အပိုင်း - ၇၇.၁
နေ့ရောညပါ ရထားစီးပြီးသည့်နောက် ရထားဟာ ယွမ်ရိတို့၏လိုရာခရီးသို့ ရောက်ရှိသွားတော့သည်။ ရထားရပ်သွားသည်နှင့် ယွမ်ရိတို့ညီအမနှစ်ယောက်လည်း ရထားပေါ်ကနေ ဆင်းလာကြ၏။ဘူတာရုံ၏ပလက်ဖောင်းပေါ်မှာ ရပ်ရင်း ပတ်ဝန်းကျင်အသစ်၏ လေကောင်းလေသန့်တွေကို တဝကြီး ရှူရှိုက်လိုက်သည်။
ပြီးမှ ကိုယ့်အဝတ်ထုပ်ကိုယ်ဆွဲကာ ဘူတာရုံအတွင်းမှ ထွက်လာခဲ့ကြတော့သည်။
ဘူတာရုံအပြင်ရောက်တာနဲ့ အနီးမှ ကားမှတ်တိုင်မှာ ခဏမျှစောင့်လိုက်ကြသည်။ သိပ်ကြာကြာမစောင့်လိုက်ရပေ။ ကားတစ်စီးက ကားမှတ်တိုင်မှာ လာရပ်၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း ကားပေါ်တက်လျက် တက္ကသိုလ်အနီးက ကားမှတ်တိုင်မှာ ပြန်ဆင်းခဲ့ကြသည်။
သူမတို့ဟာ တက္ကသိုလ်ကျောင်းဝန်းကြီးအနားကိုရောက်နေပြီဖြစ်ပေမယ့် ကျောင်းထဲကို ချက်ချင်းတန်းမဝင်ကြသေးပေ။ သူမတို့က အနီးမှာရှိသည့် စားသောက်ဆိုင်မှာ အရင်ဆုံးစားသောက်လိုက်ကြသည်။
စားသောက်ဆိုင်အတွင်းမှ စားသောက်ပြီး ထွက်လာသည့်အခါမှာတော့ ယွမ်ကျဲအား
"လာ၊ နင့်ကို ကျောင်းထဲလိုက်ပို့ပေးမယ်"
ဟု ပြောလိုက်တော့သည်။
တကယ်တော့ သူမနဲ့ယွမ်ကျဲနဲ့က တစ်နေရာထဲ အတူတူတက်ရမှာမဟုတ်ပေ။
ယွမ်ကျဲအား ကျောင်းဝန်းထဲထိလိုက်ပို့ပေးခဲ့ပြီးမှ သူမတက်ရမည့်တက္ကသိုလ်ရှိရာကို အထုပ်အပိုးတွေဆွဲလျက် ထွက်လာခဲ့တော့သည်။
ဟိုကိုရောက်တော့ သူမကဲ့သို့ပင် အခြားသောကျောင်းသားကျောင်းသူများဟာလည်း အထုပ်အပိုးကိုယ်စီဖြင့် စိတ်လှုပ်ရှားစွာ ကျောင်းဝန်းထဲ ဝင်နေကြတာကို ယွမ်ရိ မြင်တွေ့လိုက်ရသည်။
သူမကိုယ်တိုင်လည်း စိတ်လှုပ်ရှားကာ အကြည်တွေက တလက်လက်တောက်ပလို့နေ၏။
ယွမ်ရိလည်း အသက်ကိုခပ်ပြင်းပြင်းလေးရှူရှိုက်ပြီးသည့်နောက် တက္ကသိုလ်ဝင်းအတွင်းသို့ ခြေချလိုက်တော့သည်။
အချိန်သည် မျက်စိတစ်မှိတ်အတွင်း မျက်လှည့်ပြသည့်နှယ် ကုန်လွန်သွားသည်။
အဆောင်တစ်ခုအတွင်းမှာတော့ မိန်းကလေးတစ်ယောက်ဟာ ရေခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံတို့ကို ဘေးမှာချလျက် ရေနွေးနွေးလေးဖြင့် မျက်နှာသစ်နေသည်။ မျက်နှာသစ်ပြီးနောက် သွားတိုက်လိုက်၏။
ထိုမိန်းကလေးသည်ကာ ကျွန်ုပ်တို့၏အရံဇာတ်ကောင်လေး ယွမ်ရိပင်တည်း။
သူမဟာ မျက်နှာသစ်ပြီးတာနဲ့ ရေချိုးဆောင်မှတဆင့် သူမအခန်းထဲကို ပြန်လာခဲ့သည်။
သူမ၏တစ်ကိုယ်ရေသုံး ရေချိုးပစ္စည်းများကို သူ့နေရာနဲ့သူပြန်ထားပြီးသည့်နောက်မှာ ယွမ်ရိက မှန်ရှေ့တွင် ရပ်လိုက်တော့သည်။
အရင်ဆုံး ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ခေါင်းဘီးဖြင့် ဖြီးလိမ်းလိုက်သည်။ ပြီးသည့်နောက် ဆံပင်များအား ပြန်ရှုပ်မသွားအောင် ဖဲကြိုးလေးဖြင့် စည်းနှောင်လိုက်တော့သည်။
သူမ ခေါင်းစည်းနေစဉ်မှာဘဲ သူမ၏အခြားတစ်ဖက်မှာရှိသည့် ကုတင်မှ လှုပ်လှုပ်ရွရွဖြစ်လာက ကောင်မလေးတစ်ယောက် ထထိုင်လိုက်သည်။ ထိုကောင်မလေးကတော့ ယွမ်ရိ၏အခန်းဖော် လီရှောင်ဖန်ဘဲဖြစ်၏။
လီရှောင်ဖန်က အိပ်မှုန်စုံမွှားဖြင့် ယွမ်ရိကိုကြည့်လျက်
"ရှောင်ရိ၊ အစောကြီးဘဲရှိသေးတယ်။ စာကြည့်တိုက်ကို သွားတော့မလို့လား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ လုပ်စရာလေးရှိနေလို့"
ဟု ပြန်ဖြေပေးလိုက်သည်။
"ဪ"
လီရှောင်ဖန်က နှာပိတ်နေသောလေသံဖြင့် ရေရွတ်လိုက်သည်။ သူမဟာ အအေးမိနေ၍ အနည်းငယ်နှာစည်းလို့နေပါသည်။
ယွမ်ရိလည်း ဆံပင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသွားတာနဲ့ လွယ်အိတ်ကိုကောက်လွယ်လိုက်သည်။ထို့နောက် လီရှောင်ဖန်အား
"ငါသွားတော့မယ်နော်"
ဟု ပြောလျက် နှုတ်ဆက်လိုက်၏။
"အေး၊ အေး"
လီရှောင်ဖန်လည်း ယွမ်ရိကိုခေါင်းညိတ်ပြလိုက်သည်။ အခန်းထဲကနေ ယွမ်ရိထွက်သွားပြီးသည့်နောက် သူမလည်း ကုတင်ပေါ်သို့ ပြန်လှဲချလိုက်တော့သည်။
ယွမ်ရိဟာ ကျောင်းကန်တင်းမှာ မနက်စာဝင်စားလိုက်သည်။ မနက်စာစားပြီးတာနဲ့ လွယ်အိတ်ကို သေချာလွယ်လျက် တက္ကသိုလ်ဝင်းအတွင်းမှ ထွက်လာခဲ့တော့သည်။
သူမက ယခင်ဘဝမှာ ဤမြို့အား ရောက်ရှိခဲ့ဖူးပေမယ့် ယခုက ၁၉၇၀ ခုနှစ်မှာဖြစ်နေကာ အချိန်ကာလမတူညီပေ။ ဒါ့ကြောင့် မြို့ကြီးက သိပ်မစည်ကားသေးပေ။ လူနေအိမ်အများစုကလည်း အုတ်ကြွပ်လေးများဖြင့် မိုးကာ ထားရုံမျှသာရှိနေသေးကာ လမ်းတွေကလည်း ဖုန်တွေထူထပ်လို့နေတော့၏။
ယွမ်ရိဟာ လွယ်အိတ်လေးကိုလွယ်လျက် လမ်းလျှောက်နေစဉ်မှာဘဲ အဆောက်အဦးတစ်ခုကို မြင်ပြီး လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။
သူမမြင်တွေ့လိုက်သည့် အဆောက်အဦး၏ရှေ့မှာ စက်ဘီးများအား တန်းစီကာ ပြထားသည်။ ထိုစက်ဘီးများထဲတွင် စီးပြီးသားစက်ဘီးအဟောင်းများလည်း ပါသကဲ့သို့ အသစ်တွေလည်း ပါနေသည်။
ထိုစက်ဘီးတွေ၏အနီးမှာ အင်္ကျီအပြာရောင် ဝတ်ဆင်ထားသည့် လူတစ်ဦးလည်း ရှိနေသည်။
ထိုလူက စက်ဘီးတွေကိုရပ်ကြည့်နေသည့် ယွမ်ရိကိုမြင်တော့ ယွမ်ရိအနားကို လျှောက်လာကာ
"စက်ဘီး ဝယ်ချင်လို့လား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ရိလည်း ထိုလူကိုတစ်လှည့် စက်ဘီးတွေကိုတစ်လှည့် ပြန်ကြည့်လိုက်သည်။ ပြီးမှ
"ဒါတွေကို ရောင်းတာလား"
ဟု ပြန်မေးလိုက်၏။
ထိုအခါ အပြာရောင်အင်္ကျီဖြင့် လူက ပြုံးလျက်
"ဒါကတော့ဗျာ၊ ဝယ်သူက ဝယ်မယ်ဆိုရင် ကျွန်တော်တို့က ရောင်းရမှာဘဲပေါ့။ မဝယ်ဘူးဆိုရင်တော့ ဘယ်လိုလုပ်ပြီး ရောင်းချလို့ရပါ့မလဲဗျာ"
ဟု ချိုချိုသာသာဖြင့် ဟာသလေးဖောက်လျက် ပြောလိုက်သည်။
"ဒါဆိုရင် ဘယ်လိုရောင်းတာလဲ"
ယွမ်ရိလည်း ထိုအပြာရောင်အဝတ်အစားဖြင့်လူကိုကြည့်ကာ ထပ်မေးလိုက်သည်။
ထိုမေးခွန်းကြောင့် အပြာရောင်အဝတ်အစားဖြင့် လူက ပြုံးသွားကာ
"ဒီဆိုင်မှာ တစ်ပတ်ရစ် စက်ဘီးအဟောင်းအစီး ၄၀ ရှိတယ်။ အသစ်ကတော့ ၈၀ ရှိတယ်။ ဘယ်ထဲက ယူမှာလဲ"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ထိုလူကိုကြည့်ကာ
"သေချာလို့လား"
ဟု ပြန်မေးလိုက်၏။
ထိုအခါ ထိုလူက
"ဒီမယ် ကလေးမ။ မယုံသင်္ကာ မဖြစ်နဲ့။ ငါ့ဆိုင်မှာ ပစ္စည်းအစစ်အမှန်တွေဘဲ ရောင်းတယ်ဆိုတာကို ဝယ်ဖူးသူတိုင်း သိကြတယ်ကွ"
ဟု ပြန်ပြောလိုက်၏။
ယွမ်ရိလည်း ထိုလူကိုပြန်မပြောတော့ဘဲ စက်ဘီးတွေကိုဘဲ ဆက်ကြည့်နေလိုက်သည်။
တကယ်တော့ သူမအခုရောက်နေသည့် စက်ဘီးဆိုင်က မှောင်ခိုဆိုင်ပင်။ အိမ်ရှေ့မှာ စက်ဘီးပြင်ဆိုင်ကိုအယောင်ပြဖွင့်ထားပြီး စက်ဘီးတွေကို ခိုးရောင်နေခြင်းပင်။
ဒါပေမယ့် သူမကတော့ ထိုအရာများကို ဂရုမစိုက်ပေ။ လက်ရှိခေတ်ကာလမှာ စက်ဘီးတစ်စီး၏ပေါက်ဈေးက အရမ်းဈေးကြီးလှသည်။အနည်းဆုံး အောက်ထစ်ဈေးအနေဖြင့် ယွမ်ငွေ ၃၀၀ ပင် ကျော်နိုင်၏။
ဒါ့ကြောင့် သူမက ဈေးသက်သာနိုင်မည့် တစ်ပတ်ရစ်အဟောင်းလေးများ ရလိုရငြား ဒီမှောင်ခိုဆိုင်ကို လာကြည့်ရခြင်းပင်။
ထိုလူကတောင် စက်ဘီးအား မှောင်ခိုရောင်းချရဲသည့်အတွက် သူမကလည်း ဝယ်ယူရဲပေသည်။
တစ်အောင့်မျှကြာတော့ စက်ဘီးတစ်စီးအား သူမမျက်စိကျသွား၏။
အပြာရောင်အဝတ်အစားနဲ့လူဖြင့် အချိန်တစ်ခုမျှ ဈေးစကားပြောပြီးသည့်နောက်မှ သူမမျက်စိကျနေသည့်စက်ဘီးအား ယွမ်ငွေ ၅၀ တည်းဖြင့် အရောင်းအဝယ်ဖြစ်သွားတော့သည်။
အပြာရောင်အဝတ်အစားနဲ့လူက ယွမ်ရိပေးသော ယွမ်ငွေ ၅၀ ကို သေချာပြန်စစ်ပြီးသည့်နောက် ယွမ်ရိ ဝယ်ယူထားသော စက်ဘီးအား ဆိုင်ရှေ့ထုတ်ပေးလိုက်သည်။ ထို့နောက် ထိုလူက ယွမ်ရိကို ပြုံးပြလိုက်ပြီး
"စီးရတာ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်"
ဟု ပြောလိုက်တော့သည်။
ယွမ်ရိလည်း ထိုစက်ဘီးအား စီးလျက် ထိုအဆောက်အဦး၏အနားကနေ ထွက်လာခဲ့တော့သည်။
သူမဘဲ ကံဆိုးတာလား၊ စက်ဘီးကဘဲ သိပ်မကောင်းတာလားတော့ မသိ၊ မီတာငါးဆယ်ခန့် စက်ဘီးအား နင်းပြီးသည့်နောက် ရုတ်တရက် စက်ဘီးက ချိန်းကြိုးကြီး ပျက်သွားတော့သည်။
ယွမ်ရိ : ".............."
ဒါ့ကြောင့် ယွမ်ရိလည်း အပြာရောင်အဝတ်အစားနဲ့လူထံ စက်ဘီးကို ပြန်တွန်းသွားလိုက်သည်။
ထိုအပြာရောင်အဝတ်အစာနဲ့လူကတော့ ခပ်တည်တည်ဖြင့်ပင် ယွမ်ရိစက်ဘီးအား ချိန်းကြိုးပြန်တင်ပေးလိုက်သည်။
ယွမ်ရိလည်း စက်ဘီးကိုစီးပြီး ထိုနေရာကနေ ပြန်ထွက်လာလိုက်သည်။
ဒါပေမယ့်လည်း ဘယ်လောက်မှ မရောက်သေးခင် ချိန်းကြိုးက ထပ်ပြုတ်ကျပြန်သည်။
ဒီတစ်ကြိမ်မှာတော့ သူမက စက်ဘီးကို အပြာရောင်အဝတ်အစားနဲ့လူဆီ တွန်းသွားရင်းဖြင့် ထိုလူအား
"ဒီမှာ၊ ကျွန်မရဲ့ပုံစံက တော်တော်လေးငယ်တဲ့ပုံပေါက်နေလို့ လာပြီး တစ်ပတ်ရိုက်နေတာလား။ ရှင့်စက်ဘီးက ပေးရတဲ့ဈေးနဲ့ လုံးဝမတန်သလိုဘဲနော်။ တော်သေးတာပေါ့။ ဆိုင်အနီးမှာဘဲ ချိန်းကြိုးပြုတ်ကျလို့။ တော်တော်လေး ဝေးမှ ပြုတ်ကျရင် ပြန်လာလို့ လွယ်မှာမဟုတ်တော့ဘူးရှင့်။ ဒီဟာကို ရှင် ဘယ်လိုပြန်လုပ်ပေးမှာလဲ"
ဟု ပြောလိုက်တော့သည်။
အပြာရောင်အဝတ်အစားနဲ့လူကတော့ ယွမ်ရိကိုကြည့်လျက် ပြုံးကာ
"ဒီက အမလေးရယ်။ စိတ်ကိုလျော့ပါ။ ကျွန်တော်က အမကိုလှည့်စားတာ လုံးဝမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ဆိုင်ကလည်း ပစ္စည်းအစစ်အမှန်တွေကိုချည်းဘဲ ရောင်းချပေးတာပါ။ ဒီမယ် ကျွန်တော်ရောင်းနေတဲ့ စက်ဘီးတွေကို သေချာလေးကြည့်ကြည့်။ နာမည်ကြီး ခိုပျံတံဆိပ်နဲ့စက်ဘီးတွေကိုချည်း ရောင်းပေးတာပါ"
ဟု ရှင်းပြ၏။
ယွမ်ရိလည်း ထိုလူ၏နောက်မှာ ပြထားသည့် စက်ဘီးတွေကို ခေါင်းစောင်းကြည့်ကာ
"ဒါဆိုရင် ရှင့်ဆိုင်မှာရောင်းနေတဲ့ စက်ဘီးတွေအကုန်လုံးက ခိုပျံတံဆိပ် စက်ဘီးတွေ ချည်းဘဲပေါ့။ဟုတ်လား"
ဟု ငေါ့တော့တော့လေသံဖြင့် ထပ်မေးလိုက်ပြန်တော့သည်။
အပြာရောင်အဝတ်အစားဖြင့်လူ : "............."
ယွမ်ရိစကားကြောင့် အပြာရောင်အဝတ်အစားဖြင့်လူလည်း ပြုံးပြရုံကလွဲပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိတော့ချေ။
တကယ်တော့ သူ့ဆိုင်မှာရောင်းသည့် စက်ဘီးတွေထဲက အနည်းငယ်ကဘဲ နာမည်ကြီးခိုပျံတံဆိပ်စက်ဘီးတွေဖြစ်ကာ ကျန်သည့် စက်ဘီးများကတော့ ခိုပျံတံဆိပ်ဖြင့် မဟုတ်ကြပေ။
သူ့ဆိုင်ကရောင်းထုတ်လိုက်သည့် စက်ဘီးတွေအားလုံးဟာ အဆင်ပြေကြပေမယ့် အခုသူ့ရှေ့က ကောင်မလေးဝယ်ယူသွားသည့်စက်ဘီးကျမှ ဘာလို့များချိန်းကြိုးခဏခဏပြုတ်ကျရမှန်း သူလည်း မသိတော့ပါချေ။
ယွမ်ရိသည်လည်း လူရည်လည်သူတစ်ယောက်မို့ ထိုလူ၏တုံ့ပြန်ပုံကို ကြည့်ရုံဖြင့် ဘာဖြစ်နေတယ်ဆိုတာကို အတပ်ပြောနိုင်ပေသည်။
ဒါ့ကြောင့် သူမက အပြာရောင်အဝတ်အစားနဲ့လူအား
"ကျွန်မကို ငွေဘဲ ပြန်အမ်းပေးပါတော့ရှင်"
ဟု ပြောလိုက်တော့သည်။
"ဒီစက်ဘီးကို အခြားစက်ဘီးတွေနဲ့ လဲပေးမယ်လေ။ဈေးလည်း ထပ်လျော့ပေးဦးမှာနော်"
အပြာရောင်အဝတ်အစားနဲ့လူက ထပ်ပြီးတော့ ဆွယ်လိုက်သေးသည်။
ဒါပေမဲ့ ယွမ်ရိကတော့ ခေါင်းယမ်းလျက်
"ငွေသားဘဲ ပြန်အမ်းပေးပါ"
ဟုသာ ပြောလိုက်သည်။
ဒါ့ကြောင့် အပြာရောင်အဝတ်အစားနဲ့လူလည်း ယွမ်ရိအား ငွေသား ယွမ် ၅၀ ကို ပြန်အမ်းပေးလိုက်ရတော့သည်။
ယွမ်ရိလည်း သူမ၏ငွေကို ပြန်ရပြီးသည့်နောက်မှာ စက်ဘီးကို ထားခဲ့ပြီး ထိုနေရာမှ ထွက်လာခဲ့တော့သည်။
ယွမ်ရိထွက်သွားပြီးသည့်နောက် အပြာရောင်အဝတ်အစားနဲ့လူလည်း အဆောက်အဦးအတွင်းသို့ ပြန်ဝင်သွားတော့သည်။
နေမင်းကြီးဟာ အရှေ့အရပ်မှသည် အနောက်အရပ်သို့ တဖြည်းဖြည်းဖြင့် ခရီးဆက်နေသည်။
ညနေဆည်းဆာ၏ပုစွန်ဆီရောင် နေအလင်းတန်းဟာ အပြာရောင်အဝတ်အစားနဲ့လူ ရှိနေသည့် အဆောက်အဦးအပေါ်သို့ ဖြာကျလို့နေတော့သည်။
ထိုအချိန်မှာဘဲ အပြာရောင်အဝတ်အစားနဲ့လူဟာ မနက်ကသူ့ဆီလာခဲ့သည့် ကောင်မလေးပြန်လာနေတာကို မြင်လိုက်ရတော့သည်။ သူမဟာ ပင်ပန်းနွမ်းနယ်နေသည့် ပုံပေါက်နေပါသည်။
အပြာရောင်အဝတ်အစားနဲ့လူလည်း ယွမ်ရိကိုကြည့်လျက်
"ဘယ်လိုလဲ။ တစ်မြို့လုံးပတ်ရှာတာတောင် နောက်ထပ် စက်ဘီးဆိုင် မတွေ့ခဲ့ဘူးမလား"
ဟု မေးလိုက်သည်။
"အင်း"
ယွမ်ရိလည်း အနည်းငယ် စိတ်ပျက်နေဟန်ဖြင့် ပြန်ဖြေပေးလိုက်၏။
သူမဟာ တစ်နေကုန်နီးပါး မြို့ထဲအနှံ့သွားခဲ့ပေမယ့် နောက်ထပ် စက်ဘီးရောင်းသည့်ဆိုင်အား လုံးဝရှာမတွေ့ခဲ့ပါချေ။
ထိုအခါ အပြာရောင်အဝတ်အစားနဲ့လူက ရင်ကော့လျက်
"ဒီမြို့ထဲမှာ ဘယ်သူကများ ငါ့လိုမျိုး စက်ဘီးကို ရောင်းရဲမှာလဲ"
ဟု ဂုဏ်ယူသောလေသံဖြင့် ပြောလိုက်သည်။
ယွမ်ရိလည်း ထိုလူကိုကြည့်ကာ ဘာပြောလို့ ပြောရမှန်းလည်း မသိတော့ချေ။
ထိုအပြာရောင်အဝတ်အစားနဲ့လူက ယွမ်ရိအနီးကို လျှောက်လာပြီး ယွမ်ရိကိုသေချာစိုက်ကြည့်လိုက်သည်။ ပြီးမှ
"ဟေးး နင့်ကိုကြည့်ရတာ ဒီမြို့က ဟုတ်ပုံမရဘူး။ ဒီရက်ပိုင်း ငါတို့မြို့ကိုလည်း သူစိမ်းတွေ လာလေ့သိပ်မရှိကြပါဘူးဟ။ ကြည့်ရတာ နင်က တက္ကသိုလ် လာတက်တဲ့သူမလား"
ဟု မေးမြန်းလိုက်၏။
"ဟုတ်တယ်"
ယွမ်ရိလည်း ခေါင်းညိတ်ကာ ဖြေပေးလိုက်သည်။
ထိုအခါ အပြာရောင်အဝတ်အစားနဲ့လူက အံ့အားသင့်သွားဟန်ဖြင့်
"ဝါးးး မိုက်လိုက်တာ။ နင်က ကောလိပ်ဝင်ခွင့်စာမေးပွဲကိုအောင်မြင်ခဲ့တာဘဲ။ ငါလည်း အဲ့စာမေးပွဲကို ဖြေခဲ့သေးတယ်။ ဒါပေမယ့် မအောင်ခဲ့ဘူး။ ဒါနဲ့ မင်းက စက်ဘီးကို တကယ် လိုအပ်နေတာလား"
ယွမ်ရိလည်း ထိုလူကိုကြည့်လျက်
"ဟုတ်တယ်။ စက်ဘီးကို တကယ်လိုအပ်နေလို့"
ဟု ပြန်ဖြေပေးလိုက်တော့သည်။