Chapter 45.2

2.9K 313 0
                                    

အပိုင်း - ၄၅.၂

ယွမ်ချန်းဖူက မိသားစုစကားဝိုင်းဟာ အဆိုးဘက်ကို ဦးတည်နေပြီဆိုတာကို သိလိုက်၏။ ဒါ့ကြောင့် ချောင်းတစ်ချက်ဟန့်လိုက်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။
"ချန်းကွေ့ ဒီနှစ်တွေထဲမှာ ငါ့သမီးကို စောင့်ရှောက်ပေးလို့ မင်းကိုတကယ်ကျေးဇူးတင်တယ်ကွာ။ ဒါ့ကြောင့် ရှောင်ကျဲကိုလည်း ငါတို့နဲ့အတူတူမြို့ကို ခေါ်သွားမယ်။ ဟိုရောက်တဲ့အခါကျရင် သူမအတွက် ကောင်းကောင်းမွန်မွန်ပညာသင်ကြားပေးမယ်ကွာ"
ဟု ယွမ်ချန်းကွေ့ကို ပြောလိုက်၏။

ထိုစကားကြောင့် ယွမ်ချန်းကွေ့ရော၊ ဆန်းရှောင်ဟိုင်ပါ အံ့အားသင့်ကုန်၏။

ယွမ်ချန်းကွေ့က အံ့အားသင့်နေသောလေသံဖြင့်
"အကိုကြီး ယွမ်ကျဲကိုပါ အကိုတို့နဲ့အတူတူခေါ်သွားမလို့လား"

ယွမ်ချန်းဖူက ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ အမေကလည်း ရှောင်ကျဲကို ရှောင်ရိနဲ့အတူတူခေါ်သွားပေးဖို့ တောင်းဆိုထားတယ်။ ပြီးတော့ ရှောင်ရိနဲ့ရှောင်ကျဲတို့က အရမ်းရင်းနှီးတဲ့ ညီအမတွေလေ။ ဒါ့ကြောင့် သူတို့ကို မခွဲရက်တော့ဘဲ အတူတူခေါ်သွားဖို့ ဆုံးဖြတ်လိုက်တာ။ မစိုးရိမ်ပါနဲ့ ငါနဲ့မင်းမရီးက သူမကို ကောင်းကောင်းမွန်မွန်ဂရုစိုက်မှာပါကွာ"

ဆန်းရှောင်ဟိုင်ကလည်း အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှုထုတ်လိုက်ပြီးတော့
"အကို ငါတို့ ရှောင်ရိကို ပြုစုပျိုးထောင်ပေးခဲ့တာက တကယ်တော့ ဘာမှ ကရိကထ မများခဲ့ပါဘူးရှင်။ ဒါ့ကြောင့် ယွမ်ကျဲကိုလည်း အကိုတို့နဲ့အတူ ခေါ်သွားပြီး ပြုစုပျိုးထောင်ပေးဖို့အထိ မလိုပါဘူးရှင်"
ဟု ဝင်ပြောလိုက်တော့သည်။

သူတို့မသိတာက သူတို့ထိုသို့ပြောလေ ယွမ်ချန်းဖူစိတ်ထဲမှာ ယွမ်ကျဲကို‌ ခေါ်သွားမယ့် ဆုံးဖြတ်ချက် ခိုင်မာလာလေဆိုတာကိုပင်။
"စိတ်မပူကြပါနဲ့ကွာ။ ရှောင်ကျဲကို ငါတို့ရဲ့ သမီးအရင်းလေးလိုဘဲ ဂရုစိုက်ပေးမှာပါကွ"

ဆန်းရှောင်ဟိုင်ဟာ ယွမ်ချန်းဖူ၏စိတ်ပိုင်းဖြတ်ထားမှုကြောင့် အနည်းငယ်မျက်နှာပျက်လာ၏။
'ဘယ့်နှယ့်တော်။ ဘယ်သူက ယွမ်ကျဲကို အတူတူခေါ်သွားပေးဖို့တောင်းဆိုနေလို့လဲ။ သူက အသက်အရွယ်ရလာပြီ နောက် နှစ်,နှစ်လောက်ဆိုရင် အိမ်ထောင်ပြုရတော့မှာ။ ဘယ်လိုလုပ်ပြီး အဲ့စုန်ပြူးမကို မြို့ကိုလွှတ်လိုက်နိုင်မှာလဲ'

သူမတို့ဘက်က ယွမ်ကျဲကို မခေါ်သွားရဘူးဆိုပြီး အတင်းငြင်းနေလို့ကလည်း မကောင်းပေ။ ဒါ့ကြောင့် သူမစိတ်ထဲ အတွေးတစ်ခုဝင်လာပြီး ယွမ်ချန်းကွေ့၏ခြေထောက်အား အသာလှမ်းတို့ရင်း မျက်လုံးဖြင့် အချက်ပြလိုက်၏။

ပြီးမှ ယွမ်ချန်းဖူအား
"အကိုကြီးရယ်။ ရှောင်ကျဲကိုသာ ခေါ်သွားရင် အကိုကြီးတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ပါ။ သူမက အရင်တုန်းကတည်းက ဉာဏ်ထိုင်းပြီး ဘာမှတတ်သိနားလည်တာမဟုတ်ဘူး။ ဒီတော့ သူမကို ပညာသင်ပေးလည်း အကိုကြီးတို့အတွက် ထွက်ငွေတွေပိုများသွားတာက လွဲလို့ ဘာမှအကျိုးရှိမှာမဟုတ်ဘူးရှင့်"
လို့ ပြောရင်း သူမက စကားကို ခဏရပ်ကာ ယွမ်ချန်းဖူ၏မျက်နှာထားကို သေချာအကဲခတ်လို့နေ၏။

အခြေအနေကောင်းတာကို တွေ့မှသာလျှင် သူမက ဆက်လက်ပြီး
"ဒီလိုလုပ်ကြရင်ရော ယွမ်ကျဲအစား ရွယ်ဂျင်းကိုဘဲ ခေါ်သွားပေးလို့မရဘူးလား"

သူမစကားဆုံးတာနဲ့ ယွမ်ကျီကောင်းက ချက်ချင်းထပြောဝောာ့သည်။
"ဘယ်ရမလဲဟ။ ရွယ်ဂျင်းက ယောက်ျားလေးနော်။ မိန်းကလေးနဲ့ယောက်ျားလေးထက်၊ မိန်းကလေးအချင်းချင်းက တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ရင်းရင်းနှီးနှီးဖြစ်တာပေါ့ကွ။ ဒါ့ကြောင့် ရှောင်ကျဲကိုဘဲ လိုက်သွားခိုင်းလိုက်"

ဖန်းရှုံးယန်ကလည်း သူမ၏ယောက္ခထီးစကားတွေကို ခေါင်းညိတ်ရင်းထောက်ခံလိုက်၏။

ယွမ်ကျဲအား အတူတူခေါ်ခဲ့ဖို့ ယွမ်ရိကိုယ်တိုင်က တောင်းဆိုထားခြင်းဖြစ်တဲ့အပြင် မိန်းကလေးအချင်းချင်းဖြစ်တဲ့အတွက် ညီအမနှစ်ယောက်ပိုပြီးတော့ရင်းနှီးကြပေသည်။

ဒါ့ကြောင့် သူမက
"ရှောင်ကျဲကိုဘဲ အမတို့ခေါ်သွားလိုက်ပါ့မယ်ကွယ်"
လို့ ဝင်ပြောလိုက်တော့သည်။

ဆန်းရှောင်ဟိုင်တစ်ယောက် စိတ်ထဲမှ ပိုပြီး အလောတကြီးဖြစ်လို့လာသည်။ ဒါ့ကြောင့် သူမက ယွမ်ချန်းကွေ့၏ခြေထောက်အား သူမခြေထောက်ဖြင့် နင်းရင်း တစ်ခုခုဝင်ပြောဖို့ တိုက်တွန်း၏။

ဒါပေမယ့် ယွမ်ချန်းကွေ့ကိုယ်တိုင်လည်း သူ့အကိုကြီးအပေါ်မှာ နည်းနည်းရှိန်နေ၍ ဘာမှဝင်မပြောရဲတော့ချေ။

နေ့လယ်စာ စားပြီးတဲ့နောက် ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့လည်း သူတို့၏အိမ်ဘက်ကိုပြန်လာခဲ့ကြသည်။

သူတို့အိမ်ထဲကိုရောက်တာနဲ့ ဆန်းရှောင်ဟိုင်က
"နင့်အကိုကြီးက ဘယ်လိုကြီးလဲ။ ငါတို့က ဒီလောက် မထည့်ချင်ပါဘူးပြောနေတာကို ယွမ်ကျဲကို ခေါ်သွားမယ်တကဲကဲလုပ်နေတယ်။ အိမ်ကလူတွေကလည်း တားကြမယ်မရှိဘူး၊ ခေါ်သွားဖို့တောင် ကူပြောပေးနေသေးတယ်။ သူတို့နဲ့ထည့်လိုက်လို့ ယွမ်ကျဲအိမ်ထောင်ပြုတဲ့အခါ တင်တောင်းပစ္စည်းတွေ ငါတို့ မရတော့ရင် ဘယ်လိုလုပ်ကြမလဲ။ ငါတို့ နင့်အကိုကြီးကို အမှန်အတိုင်းပြောလိုက်ကြရင်ရော။သူ့သမီးကိုလည်း ဒီနှစ်တွေထဲ စောင့်ရှောက်ပေးတာမျိုးမရှိသလို၊ မိသားစုကနေပါ အိမ်ခွဲလာခဲ့ပြီလို့ သွားပြောလိုက်ကြရအောင်လေ"

ယွမ်ချန်းကွေ့တစ်ယောက် ဆန်းရှောင်ဟိုင်၏စကားတွေကြောင့် ထူပူသွားကာ
"အဲ့လိုသွားပြောလို့ ဖြစ်မလားဟ။ ငါ့အကိုကြီးအကြောင်းကို နင်ကောင်းကောင်းမသိပါဘူးဟာ။တကယ်လို့ မိသားစုအတွင်းရေးအမှန်ကို သိသွားရင် အကိုကြီးသတ်တာကို ငါခံရလိမ့်မယ်ဟ"

"အိုတော်။ ကျွန်မကတော့ ယွမ်ကျဲကို သူတို့နဲ့အတူတူ လိုက်မသွားစေချင်တာဘဲသိတယ်"
ဆန်းရှောင်ဟိုင် နားပူနားဆာလုပ်တော့သည်။

ဒါ့ကြောင့်မို့ ယွမ်ချန်းကွေ့လည်း
"အေးပါကွာ။ ခဏနေ အကိုကြီးကို မရှိတဲ့အချိန်ကျမှ ယွမ်ကျဲကို သေသေချာချာလေး စကားသွားပြောကြတာပေါ့။ အဓိက,က သူမ မလိုက်ချင်ဘူးဆိုရင် အကိုကြီးတို့လည်း ခေါ်လို့ရမှာ မဟုတ်တော့ဘူးလေ"

ထိုအခါမှ ဆန်းရှောင်ဟိုင်လည်း ခေါင်းညိတ်ကာ
"ကောင်းပြီလေ။ ရှင်ပြောတဲ့အတိုင်း ယွမ်ကျဲကိုဘဲ နားချကြည့်ကြတာပေါ့"

တစ်ဖက်မှာတော့ ယွမ်ချန်းဖူကလည်း နေ့လယ်စာစားပြီးတဲ့နောက် ခဏလောက်အနားယူခဲ့၏။

အနားယူပြီးသည့်နောက်မှာ ဖန်းယန်ရွာအတွင်းလျှောက်သွားဖို့ စီစဉ်ထား၏။ ဖန်းယန်ရွာဟာ သူကြီးပြင်းလာရသည့်‌ဇာတိဖြစ်သလို၊ တစ်ခေါက်တစ်ခေါက် ပြန်ရောက်ဖို့ကလည်း မလွယ်ကူချေ။ဒါ့ကြောင့်မို့ ယွမ်ချန်းဖူက ရောက်တုန်းရောက်ခိုက် ရွာထဲကို လျှောက်လည်ဖို့ ဆုံးဖြတ်ထားသည်။

ဖန်းရှုံးယန်ကလည်း ယွမ်ဟောင်ဘင်း၏ကျောကို အသာလေးပွတ်ပေးလိုက်ပြီး
"ခဏနေကျရင် အမေတို့ရွာထဲကို လျှောက်လည်ကြမယ်နော်"
လို့ ပြောလိုက်၏။

ယွမ်ချန်းဖူကလည်း သူ့ညီယွမ်ချန်းရှန်အား
အတူတူလိုက်ခဲ့မလားဟု ခေါ်ခဲ့သည်။

ယွမ်ချန်းရှန်က ချက်ချင်းပဲ လိုက်ခဲ့မည်ဖြစ်ကြောင်း တုံ့ပြန်လိုက်၏။

သူတို့က ယွမ်ရိကိုလည်း အတူတူလိုက်ခဲ့ဖို့ ခေါ်ကြပေမယ့် ယွမ်ရိကငြင်းဆန်ခဲ့၏။

ထို့နောက် ယွမ်ချန်းဖူ၊ ဖန်းရှုံးယန်၊ ယွမ်ဟောင်ဘင်း၊ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့တတွေဟာ ဖန်းယန်ရွာအတွင်းသို့ အလည်ထွက်သွားကြတော့သည်။

ယွမ်ချန်းဖူတို့ ထွက်သွားပြီး မကြာခင်မှာဘဲ အခြေအနေကို အကဲခတ်နေကြသည့် ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့လင်မယားနှစ်ယောက်ဟာ ယွမ်အိမ်ဘက်ကို ရောက်လာကြတော့သည်။

ယွမ်ချန်းဖူတို့ မရှိ‌တာမို့ ယွမ်ချန်းကွေ့တို့ဟာ ဟန်ဆောင်နေစရာမလိုတော့ချေ။ ဒါ့ကြောင့် ယွမ်ချန်းကွေ့တို့က ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်ကြပြီး
"ယွမ်ကျဲကို အကိုကြီးတို့နဲ့ လုံးဝမထည့်ပေးချင်ဘူး"
လို့ လိုရင်းကို တန်းပြောလိုက်၏။

လျူရှင်းဟွာက ထိုင်ခုံပေါ်မှာထိုင်နေရင်းဖြင့် ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့ နှစ်ယောက်အား စေ့စေ့စပ်စပ်ကြည့်ကာ
"တစ်ခါတလေကျ ငါစဉ်းစားမိတယ်သိလား။ ရှောင်ကျဲလေးက နင်တို့ရဲ့သားသမီးအရင်းမဟုတ်ဘဲ မွေးစားကလေးများဖြစ်နေမလားလို့"
ဟု ရွဲ့ကာမဲ့ကာဖြင့် ပြောလိုက်၏။

ထိုအခါ ဆန်းရှောင်ဟိုင်က
"ယွမ်ကျဲကို ကျွန်မ ဝမ်းနဲ့လွယ်ပြီး ကိုယ်တိုင်မွေးထားရတာပါ။ ကိုယ့်သမီးကိုယ်တော့ ကောင်းကောင်းသိပါသေးတယ်"
ဟု ချက်ချင်းတုံ့ပြန်လိုက်၏။

လျူရှင်းဟွာက
"ဪ၊ ရှောင်ကျဲကို နင့်သမီးမှန်းတော့ နင်သိသေးတာပဲ။ ဒါဆိုရင် ဘာလို့ သူမ ကောင်းစားမှာကို လိုက်ပြီးတားဆီးနေရတာလဲ။ ဘာလဲ နင်က နင့်သမီးရှေ့ရေးကောင်းသွားမှာကို မမြင်တွေ့ချင်တာလား"
လို့ ပြောလိုက်သည်။

ထိုစကားတွေကြောင့် ဆန်းရှောင်ဟိုင်လည်း ပြောစရာစကားလုံးများ ပျောက်ရှသွားရ၏။ သူမက ယွမ်ချန်းကွေ့ကို အကူအညီတောင်းသလို လှည့်ကြည့်လိုက်၏။

ယွမ်ချန်းကွေ့လည်း စိတ်တွေရှုပ်လာကာ
ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့အား
"အဖေနဲ့အမေက ဘာလို့များ ကျွန်တော်တို့တောင်းဆိုတာကို လက်မခံချင်ရတာလဲ။ ငယ်ငယ်လေးကတည်း အခုချိန်ထိ မိသားစုထဲမှာ ကျွန်တော့်ကိုဆို ခွဲခြားခွဲခြားဆက်ဆံခံရတယ်။ အဖေနဲ့အမေက ကျန်တဲ့သူတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေမယ့် ကျွန်တော့်အပေါ်မှာဆိုရင် ဘယ်တုန်းကမှ ကောင်းခဲ့တာမရှိဘူး။ အိမ်မှာမွေးထားတဲ့ ဝက်တွေ၊ ကြက်တွေတောင် ကျွန်တော့်ထက်စာရင် ကောင်းကောင်းမွန်မွန်ဆက်ဆံခံရသေးတယ်။ ဘာလို့လဲ၊ဘာလို့ ကျွန်တော့်ကျမှ ခွဲခြားဆက်ဆံရတာလဲ"
လို့ ခံစားချက်အပြည့်ဖြင့် အော်ပြောလိုက်၏။

ဒါပေမယ့် အထက်ပါစကားတွေ ပြောပြီးတာနဲ့ သူ့ပါးတစ်ချက်ပူကနဲဖြစ်သွားတော့သည်။

ယွမ်ကျီကောင်းက ယွမ်ချန်းကွေ့၏ပါးကို လက်သီးဖြင့်ထိုးလိုက်ပြီး
"မင်းကို ခွဲခြား၊ ခွဲခြားလုပ်ပြီး ဆက်ဆံတယ် ဟုတ်လား။ အိမ်က ဝက်တွေ၊ ကြက်တွေ‌လောက်တောင်မှ ကောင်းကောင်းမွန်မွန်မဆက်ဆံခံရဘူး ဟုတ်လား။ ပြောစမ်းပါဦး။ ငါတို့က ဘယ်နေရာတွေမှာ မင်းကို ခွဲခြားဆက်ဆံနေလဲဆိုတာ"

ယွမ်ချန်းကွေ့က ဒေါသတကြီးဖြင့် သူ့အဖေအား
"အကိုအကြီးဆုံးဆိုရင် စစ်တပ်ထဲဝင်ဖို့အတွက် အဖေတို့ကူညီပေးခဲ့ကြတာ။ တတိယညီမကိုလည်း ကွာရှင်းတာတောင်မှ မကန့်ကွက်ဘဲ နောက်ကနေ ထောက်ခံပေးခဲ့ကြတာ။ ကျွန်တော့်အတွက်ကျတော့ရော ကျွန်တော့်အပေါ်မှာ လုပ်ဆောင်ပေးခဲ့တာတွေ ဘာများရှိနေလို့လဲ"

ယွမ်ကျီကောင်းဟာ သူ့သား၏စကားတွေကြောင့် အသားတွေ တဆက်ဆက်တုန်လာသည့်အထိ ဒေါသတွေထွက်လာခဲ့၏။ ဒါ့ပေမယ့် ဘာစကားမှမပြောချင်တော့၍ တစ်ဖက်ကို အကြည့်လွှဲသွားလိုက်တော့သည်။

လျူရှင်းဟွာကလည်း ယွမ်ချန်းကွေ့ကို စိတ်ပျက်သလိုမျိုးသာ ကြည့်နေခဲ့ကာ ဘာစကားမျှမပြောခဲ့ပေ။

ဒါပေမယ့် ယွမ်ချီကျီကတော့ ယွမ်ချန်းကွေ့၏စကားတွေကို လုံးဝလက်မခံနိုင်ပေ။
"ဒုတိယအကို နင့်စကားတွေက တရားလွန်လာပြီနော်။ အကိုကြီး စစ်တပ်ထဲကို ဝင်ခွင့်ရသွားတယ်ဆိုတာက ရွာသူရွာသားတွေအပေါ် ကောင်းကောင်းမွန်မွန်အကျိုးပြုခဲ့လို့ ရွာသူရွာသားတွေရဲ့ ထောက်ခံချက်နဲ့ ဝင်ခွင့်ရသွားတာလေ။ နင့်ပါးစပ်ထဲရောက်မှ ဘယ်ကနေဘယ်လိုဖြစ်ပြီး အကိုကြီးက နင့်အခွင့်အရေးကို လုယူသွားသလိုမျိုးဖြစ်သွားရတာတုန်း"

ယွမ်ချန်းကွေ့ဟာ ယွမ်ချီကျီကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်ပြီး
"ဒါ နင်ဝင်ပြောစရာလား။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်တုန်းက စစ်တပ်ဝင်ခွင့်အတွက် နောက်ဆုံး ဆုံးဖြတ်ခွင့်က အဖေ့ဆီမှာရှိနေတာလေ။ အဖေသာ ဝင်ခွင့်ကို အကိုကြီးကိုမပေးဘဲ ငါ့ကိုသာပေးခဲ့ရင် အခုချိန်မှာ ငါလည်း အကိုကြီးလိုမျိုး စစ်တပ်အရာရှိတစ်ဦး ဖြစ်နေလောက်ပြီကွ"

ယွမ်ချီကျီလည်း လှောင်ပြုံး,ပြုံးရင်းဖြင့်
"ဒုတိယအကို နင့်ဦးနှောက်ကို ခွေးစားသွားပြီထင်တယ်။ နင်သာ စစ်တပ်ထဲဝင်ခွင့်ရသွားရင် အချိန်ဘယ်လောက်မှမကြာဘူး ပြန်နှင်ထုတ်ခံရမယ်ဆိုတာ ငါအာမခံရဲတယ်"
လို့ ပြောလိုက်၏။
သူမက ထိုသို့ပြောပြီးတာနဲ့ ယွမ်ချန်းကွေနဲ့စကားဆက်မပြောချင်တော့သည့်အလား တစ်ဖက်ကိုလှည့်သွားတော့၏။

ယွမ်ချန်းကွေ့က တစ်ခုခုပြန်ပြောမလို့ ပြင်နေချိန်မှာပဲ လျူရှင်းဟွာက
"အကုန်လုံး တော်ကြတော့။ ချန်းကွေ့ နင်လည်း နင့်မိန်းမကို ခေါ်ပြီး နင်တို့အိမ်ကိုပြန်ကြတော့။ ငါ့မလဲနော် အတိတ်ဘဝက ဘယ်လိုအကုသိုလ်တွေကြောင့်မို့လို့များ နင့်လိုစုန်းပြူးမျိုးကို မွေးခဲ့ရတာလဲမသိဘူး"
လို့ စိတ်ပင်ပန်းနေဟန်ဖြင့်‌ ပြောလိုက်တော့သည်။

လျူရှင်းဟွာ၏စကားကိုကြားပေမယ့် ယွမ်ချန်းကွေ့က ချက်ချင်းထွက်မသွားသေးပေ။ သူက ယွမ်ကျီကောင်း၊ လျူရှင်းဟွာနဲ့ယွမ်ချီကျီတို့ကို တစ်ယောက်ချင်းကြည့်လိုက်ပြီး
"ကျွန်တော်ကတော့ ယွမ်ကျဲကို အကိုကြီးခေါ်မသွားဖို့အတွက် နည်းလမ်းမျိုးစုံသုံးပြီး တားရမှာဘဲ။ လိုအပ်လာရင် ကျွန်တော်တို့က အမေတို့အိမ်ကနေ ခွဲထွက်လိုက်ပြီဆိုတာကိုပါ ပြောရမှာဘဲ"
လို့ ပြောလိုက်၏။

ယွမ်ကျီကောင်းဟာ သူ၏ဒုတိယသားစကားများကြောင့် ဒေါသတွေပိုပြီး ထွက်လာရ၏။ သူက အိမ်တံခါးကို ညွှန်ပြကာ
"မင်းတို့ အခုချက်ချင်း ငါ့အိမ်ကနေ ထွက်သွားကြစမ်းကွာ။ ပြီးတော့ မင်းဘာသာမင်း ဖြစ်ကြောင်းကုန်စင်ကို မင်းအကိုကြီးကို ပြောပြလိုက်လည်း အေးတာဘဲကွာ။ မင်းအကိုကြီးရဲ့ ဒေါသကိုတော့ ခံနိုင်ရည်ရှိပါစေ"
လို့ ဒေါသသံဖြင့် ပြောလိုက်တော့သည်။

လျူရှင်းဟွာကလည်း
"ချန်းကွေ့။ မင်းလည်း မင်းအကိုကြီးအကြောင်းကို သေချာသိတာဘဲ။ သူက ပုံမှန်အချိန်မှာ ပျော်ပျော်နေတတ်ပေမယ့် အရမ်းစိတ်ကြီးပြီး မိသားစုအပေါ် ဘယ်လောက်ခင်တွယ်လဲဆိုတာ မင်းအသိဆုံးနော်။ ဒါ့ကြောင့် တစ်ခုခုမလုပ်ခင် မင်းအကိုကြီးရဲ့ဒေါသကိုတွေးပြီး လုပ်သင့်မလုပ်သင့်တော့ စဉ်းစား။ အမေ မင်းကို ဒါဘဲပြောတော့မယ်။အမေ့အသက် အရမ်းကြီးနေပြီ။ ဒါ့ကြောင့် အမေ့ကို စိတ်ဒုက္ခတွေ မပေးကြပါနဲ့တော့ကွယ်"
ဟု စိတ်အားပျော့စွာဖြင့် ပြောလိုက်၏။

ယွမ်ချန်းကွေ့လည်း သူ့အဖေနဲ့အမေ၏စကားတွေကို ကြားပြီးတဲ့နောက်မှာ စိတ်တွေငြိမ်ကျသွားပြီး ဒေါသတွေလျော့ကျသွား၏။ ထို့နောက် သူ ယွမ်အိမ်ထဲကနေ ထထွက်သွားတော့သည်။

ဆန်းရှောင်ဟိုင်ကလည်း ယွမ်ချန်းကွေ့၏နောက်ကနေ လိုက်သွား၏။

ယွမ်ရိနဲ့ယွမ်ကျဲကတော့ အိမ်အကွယ်ကနေ ယွမ်ချန်းကွေ့နဲ့ဆန်း‌ရှောင်ဟိုင်တို့ ထွက်သွားတာကိုကြည့်နေခဲ့ကြသည်။

ဆန်းရှောင်ဟိုင်က အပြင်ကိုရောက်တာနဲ့
"အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
လို့ မေးလိုက်၏။

ယွမ်ချန်းကွေ့လည်း အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်ကာ
"အခုမှ ဘာဆက်လုပ်နိုင်တော့မှာလဲ။ ယွမ်ကျဲကိုအကိုကြီးတို့နဲ့အတူတူလိုက်သွားခွင့်ပေးလိုက်ရုံဘဲ ရှိတော့တယ်"

"ဒါပေမယ့် ယွမ်ကျဲကို ကျွန်မက မလိုက်သွားစေချင်ဘူး"
ဆန်းရှောင်ဟိုင်က အတွန့်တက်လိုက်၏။

ထိုစကားကြောင့် ယွမ်ချန်းကွေ့လည်း စိတ်ရှုပ်စွာဖြင့် ခေါင်းကို တဗြင်း‌ဗြင်းကုတ်ကာ
"အဲ့တာဆို ငါက ဘာဆက်လုပ်ရမှာလဲ။ အဖြစ်မှန်တွေအကုန်လုံး အကိုကြီးကိုပြောပြီး ယွမ်ကျဲကို မခေါ်သွားဖို့လုပ်ရမှာလား။ ငါ့အကိုကြီးရဲ့ဒေါသကို နင်မသိဘူးနော်။ ငါသာ အမှန်အတိုင်းပြောလိုက်ရင် သေချာပေါက် နင်မုဆိုးမဖြစ်ပြီလို့သာ မှတ်လိုက်တော့။ အကိုကြီးက ငါ့ကို သတ်လိမ့်မယ်ကွ"

ဆန်းရှောင်ဟိုင် : "................"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now