အပိုင်း ၂၂

4.3K 532 1
                                    

Unicode
  
စန်းယွမ်ယွမ်ကတော့.....ကောင်းကင်ဘုံကနေ လူ့ပြည်ကိုသက်ဆင်းလာသလားမှတ်ထင်ရသည့်ပြီးပြည့်စုံသော ထိုအမျိုးသမီးဟာ နောက်ဆုံးတော့ သူ့ဇနီးဖြစ်လာတော့မည်ဖြစ်ကာ တစ်ဘဝလုံးရွှေလက်တွဲနိုင်တော့ပေမည်။ဟန်ရှောင်လင် ထိုသို့တွေးမိသွားတော့ မသိလိုက်စွာပင် ခေါင်းငုံ့ကာ နှုတ်ခမ်းထောင့်တို့က မြင့်တက်သွားပြီး ခပ်တိုးတိုးရယ်မောလိုက်လေသည်။
  
လူတိုင်းက မတ်တပ်ထရပ်ကာ စန်းယွမ်ယွမ်ဘက်လှည့်၍ ဦးညွတ်အရိုအသေပေးလာသည်။ စန်းယွမ်ယွမ်ကလည်း ပြန်ဦးညွတ်ရင်း သူမရှေ့က စားပွဲပေါ်သို့သာ အကြည့်ပို့ထားလိုက်သည်။
  
သူမ ထိုင်ချလိုက်သည်နှင့် မရိုးမဖြောင့်သည့်အမူအရာဖြင့် သူမထံ စူးစူးရဲရဲစိုက်ကြည့်နေသည့် တစ်စုံတစ်ယောက်ကို သတိပြုမိသွားရသည်။
  
ယုံးဝူမင့်ပင်။
  
ဘေးတစ်ဖက်တစ်ချက်က ပုလဲသီကြိုးတွေက သူမအမြင်ကို ကာဆီးထားရာ ယုံးဝူမင့်ကို အကဲခတ်ဖို့ အာရုံစိုက်မရဖြစ်နေပြီး ထိုသူဟာ ခပ်ပြုံးပြုံးလုပ်နေသည်ဆိုတာကိုသာ ဝိုးတဝါးခံစားမိနေသည်။
  
ကောက်ချက်ချရရင်တော့ အဲ့ဒီအပြုံးကြီးက အတော်လေး ပုံမှန်မဟုတ်တဲ့အပြုံးမျိုးဖြစ်မှာပဲ ဟုတ်တယ်မလား။

စန်းယွမ်ယွမ် သူမဘာသာတွေးနေမိ၏။
  
စာအုပ်ထဲမှာတော့ ဗီလိန်နတ်ဆိုးကြီးအား အကောင်းဘက်ကဖော်ပြတာမျိုး တစ်ခါမှ မရှိခဲ့ပေ။အစကနေ အဆုံးထိ ယုံးဝူမင့် ထိုလူဟာ လူတိုင်း၏ စိတ်ထဲကအကြောက်တရားအနေဖြင့်သာ ရှင်သန်သွားရသည်။တခြားစကားလုံးဖြင့် ဖော်ပြရလျှင်တော့ သူကိုယ်တိုင်ကိုက အကြောက်တရား၏ ကိုယ်စားပြု ပုဂ္ဂိုလ်ဖြစ်နေခဲ့ပေသည်။
  
ကြိုကြားကြိုကြား အခန်းအနည်းငယ်၌သာ သူ၏ မျက်နှာအစစ်အမှန်ကို ရိပ်ခနဲ ဖျတ်ခနဲ မြင်ရနိုင်ခဲ့၏။
  
ဥပမာအားဖြင့် သေခါနီးဖြစ်နေသော အမြောက်စာလေးဟာ သူ့ခန္ဓာကိုယ်အပေါ် မျက်နှာတစ်ချက်မပျက်တက်နင်းသွားသည့် အချိန်မျိုးမှာ မော့ကြည့်ရင်း 'ဒီနတ်ဆိုးဘုရင်ကြီးက နတ်ဘုရားလိုရုပ်မျိုး ဘာလို့ရှိနေရတာလဲ' ဟု မနေနိုင်မထိုင်နိုင် တွေးမိသွားတာမျိုး။
  
ဥပမာအားဖြင့် ဗြောင်းဆန်နေမှုကိုအခွင့်ကောင်းယူကာ မီးလောင်ကျွမ်းနေသည့် ထျန်တုမြို့တော်အတွင်းမှာ အေးအေးလူလူ လမ်းလျှောက်နေချိန်မှာမျိုး။ သွေးနှင့် မီး၏ အလင်းရောင်တွေက သူ့မျက်နှာမှာ ထင်ဟပ်နေကာ လူတွေအဖို့ ပါးစပ်ရာဇဝင်ထဲက အာဆူရာအကြောင်း တွေးမိသွားကာ နှလုံးသားဘယ်လောက်ဆိုးယုတ်ယုတ် မျက်နှာလေးက လှ လှချည်လားဟု တွေးမိသွားချိန်မှာမျိုး ဖြစ်ပေသည်။
  
ရိုးရိုးသားသားပြောရလျှင်တော့ စန်းယွမ်ယွမ်မှာ ယုံးဝူမင့်က ဘာပုံစံရှိနေမလဲ ဟူသည်ကို အနည်းငယ် သိချင်မိသည်။ သို့ငြား သူမ မော့မကြည့်ရဲပေ။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now