အပိုင်း - ၁
ညနေခင်း၏ ဆည်းဆာနေရောင်ကား တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထား၏။
တောင်ခြေမှာ ရှိသည့် လမ်းပျဉ်းလေးမှ တဆင့် လူတစ်စုဟာ ညီညီညာညာ ချီတက်လာကြသည်။ ထိုလူတွေဟာ ခြင်းထောင်း ကိုယ်စီ လွယ်လျက် အားမာန်အပြည့်ဖြင့် သံပြိုင် သီဆိုရင်း ချီတက်နေကြသည်။ တိုက်ခတ်သွားသော လေပြည် လေညှင်းလေးကလည်း ထိုလူစု၏ သီချင်းသံများကို ဟိုးအဝေးဆီ သယ်ဆောင်သွားတော့၏။
'ရဲရဲတောက် စစ်သည်' ရှေ့ကိုသာ ချီတက်။
နေရောင်ခြည် စူးရှလည်း၊ ရှေ့ကိုသာ ချီတက်။
အတားအဆီး အကုန် ဖြိုခွင်းလို့ ရှေ့သို့သာ ချီတက်။
ငါတို့တွေ အကုန်လုံး အားအင်အပြည့်နဲ့ ရန်သူမှန်သမျှ ဖြိုခွင်းလို့ ရှေ့ကို ချီတက်။
နောင်တစ်ချိန် လူအများ နှုတ်ဖြားမှာ အမည်တစ်ခုသွင်လိမ့်မည်၊င ါတို့သည်ကား 'ရဲရဲတောက်စစ်သည်'
လေထဲမှာ တလူလူ လွင့်နေသည့် အလံနီကြီးကာ သံပြိုင် ရွက်ဆိုသံနှင့် အတူ အပြိုင် ဝံ့ကြွားလို့နေသည်။
...........…...............
သီချင်းသံသည် နေရာအနှံ့ ပျံ့သွားကာ တောင်ခြေတစ်နေရာမှာ ရှိသည့် ဘုရားကျောင်းအတွင်းအထိတိုင် အသံသဲ့သဲ့ ကြားရဆဲပင်။ ထိုဘုရားကျောင်းအတွင်းမှာ အသက် တစ်ဆယ့်လေး၊ တစ်ဆယ့်ငါး အရွယ် မိန်းကလေးတစ်ဦး အိပ်ပျော်နေ၏။ သူမတွင် လှပသော မျက်နှာပုံ၊ သွယ်ဆင်းနေသည့် နှာတံနှင့် လှပသော နှုတ်ခမ်းများကိုပိုင်ဆိုင်ထားသည်။
လေပြေတစ်ချက် အဝှေ့မှာဘဲ သူမ ဝတ်ဆင်ထားသည့် အဝတ်တချို့ဟာ လှုပ်ခတ်သွားတော့သည်။
ယွမ်ရိ သတိ ပြန်ဝင်လာသည်နှင့် တပြိုင်နက်အရင်းဆုံး ခံစားမိသည်က အသည်းခိုက် မတတ်နာကျင်မှုကိုပင်။ သူမ၏ တစ်ကိုယ်လုံးအစိတ်စိတ် အမွှာမွှာ ဖြစ်စကဲ့သို့ နာကျင်မှုကို ခါးစည်းခံနေရသည်။
သူမရဲ့ နားထဲမှာလည်း လေတိုးသံ တစ်ချက် တစ်ချက် ကြားနေရကာ ထိုလေတိုးသံ အတွင်းမှ တိုးညှင်းသည့် သီချင်းသံ သဲ့သဲ့လေးကိုပါ ကြားယောင်နေရ၏။
သူမ အနေနဲ့ တောင်ပေါ်မှ ပြုတ်ကျပြီးသည့်နောက်အသက်ရှင်နေဦးမည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
တဖြည်းဖြည်းဖြင့် သူမ ခံစားနေရသည့် နာကျင်မှုများ လျော့ပါးသွားတော့သည်။ ဒါပေမယ့် သူမရဲ့ခန္ဓာကိုယ်ကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိသေးချေ။သူမ၏ မျက်ခွံကိုတောင်မှ ဖွင့်ဟနိုင်ခြင်း မရှိခဲ့။အချိန် အတော်ကြာအောင် ကြိုးစား ပမ်းစားအားထုတ်ပြီးသည့်နောက် အနည်း အကျဉ်းခန့်သာမျက်စိ ဖွင့်နိုင်လိုက်၏။
သူမ ပထမဆုံး မြင်တွေ့လိုက်ရသည်ကား နေဝင်ချိန်မို့ ပုစွန်ဆီရောင် တောက်ပနေသည့် ကောင်းကင်ကြီးကိုပင်။ ထို့နောက် သူမ၏ အမြင်အာရုံအတွင်း လူတစ်ယောက် ဝင်ရောက်လာတော့သည်။ တိတိကျကျ ပြောရလျှင် အသက် တစ်ဆယ့်သုံးနှစ်၊ တစ်ဆယ့်လေးနှစ် အရွယ် ယောက်ျားလေး တစ်ယောက် ဖြစ်ကာ အလင်းရောင်ဘက်ကို ကျောပေးထားသောကြောင့်ထိုကောင်လေး၏ မျက်နှာအား ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်ခဲ့ပေ။
ထိုကောင်လေးက ယွမ်ရိကို စကားတချို့ ပြောနေခဲ့ပေမယ့် သူမကတော့ ပါးစပ် လှုပ်နေတာကို မြင်ရတာက လွဲ၍ ဘာမျှ မကြားရချေ။ ထို့နောက် သူမရဲ့အမြင် အာရုံလည်း မူးဝေမှုကို ခံစားလိုက်ရ၍ မျက်စိကို ပြန်မှိတ်လိုက်တော့သည်။
ရုတ်ချည်း သူမရဲ့ခန္ဓာကိုယ်က လေပေါ် မြောက်သွားကာ ကောင်လေးက သူ့ရဲ့ကျောပေါ် တင်လိုက်တာကို ယွမ်ရိ ခံစားလိုက်ရသည်။ ထို့နောက် ကောင်လေးက သူမကို သယ်ဆောင်ကာ ဘုရားကျောင်းအတွင်းမှ တလှမ်းချင်း၊ တလှမ်းချင်း ထွက်ခွာလာတော့သည်။
ကောင်လေးက သူမကို ကျောပိုးပြီး လမ်းလျှောက်နေသည်မှ အချိန် မည်မျှရှိနေပြီလဲ သူမ မပြောနိုင်တော့။ သူမ နားထဲမှာ ကြားနေရသည့် ဆူဆူညံညံအသံတွေလည်း တိတ်ဆိတ် သွားကာ လေတိုးသံကလွဲပြီး သူမ ဘာမျှ မကြားရတော့။ သူမ မျက်လုံးကိုတဖန် ပြန်ဖွင့်လိုက်ချိန်မှာတော့ ကောင်းကင်ကြီးကအမှောင်ထု လွှမ်းနေပြီဖြစ်ကာ မနီးမဝေးမှာ ရှိနေသည့် တောင်ပေါ်မှာ မျှော်စင် သဏ္ဌာန်အဆောက်အဦး တစ်ခုအား မှိန်ပျပျ လှမ်းမြင်လိုက်ရတော့သည်။
ထိုနောက် သူမရဲ့ ခွန်အားတွေ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြန်ကာ သူမ၏ မျက်ဝန်းများလည်း နောက်တစမကြိမ် ပိတ်သွားပြန်တော့သည်။
"ဒါ ဘယ်သူလဲ"
သူမ အချိန် ဘယ်လောက်ကြာသည်အထိ မေ့နေခဲ့သည် မသိ၊ သူမ နားထဲ ဩဇာပြည့်ဝသည့်အမျိုးသမီး တစ်ဦး၏ မေးမြန်းသံကို ကြားသည့်အခါမှသာ သူမ သတိ ပြန်ဝင်လာတော့သည်။
သူမဟာ ကျယ်ပြောလှသည့် ကြမ်းပြားပေါ်မှာ လဲလျောင်နေရင်း တိတ်တဆိတ်ဖြင့် အသံတွေကိုနားစွင့်နေခဲ့သည်။
အမျိုးသမီး၏ စကားဆုံးသွားသည်နှင့် တပြိုင်နက်သူမကို ခေါ်လာဟန်ရသည့် ကောင်လေး၏ အသံထွက်ပေါ်လာခဲ့သည်။
"သူမကို ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် သူမက အပြင်းအထန် နေမကောင်း ဖြစ်နေပုံရတယ်"
"မင်းကို ကိုယ့်ကိစ္စဘဲ အာရုံစိုက် လုပ်လို့ ငါ ပြောထားတယ် မဟုတ်ဘူးလား"
မမြင်ရသည့် ဖိအားတချို့ ပါဝင်နေပုံပေါ်သည့်အမျိုးသမီး၏ အသံဟာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"သူတစ်ပါးကို တတ်နိုင်ရင် ကူညီပေးဖို့ လီဖန်းကသင်ပေးထားတယ်"
ကောင်လေးရဲ့အသံဟာ ခပ်ဖြည်းဖြည်း ခပ်မှန်မှန်ထွက်ပေါ်လာခဲ့၏။
"မင်းက သူမကို သိလို့လား။ မသိဘူး မလား။ သူမကိုယ်တိုင်ကရော မင်းကို အကူအညီ တောင်းခဲ့လို့လား။ အကူအညီ မတောင်းခဲ့ဘဲနဲ့ မင်းဘာသာ မင်းင်တို့ဆီကို ခေါ်လာခဲ့တာ မလား"
အမျိုးသမီးရဲ့ အချက်အလက် ကျကျ စကားသံဟာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
သည်တစ်ကြိမ်မှာတော့ ကောင်လေး၏ အသံ ထပ်မံ ထွက်မလာတော့ဘဲ အရာရာ တိတ်ဆိတ်သွားတော့သည်။
ယွမ်ရိဟာ လူနှစ်ယောက်၏ စကားဝိုင်းကိုတိတ်တဆိတ် နားထောင်ရင်းဖြင့် သူမ ခံစားနေရသည့် နာကျင်မှုတွေ လျော့နည်းပြီးရင်း လျော့နည်းလာတာကို ခံစားလိုက်ရသည်။ နောက်ဆုံးသူမ၏ရတံတောင်ဆစ်နဲ့ ဒူးခေါင်းမှ လွဲ၍ ကျန်သည့် နေရာများတွင်ရခံစားနေရသည့် နာကျင်မှုက မရှိသလောက် ဖြစ်သွားတော့သည်။
သူမ၏ မျက်ခွံတွေကို ဖွင့်ဖို့ ကြိုးစားလိုက်သည့်အခါမှာလည်း အရင်လိုမျိုး လေးပင် မနေတော့ဘဲပေါ့ပါးစွာဖြင့် ချက်ချင်း ပွင့်သွားတော့၏။ မျက်လုံး ဖွင့်နိုင်သည်နှင့် တပြိုက်နက် သူမ၏ အရှေ့မှာ လူနှစ်ယောက်ကို မြင်တွေ့နိုင်ဖို့ ကြိုးစားလိုက်သည်။
ထိုလူ နှစ်ယောက်ထဲမှ တစ်ယောက်ဟာ တစ်ဆယ့်သုံးနှစ်၊ တစ်ဆယ့်လေးနှစ် အရွယ် လူငယ် တစ်ယောက် ဖြစ်ကာ ထိုလူငယ်၏ မျက်နှာ အသွင်အပြင်က အလွန်ခန့်ညား၏။ ထိုလူငယ်သာအရွယ် ရောက်လာပါက ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်တစ်ခု ဖြစ်လာမှာ ဧကန် မလွဲပင်။
နောက်တစ်ယောက်ကတော့ သက်လတ်ပိုင်း အရွယ်အမျိုးသမီးကြီး ဖြစ်ကာ မပိန်လွန်း၊ မဝလွန်သော ခန္ဓာကိုယ် အချိုးအစား တစ်ခု ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ သူမ၏ ရုပ်ရည်ဟာလည်း မြင်သူတကာကို ရှိန်သွားစေနိုင်သည့်ကျက်သရေမျိုးဖြင့် ကြည်လင် လှပလို့နေ၏။
ဒါပေမယ့် သူတို့ရဲ့ အဝတ်အစားတွေကတော့ သူမအတွက် အနည်းငယ် ထူးဆန်းနေခဲ့ပါသည်။ သူတို့နှစ်ယောက်လုံးက ငွေရောင် ကုတ်အကျီနဲ့ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကြသည်။ ပြီးတော့ပြတိုက်များအတွင်း သူမ မြင်တွေခဲ့ဖူးသည့်ရှေးဟောင်းပုံစံ ဖိနပ်များကိုပါ ဝတ်ဆင်ထားတာကိုသူမ တွေ့လိုက်ရ၏။
အမျိုးသမီးကြီးနဲ့ ကောင်ငယ်လေးတို့ နှစ်ယောက်၏ အဝတ်အစားများကို သေချာစွာ ကြည့်ရှုပြီးသည့်နောက် ယွမ်ရိ တစ်ယောက် စိတ်မကောင်းခြင်းကို ခံစားလိုက်ရတော့သည်။
'သနားစရာ ကောင်းလိုက်တာ၊ ဆင်းရဲလွန်းလို့အဝတ်အစား ကောင်းကောင်းမွန်မွန် ဝယ် မဝတ်နိုင်ဘူး ထင်တယ်၊ ဒါနဲ့ ငါတို့မြို့ထဲမှာ ဒီလောက် ဆင်းရဲတဲ့ နေရာလည်း ရှိသေးတာကိုး'
ယွမ်ရိလည်း ထိုလူနှစ်ယောက်ကို နှုတ်ဆက်စကား ပြောရန် ပြင်လိုက်ချိန်မှာဘဲ သူမ ဦးနှောက် တစ်ခုလုံး ပေါက်ကွဲသွားမလို ခံစားလိုက်ရကာ သူမနဲ့ မရင်းနီးသည့် မှတ်ဉာဏ်များ သူမ စိတ်ထဲ နွားသိုးကြိုးပျက် ဝင်ရောက်လာတော့သည်။
စက္ကန့် အနည်းငယ် အတွင်း သူမဟာ ဘဝတစ်ခုကိုမြင်တွေ့လိုက်ရကာ သူမ စိတ်ထဲ တုန်လှုပ်စရာသတင်း အချက်အလက် တစ်ခုကို သိလိုက်ရတော့သည်။ ထိုသတင်း အချက်အလက်ကတော့သူမဟာ တောင်ပေါ်ကနေ ပြုတ်ကျပြီးနောက်သေဆုံးသွားကာ စာအုပ်တစ်အုပ်အတွင်း ဝိဉာဉ်ကူးပြောင်းလာခဲ့ပြီ ဆိုတာကိုပင်။
သူမသည် စာအုပ် တစ်အုပ်အတွင်းမှ အရံဇာတ်ကောင် တစ်ယောက်၏ ကိုယ်အတွင်း ဝိဉာဉ်ကူးပြောင်းလာခြင်း ဖြစ်သည်။ ထိုအရံဇာတ်ကောင်၏ နာမည်မှာလည်း ယွမ်ရိပင် ဖြစ်၏။
မူလ ယွမ်ရိ၏ ဖခင်ဟာ စစ်တပ်မှ အရာရှိ တစ်ယောက် ဖြစ်သည်။ သူမကတော့ အဖိုး အဖွားများလက်ထဲတွင်သာ ကြီးပြင်းလာရခြင်း ဖြစ်ပြီးအသက် တစ်ဆယ့်ခြောက်နှစ် ပြည့်ချိန်မှာတော့ သူမရဲ့ဖခင်က သူမကို စစ်တပ်အတွင်း ခေါ်ဆောင်လာခဲ့တော့သည်။
သည်စာအုပ်အတွင်းမှ အမျိုးသမီး ဇာတ်လိုက်သည်လည်း စစ်တပ်အတွင်းမှ ဖြစ်၏။ မူလ ယွမ်ရိနဲ့ မတူသည်က အမျိုးသမီး ဇာတ်လိုက်မသည်မိဘမဲ့ ဖြစ်ကာ ငယ်စဉ်ကတည်းက စစ်တပ်အတွင်းမွေးစားခံခဲ့ရခြင်း ဖြစ်သည်။
မူလ ယွမ်ရိ စစ်တပ်အတွင်း ရောက်ပြီးသည့်နောက်ဇာတ်လိုက်မနဲ့ အမြဲ နှိုင်းယှဉ်ခံခဲ့ရ၏။ ဇာတ်လိုက်မနဲ့ ယှဉ်ပါက အရံ ဇာတ်ကောင်ဆိုသည့်အတိုင်းယွမ်ရိ တစ်ယောက် ဇာတ်လိုက်မထံမှာ အမြဲတမ်းရှုံးနိမ့်ခဲ့ရသည်။
ဒါ့ကြောင့် သူမရဲ့စိတ်ထဲမှာ အငုံစိတ်တွေ ဖြစ်ပေါ်လာကာ ဇာတ်လိုက်မကို အမျိုးမျိုး နှောင့်ယှက်တော့သည်။ ဒါပေမယ့် အဆုံးသတ်ကတော့ မူလယွမ်ရိ အတွက် တကယ့်ကို သနားစရာပင်။
အချက်အလက်များ အားလုံးကို သိပြီးသည့်နောက်ယွမ်ရိ တစ်ယောက် မိုက်ကနဲ ဖြစ်သွားကာ လဲကျတော့မလို ဖြစ်သွား၏။
ထိုမြင်ကွင်ကြောင့် အမျိုးသမီးဟာ တုန်လှုပ်သွားပြီး ယွမ်ရိ၏ ပုခုံးအား ဖမ်းဆုပ်လျက် ...
"အဆင်ပြေရဲ့လား။ မင်း ငါတို့ အိမ်ထဲမှာ တစ်ခုခုဖြစ်လို့ မရဘူးနော်"
လို့ တုန်လှုပ်တကြီး ပြောလိုက်သည်။
သူမရဲ့စိုးရိမ်စိတ်ကို နားလည်တာမို့ ယွမ်ရိလည်းသူမ လက်ဖြင့် သစ်သားပြားကို ထောက်ကာ ရပ်လိုက်သည်။ သူမက အခုချိန်မှာ သာမန် လူတစ်ယောက်ကဲ့သို့ ကောင်းမွန်လာပြီ ဖြစ်၏။
ယွမ်ရိလည်း သူမကို ကယ်တင်ခဲ့သည့် ကောင်းလေးအား ကြည့်ကာ ...
"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
မျက်မှောင်ကြုတ်နေသည့် အမျိုးသမီးဘက်ကိုလည်း တဖန် ပြန်လှည့်လိုက်ကာ ...
"ဒုက္ခ ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ထို့နောက် ထိုလူနှစ်ယောက်၏ အံ့အားသင့်နေသည့်အကြည့်အောက်မှာပင် သူတို့ရဲ့အိမ်ကနေ သူမထွက်လာခဲ့တော့သည်။
သူမရဲ့မှတ်ဉာဏ်တွေ အတွင်းမှ ခုနက တွေ့ခဲ့သည့်လူနှစ်ယောက်အကြောင်းလည်း ပါဝင်၏။ ထိုလူနှစ်ယောက်ဟာ သားအမိများ ဖြစ်ကြရာ ကောင်းငယ်လေးရဲ့ နာမည်က လင်းယောင် ဖြစ်၍ အမျိုးသမီးရဲ့နာမည်ကတော့ ကျောင်းရွယ်ယန်ဖြစ်၏။ ကောင်းငယ်လေးရဲ့အဖေကတော့ လင်းကျီးယွန် ဖြစ်ပြီး သူတို့ အကုန်လုံးက တစ်မြို့တည်းသားများပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်အချို့က တော်လှန်ရေး စတင်ခဲ့ပြီးလင်းကျီးယွမ်ဟာ အကြောင်း တစ်စုံတစ်ရာကြောင့်အပြစ်ပေး ခံရကာ ဖန်းမင်းတောင် စစ်တပ်အတွင်းပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။ ထိုအတူ သူ့မိန်းမကျောင်းရွယ်ယန်နဲ့ သူ့သား လင်းယောင်တို့ နှစ်ယောက်ကပါ လင်းကျီးယွမ်နဲ့ အတူ ဖန်းမင်းတောင် စစ်တပ်အတွင်း လိုက်ပါလာခဲ့ကြ၏။
သူတို့ သားအမိ၊ သားအဖ သုံးယောက် ဖန်းမင်းတောင် စစ်တပ်အတွင်း အပြစ်ပေးသည့် အနေနဲ့ပြောင်းရွှေ့ခြင်း ခံခဲ့ရသောကြောင့် အလုပ်ကိစ္စရှိမှသာလျှင် အပြင်လူများနဲ့ ဆက်သွယ်လေ့ ရှိကြကာ ပုံမှန်အားဖြင့် သိုသိုသိပ်သိပ် နေထိုင်လေ့ရှိကြ၏။ဒါ့ကြောင့် သူမတို့ အိမ်တွင် သတိမေ့နေသည့် ယွမ်ရိကို တွေ့သည့်အခါ ကျောင်ရွယ်ယန်ရဲ့တုံ့ပြန်မှုကပြင်းထန်နေခြင်း ဖြစ်သည်။
အပြင်ကို ရောက်တာနဲ့ သူမရဲ့စစ်တပ်သုံး ကျောပိုးအိတ် အတွင်းမှ ဓာတ်မီး တစ်လက်ကို ထုတ်ယူလိုက်ကာ အမှောင်ထုကို ဖြိုခွင်း၍ သူမ မှတ်ဉာဏ်အတွင်းမှ အိမ်ဆီသို့ ဦးတည်လိုက်တော့သည်။ သူမရဲ့ မှတ်ဉာဏ်အတွင်းမှ လူနေထိုင်မှု ပုံစံကိုတွေးတောမိတာနဲ့ယွမ်ရိ တစ်ယောက် ခေါင်းကိုက်ချင်သလို ခံစားလိုက်ရသည်။
၁၉၇၀ ပြည့်နှစ်များ အတွင်း၊ တောင်ပေါ် ဒေသဟူသည်နှင့် လူ အများအပြား၏ မျက်လုံးထဲတွင်ဆင်းရဲသော ဒေသဟူသည့် စကားလုံးနဲ့ ချက်ချင်း တွဲဖက်မိကြ၏။ တောင်ပေါ် ဒေသမှ လူတို့သည်ဆင်းရဲကြရုံသာမက အိမ်ထောင်စု တစ်စုတွင်လူဦးရေ အများအပြား ရှိတတ်ကြ၏။
ဒါ့ကြောင့် အစား ဝဝလင်လင် စားသောက်ရတာကပင် သူတို့အတွက် ဝမ်းသာစရာ ဖြစ်နေပြီ ဖြစ်သည်။
သို့သော် မူလ ယွမ်ရိ၏ ဖခင်ဖြစ်သူက စစ်တပ်မှအရာရှိ တစ်ယောက် ဖြစ်တာမို့ လစဉ်ငွေနဲ့အစားအသောက် အချို့ သူမအတွင် ပို့ပေးလေ့ရှိသည်။ မူလ ကိုယ်ရဲ့ အဖိုးကလည်း ဖန်းယန်ရွာမှာလွှမ်းမိုးမှု တချို့ ရှိနေ၍ ယွမ်ရိရဲ့ဘဝနေထိုင်မှုကကောင်းမွန်သည့် အထဲမှာ ပါဝင်၏။
..................
ယွမ်မိသားစု နေအိမ် ...
အခန်းတစ်ခု အတွင်းမှာ မှိန်ပြပြ ဆီမီး တစ်ခု ထွန်းထားကာ မိသားစုလိုက် ညစာ စားနေကြ၏။ ယွမ်မိသားစုတွင် လူဦးရေ ရှစ်ယောက် ရှိကာအသက်ကြီးဆုံး ယွမ်ကျီကောင်းသည်ကားမိသားစု၌ ဩဇာ အကြီးဆုံး ဖြစ်၏။
ယွမ်ကျီကောင်းဟာ သူ့ရဲ့တူကို မြှောက်လျက်ထမင်း စားပွဲပေါ်မှာ ပြောင်းဖူးကြော်ကို ယူစား လိုက်၏။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်၏ မျက်နှာပေါ်မှ ထိခိုက် ဒဏ်ရာများကို မြင်တွေ့လိုက်ရလျှင် ဒေါသတကြီးဖြင့် ...
"ယွမ်ချန်ရှန်၊ မင်း တစ်နေ့ တစ်နေ့ ရန်ချည်း ဖြစ်နေတယ်။ မင်းကို ဘယ်လို ဆုံးမလို့ ဆုံးမရမယ်မှန်း ငါလည်း မသိတော့ဘူး။ မင်း ရန်မဖြစ်လို့ မရဘူးလားကွ"
ယွမ်ချန်ရှန်းဆိုသည့် သူကတော့ ခေါင်းကို ငုံ့လျက်စားစရာ ရှိတာကိုသာ စားနေခဲ့ကာ ယွမ်ကျီကောင်း၏ စကားများကို လျစ်လျူရှုထားခဲ့၏။
ယွမ်မိသားစု၏ ဒုတိယ ချွေးမက ရေကရား တစ်ခုကို ယူလာကာ ယွမ်ကျီကောင်းထံ ငှဲ့ပေးရင်းဖြင့်
"ယွမ်ရိက ဘယ်များသွားတာပါလိမ့်။ မိုးတောင်တော်တော်လေး ချုပ်နေပြီ"
သူမရဲ့စကားဆုံးသွားသည်နှင့် တပြိုက်နက် ယွမ်မိသားစု အိမ်အပြင်ဘက်မှ မီး အလင်းရောင် တချို့လက်ကနဲ ဖြစ်သွားကာ ယွမ်ရိ တစ်ယောက် အိမ်ထဲဝင်လာခဲ့တော့သည်။
ယွမ်ရိ တစ်ယောက် အိမ်ထဲဝင်ပြီး ခြေနှစ်လှမ်းတောင် မပြည့်ခင်မှာပင် ထမင်းစား၊ စားပွဲမှ ယွမ်ကျီကောင်က သူ့ရဲ့ တူကို ဆောင့်ချလိုက်ကာ ...
"အဲ့မှာ ရပ်စမ်း"
ယွမ်ရိလည်း ရပ်တန့်လိုက်၏။ ထို့နောက် သူမ လက်ထဲမှ ဓာတ်မီးကို သူမ နောက်က လွယ်ထားသည့် အိတ်အတွင်း ပြန်ထည့်လိုက်သည်။ အကုန်လုံး ပြီးသွားသည့် နောက်မှာ ယွမ်ရိဟာ အိမ်ထဲမှာ ရှိနေသည့် ယွမ်မိသားစုဝင်တွေအား လေ့လာကာ သူမ၏ မှတ်ဉာဏ်များနဲ့ ချိန်ကိုက်ကြည့်လိုက်သည်။
ယွမ်ကျီကောင်းက ...
"ဒီလောက် ညကြီးမင်းကြီး မိုးချုပ်ပြီဆိုမှ ဘယ်သဝေထိုးနေတာလဲ။ ဟမ်"
ယွမ်ရိလည်း ...
"ဒီနေ့ တောင်ပေါ် တက်တာ မတော်တဆ ပြုတ်ကျသွားလို့။ အဲ့တာကြောင့် နောက်ကျသွားတာ"
လို့ ပြောလိုက်တယ်။
ထိုစကားကြောင့် ယွမ်ကျီကောင်းက သူမရဲ့ခန္ဓာကိုယ်အား အထက်အောက် သေချာကြည့်ပြီးစစ်ဆေးလိုက်သည်။ အဝတ်အစားများ ငြိပြီး ပြဲနေ၊ ညစ်ပတ်နေတာက လွဲရင် ထိခိုက်မှု မရှိမှန်း မြင်ပြီးသွားမှ ခေါင်းညိတ်လိုက်၏။ ထို့နောက် ထမင်း စားပွဲအတွင်း လွတ်နေသည့် နေရာတစ်ခုအား ညွှန်ပြကာ ...
"ထိုင်။ စားတော့"
ယွမ်ရိလည်း ညှင်သာစွာ သက်ပြင်းချလျက် သူမရဲ့ကျော်ပိုးအိတ်ကို ဘေးချလိုက်သည်။ လက်ကို စင်ကြယ်အောင် ဆေးကြော သန့်စင်ပြီးတဲ့နောက်မှာ ထိုင်ခုံပေါ် ထိုင်လိုက်၏။
ထို့နောက် ပန်းကန်လုံး တစ်ခုနဲ့ တူတစ်စုံကို ယူလိုက်ကာ ထမင်း ထည့်စားလိုက်သည်။ ထမင်းဟာပျော့ခြင်း၊ မာခြင်း မရှိဘဲ အနေတော် ချက်ထားခြင်း ဖြစ်၏။
ထမင်းစား၊ စားပွဲ တစ်ခုလုံး တတ်ဆိတ်နေကာ ယွမ်ရိကလည်း စကား တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ မကြာခင်မှာပဲ ယွမ်ရိ၏ ပန်းကန်လုံး အတွင်းမှ ထမင်းများသည် ကုန်ခါနီး ဖြစ်သွား၏။
ထိုအချိန်မှာ သူမ ဘေးမှ ဝမ်းကွဲ ဖြစ်သည့် ယွမ်ကျဲက သူမအား လက်တို့ကာ ...
"ညီမ ချူးဝမ်က လှပတဲ့ ဝတ်စုံတစ်စုံနဲ့ သေသပ်တဲ့အိတ်တစ်လုံး လာပို့သွားသေးတယ်နော်" လို့ ပြုံးပြုံးလေး ပြောလာခဲ့သည်။
ထိုစကားကို ကြားတော့ ပါးစပ် အနား ရောက်ခါနီး တူလေးဟာ လေပေါ်မှာ ရပ်သွားတော့၏။
ချူးဝမ်၏ နာမည် အပြည့်အစုံမှာ ရဲ့ချူးဝမ် ဖြစ်ပြီး သူမ ကူးပြောင်းလာသည့် ဝတ္ထု အတွင်းမှ အဓိက ဇာတ်လိုက်မ ဖြစ်၏။ ချူးဝမ်ဟာ ယွမ်ရိအတွက် အဝတ်အစား အချို့ကို ရံဖန်ရံခါ ပို့ပေးလေ့ရှိ၏။
ယွမ်ရိလည်း ထမင်းကို ဝါးရင်ဖြင့် ...
"အိုး"
ဟူ၍ တိုးတိုးတိတ်တိတ်သာ တုံ့ပြန်လိုက်သည်။
ယွမ်ကျဲက သူမကို မျက်လုံး ပင့်ကြည့်ကာ ...
"မင်း မပျော်ဘူးလား"
ယွမ်ကျဲ မေးလည်း မေးချင်စရာ ... အဘယ့်ကြောင့်ဆိုသော် ယွမ်ရိဟာ အရင်တုန်းက ချူးဝမ် ဝတ်စုံများ ပို့ပေးသည့် အချိန်တိုင်း ပျော်ရွှင်စွာဖြင့်ဝတ်ဆင် ကြည့်လေ့ ရှိတာကြောင့်မို့ပင်။
ယွမ်ရိလည်း ငါးခေါင်းဟင်းကို ခတ်ဖို့ လုပ်ရင်းဖြင့်ခေါင်းရမ်ကာ ...
"မပျော်ဘူးလို့လည်း မဟုတ်ပါဘူး" လို့ တုံးတိ ဖြေပေးလိုက်တော့သည်။