စိရှေ့မှာက ကြက်သွေးရောင်တွေနှင့်ပြည့်နေကာ ယုံးနှင့်ဟန်ပြည်နယ်က စစ်သည်တော်တွေက အတွင်းမဟာတံတိုင်းအောက်မှာ နတ်ဆိုးတွေကို အရူးအမူး ချေမှုန်းနေကြပေမဲ့ တံတိုင်းကို ကာကွယ်နိုင်ရုံမျှသာပင်။သို့ငြား တံတိုင်းအပေါ်ကနေလည်း မြားအတန်းလိုက် စတင်ပစ်လာကြရာ နတ်ဆိုးလှိုင်းကြီးမှာ အဆင့်ဆင့် တွန်းထုတ်ခံနေကြရပြီး အရာအားလုံးက အစီအစဥ်တကျအတိုင်း ပြန်ဖြစ်လာကြ၏။
  
သို့ပေမဲ့ ဤသည်ကပင် အန္တရာယ်အများဆုံး အခိုက်အတန့်ဖြစ်ချေသည်။
  
အတွင်းမဟာတံတိုင်းနှင့် အပြင်မဟာတံတိုင်းကြားရှိ နတ်ဆိုးများ၏ ဒီရေလှိုင်းက မပြိုလဲသွားကြသေးပေ။ထစ်ချုံးမြည်လှိုင်းစည် ဖြစ်စဥ်ရောက်လာသည်နှင့် တစ်ပြိုင်နက် မတည်ငြိမ်သေးသော အကာအကွယ်စည်းမှာ ကြေမွသွားမည့် သက်ရောက်မှုကို သေချာပေါက်ကြုံတွေ့ရလိမ့်မည်ပင်။
  
ယုံးဝူမင့်နှင့် ဟန်ရှောင်လင်က တစ်ချိန်တည်းမှာ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ---ပြန်ဆုတ်ကြရန်ပင်။ ထစ်ချုံးမြည်လှိုင်းစည် ကနေ ရှင်သန်ဖို့ရာအတွက် အတွင်းမဟာတံတိုင်းကိုသာ မှီခိုရမည် ဖြစ်ပေ၏။
  
သို့ပေမဲ့ ဤအချိန်မှာပင် တစ်စုံတစ်ရာက ဖြစ်ပွားခဲ့လေသည်။
  
ဖွင့်ထားရမည်ဖြစ်သော အတွင်းမဟာတံတိုင်းက ထူးဆန်းစွာ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ပြန်ဆုတ်လာကြသော ပြည်နယ်နှစ်ခုက အဓိကတပ်ဖွဲ့များမှာ ဂိတ်တံခါးအပြင်ဘက်မှာ အုံကြွနေရင်း ဖွဲ့စည်းပုံက အနည်းငယ် ဖရိုဖရဲဖြစ်လာသည်။
  
ဟန်ရှောင်လင်ဟာ ကျောက်စိမ်းအမိန့်ပြား ဒါဇင်နှင့်ချီ၍ ချိုးပြီးပြီဖြစ်သော်လည်း တစ်ဖက်ခြမ်းကတော့ တိတ်ဆိတ်နေမြဲပင်။
  
မြားမိုးတွေလည်း ရပ်သွားပြီဖြစ်သည်။ တံတိုင်းထိပ်မှာ လူတစ်ယောက်မှ မရှိကြပုံက အသက်ရှုသည့် လူဟူ၍ မရှိကြသော တစ္ဆေမြို့တော်အလားပင်။
  
"ဘာဖြစ်သွားတာလဲ အရှင်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now