အပိုင်း ၄၉

3.6K 447 6
                                    

Unicode

  
ဤအခိုက်အတန့်ဟာ သူမအတွက်တော့ ဓါးသွားအဖျားပေါ် ကခုန်နေရသည်နှယ်။
  
သူမအနေဖြင့် ကိုယ့်အသက်လေးကိုယ်ကယ်တင်ဖို့ရန်အလို့ငှာ သူ့ဘက်ကနေ သူမကိုစိတ်ဝင်စားလာအောင် လုပ်ဖို့လိုသည်။ သို့ပေမဲ့ အရမ်းကာရော စိတ်ဝင်စားလာအောင်တော့ မလုပ်သင့်။ အထူးသဖြင့် ယောက်ျားနှင့်မိန်းမကြားက စိတ်ဝင်စားမှုမျိုးကို မလှုံ့ဆော်မိစေဖို့ပင် ဖြစ်၏။
  
ယုံးဝူမင့်က တကယ်ကြီးကိုစိတ်ဝင်စားလာပြီဖြစ်သည်။ နှုတ်ခမ်းထောင့်မှာ ချိတ်ဆွဲထားသော အပြုံးတစ်ပွင့်နှင့်အတူ သူက သူမဘေးမှာ သက်တောင့်သက်သာထိုင်ချရင်း သူ့ဒူးသူပုတ်၍ စကားဆိုလာသည်။

"အတော်စိတ်ဝင်စားစရာကောင်းသားပဲ။ စန်းချန်ယင်း အဲ့အဘိုးကြီးက ကိုယ့်ကို ဓါးနဲ့လိုက်ခုတ်မှာ သေချာတယ်"
  
"ပြီးတော့ အစ်ကိုတော်ရောပဲ"

စန်းယွမ်ယွမ်က ခေါင်းလေးစောင်းငဲ့ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။

"ရှင် သူတို့နှစ်ယောက်ကို နိုင်လောက်လား"
  
နားလည်ရခက်စွာပင် သူမကိုယ်တိုင်မှာ ထိုကဲ့သို့ သဟဇာတဖြစ်နေလျှင်ကောင်းမှာပဲဟူသော စိတ်ကူးယဥ်မှုပင် အနည်းငယ်ပေါ်လာရသည်။
  
ယုံးဝူမင့်က ခဏမျှ အလေးအနက်ကြီးတွေးနေကာ သူ့ဒူးကို ခပ်သွက်သွက်ပုတ်ရင်း ဖြေလာ၏။

"ပြောဖို့တော့ခက်တယ်။ ကိုယ်က ဘယ်လိုတိုက်ရလဲဆိုတာ မသိဘူး။ ဘယ်လိုသတ်ရမလဲပဲ သိတာ"
  
သူ့စကားလုံးတွေထဲက အဓိပ္ပါယ်ကို နားထောင်ကြည့်ရသလောက် စန်းသားအဖကို အလေးအနက်ထားလိုဟန်မရှိပေ။
  
စန်းယွမ်ယွမ်မှာ မပြောသာအောင် စိတ်အေးလက်အေးဖြစ်သွားရသည်။
  
သူက ခေါင်းငဲ့စောင်းကာ သူမကိုကြည့်လာရင်း မျက်ဝန်းထဲက အနက်ရောင်အလင်းတန်းတစ်ချက်နှင့်အတူ မေးလာသည်။

"ကိုယ်နဲ့ ပတ်သက်ပြီး ဘာကိုသဘောကျတာလဲ"
  
စန်းယွမ်ယွမ် : "......."

ဒီတစ်ယောက်ကို ဇာတ်လမ်းဆင်ရတာ သိပ်တော့မလွယ်ဘူးဟေး။
  
"ကိုယ့်မျက်နှာကြောင့်လား"

သူက သူ့မျက်နှာသူ အညှာတာမဲ့စွာ ဆောင့်ဆွဲလိုက်၏။
  
နောက် ချက်ချင်းပင် ခေါင်းခါယမ်းပြန်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now