အပိုင်း ၅၉

3K 413 1
                                    

Unicode

  
ဤအခိုက်အတန့်လေးမှာ စန်းယွမ်ယွမ်သည် တစ်ကိုယ်လုံးရှိ သွေးတွေက အေးခဲသွားသလို ခံစားလိုက်ရပြီး ကြောက်စရာကောင်းသော အအေးဓါတ်ဟာ ခြေဖဝါးအောက်ခြေကနေ ထိုးတက်လာကာ နှလုံးသားထဲကို ဝင်ဆောင့်သွားတော့၏။
  
စာအုပ်ထဲရှိ အေးစက်သော စကားတစ်ကြောင်းက သူမစိတ်ထဲ ရောက်လာသည်။
  
*စန်းဘုရင်နှင့် အိမ်ရှေ့စံသည် တပ်မဟာကိုဦးဆောင်၍ နယ်စပ်ကိုဖြတ်လာကာ ယုံးဝူမင့်ကို ရုတ်တရက် စီးနင်းတိုက်ခိုက်ခဲ့သည်။ ရန်သူများ၏ အရှေ့နှင့်အနောက် နှစ်ဖက်ညှပ်၍တိုက်ခိုက်ခံရခဲ့ခြင်းကြောင့် သူဟာ သေလုမြောပါးဖြစ်ခဲ့ရပြီး သူနှင့်အတူ စစ်ချီထွက်လာသော ဟန်ရှောင်လင်သည်လည်း အကြီးအကျယ် ဒဏ်ရာ ရသွားခဲ့လေသည်*
  
လက်စသတ်တော့...အဲ့ဒါက ဒီအချိန်ဖြစ်နေတာလား။
  
ယုံးဝူမင့်က စန်းယွမ်ယွမ်၏ နားနားသို့ကပ်လာသည်။ သူ့အသံက အနည်းငယ်စိတ်လှုပ်ရှားဟန်ပေါက်နေ၏။

"ပိုးစာပင်လေး(ရှောင်စန်းကော်)....မင်းရဲ့လူတွေက မင်းကိုလာကယ်ကြပြီပဲ"
  
"မဖြစ်နိုင်တာ"

စန်းယွမ်ယွမ်သည် သူမအသံက တောင့်တင်းကာ မာဆတ်ဆတ်ကြီးဖြစ်နေတာကြောင့် လန့်ပင်လန့်သွားရသည်။

"ဒီကိစ္စမှာ တစ်ခုခုတော့မှားနေပြီ"
  
သူမဘက်က လင်ကူးကို ပြောထားပြီးသားမို့ ပြဿနာတွေ လိုက်မမွှေဖို့ တခြားလူတွေက စန်းဘုရင်ကို နားချကြမည်ပင် ဖြစ်သည်။
  
အကယ်၍ စန်းဘုရင်က သူ့ဒေါသတွေဖောက်ထုတ်ဖို့ ကျူးလင်ဂိတ်ကို သိမ်းလိုက်တယ်ဆိုလျှင် သူမနားလည်နိုင်သေးသည်။သို့ပေမဲ့ ယွင်တစ်နိုင်ငံတော်လုံး၏ လုံခြုံရေးကို လျစ်လျူရှု၍ ကောက်ကျစ်သောနည်းဖြင့် ဟန်ဘုရင်နှင့် ယုံးဘုရင်၏ နောက်ကျောဓါးဖြင့်ထိုးကာ တံတိုင်းကို စွန့်ပစ်ပြီး ဘေးဒုက္ခကပ်ဆိုးကို ဖြစ်စေခဲ့သည် ဆိုလျှင်တော့....။
 
ဒါမျိုးကတော့ လုံးဝ မဖြစ်နိုင်ချေ။
  
စန်းယွမ်ယွမ် နှလုံးသားက ရုတ်ချည်း ရှင်းလင်းသွားသည်။
  
မဖြစ်နိုင်။ စန်းယွမ်ယွမ်သေသွား၍ သူမဖခင်နှင့် အစ်ကိုတော်က သူမအစားလက်စားချေဖို့ ယုံးယင်ယွဲ့ကို သတ်ချင်လျှင်တောင်မှ သည်လိုစက်ဆုပ်ဖွယ်ရာ အရာမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ပေ။သူတို့ဟာ စာအုပ်ထဲမှာ ရေးသားထားသည့် စက္ကူရုပ်တွေ မဟုတ်။ သူရဲကောင်းဆန်ကာ အံ့ဩဖွယ်ကောင်းသည့် တကယ့်ထူးချွန်သူများပင် ဖြစ်၏။
  
သူမ အနေဖြင့် သူတို့နှင့် တစ်ခါမျှ မဆုံရသေးသော်လည်း စန်းယွမ်ယွမ်ကတော့ ရင်ဘတ်ပေါ် လက်တင်၍ စန်းဘုရင်နှင့်အိမ်ရှေ့စံဟာ ဒါမျိုး ဘယ်တော့မှလုပ်မည်မဟုတ်ကြောင်း အာမခံပေးနိုင်ပေသည်။
  
သူမအမြန်အဆန်နောက်လှည့်ကာ ယုံးဝူမင့်၏ ဝတ်ရုံကို ဆုပ်ကိုင်လိုက်ရင်း မျက်ဝန်းတို့က တဖျတ်ဖျတ်လက်စွာဖြင့်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now