အပိုင်း - ၁၁၃.၂
စုရဲ့လည်း ပြုံးလိုက်ကာ
"ဟုတ်ပြီ၊ ကျွန်မလည်း လှတဲ့အဝတ်အစား ဝတ်ထားရပြီဆို ပြောချင်နေတော့။ တကယ်လို့ သူတို့သာ ကျွန်မကိုဘယ်မှာချုပ်လဲမေးလာရင် ဒီကိုမိတ်ဆက်ပေးလိုက်မယ်နော်။ ဒါနဲ့ စီးပွားရေးကတ်များ ရှိလားမသိဘူး?"
ယွမ်ရိလည်း စီးပွားရေးကတ်က လုပ်ထားပြီးသားပင်။ သူမခုံဆီသွားကာ တစ်ခုယူလာပြီး စုရဲ့ကိုပေးလိုက်လေသည်။ "ဒါက ကျွန်မတို့ရဲ့ ဖုန်းနံပါတ်နဲ့ ရုံးလိပ်စာပါ။ ဖုန်းမခေါ်ပဲ တိုက်ရိုက်တန်းလာလည်း ရပါတယ်ရှင်။"
စုရဲ့ လှမ်းယူလိုက်ကာ "အိုခေ၊ ဒါဆို နောက်တစ်ခါ ချုပ်ဖို့ရှိရင် လာခဲ့မယ်နော်။ တခြားတစ်ယောက်ယောက်ကပါ အပ်ချင်ရင်လည်း ကျွန်မပါအတူတူ လာနှုတ်ဆက်ရင်း တစ်ခါတည်း စာရင်းပါ သူတို့အတွက် သွင်းပေးခဲ့လိုက်ရမယ်"
ယွမ်ရိ ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့၊ ဒီလိုမျိုး အားပေး ပေးတာ ကျေးဇူးပါရှင်"
စုရဲ့လည်း စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒီလိုဝတ်စုံမျိုး ချုပ်ပေးတာ တကယ်ကို ကျေးဇူးပါ။ တကယ်ပါ ဒီက အဝတ်တွေထက် ကောင်းတာရှာမတွေ့သေးဘူး။ ကျွန်မ စင်ပေါ်တစ်ခါတက်တိုင်း စိတ်ဓာတ်ကျရတယ်၊ ဝတ်လိုက်တိုင်း ပျော်ရွှင်ရတဲ့ ခံစားချက်တစ်ခါမှ မခံစားလိုက်ရလို့။ ဒါပေမယ့် အခုတော့ ကျွန်မ တော်တော်စိတ်တိုင်းကျရတဲ့ ဝတ်စုံလေးရလာပြီပဲ။"
ယွမ်ရိနဲ့စုရဲ့တို့ တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေကြရင်း ရုံးခန်းအောက်ဆုံးထပ် လှေကားနားကနေ ကုမ္ပဏီဂိတ်အထိ လိုက်ပို့ပေးလိုက်လေသည်။ ထို့နောက် ရုံးခန်းထဲပြန်လာကာ သီချင်းလေးညည်းရင်း ပုံကြမ်းစာအုပ်ကို ကောင်ကိုင်လိုက်လေသည်။
နေမင်းကြီးလည်း ဝင်သွားကာ နောက်တစ်ရက်ကုန်ဆုံးသွားပြန်လေပြီ။
ဆောင်းရာသီရောက်တာနှင့် ရေခဲစကိတ်ကွင်းမှာ လူတွေ ပြည့်နေကြလေသည်။
နောက်ဆုံးတော့ ယွမ်ရိနဲ့လင်းယောင်တို့ အတူတူလျှောက်လည်ဖို့ ထွက်လာကြလေသည်။ နှစ်ယောက်သားဟာ တစ်ယောက်လက်တစ်ယောက်ကိုင်ထားကြကာ ရေခဲပြင်ပေါ်မှာ လူအုပ်ကိုရှောင်ရင်း စကိတ်စီးနေကြလေသည်။
စကိတ်စီးပြီးလို့ ဖိနပ်တွေပြန်လဲကြရင်း ယွမ်ရိကပြောလာလေသည်။
"နွေဦးပွဲတော်တောင် လာတော့မှာပဲ။ အဲ့တာ ရှင်တို့ရုံး အားလပ်ရက် ရမှာမလား?"
လင်းယောင် ပြန်ပြောလာလေသည်။
"အင်း အချိန်ကုန်တာ မြန်လိုက်တာ။"
ယွမ်ရိ စကိတ်တွေကို လဲလိုက်ရင်းပြောလာလေသည်၊။
"အခုဆို လူတော်တော်များများက နေရာစုံမှာ အလုပ်လုပ်လာကြတာ။ နွေဦးပွဲတော်ရောက်တာနဲ့မွေးရပ်မြေပြန်မယ့်လူတွေနဲ့ ရထားကပြည့်နေမှာပဲ၊ အဲ့တာကို ကြိုတွေးမိပြီး ကျွန်မတောင် ရထားလက်မှတ်စောစောဝယ်ထားတယ်"
လင်းယောင် ခပ်မတ်မတ်ထိုင်လိုက်ရင်း
"ဒီနှစ် နွေဦးပွဲတော်ကို ဒီမှာပဲနေလိုက်တာမဟုတ်ဘူး?"
အရင်နှစ်,နှစ်ပွဲတော်တွေတုန်းက သူ ရှန်ဟိုင်းပြန်ကာ သူ့မိဘတွေကို အဖော်ပြုပေးခဲ့လေသည်။
ယွမ်ရိပြန်လှည့်လာကာ ဖြေလိုက်လေသည်။
"ဒါက ကျွန်မတို့တွေ အချိန်တော်တော်များများကို အဖိုးအဖွားတွေနဲ့ပဲ ဖြတ်သန်းနေတာလေ။ အဲ့တော့ ဒီနှစ် နွေဦးပွဲတော်သာ မပြန်ဖြစ်ရင် ကျွန်မမိဘတွေနဲ့ စိမ်းသက်သွားမှာ စိုးတယ်"
လင်းယောင် ထိုစကားကိုကြားကြားချင်း စိတ်ထဲနွေးထွေးသွားသလိုပင်။ သူ့အကြည့်တွေနဲ့ စကားပြောသံကပါ နူးညံ့လာကာ "အိုခေ၊ ဒါဆိုလည်း ဒီနှစ်တော့ ကိုယ်လည်းအိမ်ပြန်ဦးမှပဲ"
သူတို့စကားပြောပြီးတာနှင့် စကိတ်တွေကိုကောက်ကိုင်ကာ အိမ်ပြန်လာကြလေသည်။ လမ်းထဲဝင်လိုက်ပြီး အိမ်နားရောက်ခါနီးမှာပင် ဂိတ်ပေါက်ဝနားက ခြင်္သေ့ရုပ်တုကြီးရှေ့မှာ ရင်းနှီးလှသည့် ပုံရိပ်ကို တွေ့လိုက်ကြရလေသည်။
လင်းယောင်ပါ ကြောင်သွားကာ မေးလာလေသည်။ "ကြည့်ရတာ ဒါ ကိုယ့်မိဘတွေများလားလို့"
ကြားကြားချင်း ယွမ်ရိ သေချာကြည့်,ကြည့်လိုက်ကာ "ဟုတ်တော့ ဟုတ်သလိုပဲနော်"
သူသိပ်တော့ မသေချာပေမဲ့ သူတို့ရှေ့ရောက်သွားတာနှင့် လင်းကျီယွမ်နှင့်ကျိုးရွှယ်ယွင် (ယခင် ကျန်းရွယ်ယန်အား ကျိုးရွှယ်ယွင်အဖြစ် ပြောင်းလဲသုံးနှုန်းသွားပါမယ်ဗျ) တို့ကို မြင်လိုက်ရလေတော့သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပူးကပ်ထားကြကာ မျက်နှာတစ်ဝက်ကိုသာ ဖော်ထားကြလေသည်။ ဒီတံခါးရှေ့မှာ ဘယ်လောက်ကြာအောင် ရပ်နေကြလဲပင် မသိနိုင်ချေ။
လင်းယောင် ကားရပ်လိုက်ကာ ကားထဲကထွက်လာပြီး မေးလာလေသည်။
"အမေနဲ့အဖေ၊ ဒီကို ဘယ်လိုရောက်လာကြတာတုန်း?"
လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွမ်တို့ ကားထဲကနေယွမ်ရိထွက်လာတာကို မြင်လိုက်တာနှင့် လည်စည်းတွေကိုဖယ်လိုက်ပြီး ပြုံးကာ လက်ယမ်းပြပြီး နှုတ်ဆက်လာကြလေသည်။ လင်းယောင်ကို ပြန်ဖြေလာကြလေသည်။
"သား ဟိုသွားရ ဒီသွားရနဲ့ အလုပ်ရှုပ်မှာစိုးလို့ ဒီနှစ် နွေဦးပွဲတော်တော့ အဖေတို့ပဲ ဘေကျင်းလာ အဖော်ပြုပေးတာလေ"
ယွမ်ရိ သူတို့နှစ်ယောက်သားဆီ ပြုံးကာသွားလိုက်ရင်း "ဒါဆိုသမီးပါ ပျော်အောင်အဖော်ပြုပေးရမှာပေါ့"
ခြံဝင်းတံခါးကို ဖွင့်ပြီးသည်နှင့် လင်းယောင်က ပြောလာလေသည်။
"ဘာလို့ဒီကို မရောက်ခင်ကျွန်တော့်ကို ကြိုဖုန်းမဆက်တာလဲ? ဒီနေ့ကျွန်တော်တို့ အားနေတာကို ကြိုသိရင် ရထားဂိတ်မှာ ကျွန်တော်တို့ လာကြိုလို့ရတာပေါ့။ အဲ့ဒါဆို ဒီလိုအေးအေးကြီးမှာ မတ်တတ်ရပ်နေရမှာမဟုတ်ဘူး။"
လင်းယောင်နဲ့ယွမ်ရိတို့ လက်ထပ်ထားတာ ၃ နှစ်လောက် ရှိပြီဖြစ်ရာ သူတို့ကိုယ်ရည်ကိုယ်သွေးဆိုတာလည်း အရင်ကလို မဟုတ်တော့ပဲ သွက်သွက်လက်လက်ပင် ရှိလာကြလေသည်။ ယွမ်ရိကို မတွေ့ခင်က လင်းယောင်မှာ အခုဆိုတခြားလူတစ်ယောက်လို ပြောင်းသွားတော့သည်။
လင်းယောင်အတွက် စိတ်ပူစရာမလိုတော့တာကြောင့် မိဘနှစ်ပါးလုံး အခုမှပဲ စိတ်သက်သာရာရသွားကြတော့သည်။ နှစ်ယောက်သား ခြံဝင်းထဲ ဝင်လာကြရင်း ပြောလာလေသည်။
"ငါတို့က အံ့ဩသွားစေချင်လို့လေ? ဘာလို့ပြောနေမှာတုန်း?"
ယွမ်ရိဘေးကနေ အရယ်မရပ်တော့ပေ။ အခြေအနေက ပျော်ဖို့တောင် ကောင်းနေသလိုပင်။
သူတို့နှစ်ယောက်လုံး လင်းကျီယွမ်နှင့်ကျိုးရွှယ်ယွင်ကို အခန်းထဲခေါ်လာကာ ရေနွေးနွေးလေးဖြင့်ဧည့်ခံ၍ အနားယူရင်း တီဗွီကြည့်နေစေလိုက်လေသည်။ သူနဲ့လင်းယောင်ကတော့ အနောက်ဘက်ခြမ်းကအခန်းကို ရှင်းထားလိုက်ရင်း ပါလာတဲ့အထုပ်အပိုးတွေကို ဖြည်ပေးကာ အိပ်ယာခင်းပေးထားလိုက်လေသည်။
လူလေးယောက်စာ အိမ်မှာမချက်ထားတာမို့ တစ်ခါတည်း စားသောက်ဆိုင်ကိုပဲ ခေါ်လာလိုက်လေသည်။ စားနေတုန်း တခြားလူတွေအကြောင်း မပြောဖြစ်ကြပဲ ဒီနှစ်ထဲမှာပဲဖြစ်ခဲ့တဲ့ ကိုယ့်အကြောင်းတွေကိုသာ ပြောဖြစ်ကြလေ၏။
ညစာစားပြီးတာနဲ့ ရေမိုးချိုးကာ အိပ်ယာဝင်လိုက်ကြလေသည်။ အိပ်ယာပေါ်လှဲနေရင်း ယွမ်ရိပြောလာလေသည်။ "ဒီနှစ် နွေဦးပွဲတော်ကို ဒီလိုကျွန်မတို့တွေ အတူတူကုန်ဆုံးခွင့်ရတာ ကောင်းလိုက်တာ"
လင်းယောင် သူ့ကို ပြုံးနေရင်း ကြည့်လာကာ "ကိုယ့်မိဘတွေ အလုပ်ကနေနားမယ့် အချိန်ထိစောင့်ပြီးတာနဲ့ ဒီမှာပဲ လာနေခိုင်းလိုက်ရင် ကိုယ်တို့တွေနှစ်တိုင်း နွေဦးပွဲတော်ကို အတူတူကုန်ဆုံးလို့ရတာပဲလေ"
ယွမ်ရိလည်း ပြုံးလိုက်ကာ "ဒါပေါ့ သူတို့ ဒီလာချင်ကြမှာပါ"
လင်းယောင်မှာတော့ အခုထိ အားလပ်ရက်မရှိသေးပေ။ နောက်တစ်ရက်ကျ ချက်ချင်း အလုပ်သွားရလေသည်။ ယွမ်ရိ၏ ကုမ္ပဏီနဲ့စက်ရုံကတော့ အားလပ်ရက်ပိတ်ပေးထားတာကြောင့် လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ကို ကားပေါ်တင်ကာ မြို့ထဲနှစ်ရက်လောက် လျှောက်သွားကြပြီး နှစ်သစ်လက်ဆောင်တွေပါ ဝယ်ပေးလိုက်သေးသည်။
ယွမ်ချန်းရှန်နှင့်ချန်ခွန်းတို့ကတော့ လုပ်စရာသိပ်မရှိတာကြောင့် တောင်ဘက်ကို ပြန်မလာဖြစ်ကြပေ။
နှစ်ယောက်သား ပေကျင်းမပြန်ခင်အထိ အလုပ်ရှုပ်နေကြလေသည်။
နှစ်သစ် ညနေခင်းမှာတော့ ယွမ်ချန်းရှန်နဲ့ယွမ်ချီကျီတို့ မနက်စောစောထကာ အိမ်ဝမှာ နှစ်သစ်ကူးဆုတောင်းစာတွေကို ချိတ်ဆွဲထားလိုက်လေသည်။ ထို့နောက်မှာတော့ နှစ်သစ်အတွက် လက်ဆောင်တွေကို ထုပ်ပိုးကာ ယွမ်ရိတို့ဆီ ထွက်လာလေသည်။
လူများများသာ စုမိမယ်ဆိုရင် ထိုနေရာလေးက အသက်ဝင်ကာ တစ်နေ့လုံး ဆူညံနေဦးမှာပင်။
သူတို့အတူတူ နှစ်သစ်ကူးညစာကို နေ့ခင်းကတည်းက ချက်ပြီးတဲ့အခါမှာတော့ ယွမ်ရိကယွမ်ချီကျီကို မေးလာလေသည်။
"လျို့ရှောင်းဟူနဲ့သူ့မိန်းမရော ဒီကိုမလာကြဘူးလား?"
ပြောတာကြားကြားချင်း ယွမ်ချီကျီ စိတ်မပါသည့် အသံနှင့်ပြောလာလေသည်။
"မလာပဲ ဘယ်နေလိမ့်မတုန်း? ငါ့မှာ သူတို့အတွက် ရထားလက်မှတ်ပါဝယ်ပြီး ပြန်လွှတ်ထားရတာကို။ နို့မို့ဆို ဒီမှာ ဘယ်နေနိုင်ပါ့မလဲ။ စိတ်ရှုပ်ဖို့မကောင်းဘူးလား?"
လျို့ရှင်းဟွာကပါ ပြန်ဖြေလာလေသည်။
"နောက်နှစ်သာ ပြန်လာကြည့် တံခါးကို ဖွင့်မပေးတော့ဘူး"
သူပြောပြီးပြီးချင်း ရှေ့က နှစ်သစ်ညစာစားပွဲက အစားအသောက်တို့နှင့်ပင် ပြည့်နှက်နေလေပြီ။
ညစာကိုစားပွဲပေါ် ညီညာစွာ ခင်းကျင်းပြင်ဆင်ထားကာ တစ်မိသားစုလုံး ပျော်ရွှင်တက်ကြွစွာ ထိုင်လိုက်ကြသည့် အချိန်မှာပင် တစ်ဖက်မှာ အခုဆိုနွေဦးပွဲတော် Gala က စ,နေချေပြီ။
လူတိုင်း စားသောက်နေရင်း စကားအတန်ကြာပြောနေရင်း ပွဲတော်ပြနေတာကို ကြည့်နေကြလေသည်။ ဝိုင်အနည်းငယ် သောက်ပြီးတဲ့အခါမှာတော့ မိသားစုညစာစားပွဲလေး အခြေအနေက ပိုပြီးတောင်တက်ကြွလာသေးသည်။ ယွမ်ချန်းရှန် ရုတ်တရက် တစ်ခုခုမှတ်မိသွားသည့်ပုံနှင့် မတ်တတ်ရပ်လိုက်ကာ ပြောလာလေသည်။
"ဒါနဲ့ ငါမေ့တော့မလို့။ ငါ့ကလေးကြီးကို ပြရဦးမယ်"
ထိုအရာအကြောင်းကြားသည်နှင့် စားပွဲဝိုင်းကလူတိုင်းလိုလို သူ့ကိုသိချင်စိတ်အပြည့်နှင့် ကြည့်လာကြလေသည်။
ယွမ်ယွဲ့ လူတိုင်းကို မေးလာလေသည်။
"ဦးလေးငါး၊ ကလေးကြီးဆိုတာက ဘာတုန်းဟင်?"
ယွမ်တပေါင်က သူ့ပါးစပ်ကိုဖွင့်ကာ ပြောလာချေသည်။
"အင်း ငါပြောမယ် အဲ့ဒါက ကြီးတော့ကြီးပေမဲ့...."
ရလဒ်ကတော့ သူစကားပြောလို့မပြီးခင်မှာပင် ယွမ်ချန်းရှန်က လက်ကိုဆန်ကာ သူ့ပါးစပ်ကိုပိတ်လာတော့သည်အထိ။
သူ ယွမ်တပေါင်ကို မပြောအောင်လုပ်ပြီးတဲ့ အခါမှာတော့ ယွမ်ချန်းရှန် သူ့ပိုက်ဆံအိတ်ကိုထုတ်လာကာ လျှို့ဝှက်ထားသည့်ပုံနှင့် ပြောလာလေသည်။
"မင်းတို့ ဒါကို မမြင်ဖူးလောက်ဘူး....မဟုတ်သေးဘူး ကြားဖူးမှာတောင် မဟုတ်ဖူး။ ဒါက တကယ်မိုက်တာနော်။"
ယွမ်ချီကျီ ဘေးကနေ အလျင်လိုကာ မေးလာလေသည်။
"မြန်မြန်ထုတ်လိုက်တော့ ဒါဆိုလည်း"
ထိုအခါမှ ယွမ်ချန်းရှန် သူ့ပိုက်ဆံအိတ်ထဲကနေ အနက်ရောင်အရာတစ်ခုကို ထုတ်ပြလာတော့သည်။ ထိုအရာကြည့်ရတာ သူတို့အတွက်တော့ ဒါကအုတ်ခဲအနက်ရောင်တစ်ခုကို ကိုင်ထားသလိုပင်။ ဖုန်းအား ပတ်ပတ်လည်က လူတွေကို ပြလိုက်ကာ စိတ်တိုနေသည့်ပုံနှင့် ထပြောလာပြန်သည်။
"အကိုကြီး!"
လူတိုင်း သိချင်စိတ်အပြည့်နှင့် မေးလာကြပြန်သည်။
"အကိုကြီးဆိုတာကရော ဘာတုန်း?"
ယွမ်ချန်းရှန် ရှေ့မှာပင် သရုပ်ဖော်ပြလိုက်လေသည်။ ယွမ်ရိဖုန်းနံပါတ်ကို ခေါ်ခိုင်းလိုက်ပြီး ဖုန်းဝင်နေသည့် အသံကထွက်လာလေသည်။
ဖုန်းဝင်သည့်အသံထွက်လာသည်နှင့် ယွမ်ချန်းရှန်က ပြန်ပြောလာတော့သည်။
"တွေ့တယ်မလား? ဒီမှာ ဘာတယ်လီဖုန်းကြိုးမှမရှိတာ။ ဒါကို မင်းတို့သွားချင်တဲ့နေရာ သယ်သွားလို့ရတယ် ပြီးတော့ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ ဖုန်းပါ ခေါ်လို့ရသေးတယ်ဗျား။ ဖုန်းခေါ်ထားတာ မသိလိုက်တာမျိုး မရှိတော့ဘူးနော်.... အဲ့လိုပေါ့....."
ပြောနေရင်း ခဏရပ်သွားကာ "အင်း လိုင်းကောင်းဖို့လည်း လိုတာပေါ့...."
ဟိ....
လူတိုင်း ပြိုင်တူရယ်လိုက်ကြတော့သည်။ တစ်ဖက်မှာ ယွမ်တပေါင်ကတော့ အကျယ်ကြီးကို ရယ်ချလာတော့သည်။
လူတိုင်း ပျော်ရွှင်စွာရယ်နေကြတုန်းမှာပင် ယွမ်ချီကျီ ရုတ်တရက် တီဗွီကိုလှည့်ကြည့်လိုက်ကာ ပြောလာလေသည်။
"လာပြီ လာပြီ။ စုရဲ့ ပရိုဂရမ်လာပြီ။ ကြည့်ပါဦး ရှောင်ရိချုပ်ထားတဲ့ အဝတ်ကို...."
သူမပြောသည်ကို ကြားသည်နှင့်လူတိုင်း သူတို့အကြည့်တွေက တီဗီဆီကို ရောက်လာကြတော့သည်။
တီဗီဖန်းသားပြင်ထက်မှာတော့ စုရဲ့ဟာ ယွမ်ရိဖန်တီးချုပ်လုပ်ပေးထားသည့် ဝတ်စုံကို ဝတ်ရင်း အစွမ်းကုန်လှပလို့နေသည်။