အပိုင်း - ၂၉
မိုးပျံမျှော်စင်ကို ယွမ်ရိနဲ့လင်းယောင်တို့ရောက်သွားချိန်မှာ ကျောင်းရွယ်ယန်ကခါးစည်းဝတ်စုံကိုစည်း၍ ချက်ပြုတ်နေဆဲဖြစ်၏။ လင်းကျီးယွမ်လည်းပြန်ရောက်နေပြီဖြစ်ကာ သူကမီးဖိုအနီးမှာထိုင်နေခဲ့၏။ သူတို့လင်မယားနှစ်ယောက်ဟာ ယွမ်ရိကိုမြင်တော့ပြုံးပြကြကာ ခဏစောင့်ကြရင်းနဲ့လင်းယောင်နဲ့အတူတူ သွားကစားနေကြဖို့ပြောလိုက်သည်။
လင်းမိသားစုတစ်ခုလုံးရဲ့အငွေ့အသက်တွေဟာ ဒီနေ့မှာတော်တော်လေးနွေးနွေးထွေးထွေးဖြစ်နေတာကို ယွမ်ရိခံစားမိ၏။
ကျောင်းရွယ်ယန်ရော၊ လင်းကျီးယွမ်ပါ သူမကိုနွေးနွေးထွေးထွေးပြုံးပြနေကာ စကားကိုချိုချိုသာသာလေး ပြောဆိုနေကြသည်။ အထူးသဖြင့်ကျောင်းရွယ်ယန်ပင်။ သူမ(ကျောင်းရွယ်ယန်)ဟာ သူမ(ယွမ်ရိ)ပထမဆုံးမြင်ခဲ့ဖူးသည့်သူနဲ့ လုံးဝမတူညီသည့်သူနှစ်ယောက်အသွင် ပြောင်းလဲလို့နေပါသည်။
(အပိုင်းတစ်မှာပထမဆုံးအချိန် ကျောင်းရွယ်ယန်နဲ့တွေ့ဆုံချိန်ကို ပြောတာပါဗျ)
ဘာပဲဖြစ်ဖြစ် သူမကလင်းယောင်၏မိဘနှစ်ပါးနဲ့ ရင်းနှီးခြင်းသိပ်မရှိချေ။ ဒါ့ကြောင့် သူမကပဲ လင်းယောင်ကိုမိုးပျံမျှော်စင်အနီးမှ ကျောက်ဆောင်ကြီးပေါ်ကို ဦးဆောင်ခေါ်သွားလိုက်တော့သည်။
လင်းယောင်ကိုယ်တိုင်လည်း ဒီနေ့အလွန်ပျော်ရွှင်နေ၏။ သူကယွမ်ရိကိုကြည့်ကာ
"ဒီနေ့ပထမဆုံးအကြိမ်အနေနဲ့ ရွာကသူတွေအကုန်လုံး ဖော်ရွေနွေးထွေးတယ်လို့ ခံစားရတယ်" လို့ ပြောလိုက်၏။
ဘာလို့လည်းဆိုတော့ ယွမ်ရိကိုခေါ်ဖို့အတွက် ယွမ်အိမ်ကိုသွားသည့်လမ်းတစ်ယောက်မှာ သူနဲ့တွေ့ခဲ့ရသည့်သူတွေက
'ဟေးဘယ်သွားမလို့လဲ'၊ 'ဘယ်လဲ' အစရှိသဖြင့် သူ့နာမည်ကိုခေါ်လျက် နှုတ်ဆက်မေးမြန်ကြသောကြောင့်ပင်။ ဒီလိုမျိုးသူတစ်ခါမှမကြုံတွေ့ခဲ့ရဖူးပေ။ ဒါ့ကြောင့် ပျော်ရွှင်စိတ်လှုပ်ရှားနေခြင်းဖြစ်၏။
ယွမ်ရိလည်း လင်းယောင်ကိုကြည့်လိုက်၏။ညဘက်လေပြေလေးဟာ သူမ၏ဆံနွယ်များကို ကလူကျီစယ်နေသည်။ သူမက
"ငါတို့ရွာကလူတွေက အဲ့ဒီအတိုင်းပဲ။ ကိုယ်ကကြင်ကြင်နာနာဆက်ဆံရင် သူတို့ဘက်ကလည်း ကြင်ကြင်နာနာပြန်ဆက်ဆံကြတာလေ။ ဒါကိုဘယ်လိုပြောရမလဲ 'မေတ္တာရောင်ပြန်ဟပ်' လို့ ပြောရမလားဘဲ"
မြို့ကြီးပြကြီးမှလူတွေထက်စာရင် တောရွာကလူတွေက ပိုပြီးတော့ရိုးသားကြပေသည်။
ကျောင်းရွယ်ယန်က ရှောင်ယန်ဇီလေးကို ဂရုတစိုက်ဖြင့် ကြင်နာစွာကယ်တင်ပေးခဲ့တာမို့ တစ်ရွာလုံးမှာရှိသည့်သူတွေက ကျောင်းရွယ်ယန်တို့မိသားစုအပေါ်ကြင်နာစွာဆက်ဆံလာကြခြင်း ဖြစ်သည်။
အဓိကအချက်ကတော့ အနီးအနားရွာတွေမှာတောင်မှ ဆရာဝန်လုံးဝမရှိလို့ဖြစ်၏။
ယွမ်ရိကနောက်ပိုင်းမှာ မိုးပျံမျှော်စင်သို့ လူအများအပြားကလက်ဆောင်ပစ္စည်းများဖြင့် လာရောက်တော့မယ်လို့ မြင်ယောင်နေမိတော့သည်။
ကျန်းမာရေးဟာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးပင်။ နာမကျန်းဖြစ်တာကို ကုသပေးနိုင်သည့်လူတစ်ယောက် ဖန်းယန်ရွာမှာရှိနေမှတော့ လူတိုင်းကကုသခံဖို့လာကြတော့မှာပင်။
အထူးသဖြင့် ကလေးငယ်လေးတွေဖျားနာသည့်အခါမျိုးတွင်ပင်။
ယွမ်ရိနဲ့လင်းယောင်တို့ ကျောက်တုံးပေါ်မှာထိုင်ရင်း ညဘက်အလှတရားများကို ခံစားနေကြသည်။ညစားစားဖို့ ကျောင်းရွယ်ယန်၏ခေါ်သံကြားမှာသာ သူတို့နှစ်ယောက်လုံးမိုးပျံမျှော်စင်ထံ ပြန်လာခဲ့ကြတော့၏။
သူတို့အတွင်းထဲကိုမရောက်သေးခင်မှာပဲ အတွင်းထဲကနေ မွှေးပျံ့လှသည့်ရနံ့များကို ရနေပြီဖြစ်သည်။
လင်းယောင်ဟာ အသားမစားရတာတစ်နှစ်ကျော်ကြာပြီဖြစ်၍ မွှေးပျံ့လှသည့်ရနံ့ကြောင့် တံတွေးကိုအသာမျိုချမိလိုက်တော့သည်။
အတွင်းထဲကိုရောက်တာနဲ့ ယွမ်ရိနဲ့လင်းယောင်လည်း ထမင်းစားပွဲမှာနေရာယူလိုက်ကြ၏။ ယွမ်ရိကသူမအတွင်ပြင်ပေးထားသည့်တူကို ကောက်ကိုင်လိုက်ကာ ကျောင်းရွယ်ယန်အား
"ကျေးဇူးတင်ပါတယ်ရှင့်" လို့ ပြုံး၍ပြောလိုက်သည်။
ကျောင်းရွယ်ယန်က
"ဒီအတောအတွင်း ငါ့တို့ရဲ့ယောင်အာကိုဂရုစိုက်ပေးလို့ ကျေးဇူးပါပဲကွယ်" လို့ ပြောလိုက်၏။
ယွမ်ရိကခေါင်းခါလိုက်ပြီး
"အမှန်တကယ်က လင်းယောင်ကသာ သမီးတို့ကိုဂရုစိုက်ပေးခဲ့တာပါ" လို့ ပြန်ပြောလိုက်၏။
သူမပြောတာလည်းမမှားပေ။ ဘာလို့လည်းဆိုတော့သူမနဲ့ယွမ်ကျဲတို့ကို လင်းယောင်ကနေ့တိုင်းအချိန်ပေးပြီး စာသင်ပေးနေတာကြောင့် သူမတို့ကို လင်းယောင်ကပြန်ပြီးဂရုစိုက်ပေးတယ်လို့ ပြောလို့ရလို့ပင်။
ကျောင်းရွယ်ယန်က ထိုအကြောင်းအရာတွေကို မသိပေမယ့် သူမရဲ့သားဟာ ယွမ်ရိနဲ့သိကျွမ်းပြီးသည့်နောက်မှ အရင်ကနဲ့မတူ ပြောင်းလဲလာတာကိုတော့သိပေသည်။
အရင်ကဆိုရင် သူမရဲ့သားဟာ သံပတ်ပေးထားသောစက်ရုပ်ကဲ့သို့ ဘဝကိုပျင်းရိဖွယ်ကောင်းအောင် ဖြတ်သန်းနေခဲ့ကာ ယွမ်ရိနဲ့တွေ့ပြီးနောက်ပိုင်းမှပျော်ပျော်ရွှင်ရွှင်ဖြစ်လာလို့ပင်။
ဒါ့အပြင် ယွမ်ရိကသူမကိုလည်းကူညီပေးခဲ့ပေသည်။ မနေ့တုန်းကသူမကို ယွမ်ရိလာရောက်ခေါ်ခဲ့ခြင်းကြောင့်သာ ဖန်းယန်ရွာသူရွာသားတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့တာပင်။ မဟုတ်ပါက သူမဟာသူမတို့မိသားစုအား အခြားသူများထံမှသီးသန့်စည်းခြင်းထားမိဆဲ ဖြစ်သွားနိုင်သည်။
ဒါ့ကြောင့်သူမကယွမ်ရိအား
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"
စကားနည်းနည်းပြောပြီးတဲ့နောက်မှာ ထမင်းစားဝိုင်ရဲ့အငွေ့အသက်က ပိုပြီးနွေးထွေးလာကာသဟဇာတဖြစ်လာ၏။
လင်းယောင်က ထမင်းကိုဝါးစားနေရင်းဖြင့် ကျောင်းရွယ်ယန်အား
"အမေ။ မနက်ဖြန်ကျရင်ဝက်တွေကို ထွက်မကျောင်းပဲ ယွမ်ရိတို့နဲ့အတူတူ လယ်ထဲလိုက်သွားလို့ရမလား"
"နောက်ဆိုရင် မင်းလုပ်ချင်တာတစ်ခုခုရှိလာတိုင်း အမေတို့ကိုမပြောလည်းရတယ်။ အမေတစ်ခုပဲ မှာချင်တယ်။ မကောင်းတာတွေ၊ ကိုယ့်အပေါ်ထိခိုက်စေမယ့်အရာတွေတော့ မလုပ်မိစေနဲ့နော်"
ယွမ်ရိက
"အဲ့တာအတွက်တော့ မစိုးရိမ်ပါနဲ့အဒေါ်။ ယောင်းယောင်းက လိမ္မာတဲ့မောင်လေးတစ်ယောက်ပါ" လို့ ဝင်ပြောလိုက်၏။
ကျောင်းရွယ်ယန်ကပြုံးလိုက်ကာ
"မင်းကသူ့ကို မောင်လေးတစ်ယောက်လို့သဘောထားတာပဲ"
ယွမ်ရိက
"ဟုတ်တယ်။ သမီးကသူ့ထက် တစ်နှစ်ကြီးတယ်လေ။ ဒီတော့ သူ့ကိုမောင်လေးတစ်ယောက်လို သတ်မှတ်ထားထာ"
လင်းယောင်က
"ကျွန်တော်ကတော့ အမအဖြစ်သတ်မှတ်မထားဘူးနော်။ ဒီတိုင်းသူငယ်ချင်းလို့ပဲ မှတ်ထားတာ"
ကျောင်းရွယ်ယန်က သူမသားအားကြည့်ကာ
"ဘာလို့များ အမအဖြစ် မသတ်မှတ်ရတာလဲကွယ်"
လို့ မေးလိုက်၏။
ညစာစားပြီးတဲ့နောက်မှာ အပြင်ကနည်းနည်းမှောင်နေပြီဖြစ်သည်။ ဒါ့ကြောင့်ကျောင်းရွယ်ယန်က ယွမ်ရိကိုလမ်းမှာစိတ်မချတာမို့ သူမယောက်ျားအားလိုက်ပို့ပေးဖို့ တောင်းဆိုလိုက်သည်။
ဒါပေမယ့်လင်းယောင်က
"အဖေ။ အေးအေးဆေးဆေးအနားယူပါ။ ယွမ်ရိကိုကျွန်တော်ပဲလိုက်ပို့ပေးလိုက်ပါ့မယ်"
လင်းယောင်နဲ့ယွမ်ရိတို့နှစ်ယောက်ဟာ ဖြာကျနေသည့်လရောင်အောက်မှာ ဘေးချင်းယှဉ်၍လျှောက်လာကြ၏။ လမ်းတလျှောက်စကားတပြောပြောဖြင့် လင်းယောင်က
ကျောင်းရွယ်ယန်နဲ့လင်းချီကောင်းကတော့ လင်းယောင်ထက်အရင်စောစောထကာ တံစဉ်းတွေကောက်ရိုးဦးထုပ်တွေကိုယူလျက် လယ်ထဲကိုစပါးရိတ်ဖို့သွားကြပြီဖြစ်သည်။
လင်းယောင်ကလည်း ယွမ်ရိ၊ ယွမ်ကျဲတို့နဲ့အတူလယ်ကွင်းဆီသို့ သွားကြ၏။ သူတို့သုံးယောက်ဟာ ရိတ်သိမ်းပြီးသောစပါးများကို ဝိုင်းသယ်ပေးတာတွေ၊ နေလှန်းပေးတာတွေလုပ်ပေးခဲ့ကြ၏။
တစ်ခါမှာတော့သူတို့သုံးယောက် စပါးပင်တွေကိုနေလှန်းဖို့အတွက် သယ်သွားစဉ် ကောင်းဟိုင်ယန်တို့လူစုနဲ့တွေ့လိုက်ကြတော့၏။
ကောင်းဟိုင်ယန်တို့ကလည်း သူတို့ကိုတွေ့တာနဲ့ လင်းယောင်အားလှောင်ပြောင်ကြတော့သည်။
"ဟေ့ရောင်။ မင်းကယောက်ျားမဟုတ်ဘူးလား"
"ဟုတ်တယ်။ မင်းသာယောက်ျားဆို ဘာလို့မိန်းကလေးတွေနဲ့ ဆော့နေရတာလဲ"
"ဒီကောင်ပုံကြည့်ရတာ ယောက်ျားမစစ်ဘူးထင်တယ်ကွ"
ယွမ်ရိလည်းအနီးမှာရှိသည့်ရွံ့ခဲများဖြင့် ကောင်းဟိုင်ယန်တို့အုပ်စုအား ကောက်ပစ်လိုက်ကာ
"ငါတို့နဲ့ဝေးဝေးနေစမ်း" လို့ ပြောလိုက်၏။