အပိုင်း ၇၇

2.9K 385 0
                                    

Unicode

သေခြင်းတရားကနေ လွတ်မြောက်လာသည့် ပျော်ရွှင်မှုက သူမထင်ထားသလောက်လည်း မဟုတ်ချေ။ ယုံးဝူမင့်က သူမပျောက်သွားကြောင်း သိလျှင် ဒေါသထွက်သွားလေမလား၊ သို့မဟုတ် တစ်ခြားလူတွေကို သတ်ပစ်လေမလား ဆိုတာတွေတောင် မသိလိုက်စွာ လိုက်တွေးနေမိလေသည်။

သားရဲများဆွဲသော ရထားလုံးက မကြာခင်မှာ ရပ်တန့်သွား၏။

စန်းယွမ်ယွမ်က စိတ်ကိုလျော့ရင်း လင်ကူး၏ အကူအညီဖြင့် ရထားလုံးထဲက ထွက်လိုက်သည်။

ရဲရဲနီနေသည့် မျက်လုံးနှစ်စုံက သူမအပေါ် ချက်ချင်းရောက်လာ၏။

"သမီးတော်"

"ညီမတော်"

စန်းယွမ်ယွမ်က အသက်ပြင်းပြင်းရှုကာ ခေါင်းမော့လိုက်သည်။

သူမအနေဖြင့် စန်းဘုရင်အား မဟာတံတိုင်းအောက်ခြေ၌ မြင်ဖူးခဲ့ပြီးပြီ ဖြစ်သည်။ သူမအနီးကပ်ကြည့်မိချိန်မှာတော့ မုတ်ဆိတ်မွေးထူလူကြီး၏ မျက်နှာပေါ်က အရေးကြောင်းတွေက အတော်လေး ပုံမှန်မဟုတ်စွာ နက်နေပြီး သူ့မျက်ဝန်းထောင့်က ကျီးခြေထောက်ရာတို့ကလည်း ယင်ကောင်တွေကိုတောင် သေအောင်ဖျစ်ညှစ်နိုင်လောက်ပေ၏။

အိမ်ရှေ့စံကတော့ သူမနှင့်တူသည်။ အလွန်လှပသည့်မျက်နှာလေးရှိကာ မိန်းကလေးနှင့်အနည်းငယ်တူပေမဲ့ မိန်းမဆန်နေတာတော့ မဟုတ်ပေ။

သားအဖနှစ်ယောက်သားဟာ ကြက်သွေးရောင်သားရဲတွေကို စီးနင်းကာ သူမကိုစိုက်ကြည့်နေသည့် မျက်လုံးတွေကတော့ မျက်ရည်ပူတို့ဖြင့် ပြည့်လျှမ်းနေလျက်သား။

စန်းချန်ယင်းက တိမ်လွှာသားရဲကျောပေါ်က အရင်ခုန်ချကာ ပြေးလဲမတက် အမြန်ပြေးလာသည်။

စန်းယွမ်ယွမ်က သူ့လက်ထဲမှာ တောက်ပနေသည့် ကျောက်စိမ်းပြားကို ကိုင်ထားဆဲဖြစ်ကြောင်း သတိထားမိသွားသည်။

သူ့ခြေထောက်တွေ မြေနှင့်ထိသည့်အချိန်မှာပင် အနည်းငယ်ဩရှသည့် ယောက်ျားသံက ကျောက်စိမ်းပြားကနေ စိမ့်ထွက်လာလေသည်။

"သိပ်ကောင်းတယ်။ ဟုတ်ပြီလေ စစ်ပွဲစကြတာပေါ့!"

ယင်းကား ယုံးဝူမင့်ပင်။

စန်းချန်ယင်းက ကျောက်စိမ်းပြားကို ပေါ့ပေါ့တန်တန်ပင် လွှင့်ပစ်ကာ စန်းယွမ်ယွမ်ရှေ့သို့ သွားလိုက်လေ၏။

ခက်ထန်ကြမ်းတမ်းဟန်အမျိုးသားကြီးဟာ အချိန်အတော်ကြာ ခွဲခွာအပြီးမှာ သူမအနားကပ်ဖို့ကို မရဲတရဲဖြစ်နေရှာသည်။ သူ့လက်နှစ်ဖက်က တုန်ယင်နေပုံက သူမကို ပွေ့ဖက်လိုက်ချင်ပေမဲ့ မဖက်ရဲသေးသလိုပင်။

အိမ်ရှေ့စံကလည်း ခုန်ချလာသည်။ သူက သူမရှေ့သို့ အမြန်လျှောက်လာ၏။ စန်းယွမ်ယွမ်မှာ အနှီအစ်ကိုကြီး၏ အရပ်အမောင်းက သူမထက်ပင် အနည်းငယ်ပုနေကြောင်း သိလိုက်ရတော့ အံ့အားသင့်သွားရတော့သည်။ သူကား အလွန်ချောမောသော ကောင်ငယ်လေးလိုပင်။

"ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး သမီးတော်။ လင်ကူးက ခမည်းတော်တို့ကို ပြောပြပြီးသား။ ခမည်းတော်တို့ကို သမီးမမှတ်မိလည်း ကိစ္စမရှိဘူး။ ဖြည်းဖြည်းချင်းစီ အချိန်ယူပေါ့ ဟုတ်ပြီလား။"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now