အပိုင်း ၁၀

5.4K 590 4
                                    

Unicode

  
သူ့မျက်လုံးရှေ့က အမျိုးသမီးသည် အေးစက်၍ တမူထူးခြားကာနူးညံ့သော တိမ်စိုင်အလား တူသည်။ထိုသို့ တိမ်စိုင်လေးကို သူ့လက်မောင်းကြားထဲ ထွေးပွေ့လိုက်ရလျှင် ဘာနှင့်တူနေမည်လဲဆိုတာ သူ့အတွက် စိတ်ကူးကြည့်ဖို့တောင်ခက်လှသည်။အရည်များပျော်သွားမလား။ ဒါမှမဟုတ် လွင့်ပြယ်များသွားလေမလား။ အဆုံးမှာ ဘာမှမကျန်ရှိတော့ဘဲ နေလေမလား။
  
သူမှတ်မိနေသေးသည်။ကြီးကျယ်ခမ်းနားသည့်မင်္ဂလာပွဲနေ့တုန်းက သူနှင့်နှစ်ပေါင်းအကြာကြီးရှိခဲ့ဖူးသော လျို့ဝှက်ကိုယ်ရံတော်ဟောင်းဟာ ရုတ်တရက်ကြီးပုန်ကန်လာကာ လုပ်ကြံဖို့ ကြံစည်အားထုတ်ခဲ့ဖူး၏။သူ အာရုံစိုက်မထားမိလိုက်သည့်တစ်ခဏမှာ မီးကို ဝင်တိုးသော ပိုးဖလံကဲ့သို့ သူမဟာ သူ့ရှေ့တည့်တည့်ကိုပြေးဝင်လာပြီး ဓါးကို တားဆီးပေးခဲ့လေသည်။
  
သူမ သတိမေ့နေခဲ့စဥ်က သူ့အနေဖြင့် သူမကိုကောင်းကောင်းကာကွယ်ပေးခဲ့သင့်သည်။
  
သို့သော်လည်း ထိုမိန်းမ.....ချီး! မုန့်ဝူယောင်းလို့ ခေါ်တဲ့မိန်းမက ဘယ်လိုလုပ် စန်းယွမ်ယွမ်နဲ့ အရမ်းတူနေရတာလဲ!
  
သူ့အနေဖြင့် ထိုတောဇနပုဒ်က မိန်းမကို အလိုလိုက်အကြိုက်ဆောင်ခဲ့တာကို နည်းနည်းလေးတောင် နောင်တမရပေမဲ့ တစ်လလောက် အစွမ်းကုန်စောင့်ရဦးမည်ဖြစ်ကြောင်း တွေးမိတော့ မတန်သလိုခံစားလိုက်ရပြန်သည်။
  
ထိုမိန်းမ၏ အရသာက တကယ့်ကိုကောင်းမွန်လှပေမဲ့ သူ့မျက်စိရှေ့ကတစ်ယောက်က ပို၍ပင်ရင်သပ်ရှုမောဖွယ်ကောင်းပေ၏။ အရေးကြီးဆုံးကတော့ သူမ၏ဂုဏ်ပုဒ်ကသာ သူ့အား မရေမတွက်နိုင်သော ကောင်းကျိုးအဖြာဖြာကို ဆောင်ကြဥ်းပေးလာနိုင်မည်ပင်။
  
သူမ နည်းနည်းတော့ ပြောင်းလဲသွားသည်ဟု သူ မရေမရာခံစားမိသည်။
  
စန်းပြည်နယ်ဟာ အလွန်စိတ်ဝင်စားစရာကောင်းသော နယ်မြေပင်ဖြစ်သည်။ အမျိုးသားများဟာ ရဲရင့်၍ သန်မာကြပြီး အမျိုးသမီးများကတော့ နူးညံ့ကာ အသရေတင့်ပေသည်။ ယင်နှင့်ယန်ကို အပြည့်အဝပိုင်းခြားပြနိုင်သော နယ်မြေစစ်စစ်ပါပေ။

စန်းပြည်နယ်၏ မင်းသမီးတစ်ပါးအနေဖြင့် စန်းယွမ်ယွမ်ဟာ နူးညံ့ပြီး ယဥ်ကျေးသိမ်မွေ့သည်။ သူမ၏ဟန်ပန်အမူအရာက ဖြောင့်မတ်ပြီး မျက်နှာသွင်ပြင်ဟာ တုနှိုင်းမဲ့သည်။ သူမကသာ သူ၏ တရားဝင်ပင်မဇနီးကြီးဖြစ်ဖို့ အသင့်တော်ဆုံးလူဖြစ်ပေသည်။
  
ထိုသို့သော မိန်းမမျိုးဟာ ရေကဲ့သို့ ငြိမ်ငြိမ်လေးနေသင့်ကာ အရာရာတိုင်းကို သည်းခံနေသင့်တာဖြစ်သည်။
  
ခုတော့ဖြင့် ထင်မှတ်မထားစွာပင် ချွန်မြသည့်အစွန်းပိုင်းလေးတွေက အနည်းငယ် ထွက်ပေါ်လာချေပြီ။
  
ဤပြောင်းလဲမှုအနည်းငယ်လေးကလည်း အလွန်အမင်းကို ချစ်စရာကောင်းနေပေသည်။
  
စန်းယွမ်ယွမ်က ထိုသူ သူမကိုစိုက်ကြည့်ရင်း အတွေးများနေတာကိုမြင်တော့ ခပ်ဖွဖွချောင်းဟန့်ကာ မျက်နှာထားတည်တည်ဖြင့် စကားဆိုလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant