အပိုင်း ၈၉

3.3K 412 3
                                    

Unicode


စန်းယွမ်ယွမ်မှာ ကူကယ်ရာမဲ့စွာ တုံ့ပြန်လိုက်ရ၏။

"ဟန်ဘုရင် ရှင်သိပ်ကို မယဥ်မကျေးရှိလွန်းတယ်"

သူမဟာ စစ်မြေပြင်မှာ သူနှင့်ဆုံခဲ့ရစဥ်တုန်းက အသံတုကို သုံးခဲ့တာဖြစ်သည်။

ခုလည်း အသံတုပင် ဖြစ်၏။

သို့သော်လည်း ဒီနေ့မှာတော့ ယင်းက ဆက်ပြီးဖုံးကွယ်ထားမရတော့မှာကို သူမကြောက်နေမိသည်။ သူသာ တံခါးအပြင်ဘက်ကအစောင့်ကိုမေးလိုက်သည်နှင့် သူ့ကိုမတွေ့ချင်၍ ခန်းမထဲမှာပုန်းနေသည့် အမျိုးသမီးဟာ သူတရားဝင်လက်ထပ်ထားသောအမျိုးသမီးမှန်း သိသွားလိမ့်မည်ပင်။

ဟန်ရှောင်လင် အသံကတော့ အနည်းငယ် ဝမ်းနည်းနေဟန်ဖြင့်

"ကိုယ်တို့ ဒီဘဝမှာ ဘယ်တော့မှ မတွေ့ဖြစ်ကြတော့ဘူးလို့ ထင်ခဲ့ပေမဲ့ ဒီနေ့ တကယ့်ကို ဆိုင်းမဆင့် ဗုံမဆင့် တွေ့လိုက်ရတာပဲကိုး"

စန်းယွမ်ယွမ် သက်ပြင်းလေးလေးချရင်း သူနှင့်ဆွေးနွေးလိုက်ရသည်။

"ဟန်ဘုရင် ကွာရှင်းတဲ့ကိစ္စကို အရင်လုပ်လိုက်လေ"

ဟန်ရှောင်လင်၏ ပုံစံက ရုတ်တရက်ထိတ်လန့်သွား၏။

ဒါက သူမ ဘာကို ညွှန်းဆိုချင်နေတာလဲ။

သူ့အသံက ပေါ့ပေါ့ပါးပါးဟန်စွက်နေလျက်သား။

"ကိုယ် ခုတစ်ခေါက်မြို့တော်လာတာက အဲ့ကိစ္စကို သေချာဖြေရှင်းဖို့ပါပဲ"

"ဒါဆို မြန်မြန်သွားလုပ်လေ"

စန်းယွမ်ယွမ်က လောဆော်လိုက်၏။

"ကောင်းပြီ!"

ဟန်ရှောင်လင်က တကယ်ပဲ လှည့်ကာထွက်သွားလေသည်။

ချက်ချင်းကောက်ခါငင်ကာ ထွက်လာခဲ့ပြီးမှ ဤအခိုက်အတန့်မှာ တစ်ခုခုတော့ မှားနေပြီဟု သူ့စိတ်တွင်းက တွေးမိလိုက်သည်။

သို့သော်လည်း သူနေ့ရောညပါ တောင့်တနေခဲ့ရသည့် လူက ထင်မှတ်မထားစွာ သူကွာရှင်းသည့်ကိစ္စကို စိတ်ပူနေကြောင်း ထပ်မံတွေးမိသွားပြန်တော့ ခြေထောက်နှင့်မြေကြီး မထိသလိုတောင် ခံစားလိုက်ရသည်။

သူ့ကို ဧကရာဇ်က အပြစ်တင်မည်ဆိုလျှင်တောင် တန်ပါပေ၏။

သူသည်လို ခံစားချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။

အမှောင်ထဲက ဆွဲငင်အားတစ်ခုက သူ့ထံ တဖြည်းဖြည်း တိုးဝင်လာသည့်အလားပင်။

********

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now