အပိုင်း - ၉၈.၂
အဝေးသို့ရောက်သွားသည့် ရထားတွဲအရှည်ကြီးထံမှ အကြည့်ပြန်လွှဲလိုက်ပြီးနောက် ယွမ်ရိက လင်းယောင်ကိုကြည့်ကာ
"သူတို့ကို ငါနဲ့အတူတူလိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဟု ပြောလိုက်သည်။
"ရပါတယ်ဟာ။ အဲ့တာတွေ မလိုပါဘူး"
လင်းယောင်က ပြန်ပြောလိုက်၏။
ထို့နောက် နှစ်ယောက်သား စက်ဘီးကိုယ်စီဖြင့် ဘူတာရုံအတွင်းမှ ထွက်လာခဲ့ကြတော့သည်။
လမ်းတွင် ယွမ်ရိက
"နေ့လယ်စာနဲ့ညစာ ဘယ်အချိန် အဆင်ပြေလဲ"
ဟု မေးလိုက်သည်။
လင်းယောင်က ခဏမျှစဉ်းစားပြီးမှ
"နှစ်ခုလုံး အဆင်ပြေပါတယ်။ နှစ်ခုလုံး ကျွေးရင်တော့ ပိုပြီးတော့တောင် အဆင်ပြေပါသေးတယ်"
ဟု ရုပ်တည်ကြီးဖြင့် ပြန်ဖြေလိုက်သည်။
ယွမ်ရိ : '...........'
ခဏမျှ ကြောင်အနေပြီး ယွမ်ရိတစ်ယောက်
"ဪ"
ဟုသာ ရေရွတ်နိုင်တော့သည်။
ယွမ်ရိ ကြောင်နေသည်ကို သတိထားမိ၍ လင်းယောင်က
"ဒီလိုလုပ်ရင်ရော နေ့လယ်ခင်းကို နင့်အိမ်မှာဘဲ စားလိုက်ကြမယ်လေ။ ညနေခင်းကျမှ အပြင်ကို ထွက်စားကြတာပေါ့"
ဟု အကြံပေးလိုက်သည်။
"အွန်း၊ အဲ့လို လုပ်ကြတာပေါ့"
ယွမ်ရိကလည်း လင်းယောင်၏အကြံကို ခေါင်းညိတ်လျက် ထောက်ခံလိုက်တော့သည်။
အစီအစဉ် သတ်မှတ်ပြီးသွားသည့်နောက် မနက်ခပ်စောစောဘဲ ရှိနေသေး၍ အိမ်ကိုတန်းမပြန်သေးဘဲ တိရိစ္ဆာန်ဥယျာဉ်သို့ အလည်ဝင်ခဲ့ကြသည်။
ယွမ်ရိတို့နှစ််ယောက်ဟာ ဝက်ဝံတွေ၊ ဆင်တွေ၊ ကျားတွေကို လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုသို့ လေ့လာကြည့်ရှုနေရင်းဖြင့် ယွမ်ရိက လင်းယောင်အား
"ဒီကို အရင်တုန်းကို ရောက်ဖူးလား"
ဟု မေးလိုက်သည်။
လင်းယောင်၏အဖြေက ယွမ်ရိအား အံ့အားသင့်စေ၏။
"တစ်ခါမှ မရောက်ဖူးဘူး"
"အခြား လည်လို့ကောင်းတဲ့နေရာတွေကိုရော သွားလည်ဖူးလား"
ယွမ်ရိက ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်တွင်လည်း လင်းယောင်က ခေါင်းယမ်းလျက်
"ဟင့်အင်း၊ ငါမရောက်ဖူးဘူး"
ဟု ပြန်ဖြေလိုက်သည်။
တစ်ခဏကြာမှ
"အဲ့နေရာတွေကိုလည်း နင်နဲ့အတူတူသွားကြတာပေါ့"
ဟု ဆက်ပြောလိုက်၏။
"အွန်း။ အတူတူသွားကြတာပေါ့"
ယွမ်ရိက ခေါင်းညိတ်ထောက်ခံလိုက်သည်။
ပြီးမှ လင်းယောင်ကိုကြည့်လျက်
"ဘာလို့ နင့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ လျှောက်မလည်တာလဲ"
ဟု စပ်စုလိုက်၏။
လင်းယောင်လည်း မချိပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီးမှ
"အိုက်ယား။ ငါ့လုပ်ဖော်ကိုင်ဖက်တွေက တနင်္ဂနွေနေ့တွေဆိုရင် မအားကြတာများတယ်ဟ။ကိုယ့်မိသားစုကို အချိန်ပေးကြတဲ့သူနဲ့၊ သားသမီးတွေနဲ့ အချိန်ဖြုန်းရတဲ့လူနဲ့။ မအားကြပါဘူးဟာ"
ဟု ညီးညူသော လေသံလေးဖြင့် ရှင်းပြလိုက်သည်။
လင်းယောင်၏ရှင်းပြချက်ကြီးအဆုံးမှာ ယွမ်ရိလည်း စိတ်မကောင်းဖြစ်သွားပြီး
"အဲ့တာဆိုရင် တနင်္ဂနွေနေ့ရောက်တိုင်း ငါတို့အိမ်ကိုလာခဲ့ ဟုတ်ပြီလား"
ယွမ်ရိ၏စကားအား လင်းယောင် ခေါင်းညိတ်လျက်
"အင်း၊ ငါလာခဲ့ပါ့မယ်"
ဟု တုံ့ပြန်လိုက်တော့သည်။
တိရိစ္ဆာန်ဥယျာဉ်အတွင်း စကားတပြောပြောဖြင့် နှစ်ယောက်သား လျှောက်လည်ပတ်နေကြရင်းကနေ 'ဒေါင်း' များကို မွေးမြူထားသည့် နေရာသို့ပင် ရောက်ရှိလာသည်။
ဒေါင်းလှလှလေးများအား ယွမ်ရိတို့ ကြည့်ရှုနေကြချိန်မှာဘဲ ထိုဒေါင်းတွေထဲမှ တစ်ကောင်က ၎င်း၏လှပသော အမြီးဖွားဖွားကြီးကို ဖြည်းညင်းစွာဖြန့်ကြက်လိုက်တော့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ယွမ်ရိက ပျော်ရွှင်နေသောလေသံဖြင့်
"ဝါးးးး အရမ်းလှတာဘဲ။ ဒေါင်းအမြီး ဖြန့်တာကို အခုမှဘဲ မြင်ဖူးတော့တယ်။ အရင်တစ်ခေါက် ချူးရွယ်တို့နဲ့လာတုန်းက ဒီလို မြင်ကွင်းမျိုး မတွေ့ခဲ့ရဘူး။ ကြည့်ရတာ ဒီနေ့ ကံကောင်းတယ်ထင်တယ်"
ဟု ရေရွတ်လိုက်သည်။
ဘေးမှ လင်းယောင်က ခပ်တည်တည်ဖြင့်
"ဪ၊ ငါက ကံကောင်းစေတဲ့ လာဘ်ကောင်လေးထင်တယ်။ ငါနဲ့လာတာမို့လို့ အခုလိုမြင်ကွင်းမျိုး မြင်ရတယ်မှတ်ပါ"
ဟု စနောက်လိုက်သည်။
"အွန်းပါ။ မှတ်တောင်ထားရဦးမယ်"
ယွမ်ရိဘက်ကလည်း ခပ်တည်တည်ဖြင့် အတည်ပေါက်ကြီးပုံစံနှင့် ပြန်ပြောလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဖြင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးလေးဟာ နွေးထွေးအသက်ဝင်လှသည်ဟု ယွမ်ရိစိတ်တွင် တွေးမှတ်လိုက်တော့သည်။
တိရိစ္ဆာန်ရုံအတွင်းနှံ့အောင် လျှောက်လည်ပြီးသည့်နောက်မှာ ယွမ်ရိတို့နှစ်ယောက်ဟာ ဈေးသို့ထပ်သွားခဲ့ကြသည်။
ဈေးကနေ အသီးအရွက်နဲ့အသားတချို့ဝယ်ယူခဲ့ပြီးသည့်နောက်မှာတော့ အိမ်ကိုပြန်လာခဲ့ကြတော့သည်။
အိမ်ကိုရောက်တော့ မီးဖိုချောင်ဝင်၍ ချက်ပြုတ်ခြင်းလုပ်ငန်းအား စတင်ကြတော့သည်။
ယွမ်ရိက မီးမွှေးကာ အသီးအရွက်တွေအား ရေဆေးလိုက်သည်။ ရေဆေးရာကနေ မီးဖိုအတွင်းကို ပြန်ဝင်လိုက်တော့ ခါးစည်းဝတ်စုံအား သေချာဝတ်နေသည့် လင်းယောင်ကိုမြင်ကာ အံ့အားသင့်သွားပြီး
"နင် ချက်မလို့လား။"
ဟု မေးလိုက်သည်။
လင်းယောင်က ခေါင်းညိတ်ကာ
"အင်း။ ငါချက်မှာ။ စိတ်မပူပါနဲ့။ ငယ်ငယ်တုန်းကဆိုရင် ထမင်း၊ ဟင်းကို ငါပဲ ချက်ရတာကို နင်မေ့နေတာလား"
ဟု ပြန်မေးလိုက်သေး၏။
"မမေ့ပါဘူးဟယ်"
ယွမ်ရိက
"နင်ချက်မှာဆိုရင်လည်း ချက်ပေါ့။ ငါဘေးကနေ ကူလုပ်ပေးမယ်"
နှစ်ယောက်သား တက်ညီလက်ညီချက်ပြုတ်မှုများကြားတွင် ထမင်းတစ်အိုး၊ အသီးအရွက်ကြော်တစ်ခွက်၊ ကြက်ဥကြော်နဲ့ဟင်းချိုရည်တစ်ခွက်တို့ဟာ အမွှေးတထောင်းထောင်းဖြင့် ဖြစ်တည်လာတော့သည်။
ထမင်း၊ ဟင်းတွေ ကျက်ပြီဖြစ်၍ နှစ်ယောက်သား ခူးခပ်ကာ စားသောက်ဖို့ ပြင်ကြတော့သည်။ ယွမ်ရိက ဟင်းခွက်တွေအကုန်လုံးကို တစ်ဇွန်းစီ နှိုက်မြည်းပြီးသည့်နောက် လင်းယောင်အား လက်မထောင်ပြလိုက်တော့သည်။
နှစ်ယောက်သား မြိန်ရေရှက်ရေဖြင့် ထမင်းစားနေကြစဉ်တွင် လင်းယောင်က ယွမ်ရိအား အားနာဟန်ဖြင့် တစ်ချက်ကြည့်ကာ
"ရှောင်ရိ၊ အကူအညီလေးတစ်ခုလောက် တောင်းစရာရှိလို့ပါ။ နင်အဆင်ပြေမှ ကူညီပါ။ အဆင်မပြေရင်လည်း ရပါတယ်"
ဟု ပြောလိုက်သည်။
ပလုတ်ပလောင်းစားနေရာမှ ယွမ်ရိက လင်းယောင်ကို မျက်လုံးလှန်ကြည့်ကာ
"ကဲ။ ပြောစရာရှိတာ ပြောတာမဟုတ်ဘူး။ ကြားထဲကနေ စကားပုလ္လင်က ခံနေလိုက်သေးတယ်။"
ဟု ပြောလိုက်၏။
ယွမ်ရိစကားကြောင့် လင်းယောင်လည်း ယောင်ယောင်လေး ပြုံးလိုက်ပြီးမှ
"တကယ်တော့ဟာ ငါအခုလက်ရှိနေတဲ့နေရာက နေရတာ သိပ်အဆင်မပြေလို့။ အနီးနားမှာကလည်း ငါနဲ့အသိမရှိလို့"
ဟု ပြောကာ စကားကို ခဏရပ်ထားလိုက်သေးသည်။
ယွမ်ရိထံမှ 'ဆက်ပြောလေ' ဆိုသည့် အမူအရာကို မြင်မှ
"အဲ့တာ နင့်ဆီမှာ အခန်းငှားပြီး နေလို့မရဘူးလား။နင့်အိမ်က အခန်းတစ်ခန်းကလည်း လွတ်နေတာကို တွေ့လို့ပါ။ နင်အဆင်ပြေမှ ငှားပါ။ အဆင်မပြေလည်း ဘာမှ မဖြစ်ဘူးနော်"
ဟု ပြောလိုက်သည်။
"ဪ၊ ဒါလေးပဲလား"
ယွမ်ရိက
"ငါ့မှာတော့ နင်က အကူအညီတောင်းမလို့ဆိုလို့ ဘာများတောင်းမလဲလို့ တွေးနေတာ။ နင်က အခန်းငှားရုံလေးပဲကို။ အဆင်ပြေတာပေါ့။ နင့်ကို ငှားမယ်"
ဟု စိတ်လိုလက်ရဖြင့် ပြန်ပြောလိုက်သည်။
ယွမ်ရိ၏လိုက်လျောမှုအောက်တွင် လင်းယောင်တစ်ယောက် ဝမ်းသားအားရဖြစ်သွားပြီး
"ဒါဆိုရင် နေ့ခင်းပိုင်းကျ တစ်ခါတည်း ရွှေ့လိုက်တော့မယ်နော်။"
လင်းယောင်၏အလောတကြီး ပုံစံကြောင့် ယွမ်ရိလည်း အံ့အားသင့်သွားပြီး
"လောလှချည်လား"
ဟု ပြန်မေးလိုက်မိသည်။
"နင်မသိပါဘူးဟာ။ အသိမိတ်ဆွေမရှိဘဲ ကိုယ်တစ်ယောက်တည်း နေရတော့ ညဘက်တွေဆို ကောင်းကောင်း မအိပ်ပျော်ဘူးဟ။ ဒါ့ကြောင့်မို့ လောနေရတာ"
လင်းယောင်က ပြန်ဖြေပေးလိုက်သည်။
ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ဘူး ဟူ၍ ကြားလိုက်ရတာကြောင့် ယွမ်ရိလည်း စိတ်မကောင်းဖြစ်သွားပြီး
"အွန်း၊ နင်လည်း တော်တော် ပင်ပန်းခဲ့မှာပဲ။ ဒီနေ့ချက်ချင်း ရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ ကောင်းတယ်"
ဟု အားပေးထောက်ခံလိုက်တော့သည်။