အပိုင်း ၅၄

3.3K 408 2
                                    

Unicode

  
ဤအခိုက်အတန့်မှာ စန်းယွမ်ယွမ်သည်လည်း သွေးတွေပူနွေးလာကာ စိတ်တွေလှုပ်ရှားလာတော့သည်။
  
တကယ့်စစ်မြေပြင်မှာက မှော်ဆန်သည့်စွမ်းအားတွေရှိသည်။ ယင်းက ပြင်းထန်သည့်အဆိပ်တစ်ခုကဲ့သို့ သွေးတွေကို ပွက်ပွက်ဆူလာစေကာ တဆတ်ဆတ်တုန်လာစေပြီး ခေါင်းအစခြေအဆုံး ရူးသွပ်စွဲလမ်းမှုတို့ဖြင့် တုန်ရီလာသလိုမျိုးပင်။
  
စူးစူးရှရှအော်ဟစ်ဆူညံသံများကြားမှာ သူမသည် ယုံးဝူမင့်ပြောလိုက်တာကို သေချာမကြားလိုက်ချေ။
  
သူမ တစ်ခုတည်းသိလိုက်သည်က ".....ကောင်းလား" ဆိုသော နောက်ဆုံးစကားသံသာဖြစ်သည်။
  
သူ့အသက်ရှုသံက ပွက်ပွက်ဆူလောက်အောင် ပူခြစ်နေသည်မို့ သူမ၏ သွေးတို့ကို ရုန်းကြွလာစေသည်။
  
"ကောင်းတယ်!"

သူမက ခေါင်းညိတ်လိုက်ရင်း

"သူတို့အကုန်လုံးကို သတ်ပစ်! ဂိတ်တံခါးကို ပြန်သိမ်းကြမယ်!"
  
ယုံးဝူမင့်က ခဏမျှကြက်သေ သေသွားလေသည်။
  
အတော်ကြာမှ သူက ရယ်မောလိုက်ရင်း

"ဒါက မင်းလိုချင်တာလား။ ရတယ်လေ"
  
သူက ခပ်အုပ်အုပ် ခပ်ဩဩရယ်မောလိုက်ရာ သွမ်မင့်တောင်မှ တုန်ယင်သွားလေသည်။
  
အားမာန်တက်ကြွလှသော သစ်သားဒြပ်စင်စိတ်စွမ်းအားတွေက ပေါက်ကွဲထွက်လာသည်။ စန်းယွမ်ယွမ်မှာ လတ်လတ်ဆတ်ဆတ်လေညှင်းကို ရှုရှိုက်လိုက်ရသလိုခံစားလိုက်ရပြီး သွေးသံရဲရဲမြင်ကွင်းတွေ​ဖြင့် ဖုံးကွယ်ခံထားရသော သူမမျက်လုံးတွေကတော့ ရုတ်တရက်ကြီး တောက်ပသွားတော့သည်။
  
သူ၏ ဓါးနက်ကြီးခုတ်ပစ်လိုက်သော နေရာများ၌ကား အစိမ်းရောင်အလင်းတို့ ရိုးခနဲ ရိပ်ခနဲ ကျန်ခဲ့လေ၏။
  
နတ်ဆိုးတွေက အပြင်ဘက်မဟာတံတိုင်းကို သိမ်းပိုက်ထားတာ ရက်အတော်ကြာပြီဖြစ်၏။မြို့ဂိတ်တံခါးအောက်မှာတော့ ကြက်သွေးနီရောင်နတ်ဆိုးများနှင့် ပြည့်ကြပ်နေသည်။ အဝေးကနေကြည့်ပါက လောက်တွေနှင့်ပြည့်နေသည့် ကရားအိုးနှယ်ဖြစ်နေကာ ဘယ်သူ့မဆိုကို တကယ်ပင် အော့အန်စေလောက်ပေသည်။
  
တံတိုင်းအောက်ခြေမှာတော့ ၁၀ကျန်းထက်မကမြင့်သော နတ်ဆိုးအလောင်းပုံကြီးရှိနေသည်။ သွမ်မင့်က ခွာလေးဖက်လုံးဖြင့် ကဆုန်ပေါက်ပြေးရင်း ကြောက်မက်ဖွယ် ဤအလောင်းတောင်ကြီးဘေးကနေ ဖြတ်ရင်း ဂိတ်ပေါက်ဝထံ တန်းတန်းသွားလိုက်သည်။
  
စန်းယွမ်ယွမ်သည် ယုံးဝူမင့်က ဓါးကိုဆွဲထုတ်တိုင်း ထိုဓါးနက်ကြီးကနေ အစိမ်းရောင်အလင်းတန်းတို့ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်အေးစက်သောလေအဖြစ် ပျံ့နှံ့သွားတာကိုမြင်ရချိန်မှာ အံ့အားသင့်သွားရတော့သည်။ထိုအေးစက်ပြင်းဒဏ်သော လေဓါးသွားက နတ်ဆိုးတွေနှင့် ထိမိသွားချိန်မှာတော့ ချက်ချင်းပင် နှစ်ပိုင်းအဖြစ် သေသေသပ်သပ်ပိုင်းဖြတ်သွားလေ၏။
  
ထိုအစိမ်းရောင်လေဓါးသွားက ၇ကျန်း ၈ကျန်းလောက်ထိ သက်ရောက်မှုရှိလေသည်။
  
ယင်းက စိတ်ဝိညာဥ်ပါရမီထူးအကျော်အမော်တစ်ယောက်၏ ခွန်အား အတိအကျပင်!။
  
အတော်လေးကို ဆန်းပြားလွန်းတယ်ဟေ့!
  
စန်းယွမ်ယွမ်အတွက်တော့ ယုံးယင်ယွဲ့ဘေးက ဟွေးရီလို လက်ဖဝါးပေါ်မှာ တလှုပ်လှုပ်ဖြစ်နေသည့် မီးတောက်ကို ဖန်တီးပြတာနှင့်ကို အတော်လေး အမတမျိုးဆန်သည့်အရာဖြစ်နေပြီ ဖြစ်သည်။ထို့ပြင် ခုလေးတင် ယုံးဝူမင့် ထုတ်ပြသွားသော စွမ်းအားတွေကတော့ သူမ၏ ရွှမ်ဟွမ့်လောကကြီးအပေါ် နားလည်ထားမှုကို ပို၍ အလင်းပွင့်သွားစေလေသည်။
  
သူက ဂိတ်တံခါးရှိရာဆီ ဒုန်းစိုင်းသွားလေည်။
  
ဂိတ်တံခါးဟာ ရေလွှမ်းမိုးမှုအကြီးအကျယ်ဖြစ်ချိန်မှာ ကျိုးပေါက်သွားသည့် ရေကာတာထဲက အပေါက်နှယ် တူလှသည်။
  
သူတို့နှစ်ယောက် နီးလာသည်နှင့်အမျှ စန်းယွမ်ယွမ်တောင် မွန်းကြပ်လှသည့် ဖိအားတွေကို ခံစားလာရသည်။
  
ထိုနေရာမှာ နတ်ဆိုးတွေ အများကြီးရှိနေကြသည်။မဟာတံတိုင်းနားမှာ ပြုံတိုးနေကြပြီး အပြင်ဘက်မှာ ထိုနတ်ဆိုးတွေ ဘယ်လောက်များများရှိနေဦးမည်ဆိုတာတော့ ဘုရားမှပင်သိလိမ့်မည်။ ကျိုးပေါက်သွားသော အက်ကွဲကြောင်းဟာလည်း နတ်ဆိုးတွေအားလုံး အရူးအမူးဝင်ရောက်လာစေဖို့ လုံလောက်နေပြီဖြစ်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now