အပိုင်း - ၇၂.၁
ယွမ်ရိတို့ဟာ ဖန်းမင်တောင်ပေါ်မှာ နှစ်သစ်ကူးပြီးငါးရက်ကြာတဲ့အထိ နေထိုင်ခဲ့ကြသည်။ခြောက်ရက်မြောက်နေ့မနက်မှာတော့ သူမတို့ဟာ သူမတို့၏အဝတ်ထုပ်များကို သယ်လျက် မြို့ပေါ်ကိုပြန်ဖို့ပြင်ဆင်ကြရတော့သည်။ အလာတုန်းကကဲ့သို့ပင် တုန်းဖန်မြို့၏ရထားဘူတာရုံကနေတဆင့် မြို့သို့ပြန်လာခဲ့ကြတော့သည်။
မပြန်ခင်မှာ ယွမ်ချီကျီက မနှစ်တုန်းကကဲ့သို့ပင် ယွမ်ရိကိုငွေတွေပေးသေးသည်။ ယွမ်ရိက ငြင်းခဲ့ပေမယ့် ယွမ်ချီကျီကလည်း ဇွတ်အတင်းထိုးထည့်ပေးသည်။ ဒါ့ကြောင့် ယွမ်ရိကဘဲ တစ်ဆင့်လျော့ကာ ငွေတွေကို လက်ခံပေးလိုက်ရတော့သည်။ သူမက သူမ၏တတိယအဒေါ်ပေးသည့်ငွေများကာ သုံးစွဲမပစ်ဘဲ လိုအပ်သည့်အခါမှသုံးဖို့အတွက် စုထားဖို့ ဆုံးဖြတ်လိုက်တော့သည်။
ဖန်းမင်တောင်ကနေ စစ်တပ်နယ်မြေမှအိမ်ကိုပြန်ရောက်ရန်အတွက် ငါးရက်ကြာခဲ့သည်။ ဒါ့ကြောင့် သူမတို့ဟာအိမ်ကို နှစ်သစ်ကူးပြီးဆယ်ရက်မြောက်နေ့၏နေ့လယ်ခင်းမှာ ပြန်ရောက်ရှိခဲ့ကြတော့သည်။
လမ်းခရီးမှာ အလွန်ပင်ပန်းခဲ့ကြတာမို့ အိမ်ပြန်ရောက်တာနဲ့ လန်းဆန်းသွားအောင် ယွမ်ရိတို့တတွေဟာ ရေချိုးမိုးချိုးလိုက်ကြသည်။
ညစာ စားချိန်ရောက်သည့်အခါ သူမတို့က တောင်ပေါ်မှာ ကြုံခဲ့ရသည့်အဖြစ်အပျက်တွေကို ယွမ်ချန်းဖူတို့အား ပြန်ပြောပြခဲ့သည်။
ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ဟာ စကားအများကြီးဝင်မပြောပေမယ့် သူတို့သားသမီးတွေ ပြောသည့်စကားများအား အလေးထားပြီး နားထောင်ပေးခဲ့သည်။
ညစာစားပြီးတာနဲ့ အိပ်ရာဝင်ခဲ့ကြတော့သည်။ ခရီးလမ်းမှာ အလွန်ပင်ပန်းခဲ့ကြတာမို့ ယွမ်ရိတို့မောင်နှမငါးယောက်လုံးဟာ နောက်ရက် နေ့လယ်ရောက်ချိန်ကျမှ အိပ်ရာကနေ ထလာနိုင်ကြတော့သည်။
ယွမ်ရိဟာ အိပ်ရာထလိုက်ပြီးတာနဲ့ ကုတင်ဘေးမှပြတင်းပေါက်ကို ကာရံထားသည့် လိုက်ကာများအား ဆွဲဖွင့်လိုက်သည်။
ဒီနေ့ဟာ နေသာသည့်နေ့တစ်နေ့ဖြစ်ကာ ကောင်းကင်မှာလည်း တိမ်ကင်းစင်လို့နေသည်။ ဒါ့ကြောင့် စူးရှသည့် နေမင်းကြီး၏အလင်းတန်းများဟာ ပြတင်းတံခါးကိုဖြတ်သန်းလျက် ယွမ်ရိတို့၏အခန်းအတွင်း ဖြန့်ကြက်ဝင်ရောက်လာတော့သည်။
ယွမ်ကျဲဟာ အိပ်ရာပေါ်မှစောင်တွေကြား လုံးထွေးနေရင်းကနေ စူးရှသည့်နေအလင်းရောင်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ပြီးမှ မျက်လုံးအား အသာမှေးဖွင့်လျက် ယွမ်ရိအား
"အမ ဘယ်အချိန်ရှိသွားပြီလဲ"
ဟု လှမ်းမေးလိုက်သည်။
ယွမ်ရိဟာ ပြတင်းပေါက်ဘေးမှာရပ်လျက် အကြောအချဉ်တွေဆန့်နေရင်းမှ
"အင်း။ ဆယ့်တစ်နာရီဝန်းကျင်လောက်တော့ ရှိလောက်ရောပေါ့"
ဟု ပြန်ဖြေပေးလိုက်သည်။
ယွမ်ကျဲလည်း အိပ်ရာကနေ ချက်ချင်းထလိုက်ပြီး မျက်နှာသစ်ရင်းဖြင့် ရေပါ တစ်ခါတည်း ချိုးလိုက်တော့သည်။
ပြီးတာနဲ့သူမတို့ဟာ ယွမ်ချူးရွယ်ကိုပါ အိပ်ရာနှိုးလျက် အောက်ထပ်ကိုဆင်းခဲ့လိုက်ကြတော့သည်။
အောက်ထပ်ရောက်တာနဲ့ နေ့လည်စာပါ တစ်ခါတည်းစားလိုက်ကြသည်။
နေ့လည်စာ စားပြီးသည့်နောက်မှာ ညီအမသုံးယောက်ဟာ ခဏမျှလမ်းလျှောက်ထွက်လိုက်ကြသေးသည်။
လမ်းလျှောက်ထွက်ရာမှ အိမ်ပြန်ရောက်တာနဲ့ အပေါ်ထပ်သို့ပြန်တက်ကြကာ စာတွေပြန်လုပ်ဖို့ပြင်ကြတော့သည်။ ရက်အနည်းငယ်လောက် စာမလုပ်ဘဲ နေပြီးသည့်နောက်မှာ စာတွေဘက်သို့အာရုံပြန်စိုက်ချိန်ကျရောက်လို့လာပေပြီ။
ဒါပေမယ့် သူမတို့စာလုပ်ပြီးအချိန် ဘယ်လောက်မှမကြာခင်မှာဘဲ အိမ်အပြင်ဘက်ကနေ သူမတို့၏နာမည်ခေါ်သံအား ကြားလိုက်ရသည်။
အသံကြားလိုက်တာနဲ့တင် သူမတို့ကိုခေါ်သည့်သူက ရူကျောင်းဖြစ်မှန်း ယွမ်ရိတို့သိလိုက်ကြသည်။
ယွမ်ရိလည်း အခန်းပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို ငုံ့ကြည့်လိုက်သည့်အခါ ရူကျောင်းရယ်၊ချန်းဝေ့တုန်းရယ်နဲ့အခြားသော ယောက်ျားလေးအနည်းငယ်ကို မြင်တွေ့လိုက်ရသည်။
ယွမ်ရိလည်း ရူကျောင်းတို့အား
"ဟေးး၊ ဘာလာလုပ်ကြတာလဲ"
ဟု မေးလိုက်သည်။
ရူကျောင်းက ယွမ်ရိကိုမော့ကြည့်လျက်
"ရှောင်ရိ၊ ဒီနေ့ တစ်ခုခုထူးခြားနေတာကို သတိမထားမိဘူးလား"
ဟု မေးလိုက်သည်။
ယွမ်ချူးရွယ်သည်လည်း ပြတင်းပေါက်အနီးကိုလာကာ ရူကျောင်းတို့အား ငုံ့ကြည့်လိုက်သည်။ သူမက ရူကျောင်းတို့အား မြင်သွားတာနဲ့ အံ့အားသင့်သောလေသံဖြင့်
"ဝါးး နင်တို့တွေ စစ်တပ်ထဲဝင်လိုက်ကြတာလား"
ဟု မေးလိုက်တော့သည်။
ယွမ်ရိလည်း ထိုအခါမှ ရူကျောင်းတို့၏ဝတ်စုံများကိုသတိထားမိလိုက်တော့သည်။ သူတို့ငါးယောက်လုံးဟာ စစ်တပ်၏တူညီဝတ်စုံအသစ်အား သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြပေသည်။
ယွမ်ကျဲသည်လည်း ယွမ်ချူးရွယ်၏ရေရွတ်သံကြောင့် ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်သည်။
ချန်းဝေ့တုန်းက ယွမ်ကျဲကိုမြင်လိုက်တာကြောင့်
"ကလေးပေါက်စ"
ဟု လှမ်းခေါ်လိုက်လိုက်သည်။
ယွမ်ကျဲကလည်း ချန်းဝေ့တုန်းကို ငုံ့ကြည့်ကာ
"နင်က တကယ်ကြီး စစ်သားလုပ်လိုက်တာလား"
ဟု လှမ်းမေးလိုက်သည်။
ချန်းဝေ့တုန်းက ခေါင်းညိတ်ပြကာ
"ဟုတ်တယ်။ မနက်ဖြန်ကျရင် တပ်ထဲသွားရတော့မှာ။ ဒါ့ကြောင့် ဒီနေ့ အတူတူလျှောက်လည်ဖို့လာခေါ်တာ။ ဆင်းလာခဲ့ကြလေ"
ဟု ပြောလိုက်သည်။
ယွမ်ကျဲက ချက်ချင်းအဖြေပြန်မပေးဘဲ သူ့အမယွမ်ရိအားလှည့်ကြည့်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ယွမ်ရိက မငြင်းခဲ့ဘဲ
"ဘယ်ကို လျှောက်လည်ဖို့ ဆုံးဖြတ်ထားကြတာလဲ"
ဟု ပြန်မေးလိုက်၏။
ရူကျောင်းက
"ဟိုဟိုဒီဒီ လျှောက်လည်ပြီး ညစာ စားရုံလေးတင်ပါဘဲ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ခဏစောင့်။ ငါတို့ဆင်းလာခဲ့မယ်"
ဟု ပြန်ပြောလိုက်တော့သည်။
ပြီးတာနဲ့ သူမနဲ့ယွမ်ကျဲတို့ဟာ စားပွဲပေါ်မှ စာအုပ်တွေကို ပြန်သိမ်းကာ သန့်ရှင်းရေးလုပ်ခဲ့ကြသည်။
အဝတ်အစားတွေကိုလည်း ပြောင်းဝတ်လိုက်ကာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ဖီးလိမ်းလိုက်၏။
သူမနဲ့ယွမ်ကျဲတို့က ပြင်ဆင်နေကြပေမယ့် ယွမ်ချူးရွယ်က ဘာမှမပြင်မဆင်သဖြင့် ယွမ်ရိက
"ချူးရွယ်။ အဝတ်အစား လဲချည်လေ"
ဟု ပြောလိုက်သည်။
ထိုအခါ ယွမ်ချူးရွယ်က ခေါင်းယမ်းကာ
"ညီမ၊ မလိုက်ချင်ဘူးအမ"
ဟု ပြန်ပြောလိုက်၏။
သူမအနေနဲ့ ရူကျောင်းတို့နဲ့ ရင်းနှီးခင်မင်ခြင်းမရှိတာကြောင့် မလိုက်ချင်ခဲ့ပေ။
ယွမ်ချူးရွယ်က မလိုက်ချင်တာမို့ ယွမ်ရိလည်း ဇွတ်အတင်းခေါ်မနေတော့ချေ။
"အင်း။ အဲ့တာဆိုရင်လည်း အမတို့သွားတော့မယ်နော်"
ယွမ်ချူးရွယ်လည်း ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းကောင်း ပျော်ခဲ့ကြပါ"
ဟု ပြောလိုက်တော့သည်။
စစ်တပ်အတွင်းမှာ စည်းကမ်းများက အလွန်တင်းကျပ်လှပေသည်။ ဒါ့ကြောင့် ဘယ်သူမဆို စစ်တပ်အတွင်း ဝင်လိုက်တာနဲ့ ပထမဆုံး နှစ်နှစ်တာကာလအတွင်း ပြင်းထန်တင်းကျပ်သည့် လေ့ကျင့်မှုများဖြင့် လေ့ကျင့်ပေးခြင်းခံရပေမည်။ ဒါ့အပြင် ထိုနှစ်နှစ်တာကာလအတွင်း စစ်တပ်အတွင်းမှာဘဲ နေထိုင်ရမည်ဖြစ်ကာ အပြင်ကို ထွက်ခွာခွင့်လုံးဝမရှိပေ။
ဒါ့ကြောင့် ယွမ်ရိတို့ဟာ ရူကျောင်းတို့နဲ့နှစ်နှစ်လောက်ထိ တွေ့ခွင့်ရှိတော့မှာမဟုတ်ချေ။
ဒါ့ကြောင့်လည်း ယွမ်ရိက ရူကျောင်းတို့နဲ့အပြင်လျှောက်လည်မည့်အချက်အား လက်ခံလိုက်ရခြင်းပင်။ ဒီနေ့အားရအောင် လျှောက်လည်ပြီးတာနဲ့ ရူကျောင်းတို့ကလည်း မနက်ဖြန်စစ်တပ်ထဲ သွားရတော့မည်ပင်။
ထို့နောက် သူမက သူမ၏လွယ်အိတ်အတွင်းကို ငွေတချို့နဲ့အခြား မိန်းကလေးအသုံးအဆောင်ပစ္စည်းတချို့ထည့်လိုက်သည်။
ပြီးတာနဲ့ ယွမ်ကျဲနဲ့အတူတူအောက်ထပ်သို့ ဆင်းလာခဲ့ကြတော့၏။
အောက်ထပ်ကို ရောက်တာနဲ့ ဖန်းရှုံးယန်အား နှုတ်ဆက်လိုက်သည်။ နှုတ်ဆက်သည်ဆိုသည်ထက် အသိပေးလိုက်သည့် သဘောပင်။
ဖန်းရှုံးယန်ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့က ရူကျောင်းတို့နဲ့အတူတူအပြင်သွားမှာကို သိနေပေသည်။ ရဲ့ချူးဝမ်၏အဖြစ်အပျက်ကြောင့် သူမ၏သားသမီးတွေကို ဆန့်ကျင်ဘက်လိင်တွေနဲ့တွဲမြင်မိတိုင်း သူမစိတ်ထဲ ရတတ်မအေးဖြစ်နေရသည်။
ဒါပေမယ့် သူမက ဘာမျှတော့မပြောခဲ့ပေ။အဘယ်ကြောင့်ဆိုသော် သူမက ယွမ်ရိအပေါ်မှာ ဘာဩဇာလွှမ်းမိုးမှုမှမရှိသည့်အပြင် ယွမ်ရိကလည်း သူမပြောသောစကားများအား နားထောင်မှာမဟုတ်တာကို သူမသိနေလို့ဘဲဖြစ်သည်။
ယွမ်ရိတို့က သူမဆီမှ ခွင့်ပြင့်သည့်စကားကိုပင် စောင့်မနေတော့ဘဲ ယွမ်ကျဲကိုခေါ်လျက် အိမ်အပြင်ထွက်လာခဲ့တော့သည်။
အိမ်အပြင်ရောက်တာနဲ့ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့၏စက်ဘီးနောက်မှ အသီးသီးတက်ထိုင်လိုက်ကြတော့သည်။
နေ့လယ်တစ်နေ့လယ်လုံး မြို့အနှံ့လျှောက်လည်ဖို့ သူမတို့ ဆုံးဖြတ်ခဲ့ကြသည်။
ယွမ်ရိဟာ ဒီမြို့ပေါ်သို့ရောက်နေတာ နှစ်,နှစ်ပြည့်တော့မည်ဆိုပေမယ့် အိမ်ထဲမှာဘဲ ကုတ်ကတ်နေခြင်းကြောင့် အခြား ဘယ်နေရာကိုမျှ သူမ ရောက်ဖူးခြင်းမရှိချေ။
ဒါ့ကြောင့် ရူကျောင်းတို့က ယွမ်ရိတို့ညီအမနှစ်ယောက်အား မြို့အနီးမှာ ရှိသည့် မြစ်ကမ်းစပ်သို့ အလည်အပတ်ခေါ်သွားကြတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ မြစ်ကမ်းနံဘေးမှာထိုင်နေရင်းဖြင့် မြစ်ရေစီးကြောင်းအတွင်းသို့ ကျောက်စရစ်ခဲများဖြင့် ပစ်ပေါက်နေကြသည်။
ထိုအချိန်မှာဘဲ ချန်းဝေ့တုန်းက သူမတို့နှစ်ယောက်အနားကိုလာကာ
"ယွမ်ရိ၊ ကလေးပေါက်စနဲ့ နှစ်ယောက်တည်းစကားပြောချင်လို့ ခဏရှောင်ပေးလို့ရမလား"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး ယွမ်ကျဲအနားထိုင်နေရာမှ ထကာ ရူကျောင်းဘေးသို့ ပြောင်းထိုင်လိုက်သည်။
ချန်းဝေ့တုန်းလည်း ယွမ်ကျဲဘေးမှာ ဝင်ထိုင်လိုက်၏။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြသေးဘဲ အချိန်ခဏမျှတိတ်ဆိတ်လို့နေ၏။
ဒါ့ကြောင့် ယွမ်ကျဲကဘဲ
"ဘာပြောမလို့လဲ"
ဟု အစပြုပေးလိုက်ရသည်။
ထိုအခါမှ ချန်းဝေ့တုန်းက
"ငါမင်းကို စောင့်နေမယ်နော်"
ဟု ကောက်ပြောလိုက်တော့သည်။
ရုတ်တရက်မို့ ယွမ်ကျဲက နားမလည်သဖြင့်
"ဘာကို စောင့်မယ်ပြောတာတုန်း"
ဟု ပြန်မေးလိုက်သည်။
"ဪ၊ နင်က အလယ်တန်းပြီးတဲ့အခါကျရင် စစ်တပ်ထဲကိုဝင်မှာမလား။ အဲ့ကျရင် ငါက စစ်တပ်ထဲမှာ နင့်ကိုဂရုစိုက်ပေးဖို့ စောင့်နေပါ့မယ်လို့ ပြောတာပါ"
ဟု ချန်းဝေ့တုန်းက ရှင်းပြလိုက်တော့သည်။
"ဘယ်သူက နင့်ကိုဂရုစိုက်ဖို့ တောင်းဆိုနေလို့လဲ။ ပြီးတော့ ငါက ဘာလို့ စစ်တပ်ထဲဝင်ရမှာတုန်း"
ယွမ်ကျဲက ပြန်မေးလိုက်သည်။
ချန်းဝေ့တုန်းက
"ဘာလို့လဲဆိုတော့ အဲ့လိုလုပ်မှဘဲ ငါတို့နှစ်ယောက် အတူတူရှိနေမှာမို့လို့ပေါ့ဟ"
ဟု ရုပ်တည်ကြီးဖြင့် ပြောချလိုက်တော့သည်။
ထိုစကားများကြောင့် ယွမ်ကျဲတစ်ယောက် ခြေဖျားလက်ဖျားများ အေးစက်သွားကာ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားသည်။ မျက်နှာတစ်ပြင်လုံးလည်း ရှက်ရွံ့မှုကြောင့် အနီရောင်ပြောင်းသွား၏။
ထို့နောက် သူမက ဘာစကားမှ ပြန်မပြောတော့ဘဲ ချန်းဝေ့တုန်းအနီးမှ ထပြေးဖို့ ပြင်တော့သည်။
ချန်းဝေ့တုန်းဟာ ထပြေးဖို့ပြင်နေသည့် ယွမ်ကျဲကြောင့် လက်ကို အမြန်ဆွဲလိုက်ကာ
"ဟေး၊ ကလေးပေါက်စ။ ခုနက ငါပြောတာတွေအကုန်လုံးက အမှန်တွေချည်းဘဲနော်"
ဟု ပြောလိုက်တော့သည်။
ယွမ်ကျဲလည်း သူမလက်အား ချန်ဝေ့တုန်းက ဆွဲထားသဖြင့် ထွက်သွားမလို့ပြင်နေရာမှ ပြန်ထိုင်ချလိုက်တော့သည်။ ဒါပေမယ့် သူမဟာ ချန်းဝေ့တုန်းနဲ့အကြည့်ချင်းမဆုံရဲတော့ဘဲ အကြည့်တွေကို တမင်ရှောင်နေခဲ့သည်။
'ဒါ၊ ဒါ ရုတ်တရက် ရည်းစားစကားပြောခံလိုက်ရတာလား။ အဲ့လိုသတ်မှတ်လိုက်ရမလား။ ဒါပေမယ့်သူ့ရဲ့စကားတွေမှာ ချစ်တာကြိုက်တာတွေတော့ တစ်ခုမှ မပါသွားဘူး။ မသိတော့ဘူးဟာ'
ယွမ်ကျဲတစ်ယောက် အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် ခေါင်းထဲမှာမီးတောက်လို့နေသည်။
ချန်းဝေ့တုန်းက
"ဘယ်လိုလဲ"
ဟု ထပ်မေးလိုက်သည်။
ယွမ်ကျဲလည်း ခေါင်းငုံ့နေရင်းမှ
"ငါ၊ ငါမသိဘူး"
ဟု အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလိုက်တော့သည်။
ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့၏အခြေအနေများအား မလှမ်းမကမ်းမှထိုင်ရင်း အကဲခတ်နေသည့် ယွမ်ရိက
"မဖြစ်တော့ဘူး။ ငါသွားတားမှ ဖြစ်တော့မယ်။ မဟုတ်ရင် ငါ့ညီမ ဟိုကောင့်နောက် ပါသွားတော့မယ်"
ဟု ရေရွတ်လျက် သွားတားဆီးဖို့ပြင်လိုက်သည်။
ဘေးမှာထိုင်နေသည့် ရူကျောင်းက ယွမ်ရိကိုဆွဲလိုက်ကာ
"ဟေး။ ငါ့ကောင်က နင့်ညီမကို ဘာမှမလုပ်ပါဘူး။အဲ့လောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့။ ပြီးတော့ နင့်ညီမကလည်း ငယ်တော့တာမှ မဟုတ်တာ"
ဟု ပြောလိုက်၏။
ယွမ်ရိက
"ဘာပဲဖြစ်ဖြစ် ရှောင်ကျဲကို နောက်ထပ်ငါးနှစ်အတွင်း ရည်းစားထားခွင့်မပြုနိုင်ဘူး"
ဟု ပြန်ပြောလိုက်သည်။
ဒီနှစ်ကုန်တာနဲ့ သူမတို့ဟာ ကောလိပ်ဝင်ခွင့်အား တစ်ခါတည်းဝင်ဖြေကြဖို့ ဆုံးဖြတ်ထားသည်။ ပြီးတော့ကောလိပ်တက်နေစဉ်အတွင်း စာထဲမှာဘဲ အာရုံထားကာ အချစ်ရေးအချစ်ရာများအပေါ် အာရုံမလွင့်စေလိုခဲ့ပေ။
ကောလိပ်ပြီးသွားမှ ချစ်သူရည်းစားထားလည်း နောက်မကျနိုင်သေးပေ။
ရူကျောင်းက
"ဘာလို့ ယွမ်ကျဲကို ငါးနှစ်ကြာတဲ့အထိရည်းစားမထားဖို့ ကန့်သတ်လိုက်တာတုန်း။ သုံးနှစ်ဆိုရင်ကို တော်တော်လုံလောက်သင့်နေပြီ မဟုတ်ဘူးလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ပြုံးလိုက်ပြီးမှ
"ယွမ်ကျဲက ငါ့ညီမလေ။ ဒီတော့ ငါးနှစ်လို့ ငါပြောရင် ငါးနှစ်ဘဲပေါ့"
ဟု ပြန်ပြောလိုက်တော့သည်။