အပိုင်း - ၃၁
ယွမ်ရိ၏စကားကြောင့်အပြင် ရှိနေကြသည့် လူတွေအားလုံးရဲ့အကြည့်တွေကြောင့်ပါ ယွမ်ရွယ်ဂျင်း၏ မျက်နှာဟာ နီလိုက်စိမ်းလိုက်ဖြင့် အရောင်တွေ ပြောင်းလာတော့သည်။
ယခင်တုန်းက သူသာလျှင် အဖိုးဆောင်းထံကနေ ပညာတွေကို ကောင်းကောင်းမွန်မွန် သင်ယူနေခြင်းဖြစ်တယ်လို့ မှတ်ယူထားကာ ယွမ်ရိအား လုံးဝဂရုမစိုက်ခဲ့ပေ။
အဖိုးဆောင်းကလည်း သူအပါအဝင် ယွမ်ရိကိုပါ တစ်ကြိမ်တစ်ခါပဲ သင်ကြားပေးခြင်းဖြစ်ကာ တတ်ကျွမ်းလိုပါက ကိုယ့်ဘာသာကိုယ် လေ့ကျင့်ကြရခြင်းပင်။
ဒါ့ကြောင့် ယွမ်ရိနဲ့ယှဉ်ပါက သူဟာ ပိုပြီး ကောင်းကောင်းမွန်မွန် လေ့လာခဲ့တယ်လို့ ယွမ်ရွယ်ဂျင်း ထင်နေခဲ့သည်။ ထိုထင်မြင်ချက်ဟာလည်း ယခုအချိန်ထိတိုင်အောင်ပင်။
သူက ယွမ်ရိချုပ်ထားသည့် ဝတ်စုံကို ပြန်ကြည့်မိလိုက်သည်။ ချုပ်ရိုးချုပ်သားကလည်း ညက်ညောနေကာ ချပ်ချပ်ရပ်ရပ်ဖြင့် ပြီးပြည့်စုံလွန်းလှပေသည်။
သူချုပ်ထားသည့်အရာနဲ့ ယှဉ်လို့ပင်မရချေ။
အကယ်၍ အနီးမှာသာ ကြွက်တွင်းတစ်ခုရှိရင် ယွမ်ရွယ်ဂျင်းတစ်ယောက် အမြန်ဆုံး ဝင်ပုန်းချင်စိတ်တွေ ပေါ်လာတော့၏။
သူ၏မိခင် ဆန်းရှောင်ဟိုင်ကလည်း ဒီနှစ်ဝက်အတွင်း ရွာထဲမှာ သူမ၏သားက ဘယ်လောက်တောင်စက်ချုပ်တတ်နေပြီဖြစ်ကြောင်း၊ ယွမ်ရိကတော့ ဘာမျှမတတ်သေးကြောင်း အစရှိသဖြင့် လေကြီးထားသည်။
အခုတော့ အရာအားလုံးက ဆန့်ကျင်ဘက်တွေချည်း ဖြစ်သွားတာပင်။
သူကိုယ်တိုင်ကတော့ မလုပ်တတ်မကိုင်တတ် ဖြစ်နေသေးကာ ယွမ်ရိကတော့ ကျွမ်းကျင်စွာဖြင့် ဝတ်စုံတစ်စုံ ချုပ်ပြသွားပြီဖြစ်သည်။
ယွမ်ရွယ်ဂျင်းတစ်ယောက် ရှက်လွန်းလို့ ဘာစကားမျှ မပြောနိုင်တော့ချေ။
ယွမ်ရိဟာ တိတ်ဆိတ်နေသည့် ယွမ်ရွယ်ဂျင်းအား အသာလေး ကြည့်နေခဲ့သည်။
ထို့နောက် သူမက သူမလက်ထဲက ဝတ်စုံကို အပ်ချုပ်စက်ပေါ်ပြန်တင်လိုက်သည်။ အပ်ချုပ်စက်ဖြင့် ချုပ်ဖို့တော့ မဟုတ်ချေ။ ကြယ်သီးတွေတပ်ဖို့အတွက် ဖြစ်သည်။
ဒါ့ကြောင့် သူမက အရင်ဆုံးကြယ်သီး၊ ထိုကြယ်သီးနဲ့လိုက်ဖက်မည့်အပ်ချည်နှင့် အပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
အပ်ချည်ကို အပ်အတွင်းဝင်အောင်ထိုးကာ လိုသလောက်လေး ဖြတ်ယူလိုက်၏။ ပြီးတော့ ဝတ်စုံပေါ်မှာ ကြယ်သီးတပ်မည့်နေရာတွေကို အရာပေးလိုက်၏။
ပြီးတာနဲ့ကြယ်သီးကို စတင်တပ်တော့သည်။
သူမက ကြယ်သီးတစ်လုံးချင်းစီကို စိတ်ရှည်ရှည်ထားလို့ သပ်သပ်ရပ်ရပ်လေးဖြင့် ဝတ်စုံနဲ့တွဲချုပ်ပေးလိုက်တော့သည်။
သူမက ကြယ်သီးတပ်နေရင်းဖြင့် ယွမ်ရွယ်ဂျင်းအား တစ်ချက်စောင်းကြည့်ကာ
"ဒီနေ့ နင့်ကို အရေးကြီးတာတစ်ခု ပြောပြမယ်။အပ်ချုပ်သမားကောင်းတစ်ယောက်ဖြစ်ဖို့က အပ်ချုပ်စက်ပေါ် တက်နိုင်ရုံနဲ့မရဘူး။ အပ်ကို လက်နဲ့ကိုင်ပြီး ချုပ်တတ်ဖို့လည်း လိုသေးတယ်။ ချုပ်ရိုချုပ်သားတွေ သပ်ရပ်ဖို့လည်း လိုသေးတယ်။ ဒါ့ကြောင့် အခု ငါ ကြယ်သီးတပ်ပြတာကို သေချာကြည့်ထား" လို့ ပြောလိုက်သည်။
ထို့နောက် သူမက ယွမ်ရွယ်ဂျင်း ဂရုစိုက်ပြီး ကြည့်,ကြည့် မကြည့်,ကြည့် ကျန်နေသေးသည့် ကြယ်သီးတွေကို ဝတ်စုံမှာ တပ်လိုက်တော့သည်။ ဒါ့အပြင် ကြယ်သီးပေါက်တွေမှာလည်း အပ်ချည်ဖြင့် သေချာလေး အနားကွပ်ပေးလိုက်တော့သည်။
အကုန်လုံး ပြီးစီးသွားသည်နှင့် ယွမ်ရွယ်ဂျင်းကို တဖန်ပြန်ကြည့်လိုက်ပြီး
"နင် သေချာလေ့လာလိုက်တယ်မလား" လို့ မေးလိုက်တော့သည်။
ယွမ်ရွယ်ဂျင်းဟာ ယွမ်ရိ၏မေးခွန်းကြောင့်အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ ဒါ့ကြောင့် အံကိုတင်းကနဲနေအောင် ကြိတ်ကာ အခန်းထဲမှာ အဖိုးဆောင်းရှိနေတာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ့လက်ထဲက ပိတ်စကိုပစ်ချ၍ အခန်းထဲကနေ ဒေါသတကြီး ထွက်သွားတော့သည်။
ဆန်းရှောင်ဟိုင်လည်း ရှက်ရွံ့စွာဖြင့်ပင် သူမသားနောက်လိုက်သွားကာ
"ရွယ်ဂျင်း၊ မင်းရဲ့ဆရာရှေ့မှာ ဘာလို့ ဒေါသတကြီးအခန်းထဲကနေ ထွက်လာရတာတုန်း"
ယွမ်ရွယ်ဂျင်းက
"အမေ။ ကျွန်တော့ကို တစ်ယောက်တည်း လွှတ်ထားပေးဦးဗျာ" လို့ ပြောကာ ခပ်လှမ်းလှမ်းသို့ ထွက်သွားတော့သည်။
အခန်းထဲမှာကျန်နေခဲ့ကြသည့် လူတွေကတော့ ယွမ်ရွယ်ဂျင်းတို့ သားအမိထွက်သွားတာကို ခေါင်းတယမ်းယမ်းဖြင့် ကြည့်နေကြတော့သည်။
'မပြည့်တဲ့အိုးက အတော်လေး ဘောင်ဘင်ခတ်သကိုး။ အခုတော့ အကုန်ဘူးပေါ်သလို ပေါ်ကုန်ပြီလေ'
အဖွားလျူရှင်းဟွာကလည်း သူမဘေးမှာရှိသည့် အဖွားကျောင်း၊ အဖွားလီနဲ့ အဖွားဟိုင်တို့အား
"ညည်းတို့မြင်ကြပြီးလား။ ငါအစောကတည်းကပြောပါတယ်။ အဲ့ဒီ ဆန်းရှောင်ဟိုင်ဆိုတဲ့ မိန်းမကလျှောက်ကြွားနေတာပါလို့။ အခုတော့ ရွာသူရွာသားတွေရဲ့ရှေ့မှာ အရှက်တွေ ဗြမ်းဗြမ်းကွဲကုန်ကြပြီလေ" လို့ ပြောလိုက်တော့သည်။
အဖွားလီ၊ အဖွားကျောင်း၊ အဖွားဟိုင်တို့ သုံးယောက်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် လျူရှင်းဟွာ၏ စကားကို ထောက်ခံလိုက်ကြတော့သည်။
အဖိုးဆောင်းကတော့ အခန်းထဲက ထိုင်ခုံတစ်ခုံပေါ်မှာ ထိုင်ရင်း ဆေးလိပ်ခဲနေကာ ဖြစ်ပျက်သွားသည့်အရာများကို သူနဲ့မဆိုင်သည့်အလား လျစ်လျူရှုလို့ထား၏။
ယွမ်ရိက သူမလက်ထဲကဝတ်စုံကို လက်စသတ်ပြီးတာနဲ့ သူမအဖွားအနီးကိုသွားကာ
"အဖွား။ အဖွားအတွက် ဝတ်စုံချုပ်ရအောင်" လို့ ပြောလိုက်သည်။
အစမှာ ဆန်းရှောင်ဟိုင်တို့မိသားစုက အရင်ဆုံး ချုပ်ကြမှာဆိုပေမယ့် ဆန်းရှောင်ဟိုင်တို့က အပြင်ကို ထွက်သွားကြပြီဖြစ်သည်။ အချိန်ကို နှောင့်နှေးစေလို့လည်း မဖြစ်တာမို့ ယွမ်ရိက သူ့အိမ်ကလူတွေအတွက် ချုပ်ပေးဖို့ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
လျူရှင်းဟွာက သူမဘေးမှ ယွမ်ချီကျီကို ရှေ့တွန်းပို့လိုက်ပြီး
"ငါ့အတွက်က ပြီးမှချုပ်ပေးလည်းရတယ်။ အရင်ဆုံး ချီကျီအတွက် ချုပ်ပေးလိုက်ပါ" လို့ ပြန်ပြောလိုက်သည်။
ဒါ့ကြောင့် ယွမ်ရိလည်း သူမ၏တတိယအဒေါ်ယွမ်ချီကျီ၏ ခန္ဓာကိုယ်အား တိုင်းတာလိုက်၏။ ပြီးတာနဲ့ယွမ်ချီကျီအတွက် ဝတ်စုံကိုချုပ်ပေးဖို့ ပြင်တော့သည်။
အခန်းအတွင်းမှ လေထုဟာ အေးချမ်းလို့နေပြီး လူတိုင်းကလည်း စိတ်ဝင်တစားဖြင့် ယွမ်ရိစက်ချုပ်တာကို ကြည့်နေကြ၏။
လူတစ်ယောက်က
"ယွမ်ရိ မင်းက အဖိုးဆောင်းထံကနေ သေသေချာချာလေး သင်ယူခဲ့တာဘဲ။ ကြည့်စမ်းပါဦး မင်းချုပ်ထားတာလေးတွေက တကယ့်ကို သပ်သပ်ရပ်ရပ်လေးတွေဘဲ။ မင်းရဲ့အဖွားတော့ မင်းကြောင့် တော်တော်လေးကို ပျော်နေလောက်ပြီ" လို့ ချီးမွမ်းလိုက်သည်။
ယွမ်ရိက စက်ချုပ်နေရင်းဖြင့် ပြုံးကာ
"တကယ်က အဖိုးဆောင်း သင်ပေးတာကောင်းလို့ပါ" လို့ တုံ့ပြန်လိုက်၏။
အဖိုးဆောင်းက ဆေးလိပ်ခဲနေရင်းဖြင့်
"ငါက အဲ့လောက်မဟုတ်ဘူး။ မင်းကိုယ်တိုင်ကလည်း သင်ယူတတ်မြောက်လွယ်တာကြောင့်လည်းပါ,ပါတယ်ကွာ" လို့ ပြန်တုံ့ပြန်လိုက်သည်။
နောက်ထပ်လူတစ်ယောက်ကလည်း
"ဒါနဲ့ မင်းဘယ်အချိန်မှ အဖိုးဆောင်းထံကနေ ခွဲထွက်ပြီး ကိုယ့်ဘာသာကိုယ် အပ်ချုပ်ဆိုင်ဖွင့်မလဲ" လို့ ထပ်မေးလိုက်၏။
ယွမ်ရိက ပြုံးလိုက်ပြီး
"အဖိုးဆောင်းထံကနေ သမီးက ပုံဆွဲတာတွေကို ကောင်းကောင်း မသင်ရသေးဘူး။ ဒါ့ကြောင့်မို့ အဖိုးဆောင်းထံကနေ ခွဲထွက်ဖို့က အချိန်တော်တော်လိုဦးမယ်ရှင့်"
ဒါကိုကြားတာနဲ့ လူအုပ်ထဲမှ လူတစ်ယောက်က
"အခု ငါနည်းနည်း နားလည်သွားပြီ။ ယွမ်ရိက အချိန်တော်တော်လေး ကြာတုန်းကထဲက အဖိုးဆောင်းထံကနေ အပ်ချုပ်နည်းတွေကို သင်ယူပြီးသွားခဲ့ပြီဘဲ။ ဒါပေမယ့် သူမက ပုံဆွဲတာကိုတော့ မသင်ရသေးဘူးလေ။ ဒါ့ကြောင့်မို့ ဒီလပိုင်းအတွင်းမှာ ယွမ်ရိက အပ်ချုပ်စက်အနားကို လုံးဝမသွားဘဲ ပုံဆွဲလေ့ကျင့်နေတာဘဲ ဖြစ်ရမယ်။ ငါပြောတာ ဟုတ်တယ်မလား"
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး
"အဲ့လိုမျိုးပါဘဲ"
ထိုလူကပဲ ဆက်လက်ပြီးတော့
"ယွမ်ရိ မင်းက အရမ်းထက်မြက်တာပဲ။ ဒီတော့ မင်းအနေနဲ့ အဖိုးဆောင်းထံကနေ ပညာကုန်သင်ဖို့ဆိုတာက လွယ်ကူမှာပါကွာ။ ဒါ့ကြောင့် မြန်မြန်သင်ပြီး ငါတို့ဖန်းယန်ရွာမှာ အပ်ချုပ်ဆိုင်တစ်ဆိုင် ဖွင့်လိုက်တော့ဟေ့" လို့ အားတက်သရော ထပ်ပြောလိုက်၏။
ယွမ်ရိက
"တကယ်တော့ အဖိုးထံမှာ သမီးသင်ယူစရာတွေ အများကြီးကျန်နေသေးတယ်။ ဒါ့ကြောင့် ဆိုင်တစ်ဆိုင် သက်သက်ဖွင့်ဖို့က အခုလောလောဆယ် မစဉ်းစားထားရသေးပါဘူးရှင့်"
ယွမ်ရိ၏စကားကြောင့် အနီးမှာထိုင်နေသည့် အဖိုးဆောင်း၏နှုတ်ခမ်းတွေ တွန့်သွားကာ ကျေနပ်စွာပြုံးလိုက်တော့သည်။
တဖက်မှာတော့ ဆန်းရှောင်ဟိုင်က သူမသားကို လိုက်ရှာနေခဲ့၏။
မကြာခင်မှာပဲ အိမ်ဘေးကကောက်ရိုးပုံအနီးမှာ ငိုနေသည့် ယွမ်ရွယ်ဂျင်းကို သူမတွေ့လိုက်ရတော့သည်။
သူမက ယွမ်ရွယ်ဂျင်း အနားသို့သွားကာ
"ဘာတွေငိုစရာရှိလို့လဲ။ အမေဆိုရင်မင်းအကြောင်းကို တစ်ရွာလုံးသိအောင် ကြွားထားရတာ။ အခုတော့မင်းကြောင့် အရှက်တကွဲဖြစ်ရပြီ။ ဒီလိုဖြစ်နေတဲ့အမေတောင် မငိုတာ မင်းကဘာကိစ္စနဲ့ မျက်ရည်ကျနေရတာလဲ"
ယွမ်ရွယ်ဂျင်းလည်း ငိုယိုထားရ၍ နီရဲနေသောမျက်လုံးများဖြင့် သူ့အမေကို လှည့်ကြည့်လိုက်သည်။
ဆန်းရှောင်ဟိုင်က ဆက်လက်ပြီးတော့
"မင်း လွန်ခဲ့တဲ့နှစ်ဝက်လောက်ကတည်းက အဖိုးဆောင်းဆီကနေ သင်ထားသမျှ ကောင်းကောင်းမလေ့လာခဲ့ဘူးမလား။ မင်းသာ အမေတို့ကို အမှန်အတိုင်းပြောခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး"
"မဟုတ်ဘူး။ ကျွန်တော်တကယ်ပဲ ကောင်းကောင်းမွန်မွန်နဲ့ သေသေချာချာလေ့လာခဲ့တယ်ဗျ"
ယွမ်ရွယ်ဂျင်းက ဆန်းရှောင်ဟိုင်၏စကားဆုံးတာနဲ့ အမြန်ဖြတ်ပြောလိုက်သည်။
ဆန်းရှောင်ဟိုင်က
"ဒါဆိုရင် ဒီနေ့မင်းလုပ်ရပ်တွေကို မတော်တဆဖြစ်သွားတာလို့ ပြောချင်သေးတာလား။ ဒါဆိုရင် ယွမ်ရိကတော့ ဘာလို့ မင်းထက်ပိုပြီး တော်နေရတာလဲ။"
ယွမ်ရွယ်ဂျင်းက ဒီတစ်ကြိမ်မှာတော့ သူ့အမေကို စကားပြန်မပြောနိုင်တော့ပေ။ ဒါကြောင့် ကောက်ရိုးပုံအနီး ထိုင်နေရာကထလိုက်ပြီး အဝေးကို ထွက်သွားဖို့ ပြင်လိုက်သည်။
ဒါကိုမြင်တာနဲ့ ဆန်းရှောင်ဟိုင်က ရှေ့ကနေပိတ်ရပ်လိုက်ကာ
"ဒါက ဘယ်ကိုသွားမယ် စဉ်းစားနေတာလဲ။ အခုချက်ချင်း အိမ်ထဲကိုပြန်ဝင်ပြီး ဝတ်စုံတွေကို သွားချုပ်ချေလေ"
ယွမ်ရွယ်ဂျင်းလည်း တဖက်ကနေ ပတ်ရှောင်ထွက်ကာ
"လုံးဝမသွားနိုင်ဘူး" လို့ သူ့အမေအား ပြန်ခံပြောလိုက်တော့သည်။
အရင်တုန်းက သူ့မှာရှိခဲ့သည့်ယုံကြည်မှုတွေဟာ ယွမ်ရိ၏လုပ်ဆောင်မှုတွေကြောင့် လုံးဝပျက်ပြားသွားပြီဖြစ်၏။ ဒါ့အပြင် အိမ်ထဲပြန်ဝင်သွားရင်လည်း လူအများအပြားရဲ့ ရယ်မောလှောင်ပြောင်ချင်သည့် မျက်လုံးတွေဖြင့် ရင်ဆိုင်ရဦးပေမည်။
ထိုကဲ့သို့ မရင်ဆိုင်ချင်တော့သည့်အတွက် အခုချိန်မှာ အိမ်ထဲကို လုံးဝပြန်ဝင်မှာမဟုတ်ပေ။
ဆန်းရှောင်ဟိုင်က သူမသားနောက်ကနေ ဆက်လိုက်လာပြီး
"မင်း အပ်ချုပ်သင်ဖို့အတွက် ငါတို့ဘယ်လောက်တောင် ရင်းနှီးခဲ့ရလဲဆိုတာကို နင်မသိဘူးလား။ ဘာပဲဖြစ်ဖြစ် နင်အခုချက်ချင်း အိမ်ထဲကိုပြန်ဝင်။ ပြီးရင် အဖိုးဆောင်းကို ဝိုင်းကူပြီးတော့ အိမ်အတွက် ငွေနည်းနည်းပါးပါးရအောင် လုပ်စမ်းပါ"
ယွမ်ရွယ်ဂျင်းက
"လုံးဝမသွားနိုင်ဘူး"
သူက အပ်ချုပ်တာကို မသင်ချင်တော့ပေ။
အဖိုးဆောင်းနဲ့လည်း မျက်နှာချင်းမဆိုင်လိုတော့ပေ။
ကြောင်လက်သည်းဖွက်သလို အရည်အချင်းတွေကို ဖုံးကွယ်ထားတတ်သည့် သူ့ရဲ့ဝမ်းကွဲ ယွမ်ရိကိုလည်း ထပ်မမြင်လိုတော့ချေ။
ဆန်းရှောင်ဟိုင်က လက်ပိုက်လိုက်ကာ
"ရတယ်လေ။ အရင်ဆုံး ငါ့ကို ကြက်ဥခြင်းနှစ်ခြင်းပြန်ပေး"
ယွမ်ရွယ်ဂျင်းက ချင်းချင်းပဲ ခေါင်းညိတ်ကာ
"ကောင်းပြီလေ။ မနက်ဖြန်ကျရင် သေချာပေါက် ပြန်ပေးပါ့မယ်"
ဆန်းရှောင်ဟိုင် : "........"
သူမသားဆီကနေ ထိုစကားကို မျှော်လင့်မထားတာကြောင့် ဆန်းရှောင်ဟိုင် ပြောစရာစကားတို့ ကင်းမဲ့သွားရတော့သည်။
ဒီနေ့ အဝတ်အစားတွေကို ချုပ်တာက ယွမ်ရိ၏ မိသားစုဝင်တွေ ဖြစ်တာမို့ အဖိုးဆောင်းအတွက် နေ့လည်စာကို ယွမ်အိမ်က ပြင်ဆင်ပေးခဲ့ကြ၏။အခြားသော ဟင်းတွေရှိသော်လည်း ဝက်သားနဲ့အသီးအရွက်ရောကြော်ထားသည့် ဟင်းတစ်ခွက်တည်းနဲ့တင်ကို အဖိုးဆောင်းက အားရပါးရလွေးခဲ့၏။
နေ့လည်တွင် ယွမ်ကျီကောင်းနဲ့ယွမ်ချန်းရှန်တို့ အလုပ်ကနေ ပြန်လာကြ၏။
ယွမ်ချန်းရှန်ဟာ သူ့တူမရဲ့အကြောင်းတွေကိုလမ်းမှာကြားခဲ့ရပြီးဖြစ်တာမို့ ပြန်ရောက်တာနဲ့ ယွမ်ရိထံသွားကာ
"ဒီလိုမှန်းသိရင် မနက်က အလုပ်မသွားပါဘူးကွာ။အခုတော့ ရှောင်ရိရဲ့အရည်အချင်းတွေကို မမြင်ရပဲ သူများပြောမှ သိရတဲ့သူဖြစ်နေပြီ"
ယွမ်ရိက
"ဒါနဲ့ နေ့လည်ကျရင် အလုပ်ကို ပြန်မသွားကြနဲ့တော့နော်။ အဖိုးနဲ့ဦးလေးအတွက် တစ်ခါတည်း ဝတ်စုံချုပ်ပေးရအောင်လို့ပါ"
ယွမ်ချန်းရှန်က ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ နေ့လည်ကျရင် အလုပ်မသွားတော့ဘူး"
တဖက် ယွမ်ချန်းကွေ့တို့အိမ်။
ယန်ချန်းကွေ့ဟာလည်း နေ့လည်စာ စားဖို့အတွက် အလုပ်ကနေ အိမ်ကိုပြန်ရောက်နေပြီဖြစ်သည်။
လမ်းမှာ သူကြားခဲ့ရသည့် သတင်းတချို့ကြောင့် ထမင်းစားပွဲမှာ ထိုင်ရင်း ယွမ်ရွယ်ဂျင်းအား မျက်နှာမဲဖြင့် အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
တော်တော်လေးကြာအောင် စိုက်ကြည့်နေပြီးမှ သူက
"မင်းနှစ်ဝက်ကြာတဲ့အထိ ဘာတွေ လျှောက်လုပ်နေခဲ့တာလဲ" လို့ ယွမ်ရွယ်ဂျင်းကို မေးမြန်းလိုက်သည်။
ယွမ်ရွယ်ဂျင်းက ခေါင်းငုံ့ရင်းဖြင့်
"ကျွန်တော် တကယ်ပဲ အဖိုးဆောင်းဆီကနေ သေသေချာချာ လေ့လာခဲ့ပါတယ်ဗျာ" လို့ အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
ပြီးတာနဲ့ ဆက်လက်ပြီး
"ဘာပဲဖြစ်ဖြစ် ကျွန်တော် အပ်ချုပ်ပညာကို ဆက်မသင်ချင်တော့ဘူး"
ထိုစကားကြောင့် ယွမ်ချန်းကွေ့တစ်ယောက် ဒေါသအလွန်ထွက်လာကာ ယွမ်ရွယ်ဂျင်းကို ရိုက်နှက်ဖို့ လက်ရွယ်လိုက်သည်။ ဒါပေမယ့် ဆန်းရှောင်ဟိုင်က အချိန်မှီ ဝင်တားလိုက်၏။
ဆန်းရှောင်ဟိုင်က သူမ၏ယောက်ျားကို ကြည့်ကာ
"တော့သားကို ရိုက်နှက်ဖို့ပဲ ကြံမနေနဲ့။ တစ်ယောက်ယောက်ဆီကနေ ငွေချေးဖို့လည်း ကြံစမ်းပါဦးလားရှင်"
ယွမ်ချန်းကွေ့က မျက်မှောင်ကြုတ်ရင်း
"ငွေချေးရမယ်ဟုတ်လား။ ဘာလို့လဲ။ ဒီရက်ပိုင်း ငါလစာနည်းနည်းထုတ်ထားတော့ အိမ်မှာငွေတော့ အလုံအလောက်ရှိသင့်ပါတယ်ဟ။ ဘာလို့ သူများဆီကနေ သွားချေးရမှာလဲ"
ဆန်းရှောင်ဟိုင်က မဝံ့မရဲ ဖြစ်နေသောလေသံဖြင့်
"အိမ်မှာ ဒီနှစ်အတွက် အဝတ်အစားအသစ်ချုပ်ဖို့ ငွေမလောက်တော့ဘူးရှင့်"
ယွမ်ချန်းကွေ့က
"ဟိုတစ်နေ့က အသီးအနှံတွေနဲ့ ဝက်သားတွေရောင်းလို့ရတဲ့ငွေတွေရော"
ဆန်းရှောင်ဟိုင်က ခေါင်းအသာငုံ့ကာ
"အဲ့တာတွေက တုန်းဖန်းမြို့မှာ ဝယ်စရာရှိတာလေးတွေ ဝယ်ပြီးတဲ့နောက် နည်းနည်းပဲ ကျန်တော့တယ်။"
ယွမ်ချန်းကွေ့လည်း သူ့ခေါင်းကို တဗြင်းဗြင်းကုတ်လိုက်ကာ
"ဟာ မင်းနဲ့ကတော့ ခက်ဝောာ့တာပဲ။ ဘာလို့ပိတ်စဝယ်ဖို့ ငွေတွေ ချန်မထားခဲ့ရတာလဲကွာ"
ဆန်းရှောင်ဟိုင်က
"ကျွန်မလည်း ယွမ်ရွယ်ဂျင်းရဲ့ လုပ်အားခတွေထဲကငွေရလာမယ်လို့ မျှော်လင့်ပြီး လက်ထဲမှာ ငွေနည်းနည်းချန်ထားမိတာပါရှင်။ အခုလိုတွေ ဖြစ်သွားလိမ့်မယ်လို့ ကျွန်မလည်း မျှော်လင့်မထားပါဘူး"
ထိုစကားကြောင့် ယွမ်ချန်းကွေ့ အလွန်ဒေါသတွေထွက်လာကာ သွေးတိုးတော့မတတ် ခံစားလိုက်ရတော့သည်။
နေ့လည်စာ စားပြီးတဲ့နောက်မှာ ယွမ်ရိက ယွမ်ကျီကောင်း၊ လျူရှင်းဟွာနဲ့ ယွမ်ချန်းရှန်တို့အတွက် ဝတ်စုံကို မြန်မြန်လေး ချုပ်ပေးခဲ့သည်။ သူမက ကြယ်သီးတွေကို မတပ်သေးပဲ ဝတ်စုံတွေကို အရင်ချုပ်ပေးခဲ့တာမို့ မြန်မြန်လေး ပြီးသွားတာပင်။
သုံးစုံလုံးချုပ်ပြီးသွားမှ ကြယ်သီးတွေတပ်ဖို့ ပြင်တော့သည်။ ယွမ်ချီကျီက ယွမ်ရိ ကြယ်သီး တပ်နေတာကို ဘေးကနေ ထိုင်ကြည့်နေ၏။
ယွမ်ရိက သူ့မလက်ထဲက ဝတ်စုံတစ်စုံကို ယွမ်ချီကျီလက်ထဲ ထည့်ပေးရင်း
"တတိယအဒေါ်။ ဒီဟာလေးကို ကြယ်သီးဝိုင်းတပ်ပေးပါလား။ အဒေါ်လက်နဲ့ချုပ်တာတွေ သမီးမြင်ဖူးပါတယ်။ တကယ့်ကို သပ်သပ်ရပ်ရပ်နဲ့ လက်ရာကောင်းတာဘဲဟာ"
ယွမ်ချီကျီက နည်းနည်း တွန့်ဆုတ်စွာဖြင့်
"ဖြစ်ပါ့မလားဟယ်။ မတော်လို့ ဝတ်စုံ ပျက်စီးသွားရင် ဘယ်လိုလုပ်မတုန်း"
ယွမ်ရိက ပြုံးလိုက်ကာ
"စိတ်မပူပါနဲ့။ ဒါတွေက သမီးတို့မိသားစုရဲ့ဝတ်စုံတွေပဲဟာ။ ပျက်စီးသွားရင်လည်း ပြန်ပြင်လိုက်မှာပေါ့။ မဟုတ်ဘူးလား"
ယွမ်ချီကျီက
"အဲ့တာဆိုရင် အဒေါ်စမ်းလုပ်ကြည့်မယ်နော်"
လို့ ပြောကာ ယွမ်ရိလက်ထဲက ဝတ်စုံကို ယူလိုက်တော့သည်။
ယွမ်ရိလည်း သူမ၏တတိယအဒေါ်အား အပ်နဲ့အပ်ချည်အသစ် ထပ်ပေးလိုက်ကာ ဘယ်လိုလုပ်ရမယ်ဆိုတာကို အကြမ်းဖျင်းပြောပြလိုက်၏။
ယွမ်ချီကျီကလည်း ဉာဏ်ကောင်းတာမို့ ယွမ်ရိပြောသမျှကို ခဏလေးနဲ့ သဘောပေါက်သွားတော့သည်။
ထို့နောက် တူဝရီးနှစ်ယောက် ကြယ်သီးတွေတပ်ရင်း စကားတပြောပြောဖြင့် အလုပ်လုပ်ကြတော့သည်။
ယွမ်ရိက
"အဒေါ်။ နောက်ရက်ကျရင် သမီးနဲ့အတူ အဖိုးဆောင်းတို့အိမ် လိုက်ခဲ့။ အဲ့ကျရင် အပ်ချုပ်စက်နဲ့ ချုပ်ပုံချုပ်နည်းတွေ သင်ပေးမယ်လေ"
ယွမ်ချီကျီအနေနဲ့ အရင်ကဆိုရင် ငြင်းမှာဖြစ်သော်လည်း နေ့ခင်းတုန်းက ယွမ်ရိ အပ်ချုပ်စက်ဖြင့် ဝတ်စုံတစ်စုံ ချုပ်သွားတာကို ပြန်မြင်ယောင်ရင်းသူမသွေးတွေပါ ဆူပွက်လာသလို ခံစားရ၏။
ဒါ့ကြောင့်မို့ သူမက ခေါင်းညိတ်ကာ
"ကောင်းပါပြီ" လို့ ပြန်ပြောလိုက်တော့သည်။