Unicode
စန်းယွမ်ယွမ် နှလုံးသားက ရုတ်ချည်း ဆောင့်ခုန်သွား၏။
ဤဖြစ်ရပ်က စန်းပြည်နယ်ပျက်စီးရခြင်း၏ အကြောင်းရင်းပင် ဖြစ်ချေသည်။
စာအုပ်ထဲမှာတော့ စန်းဘုရင်ဟာ ယုံးဝူမင့်ကို တိုက်ခိုက်ဖို့ အကောင်းဆုံးဟု ပြောလို့ရသလို အဆိုးဆုံးဟု ပြောလို့ရသည့် အချိန်ကိုရွေးချယ်ခဲ့၏။ ထျန်းတု၏ အမိန့်အရ ယုံးဝူမင့်ဟာ အနောက်ပိုင်းနယ်စပ်က နတ်ဆိုးဘေးအန္တရာယ်ကို ဖြေရှင်းရာမှာ ဟန်ဘုရင်ကို ကူညီဖို့ရောက်ရှိလာခဲ့ပေသည်။
စန်းပြည်နယ်ဘုရင်နှင့် အိမ်ရှေ့စံဟာ စစ်တပ်ကိုဦးဆောင်၍ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာကာ ယုံးဝူမင့်ကို လျှပ်တပြက်ဝင်တိုက်ခိုက်ခဲ့လေသည်။ ယင်းက ယုံးဝူမင့်ကို နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရသလိုဖြစ်သွားကာ သေလုနီးပါးဖြစ်သွားရသည်။ ယုံးဝူမင့်နှင့်အတူ ပါလာသော ဟန်ရှောင်လင်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့လေ၏။
အချိန်ကောင်းဟု ပြောရခြင်းကတော့ ယုံးဝူမင့်၏ ကျင့်ကြံဆင့်က အလွန်မြင့်တာကြောင့် ဤတစ်ကြိမ်ကသာ သူ့ကိုသတ်ပစ်ဖို့ တစ်ခုတည်းသော အခွင့်အရေးဖြစ်နေသောကြောင့်ပင်။
အချိန်ကောင်းမဟုတ်ဟု ပြောရခြင်းကတော့ စန်းပြည်နယ်၏ အပြုအမူက နိုင်ငံတော် သစ္စာဖောက်မှုကြီးနှင့် ညီမျှနေသောကြောင့် ဖြစ်ပေသည်။
အကယ်၍ ပြည်နယ်နှစ်ခုကြား ပဋိပက္ခသည် စစ်ရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေပါက တျန်းတုသည် များသောအားဖြင့် သူတို့တစ်ယောက်ချင်းစီကို ပျဥ်ချပ်ကြီးကြီးဖြင့် အချက်ငါးဆယ်စီရိုက်ကာ ကိစ္စကိုကျော်သွားပေးလေ့ရှိသည်။ သို့သော်လည်း ယုံးဝူမင့်နှင့် ဟန်ရှောင်လင်ဟာ နတ်ဆိုးများကို နှိမ်နင်းရန် အမိန့်ပေးခံထားရချိန်မှာ ခိုးဝင်တိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်၏။ စန်းပြည်နယ်၏လှုပ်ရှားမှုဟာ တျန်းတု၏နဂါးအကြေးခွံကိုဆွဲထုတ်ပြီး ယွင်နိုင်ငံတစ်ခုလုံး၏ရန်သူဖြစ်လာစေခဲ့ပေသည်။
တစ်နှစ်အကြာမှာတော့ စန်းပြည်နယ်သည် ယွင်နိုင်ငံတော်မြေပုံထဲကနေ လုံးဝကြီးကို ပျောက်ကွယ်သွားတော့သည်။ဤအဖြစ်အပျက်က စာအုပ်ထဲမှာတော့ စာလုံးရေ နည်းနည်းဖြင့် ချုံ့ရေးထားသော အပိုင်းသေးသေးလေးသာဖြစ်သည်။အဓိက ရည်ရွယ်ချက်က ဟန်ရှောင်လင်ဒဏ်ရာရစေရန်ဖြစ်ပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျပြုစုပေးဖို့ လူတစ်ယောက် လိုအပ်လာစေဖို့ဖြစ်သည်။သူ့အနားမှာ ခစားနေသည့်လူတွေက သူ့ကိုကျေနပ်အောင် မပြုစုပေးနိုင်ကြပေ။ တက်ကြွကာ ရိုးသားသည့် မုန့်ဝူယုံးတစ်ယောက်တည်းကသာလျှင် သူ့အိပ်ရာရှေ့မှာထိုင်ကာ မနက်ကနေ မိုးချုပ် စကားစမြည်ပြောပေးနေခဲ့ပြီးယင်းက ဟန်ရှောင်လင်အား နေမကောင်းသည့် ကြားထဲကနေ တက်ကြွလာစေခဲ့လေသည်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️