အပိုင်း ၆၂

3.1K 372 1
                                    


Unicode

  
စစ်ပွဲမှာ အသေအပျောက်ဖြစ်တာ၊ ဒဏ်ရာရတာတွေဟာ သေချာပေါက် ဝမ်းနည်းဖွယ်ဖြစ်သည်။
  
သို့ပေမဲ့ ယင်းက အဓိပ္ပါယ်မရှိတာမျိုးတော့ မဟုတ်ပေ။ အကြောင်းမူ သူတို့တွေ အတွင်းမဟာတံတိုင်းထဲသို့ ဝင်နိုင်လျှင်တောင် ထစ်ချုံးမြည်လှိုင်းစည် ဖြစ်စဥ်နှင့် တိုးဦးမှာပင် ဖြစ်သည်။
  
သို့သော်လည်း အတွင်းမဟာတံတိုင်းမှာက လုံလောက်သော အထောက်အပံ့တွေ၊ အားကောင်းသော လေးမြားတွေ၊ လောက်လွှဲကြီးတွေရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် သည်မှာက ဘာမှ မရှိပါချေ။နတ်ဆိုးများ သိမ်းယူထားသော တံတိုင်းအပိုင်းတစ်ကန့်စာနှင့် သူတို့၏ အသွေးအသားများသာ ရှိလေသည်။
  
စန်းယွမ်ယွမ် နှလုံးသားက အနည်းငယ်တုန်ယင်လာသည်။ ခံနိုင်ရည်ရှိအောင် အစွမ်းကုန်ကြိုးစားနေပေမဲ့လည်း မျက်ဝန်းတို့က တဖြည်းဖြည်း စိုစွတ်လာ၏။
  
ယုံးဝူမင့်က အလွန်တိတ်ဆိတ်နေသည်။ သူက သူမပခုံးပေါ် လက်တင်ကာ စစ်တပ်တစ်ခုလုံးရှေ့မှာတောင် တုံ့ဆိုင်းမနေပါဘဲ သူမခေါင်းလေးကိုဖိ၍ သူ့ရင်ခွင်ထဲ ဆွဲသွင်းရင်း သူ့မေးစေ့နှင့် သူမနဖူးကို ခပ်ဖွဖွ ပွတ်တိုက်လာလေသည်။
  
သူ့နှလုံးသားက ယခင်လို တည်ငြိမ်နေမြဲပင်။ သူ့ကိုယ်မှာက သွေးစက်တွေ စွန်းထင်နေကာ ယင်းအရာများက သူမမျက်နှာနှင့် နှာရိုးပေါ်သို့ပါ ပေကျံသွားရသည်။

ဤအခိုက်အတန့်မှာ မည်သူကမျှအပြင်ပန်းသွင်ပြင်ကို ဂရုမစိုက်နိုင်ကြချေ။ သူတို့အကုန်လုံး၏ ကံကြမ္မာက အတူတကွ တင်းတင်းချည်ထားပြီ ဖြစ်တာကြောင့် တစ်ယောက်ချင်းစီတိုင်းဟာ သွေးနီးသော ရဲဘော်ရဲဘက်များပင် ။
  
နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က သတင်းပို့လာသည်။

"အရှင်..ကျန်းတစ်ရာက ခံတပ်ကို အောင်အောင်မြင်မြင် သိမ်းယူနိုင်ခဲ့ပါပြီ!"
  
"ကောင်းပြီ"

ယုံးဝူမင့်က ခါးဆန့်လိုက်သည်။
  
စန်းယွမ်ယွမ်သည် သူမ ထိုယောက်ျား၏ အသံကို ပထမဆုံးကြားရစဥ်က ဖြစ်ရပ်ကို မနေနိုင်စွာ တွေးမိသွားရသည်။

ထိုစဥ်တုန်းက သူမဟာ သစ်သားတုံးလို လှဲနေရကာ ကြည်လင်ပြီး ပျင်းတွဲ့တွဲ့နိုင်သည့် အသံတစ်သံက သွေးစွန်းနေသည့်ကျောက်စိမ်းပြားထဲကနေ ထွက်လာတာကိုကြားခဲ့ရသည်။ နောက်ဆုံးပြောလိုက်သော အသံမှာဆိုလျှင် အနည်းငယ်သော အပြုံးလေးပင် ပါဝင်နေသယောင်ပါပေ။
  
ကောင်းပြီ ဟု သူဆိုခဲ့ပေသည်။
  
တံတိုင်းပေါ် တက်ကြမည့်အချိန်မှာ စန်းယွမ်ယွမ်သည် မသိလိုက်စွာပင် အသက်အောင့်ထားလိုက်မိသည်။
  
သူမရှေ့က ထိတ်လန့်စရာကောင်းသောမြင်ကွင်းက စကားဖြင့်တောင် ဖော်ပြမရချေ။
  
မူလက လှိုင်းလုံးတွေလို တလိမ့်လိမ့်တက်လာကာ တံတိုင်းအောက်ကနေ သူတို့မျိူးတူအလောင်းတွေကိုထပ်၍ တက်လာကြသော နတ်ဆိုးမိစ္ဆာများမှာ အခုချိန်မှာတော့ ဆူနာမီကြီးသဖွယ် ဖြစ်လာခဲ့ပြီဖြစ်သည်။
  
အနက်ရောင် မဟာတံတိုင်းနီးပါးလောက် မြင့်သော သွေးရဲသံရဲ လှိုင်းအုပ်ကြီးမှာ တလိမ့်လိမ့်တက်လာပြီး အနက်ရောင်သံမဏိအကာအကွယ်လွှာကို ဝုန်းခနဲ ဝင်ဆောင့်ကုန်သည်။ မရေတွက်သော နတ်ဆိုးများဟာ ဤကြီးမားလှသော အားဖြင့် ဖြိုလှဲခံလိုက်ရကာ အပြင်မဟာတံတိုင်းကနေ လွင့်ထွက်ကုန်ပြီး ကြားခံနယ်မြေထဲ ကျကုန်တော့သည်။
  
ကောင်းကင်ကြီးတစ်ခုလုံးကတော့ သွေးနက်ရောင်အဖြစ် ပြောင်းနေချေပြီ။
  
ဤဆူနာမီကြားမှာ ယုံးစစ်သည်တော်တွေဟာ မြစ်ထဲက ပုရွက်ဆိတ်အထွေးလိုက်ကြီးကဲ့သို့ အတူတကွ နီးကပ်စွာ စုဝေးထားကြရင်း အသက်ရှင်ရေးအတွက် တစ်ယောက်ပေါ်တစ်ယောက် အားထားနေရသည်။ အချိန်တိုင်းမှာလည်း နတ်ဆိုးတစ်ကောင်နှင့်အတူ အစွမ်းထက်ဆုံး စစ်သည်တော်တစ်ယောက် ကျဆုံးနေလေသည်။
  
နတ်ဆိုးမိစ္ဆာများဟာ ယာယီဆောက်ထားသည့် အနက်ရောင်သံမဏိအကာအကွယ်လွှာထဲသို့ ဝင်ဝင်ဆောင့်နေကြတာကြောင့် ဖျက်ဆီးမရနိုင်ပါဘူးဆိုသော အနက်ရောင်သံမဏိသည်လည်း တုန်ခါလာကာ အက်ကွဲသည့် အသံတွေ ထွက်လာသည်။
  
အကွာအကွယ်အလွှာတစ်နေရာမှာ အပိုင်းပိုင်း အက်ကွဲတော့မယောင်ဖြစ်နေသည့် နေရာတစ်ခု ရှိနေ၏။
  
ယုံးဝူမင့်က နေရာကနေ ကိုယ်ဖော့ထွက်လာကာ ထိုနေရာသို့ ငှက်မွှေးအလား ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်၏။
  
အနက်ရောင်ဓါးက အစိမ်းရောင်အလင်းတန်းနှင့်အတူ ဓါးအိမ်ထဲကထွက်လာပြီး သွေးစွန်းနေသော အမှောင်ထုကို ထိုးဖောက်သွားကာ ၁၀ကျန်းကျော်ကျော်လောက်ထိ လွှဲယမ်းသွား၍ တစ်ဟုန်ထိုးတက်လာသော နတ်ဆိုးလှိုင်းလုံးကြီးနှင့် ထိပ်တိုက်တိုးမိသွားကာ အပိုင်းပိုင်းအစစများဖြစ်အောင် သုတ်သင်လိုက်လေသည်။
  
သူက အနက်ရောင်သံမဏိအကာအကွယ်အလွှာကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အသာလေး လွှဲယမ်းရင်းမှ နောက်ထပ်ဝေးဝေးရောက်အောင် လွှဲယမ်းပစ်လိုက်လေသည်။
  
ခံစစ် ဆင်နေရသည့်တပ်သားတွေ၏ ဖိအားမှာ ချက်ချင်းကျဆင်းသွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လေတော့သည်။
  
သွမ်မင့်က မရပ်မနား နှာမှုတ်ကာ ခေါင်းကို မော့လိုက်သည်။ စန်းယွမ်ယွမ်က သူ့ကိုပုတ်ပေးရင်း စကားဆိုလိုက်၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now