အပိုင်း ၃၄

4.2K 565 16
                                    

Unicode

  
ယုံးဝူမင့်လား!
  
ထိုအခိုက်အတန့်မှာ စန်းယွမ်ယွမ်ဟာ သူမ ရူးသွားသလားတောင် ထင်မိသွားရသည်။

ယုံးဝူမင့်က ဘယ်လိုလုပ် ဒီရောက်နေတာတဲ့တုန်း!
  
သူမ ပါးစပ်ဟဖို့ ဟန်ပြင်လိုက်စဥ်မှာပင် ရေခဲတမျှအေးစက်သည့် လက်ညိုးတစ်ချောင်းက သူမနှုတ်ခမ်းပေါ်သို့ ညင်သာစွာ ဖိကပ်လာသည်။
  
"ရှုး"

သူက ဆိုလိုက်၏။
  
ထို့နောက် သူက ရှေ့ကိုင်းကာ သူမနားရွက်နားမှာ ဖိကပ်လာသည်။ အေးစက်သော ဝင်သက်၊ ထွက်သက်ဟာဖြင့် မြွေတစ်ကောင်အလား။
  
"မင်းကဘာလို့ တုန်လှုပ်နေတာလဲ"

သူက စကားဆိုသည်။

"စန်းမင်းသမီးက ကိုယ့်ကို သဘောကျနေတာမဟုတ်ဘူးလား။ ကိုယ့်ကိုမြင်ရတာ မပျော်ဘူးလားဟင်"
  
စန်းယွမ်ယွမ်မှာ တတ်နိုင်သမျှ စိတ်အေးအေးထားဖို့ သူမကိုယ်သူမ ကြိုးစားနေရ၏။
  
"ရှင် ဘာလို့ ဒီရောက်နေတာလဲ"

သူမက ခပ်တိုးတိုး မေးလိုက်သည်။
  
ယုံးဝူမင့်က တိုးဖွဖွရယ်ကာ ငှက်မွှေးကဲ့သို့ ပေါ့ပေါ့ပါးပါးလေသံဖြင့် ဖြေလေသည်။

"မင်းကို လာကယ်တာလေ။ ကိုယ်သာ မလာရင် မင်းတော့ကိစ္စတုံးပြီပဲ"
  
စန်းယွမ်ယွမ်မှာ တောင့်တင်းစွာဖြင့် ခေါင်းမော့ကာ သူ့ကိုကြည့်မိသွားရသည်။
  
"ဟန်ရှောင်လင်က ဘာပြောလိုက်လဲ သိလား"

ယုံးဝူမင့်က ပြုံးကာ ဟန်ရှောင်လင်၏ လေသံအတိုင်း တုပကာ ပြောလာသည်။

"ဖူးရန်ကို လှည့်ဖြားခေါ်သွားရဲတဲ့ အဲ့ဒီစန်းပြည်နယ်က လူအကုန်လုံးကိုသတ်ပစ်လိုက်။ ဖူးရန်ကိုတော့ ဝူကျိနန်းဆောင်မှာ ချုပ်ထားလိုက်။ ငါပြန်လာပြီး ဖြေရှင်းတဲ့အထိ စောင့်ခိုင်းထားစေ"

သူ့အသက်ရှုသံက ရေခဲတမျှအေးစက်နေသည်။ အေးစက်လွန်း၍ သူမအရိုးထဲထိတောင် ထိုးဖောက်လာသလား ထင်မှတ်ရ၏။
  
သူက သူမလက်မောင်းကို ဆုပ်ကိုင်ကာ ဆွဲထူ၍ ရထားလုံး၏ လိုက်ကာစ အဖျားကို အသာပင့်မကာ အနောက်ဘက်သို့လှည့်ကြည့်ရန် ဟန်အမူအရာပြလေသည်။
  
"မြင်လား။ ကိုယ်ဖြတ်လာတုန်းက သူတို့အပေါ်ကို လေထဲကနေတဆင့် အနူမြူမှုန့်တွေ ဖြူးချထားခဲ့တာ"
  
သူ့အသံက အလွန်တရာမှ ညင်သာနေသည်မှာ ချစ်သူတစ်ယောက် တိုးဖွဖွပြောနေသည့်အလား။
  
စန်းယွမ်ယွမ်သည် အဝေးတစ်နေရာကို စိုက်ကြည့်ပြီးသွားချိန်မှာတော့ သူမဦးရေပြားတွေ ချက်ချင်းကို ထုံထိုင်းသွားရတော့သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now