အပိုင်း ၈၈

2.9K 377 1
                                    

Unicode


လေထုက တည်ငြိမ်ကာလေးနက်နေသည်။ ထွက်ပြူခါစ နေမင်းကြီးက ပထမဆုံးသော ရောင်ခြည်အလင်းတန်းကို ကမ္ဘာမြေပေါ် ဖြာကျပေးနေ၏။

သန့်စင်သော မီးခိုးငွေ့တွေက ခရမ်းနီရောင်ဖျော့ဖျော့သမ်းသွားရင်း တောက်ပလာသည်။ ဤအခိုက်အတန့်က လူတွေအား ပို၍ပင် မြင့်မြတ်ကာလေးနက်သွားသလိုခံစားရစေသည်။

ပင်မခန်းမဆောင်ကြီးဟာ ခမ်းနားလှပကာ ရွှေရောင်အလင်းတန်းတို့နှင့်အတူ ကြီးကျယ်ထည်ဝါလှသည်။

ဘယ်တစ်ဖက်ညာတစ်ဖက်မှာတော့ မင်းမှုထမ်းအရာရှိပေါင်းရာချီသည် မတ်တပ်ရပ်လျက်ရှိကြကုန်သည်။ စန်းမိသားစုသုံးယောက်ကတော့ ဘယ်ဘက်ကိုမှကြည့်မနေဘဲ ခန်းမထဲခင်းထားသည့် ကော်ဇောအပေါ်ကနေလမ်းကြောင်းအတိုင်းလျှောက်လာကာ ပုလ္လင်အောက်ခြေကလှေကားနားသို့ တည့်တည့်လှမ်းသွားလိုက်သည်။

တော်ဝင်အခမ်းအနားအတိုင်း အရိုအသေပေးပြီးနောက်မှတော့ သူမက ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သည်။

သူမမြင်လိုက်ရသည်က ခန်းမဆောင်ထိပ်ကနေ တွဲလျားကျနေသည့် ရွှေနီရောင်ပိတ်ပါးစပါပင်။

ထိုပိတ်ပါးစကိုဖြတ်၍ သူမဟာ အမျိုးသမီးဧကရာဇ်၏ မျက်နှာပုံစံကို ရိုးတိုးရိပ်တိတ် ဖမ်းမိလိုက်သည်။

ဧကရာဇ်ဟာ ဆံထုံးမြင့်မြင့်ထုံးထားကာ အနီရောင်နှင့်ရွှေရောင်ပါသည့်ခမ်းနားသည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်သရဖူကိုဆောင်ထားသည်။ သူမနှုတ်ခမ်းနီရဲရဲဟာဖြင့် မီးလျှံများတောက်ညီးနေသည့်အလား။

"စန်းဘုရင် ပင်ပန်းသွားရပြီပဲ"

အမျိုးသမီးဧကရာဇ်၏ အသံက စန်းယွမ်ယွမ် စိတ်ကူးထားသည့်အတိုင်းပင်။ တည်ငြိမ်ကာ ဂုဏ်ကျက်သရေရှိပြီး ဩဇာအပြည့်ရှိ၍စကား၏အဖျားခတ်သွားသည့်အဆုံးသတ်အသံက လေးနက်သည်။

နည်းနည်းတော့ ရင်းနှီးနေသလိုပင်။

စန်းယွမ်ယွမ် အတော်ကြာအောင် စဥ်းစားကြည့်ပေမဲ့ ဘယ်အသံသရုပ်ဆောင်က သည်လိုကျက်သရေရှိသည့်အသံမျိုးလုပ်တတ်သလဲဆိုတာကို တွေးမရချေ။

စန်းဘုရင်က သူ၏ ကြမ်းတမ်းမှုနှင့် တဲ့တိုးဆန်မှုတွေကို ဘေးချိတ်ထားသည်။ ဧကရာဇ်အား စကားအနည်းငယ်ပြောပြီးနောက် သူက အစေခံတစ်ယောက်အား စာရွက်စာတမ်းများစွာကို တင်ပြဖို့အမိန့်ပေးလိုက်သည်။

တကယ်တော့ ဟန်ပြည်နယ်၏ အနောက်ဘက်နယ်မြေမှာ ဖြစ်ပျက်ခဲ့သမျှအား နေရာတိုင်းမှာ မျက်စိနှင့်နား ရှိနေသည့်ဧကရာဇ်ဆီကနေ ဖုံးကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။သည်တစ်ခေါက်ဆွေးနွေးမှုက မျက်နှာသာပေးရုံသက်သက်ဖြစ်ပြီးနောက်ဆုံးရလာဒ်ကို ချမှတ်ရုံသက်သက်ပင်။

မနေ့ညက ကိစ္စကိုတော့ ဘယ်သူကမှ မပြောကြချေ။ဤကိစ္စမျိုးက ဟောင်ဖွာဟောင်ဖွာနှင့် ဖြေရှင်းမရသလို ကျန်းကျင်ဖုန်းအားလည်း ခုထိဖမ်းမမိသေးတာကြောင့် ဧကရာဇ်လည်း သတင်းစောင့်မျှော်နေရတာ ဖြစ်လေသည်။

ဧကရာဇ်နှင့် တွေ့ဆုံပြီးနောက် အစေခံတစ်ယောက်က ရှေ့တိုးလာကာ စန်းယွမ်ယွမ်အား ပင်မခန်းမဆောင်ကနေ ထွက်ဖို့ လမ်းပြလာသည်။

အမျိုးသမီးတွေက နိုင်ငံရေးကိစ္စတွေမှာဝင်ပါခွင့် မရှိပါပေ။

စန်းယွမ်ယွမ်သည်လည်း ခန်းမထဲနေကာ စန်းချန်ယင်း၏ တစ်မျိုးတစ်မည်နိုင်ကာ ပျင်းစရာကောင်းသော နန်းသုံးစကားတွေကိုနားထောင်ဖို့ စိတ်မဝင်စားပါချေ။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora