အပိုင်း - ၁၁၁.၂
ဝူဟွေ့ကျွမ်ကလည်း နှုတ်ခမ်းတွေကို အတင်းစိလိုက်ကာ ပြုံးပြလိုက်ပြီး အခုဆို သူ့ရှေ့ကကောင်းကင်ကြီးက နှစ်ခြမ်းကွဲသွားပြီး ရတနာမိုးရွာချပေးလိုက်ကာ ရုတ်တရက်ကြီး လျို့ရှောင်းဟူက မင်းသားလေးတစ်ပါး ဖြစ်သွားသလိုပင်။ ဒီလိုကောင်းကင်ပေါ်က ကျလာတဲ့ ချမ်းသာကြွယ်ဝမှုမျိုးကို သူတို့နဲ့တွေ့အောင်လုပ်ပေးတာကို ဘယ်သူက မပျော်ပဲနေနိုင်မှာတုန်းလို့။
လျို့ရှောင်းဟူ အပျော်လွန်ပြီး ကြိတ်တောင်အော်လိုက်သေးသည်။
ယွမ်ချီကျီ သူမအခန်းကို ပြန်ရောက်သည်နှင့် ရွယ်ဟောင်ဖန်းက မေးလာလေသည်။
"သူတို့က ဘာပြောလဲ?"
ယွမ်ချီကျီ မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ကာ
"ပြောတာတော့ သူက ဒီနဲ့ သိပ်မရင်းနှီးသေးဘူးတဲ့။ ပြီးတော့ တခြားလုပ်စရာဘာညာလည်း မရှိသေးဘူးတဲ့။ သူတို့လုပ်စရာ တစ်ခုခုကရော ဘယ်တော့ရှာတွေ့မှာပါလိမ့်။ နေပါဦး ဒီနှစ်က မျောက်နှစ်များဖြစ်နေတာလား။ သူတို့အတွက် တစ်ခုခုတော့ ရှာပေးလိုက်တာပေါ့"
ရွယ်ဟောင်ဖန်း ခေါင်းညိတ်လိုက်ကာ
"အိုခေ၊ စိတ်မပူနဲ့။ ငါနဲ့သာ လွှဲထားလိုက်"
စကားပြောပြီးသည်နှင့် နှစ်ယောက် ခဏထိုင်နေလိုက်ကြလေသည်။ ယွမ်ကျီကောင်းနှင့် လျူရှင်းဟွာတို့ ဆေးကြောပြီးသည်နှင့် ယွမ်ချီကျီလည်း ယွမ်ရွယ်ကို ရေချိုးဖို့ခေါ်သွားလိုက်လေသည်။ ရေမိုးချိုးပြီးတာနှင့် ယွမ်ရွယ်လေးကို သူ့အခန်းထဲခေါ်သွားကာ အိပ်ရာဝင်ပုံပြင် အတူတူ ဖတ်ပေးနေလိုက်သည်။
ယွမ်ရွယ်အား ပုံပြင်ဖတ်ပြပြီးနောက် ယွမ်ချီကျီကို မေးလာလေသည်။
"ဒီနေ့လာတာ သမီးကိုကိုလား?"
ယွမ်ချီကျီ သူမကို အပြုံးလေးနဲ့ ပြန်ပြောလိုက်သည်။
"ဒီအတိုင်း အကိုတစ်ယောက်ပါပဲ"
ယွမ်ရွယ် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလာလေသည်။
"အိုး။"
နောက်ထပ် ထပ်မေးစရာလည်း မရှိတော့ပေ။ တံခါးကိုပိတ်လိုက်ကာ လှဲချလိုက်လေတော့သည်။ သူမအိပ်ဖို့ အသင့်ဖြစ်နေလေပြီ။
ယွမ်ချီကျီလည်း အခန်းထဲက မီးတွေကိုပိတ်လိုက်ကာ ကိုယ့်အခန်းကို အိပ်ဖို့ပြန်လာလေသည်။
နောက်တစ်နေ့မနက်မှာတော့ သူတို့တွေ မနက်ခင်း အလန်းသံကြောင့် နိုးထလာကြကာ မနက်စာစားဖို့လုပ်ကြလေသည်။ ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့နှစ်ယောက်ကတော့ စက်ရုံဘက်ကို အလုပ်လုပ်ဖို့ ထွက်သွားကြလေသည်။
ယွမ်ရွယ်ကတော့ သူမကျောင်းလွယ်အိတ်လေးလွယ်ကာ ကျောင်းသွားလေတော့သည်။ ယွမ်ကျီကောင်းနှင့် လျူရှင်းဟွာတို့ကတော့ ခြံဝင်းထဲက ကြက်တွေကိုကျွေးဖို ပြန်ဝင်သွားကြလေသည်။
ယွမ်ကျီကောင်းနှင့် လျူရှင်းဟွာတို့က အခု ရွယ်ဟောင်ဖန်း၊ ယွမ်ချီကျီတို့နှင့်အတူ နေ,နေကြတာဖြစ်လေသည်။ တစ်ဖက်မှာတော့ သူတို့ကိုယ်တိုင်လည်း ကျေးလက်ဘက်ကနေ ပြောင်းလာလာချင်း ဟိုဟိုဒီဒီ သွားမနေချင်တာကြောင့်လည်းပါသည်။ အခြားတစ်ဖက်မှာတော့ ယွမ်ချန်းရှန်နှင့် ချန်ခွန်းတို့ကလည်း အချိန်တော်တော်များများမှာ အလုပ်ခရီးတွေ ထွက်နေကြပြီး အိမ်မှာရှိတဲ့အချိန်ကနည်းလေသည်။ ထို့အပြင်ကို ယွမ်ရိအတွက်လည်း တီထွင်ဖန်တီးမှုကောင်းစေဖို့ ပတ်ဝန်းကျင်ကလည်း လိုသေးသည်လေ။
သက်ကြီးစုံတွဲကတော့ အိမ်မှာခဏလောက် အလုပ်ရှုပ်နေကြပြီးမှ အပြင်ဘက်က လမ်းလေးတစ်လျှောက် လမ်းလျှောက်ဖို့ ထွက်သွားကြလေသည်။
သူတို့အတွက်တော့ မြို့မှာနေတာ ခဏလောက်ပဲရှိသေးတယ်ဆိုပေမဲ့ ဒီလမ်းကြားထဲက သက်တူရွယ်တူတွေကို သိနေကြပြီဖြစ်လေသည်။ ယွမ်ကျီကောင်းက တခြားအဖိုးအုပ်စု ချက်စ်နဲ့ကတ်တွေဆော့တာ သွားကြည့်နေတတ်ပြီး လျူရှင်းဟွာကတော့ အဖွားတို့အုပ်စုနှင့် စကားပြောနေတတ်သေးသည်။
ပထမတော့ ကြားထဲရင်းနှီးဖို့တော့ အချိန်ယူလိုက်ရပေမဲ့ အခုတော့ ချောမွေ့လို့ပင် နေသေးသည်။
ပြီးတော့ အခုထိအိမ်မှာ အိပ်ယာကနေ မထသေးတဲ့ လူနှစ်ယောက်ရှိသေးတာကြောင့်လည်း ဒီနေ့အပြင်ထွက်တဲ့အချိန်မှာ တံခါးပင် သော့မခတ်ခဲ့ပေ။
လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့ ထတဲ့အချိန်မှာ မနက်ရှစ်နာရီပင် ရှိနေချေပြီ။ ရေမိုးချိုးပြီးနောက်မှာတော့ မီးဖိုချောင်သွားကာ စားဖို့သွားရှာကြလေသည်။ အိုးထဲတွင် ဘာမှမရှိတာကြောင့် ကိုယ့်ဟာကိုပဲ ခေါက်ဆွဲလုပ်ကာ စားလိုက်ကြလေသည်။
ခေါက်ဆွဲ စားပြီးသွားတဲ့အခါမှာလည်း အပြင်မထွက်ကြပေ။ ချက်ချင်း ဧည့်ခန်းကိုသွားကာ တီဗီရှေ့ထိုင်ကြပြန်လေသည်။
နေ့လယ်ခင်းမှာတော့ ယွမ်ကျီကောင်းနှင့် လျူရှင်းဟွာတို့ အပြင်ကနေပြန်လာလာချင်း တီဗီကိုစိတ်ပါဝင်စားစွာကြည့်နေကြသော နှစ်ယောက်ကို တွေ့လိုက်ကြလေသည်။
ယွမ်ကျီကောင်း မယဉ်ကျေးနိုင်တော့ပဲ တီဗီကို သွားပိတ်လိုက်ကာ "မင်းတို့ ဒီကို အလုပ်လုပ်ဖို့ လာကြတာမဟုတ်ဘူးလား?"
လျို့ရှောင်းဟူကလည်း ယဉ်ယဉ်ကျေးကျေးမရှိပဲ ပြန်ပြောလာလေသည်။
"အဖိုး၊ အခုထိလုပ်ဖို့ ဘာမှရှာမတွေ့သေးဘူးလေ။ အမေပြောတာတော့ တစ်ခုခု စီစဉ်ပေးမယ်ပြောတာပဲ။ အခုထိလည်း မလုပ်ရသေးဘူးမလား? အိမ်မှာတီဗီထိုင်ကြည့်နေတာပဲ ဘာဖြစ်လဲ?"
ယွမ်ကျီကောင်းက "ဒါမင်းအိမ်မဟုတ်ဘူးလေ? ငါတို့စားဖို့ တစ်ခုခုသွားချက်ပေး"
လျို့ရှောင်းဟူလည်း ခုမှ စ,နေကာစဆိုတော့ ယွမ်ကျီကောင်းကို ရိုင်းရိုင်းစိုင်းစိုင်း သိပ်မပြောရဲသေးပေ။
ဒါ့ကြောင့် သူက ဝူဟွေ့ကျွမ်နှင့်အတူ မီးဖိုချောင်ဘက်ထလာကာ ပွစိပွစိနှင့် ပြောလာပြန်သည်။
"ဒါ ငါ့အမေအိမ်ပဲဟာကို။ ဘာလို့ ငါ့အိမ် မဟုတ်ရမှာလဲ? ဒါ ငါ့အိမ်လို့တော့ မပြောသေးပါဘူး ဒါပေမဲ့ လူတွေက သူတို့အိုလာရင် သူတို့သားတွေနဲ့ပဲ ပြန်နေကြတာလေ။ ဘယ်မိဘက သမီးတွေနဲ့များ နေလို့လဲ?"
ဝူဟွေ့ကျွမ်ကလည်း တိုးတိုးလေး ပြောလာလေသည်။
"ငါတို့က ခုမှရောက်ကာစလေ။ သည်းခံစမ်းပါ။"
နေ့လယ်စာ စားပြီး တစ်ရေးတစ်မောအိပ်ပြီးသည့်နောက်မှာလည်း လျူရှင်းဟွာက သူတို့နှစ်ယောက်ကို တီဗီမကြည့်ခိုင်းသေးပေ။ ထို့အပြင် သူတို့ကို အိမ်အပြင်ပါထုတ်ပြီး သော့ပါခတ်ထားလိုက်သေးသည်။
တစ်နေ့ခင်းလုံး သော့ပိတ်ထားပြီး ညနေဘက် ယွမ်ရွယ်လေး ကျောင်းကပြန်မလာခင်အထိ မဖွင့်ပေးပေ။
လျို့ရှောင်းဟူနှင့်ဝူဟွေ့ကျွမ်တို့ ပြန်ရောက်သည်နှင့် ယွမ်ကျီကောင်းနှင့်လျူရှင်းဟွာတို့က ကြက်တွေကိုအစာကျွေးရန်နှင့် ညစာချက်ဖို့ တာဝန်ပေးပြန်လေသည်။
သူတို့ ညစာစားပြီးသည်နှင့် ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့နှစ်ယောက်လည်း အလုပ်ကနေပြန်လာကြကာ လက်ဆေးပြီး ညစာ စားကြတော့သည်။
ယွမ်ချီကျီရှေ့ မျက်နှာလုပ်ဖို့ လျို့ရှောင်းဟူက ပြောလာလေသည်။
"အမေ၊ ဒီဟင်းပွဲတွေအကုန် ကျွန်တော်လုပ်တာသိလား။"
ယွမ်ချီကျီ ခေါင်းညိတ်ပြလိုက်ကာ သူ့ကို ကြည့်လာပြီး ပြောလာလေသည်။
"မင်းတို့နှစ်ယောက်အတွက် အလုပ်ကို ဒီနေ့ စီစဉ်ပြီးပြီ။ မနက်ဖြန်ဆို အလုပ်ဆင်းလို့ရပြီ။ အလုပ်တွေကရှားတာမလို့ သေသေချာချာကြိုးစားပြီး လုပ်ရမယ်နော်။"
ထိုစကားကို ကြားကြားချင်း လျို့ရှောင်းဟူလျင်မြန်စွာပင် ပြောလာလေသည်။
"ကျေးဇူးတင်ပါတယ် အမေ။ ကျွန်တော်တို့ သေချာပေါက် ကြိုးစားလုပ်ပါ့မယ်။"
ဝူဟွေ့ကျွမ်ဆိုလည်း ပျော်ရွှင်နေကာ ပြုံးရွှင်ပြီး မေးလာလေသည်။
"အမေ၊ ဒါနဲ့ ကျွန်မတို့အတွက် ဘယ်လိုအလုပ်မျိုးရှာပေးထားတာလဲဟင်?"
ယွမ်ချီကျီ ပြောလာလေသည်။
"သားမွေးထုတ်စက်ရုံ"
ဝူဟွေ့ကျွမ် တစ်ယောက် အပျော်လွန်ပြီး ပါးစပ်ထောင့်စွန်းတွေကိုတောင် မထိန်းနိုင်တော့ပေ။ "သားမွေးထုတ်စက်ရုံ? အဝတ်စက်ရုံပါ ရှိသေးတာလား အမေ?"
သူတို့ကိုယ်တိုင်လည်း ဒီလမ်းကြားထဲက လူတွေကိုတမင်လိုက်မေးပြီးသားပင်။ သူတို့ ပိုမေးလေလေ ပိုအံ့အားသင့်လာရလေလေပင်။ ပြီးတော့ ယွမ်ချီကျီကိုယ်တိုင်ကိုက ထိုစက်ရုံရဲ့ ဒါရိုက်တာဖြစ်နေပြီးတော့ သူလူတွေကလည်း ထိုစက်ရုံတစ်ခုလုံးကို တာဝန်ယူထားကြတယ်ဆိုတဲ့ အချက်နဲ့တင် သူတို့ ဒီ့ထက်တောင် ပိုမပျော်နိုင်တော့ပေ။
မနေ့ညတုန်းကတော့ သူတို့သိတာ ယွမ်ချီကျီချမ်းသာတယ် ဆိုတာလောက်ပင်။ ဒီနေ့မှာတော့ ဘယ်လောက်ထိ ချမ်းသာတယ်ဆိုတာပါ သိလာရတော့သည်။
သူတို့သိထားသလို ယွမ်ချီကျီမှာ အဝတ်အစားစက်ရုံရှိတယ်ဆိုရင် သူတို့ကို ထိုစက်ရုံမှာ တာဝန်ချမယ်ဆိုတာကိုတော့ ကြိုတွေးမိပြီးသားဆိုပေမဲ့ အခုလို သူတို့ကို သားမွေးထုတ်စက်ရုံဘက် ချပေးမယ်လို့တော့ မတွေးထားခဲ့ပေ။
ယွမ်ချီကျီ ဝူဟွေ့ကျွမ်ကို တစ်ချက်ကြည့်လိုက်ကာ ပြောလာလေသည်။
"ငါတို့စက်ရုံဘက်မှာ လောလောဆယ် အလုပ်သမားမလိုသေးဘူးလေ"
လျို့ရှောင်းဟူ အနည်းငယ် မပျော်ရွှင်လာကာ မေးလာလေသည်။
"ကျွန်တော်တို့က အဲ့မှာ ဘာလုပ်ရမှာလည်းဟင်?"
ယွမ်ချီကျီက "အလုပ်သမားတစ်ယောက်ဆိုတဲ့ ရာထူးကိုက ဘယ်လောက်တောင် တောက်ပနေလိုက်သလဲ?"
လျို့ရှောင်းဟူ နဲ့ ဝူဟွေ့ကျွမ် : "....."
ဒီခေတ်ကြီးထဲ ဘယ်အလုပ်သမားက ဂုဏ်ရှိပြီးတောက်ပနေကြလို့တုန်း?
ယွမ်ချီကျီ သူတို့နှစ်ယောက် မျက်နှာအမူအရာတွေကို ကြည့်ကာ မေးလာလေသည်။
"ဘာဖြစ်လို့လဲ? မင်းတို့ မလုပ်ချင်ကြဘူးလား? အလုပ်မလုပ်ချင်ဘူးဆို ကိုယ့်မွေးရပ်ကို ကိုယ်ပြန်လို့ရတယ်နော်? ဒီမြို့ကြီးမှာလည်း မင်းတို့နဲ့မသင့်တော်ပါဘူး။"
ကျေးလက်ဘက်ကို ပြန်ရမယ်? ဒါ အလုပ်မဖြစ်ပေ။ သူတို့ သူ့ကိုရှာတွေ့ဖို့တောင် မနည်းကြိုးစားခဲ့တာကို အဲ့မှာလည်း ဘာမှကျန်ခဲ့တာမှ မဟုတ်တာ။
လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့လည်း အတူတူခေါင်းညိတ်ပြလာကြလေသည်။
"ကျွန်တော်တို့ ကြိုက်ပါတယ်။"
နောက်တစ်နေ့မနက်မှာတော့ ယွမ်ချီကျီတစ်ယောက် လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့ကို ထပ်မအိပ်ခိုင်းတော့ပေ။ စောစောထခိုင်းကာ ရေမိုးချိုးပြီးတာနှင့် ရွယ်ဟောင်ဖန်းက နှစ်ယောက်လုံးကို လမ်းထဲက ကားဆီ ခေါ်သွားလေတော့သည်။
နှစ်ယောက်လုံး ကားကိုမြင်လိုက်သည်နှင့် မျက်လုံးတွေက ပြူးကျယ်သွားကြတော့သည်။ ကားပေါ်တက်လိုက်သည်နှင့် ပိုပိုပြီးစိတ်လှုပ်ရှားလာကြလေသည်။ သူတို့ကိုယ်သူတို့ ဒါဘဝရဲ့ ထိပ်ဆုံးရောက်နေတဲ့ အချိန်ဟုပင် ထင်လာကြတော့သည်။
ရွယ်ဟောင်ဖန်းကတော့ နှစ်ယောက်ကို ဂရုမထားနိုင်ပဲ ဒရိုင်ဘာကို လမ်းပေါ်မောင်းဖို့ကိုသာ ပြောလိုက်လေသည်။
ကားကလည်း လူသူဝေး တောဘက်တွေကို မောင်းလာကာ နောက်ဆုံး သားမွေးစက်ရုံဂိတ်အပြင်ရောက်မှသာ ရပ်လေတော့သည်။
လျို့ရှောင်းဟူနှင့်ဝူဟွေ့ကျွမ်တို့ခမျာ စိတ်လှုပ်ရှားလွန်နေတာကြောင့် ကားက ဘယ်လောက်ကြာကြာမောင်းလာလဲဆိုတာတောင် သတိမထားမိတော့ပေ။
ရွယ်ဟောင်ဖန်း ကားထဲကနေ လျို့ရှောင်းဟူနှင့်ဝူဟွေ့ကျွမ်တို့နှင့်အတူ ထွက်လာလေသည်။ စက်ရုံထဲဝင်လိုက်သည်နှင့် အလုပ်သမားရေးဌာနကလူနှင့်တန်းတွေ့တာကြောင့် လျို့ရှောင်းဟူနှင့်ဝူဟွေ့ကျွမ်တို့ကို ထိုလူ့လက်ထဲ အပ်လိုက်လေသည်။ အလုပ်သမားရေးဌာနခေါင်းဆောင်လက်ထဲ အပ်ပြီးသည်နှင့် ဒရိုင်ဘာဆီက အထုတ်ကိုယူလိုက်ကာ သူတို့ကို ပေးလိုက်လေသည်။
ထိုအထုပ်ကို မြင်သည်နှင့် လျို့ရှောင်းဟူနှင့်ဝူဟွေ့ကျွမ်တို့ လျင်မြန်စွာ မေးလာလေသည်။
"ကျွန်မတို့က ဒီစက်ရုံမှာ နေရမှာလား?"
ရွယ်ဟောင်ဖန်း ခေါင်းညိတ်ပြလိုက်ကာ သေချာပြောပြလာလေသည်။
"ဒီစက်ရုံက အိမ်နဲ့အရမ်းဝေးတော့ တကယ်လို့များမင်း တနင်္ဂနွေလိုနေ့မျိုးအားရင် မင်းအမေနဲ့တွေ့ဖို့ ဟွေ့ကျွမ်ကိုပါ ခေါ်လာခဲ့လေ။ အလုပ်ရှုပ်နေရင်တော့ မပြန်လာလည်း ရတယ်နော်။"
ပြောစရာရှိတာ ပြောပြီးသည်နှင့် ရွယ်ဟောင်ဖန်း ဆက်မနေတော့ပဲ ချက်ချင်း အလုပ်သမားရေးဌာနက ခေါင်းဆောင်ကို နှုတ်ဆက်စကားပြောပြီး ဒရိုင်ဘာကိုခေါ်ကာ ပြန်သွားလေတော့သည်။
လျို့ရှောင်းဟူနှင့်ဝူဟွေ့ကျွမ်တို့ခမျာ အထုပ်ဘေးချကာ အကြာကြီး ကြောင်နေကြတော့သည်။
ဝူဟွေ့ကျွမ် နှစ်ကြိမ်လောက် မျက်တောင်ခတ်လိုက်ကာ ပြောလာလေသည်။
"ရှောင်းဟူ၊ ငါတို့ ခုလေးတင် ရှင့်အမေဆီက နှင်ချခံလိုက်ရတာလား?"
လျို့ရှောင်ဟူ : "......"
သားမွေးစက်ရုံကအပြန် ဒရိုင်ဘာက ရွယ်ဟောင်ဖန်းကို အရင်ဆုံး အဝတ်စက်ရုံဘက်မှာ ချပေးခဲ့ကာ ပြီးနောက် ကုမ္ပဏီကို မောင်းလာလေသည်။
သူ ကုမ္ပဏီကို ရောက်ရောက်ချင်း ယွမ်ရိကိုမြင်လိုက်သည်နှင့် ချက်ချင်း နှုတ်ဆက်လာလေသည်။ "မိန်းကလေးယွမ်။"
ယွမ်ရိလည်း ရပ်လိုက်ကာ မေးလာလေသည်။
"ဦးလေး အဲ့လူတွေကို သားမွေးစက်ရုံဘက် ပို့ပြီးပြီးလား?"
ဒရိုင်ဘာလည်း ခေါင်းညိတ်ပြလိုက်ကာ "ပို့ခဲ့လိုက်ပါပြီ"
ယွမ်ရိလည်း ဘာမှဆက်မမေးတော့ပဲ "အလုပ်ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်ဦးလေး။"
သူမလည်း ကားနှင့်အပြင်သို့ မောင်းလာကာ ကဖေးထဲဝင်လိုက်သည်နှင့် ရှဲ့သုန့်ရန်ကို မြင်လိုက်ရလေသည်။ ရှဲ့သုန့်ရန်ဆီသွားကာ ထိုင်လိုက်ပြီး ဝိတ်တာထံ ကော်ဖီတစ်ခွက်မှာလိုက်ကာ ပြုံးပြီး ရှဲ့သုန့်ရန်ကို ကြည့်လိုက်လေသည်။ "မစ္စတာရှဲ့ စဉ်းစားပြီးပြီလားရှင့်"
ရှဲ့သုန့်ရန်လည်း အနောက်မှီထိုင်နေရာက ချက်ချင်းခါးကိုမတ်လိုက်ကာ သူမကိုကြည့်ပြီး ပြောလာလေသည်။
"တစ်ခွန်းပဲ ပြောမယ် - လုပ်မယ်ကွာ"
ယွမ်ရိ သူ့ကိုပြုံးပြီး ကြည့်လာကာ တခြားအပိုတွေ မပြောတော့ပဲ "ဒါဆို ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ ပူးပေါင်းဖို့အတွက် ဆွေးနွေးလိုက်ကြရအောင်"