အပိုင်း ၂၅

4.4K 534 1
                                    

Unicode

  
စန်းယွမ်ယွမ် : "........"
  
ထို့နောက်မှာတော့ နန်းတော်ကအစေခံအစောင့်တွေဟာ တခြားသူတွေ သတိမထားမိခင်မှာ မုန့်ဝူယုံးကို အပြင်ဆွဲထုတ်ခေါ်သွားကြလေသည်။ ကြမ်းပေါ်ကအလောင်းကိုလည်း ယုံးဝူမင့်၏ လူတွေကအမြန်အဆန် ရှင်းလင်းပြီးသွားပြီ ဖြစ်၏။ ဟန်ပြည်နယ်ဘက်ကလူတွေကတော့ ၎င်းကအလောင်းဖြစ်နေလျှင်တောင် ယုံးဝူမင့်၏ လူကို မထိဝံ့ကြပါပေ။

ခန်းမကြီးထဲကလေထုက ဖိအားများကာ ခြောက်ကပ်ကပ် ပြန်ဖြစ်လာပြန်သည်။
  
ဟန်ရှောင်က အသက်ပြင်းပြင်းတစ်ချက်ရှုရင်း သူ၏ လေးနက်ကာ တိုးဖွသည့်အသံက ခန်းမထဲမှာ ပဲ့တင်ထွက်လာသည်။

"ယုံးဘုရင်...စန်းရှစ်က ကျွန်တော့်ဇနီးကြီးပါ။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့စကားကို သတိထားပေးပါ"
  
ယုံးဝူမင့်က ခန္ဓာကိုယ်လှုပ်ခါလောက်အောင် ရယ်မောတော့သည်။
  
အတော်ကြာမှ သူက စားပွဲပေါ် လက်နှစ်ဖက်ထောက်ကာ ရှေ့ကိုင်းလိုက်ရင်း အရယ်တစ်ဝက် အတည်တစ်ဝက် ဆိုလာသည်။

"သာမန်လူတွေမှာ အဖိုးတန်ကျောက်စိမ်းကို သိုသိုသိပ်သိပ် သိမ်းထားနိုင်စွမ်းမရှိဘူးဗျ။နိမ့်ပါးအောက်တန်းကျတဲ့ သာမာန်လူတွေအဖို့ ခိုးဝှက်လုယက်ထားတာမှမဟုတ်ရင် သူတို့လက်ထဲမှာ အဖိုးတန်ကျောက်စိမ်းရှိစရာ အကြောင်းရင်းကို မရှိဘူး...ဟန်ဘုရင်..အသက်ကို တန်ဖိုးထားတတ်ရမယ်လေ"
  
စကားပြောနေရင်း တစ်ဝက်လောက်မှာပင် အစိမ်းရောင်မီးတောက်တို့က သူ့မျက်လုံးအတွင်း၌ ထတောက်လာကာ အသံကလည်း အတော်နက်ရှလာသည်။မသိလျှင် ရိုးရိုးသားသားပြောနေပုံပေါက်နေသော်လည်း ဖုံးကွယ်ထားသည့် ခြိမ်းခြောက်မှုတွေက အထင်းသားပင်။
  
ဟန်ရှောင်လင် ဒေါသထွက်သွားပေမဲ့လည်း ခုချိန်မှာ ယုံးဝူမင့်ကို သူမယှဥ်နိုင်ဘူးဆိုတာ သိနေ၏။
  
ခဏမျှ တိတ်ဆိတ်နေပြီးမှ အပြုံးတစ်ပွင့်က ဟန်ရှောင်၏ မျက်နှာပေါ်မှာ ဖူးပွင့်လာသည်။

"ဟုတ်တာပေါ့ အသက်ဆိုတာ အဖိုးတန်တယ်။ယုံးဘုရင်က ကျွန်တော်တို့ဟန်ပြည်နယ်က နတ်ဆိုးအန္တရာယ်ကို တိုက်ထုတ်ဖို့ မိုင်ပေါင်းများစွာကတောင် လာကူရတာ။ ဒီတော့ အဖိုးတန်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပေးရမှာပေါ့။ နို့မို့ မတော်လို့ အနောက်ပိုင်းနယ်စပ်မှာ ခန္ဓာကိုယ် ကျိုးတာပဲ့တာ ဖြစ်ခဲ့ရင် ကျွန်တော့်မယ် ဧကရာဇ်ကို ဘယ်လိုရှင်းပြရမယ်မှန်းတောင် သိမှာမဟုတ်ဘူး"
  
ယုံးဝူမင့်ပုံစံက ပိုတောင်ပျော်ရွှင်လာပုံရသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now