အပိုင်း ၈၁

3K 368 1
                                    


Unicode


သူတို့ခံစားချက်တွေကို သူမ နားလည်ပါ၏။ အကြောင်းမူ သူမဟာ မှတ်ဥာဏ်ပျောက်ဆုံးထားသည်မို့ စိတ်တွင်းမှာ ဖိစီးဝမ်းနည်းနေမှာကို စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် သူမငယ်ငယ်က အတိုင်းပဲ တမင်တကာပြောကာ စိတ်လက်ပေါ့ပါးအောင် လုပ်ပေးနေခြင်းပင် ဖြစ်လေသည်။

ဒါလည်း ကောင်းလေသည်။ သူမအနေဖြင့် တခြားတစ်ယောက်လို သရုပ်ဆောင်နေစရာမလိုတော့ပေ။

ထျန်းတုမြို့တော်ထဲ ရောက်ပြီးရောက်မှာတော့ သံတမာန်က စန်းမိသားစုဝင်များနှင့် အဖွဲ့အား လူများ၊ ရထားလုံးများနှင့် သားရဲများအားလုံးကို သန့်ရှင်းဆေးကြောကြရစေရန် နားနေဆောင်သို့ခေါ်သွားသည်။

သူတို့ဟာ ဧကရာဇ်နှင့်တွေ့ဖို့ တန်ဖိုးကြီးဝတ်ရုံဖြူများ ဝတ်ဆင်ရမည်ဖြစ်ကာ နန်းတော်ကပို့လိုက်သော သားရဲများဆွဲသည့်ရထားလုံးကို စီးဆင်း၍ တော်ဝင်နန်းဆောင်သို့ မောင်းဝင်သွားကြရမည်ဖြစ်ပေသည်။

ထျန်းတုတစ်မြို့လုံးကို သလင်းကျောက်အဖြူများဖြင့် တည်ဆောက်ထား၏။

ဤမြို့က ဥစ္စာဓန လွန်စွာကြွယ်ဝပြီး ပြည်နယ်တစ်ခုချင်းစီက အကောင်းဆုံးဒေသထွက်ကုန်များသာ ထျန်းတုဈေးကွက်မှာ ပေါ်လာခွင့်ရပေသည်။

အတော်ကြာအောင် စီးနင်းလိုက်ပါလာကြပြီးနောက် နေမင်းကအနောက်အရပ်ကိုမေးတင်သည့်အချိန်ရောက်မှသာ သူတို့အုပ်စုမှာ နန်းတော်တံခါးဂိတ်သို့ရောက်လာလေတော့သည်။

၁၀ကျန်းလောက်မြင့်သော နန်းတော်တံခါးထိပ်ဆုံးမှာတော့ အပြာနောက်ခံမှာ ရွှေရောင်စာလုံးများဖြင့် စီခြယ်ထားပေသည်။

ကျင့်ထျန်း[1]နန်းဆောင်ဟူ၍။

ဝင်လုဆဲနေမင်း၏ နေဝင်ဆည်းဆာအလင်းက အဖြူရောင်သလင်းကျောက်တွေကို နီဖျော့ဖျော့ သမ်းသွားစေသည်။ စန်းယွမ်ယွမ်မှာ မနေနိုင်စွာပင် စာအုပ်ထဲက ဖော်ပြချက်တွေအကြောင်း တွေးမိသွားရတော့သည်။

အဖြူရောင်ဝတ်ဆင်ထားသော ယုံးဝူမင့်သည် မီးတောက်လောင်နေသော ထျန်းတုအတွင်းမှာ ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့၏။ သွေးရောင်နှင့် မီးအလင်းရောင်တွေဟာ သူ့မျက်နှာထက်မှာ ခြယ်ရေးထားပြီး ယင်းက တခြားသူတွေအား မျက်နှာလေး လှသလောက် နှလုံးသားက ရက်စက်လွန်းသော
ဒဏ္ဍာရီလာနတ်ဆိုးမိစ္ဆာအာဆူရာအား တွေးမိသွားစေသည်။

ထိုသူဟာ အမှန်တကယ်လည်း လူကောင်းမဟုတ်ပါချေ။

စန်းယွမ်ယွမ်က သူမခေါင်းထဲက အတွေးရထားကြီးကို မောင်းထုတ်ပစ်ကာ စန်းဘုရင်နောက်က လိုက်သွားလိုက်သည်။သူမက ဘယ်ကိုမကြည့်သလို ညာကိုလည်း မကြည့်ပါဘဲ အထွဋ်အထိပ်သောတန်ခိုးအာဏာကို ကိုယ်စားပြုသည့် တော်ဝင်မြို့တော်ထဲသို့ လေးစားမှုရှိစွာ၊ သတိရှိစွာ လှမ်းလာခဲ့လိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now