အပိုင်း - ၆၈.၁
အချိန်တွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။
ယွမ်ရိနဲ့ယွမ်ကျဲဟာ နေ့ရက်တိုင်းကိုအိမ်ထဲမှာ စာလုပ်ရင်းဖြင့် ဖြတ်သန်းခဲ့ကြသည်။
စနေ၊ တနင်္ဂနွေကဲ့သို့ရုပ်ရှင်ပြသည့်နေ့ရက်မျိုးမှာဆိုရင် ယွမ်ရိနဲ့ယွမ်ကျဲဟာရုပ်ရှင်သွားကြည့်လေ့ရှိကြသည်။ ထိုကဲ့သို့အခါမျိုးတွင် ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့ သူမတို့နှစ်ယောက်အတွက် နေရာတွေ ကြိုယူထားပေးလေ့ရှိကြ၏။
ယွမ်ရိတို့နဲ့ရူကျောင်းတို့နဲ့ဆက်ဆံရေးဟာလည်းပိုပြီးတော့ ခင်မင်ရင်းနှီးလာခဲ့ကြပြီဖြစ်သည်။
ကျောင်းပိတ်တာ သုံးလကြာပြီးသည့်နောက်မှာတော့ ကျောင်းပြန်ဖွင့်ပြီဖြစ်ကာ စာသင်နှစ်အသစ်တစ်ခုအား စတင်လိုက်ပီ့ဖြစ်သည်။
သုံးလကြာပြီးသည့်တိုင်အောင် ယွမ်ချန်းဖူပြန်ရောက်မလာသေးသည့်အတွက် ယွမ်ဟောင်ဂျန်တစ်ယောက် အပျော်လွန်နေကာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတော့သည်။ ရဲ့ဖန်ကိုယ်တိုင်ထိန်းတာတောင်မှ မနိုင်တော့ချေ။
ယွမ်ဟောင်ဂျန်ဟာ ကျောင်းကိုသွားတက်သော်လည်း အတန်းချိန်တွေ ပုံမှန်မတက်ဘဲအခြားသော ယောက်ျားလေးတချို့ဖြင့် အလေလိုက်နေလေ့ရှိသည်။ တစ်ခါတလေ ရန်ဖြစ်လာတာမျိုးပင်ရှိနေသည်။
ကျောင်းဖွင့်ပြီး တစ်လကျော်အကြာခန့်မှာတော့ ယွမ်ဟောင်ဂျန်တစ်ယောက် ရန်ပွဲထပ်ဖြစ်ပြန်သည်။ဒီတစ်ကြိမ်ရန်ပွဲမှာ ယွမ်ဟောင်ဂျန်က တစ်ယောက်တည်းဖြစ်ကာ ကျန်သည့်ဘက်ကတော့ အဖွဲ့နဲ့ဖြစ်သည်။
ဒါ့ကြောင့် ယွမ်ဟောင်ဂျန်ဘက်ကဘဲ အဆော်ခံနေရတော့သည်။
ရန်ဖြစ်နေစဉ်အတွင်းမှာ ယွမ်ဟောင်ဂျန်ဟာ တစ်ဖက်အဖွဲ့မှ လူတစ်ယောက်၏ ရိုက်နှက်ခြင်းအားခံလိုက်ရသည်။ ထိုလူရိုက်လိုက်သည့်နေရာကတော့ သူ့နဖူးဘဲဖြစ်၏။
ယွမ်ဟောင်ဂျန်၏နဖူးအနည်းငယ်ကွဲသွားကာ သွေးတချို့စီးထွက်လာခဲ့သည်။ ဒါ့ကြောင့် တစ်ဖက်အဖွဲ့က ယွမ်ဟောင်ဂျန်အား ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
ယွမ်ဟောင်ဂျန်ဟာ နဖူးကွဲနေသောနေရာအား လက်ဖြင့်ဖိလျက် တစ်ဖက်အဖွဲ့အား မျက်ထောင့်နီဖြင့်ကြည့်ကာ
"အေး၊ မင်းတို့ကောင်တွေသတိထားတာနေကြတော့။ ငါက အကိုကြီးရူကျောင်းကိုခေါ်ပြီး မင်းတို့ကိုရိုက်ခိုင်းဦးမှာ"
လို့ ခြိမ်းခြောက်ကာ ထိုနေရာမှ လစ်ထွက်လာခဲ့တော့သည်။
ယွမ်အိမ် ညစာစားချိန်ရောက်တော့ ယွမ်ဟောင်ဂျန်ဟာ နဖူးအား အဝတ်စစည်းလျက် ညစာဝင်စားဖို့ပြင်လိုက်သည်။
ဖန်းရှုံးယန်က ယွမ်ဟောင်ဂျန်၏နဖူးစည်းကိုကြည့်ကာ
"ဘာဖြစ်လို့ နဖူးစည်းထားရတာလဲ။ တစ်ယောက်ယောက်ကများ မင်းကိုရိုက်လွှတ်လိုက်တာလား"
ဟု မေးလိုက်သည်။
"ဒဏ်ရာသေးသေးလေးပါ အမေရာ"
ယွမ်ဟောင်ဂျန်က ပြန်ပြောလိုက်သည်။
ထိုအခါ ဖန်းရှုံးယန်က စိုးရိမ်သွားသော လေသံဖြင့်
"ဘာဒဏ်ရာသေးသေးလေးလဲ။ ဒဏ်ရာဆိုမှတော့ ဒဏ်ရာဘဲပေါ့။ ဆေးရောထည့်ပြီးပြီလား။ နင့်ကြည့်ရတာ ဆေးထည့်ထားမယ့်ပုံလည်းမပေါ်ပါဘူးအေ။ ညစာစားပြီးရင် ငါနဲ့အခန်းထဲလိုက်ခဲ့ ဆေးထည့်ပေးမယ်"
ဟု ပြောလိုက်၏။
"ဟင့်အင်း။ ဆေးမထည့်တော့ဘူး"
ယွမ်ဟောင်ဂျန်က ငြင်းလိုက်သည်။
အဓိက,ကတော့ ဆေးထည့်ပြီးသည့်အခါ ကပ်ရသည့် ကလေးကလား အနာကပ်ပလာစတာကိုမကပ်ချင်၍ပင်။
ဖန်းရှုံးယန်က ဆေးထည့်ဖို့ ထပ်ဖျောင်းဖျလိုက်ပြန်သည်။
ဒီတစ်ကြိမ်မှာတော့ ယွမ်ဟောင်ဂျန်က ထမင်းစားစားပွဲကို ပုတ်ကာ
"မထည့်ချင်ပါဘူးဆိုဗျာ"
ဟု ပြောကာ ထမင်းစားခန်းထဲမှ ထထွက်သွားတော့သည်။
ညစာစားပြီးသည့်နောက်မှာ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အခန်းထဲပြန်လာခဲ့ကြသည်။ ယွမ်ချူးရွယ်သည်လည်း သူမတို့အခန်းထဲကိုလိုက်လာခဲ့၏။
ယွမ်ချူးရွယ်က အခန်းထဲရောက်တာနဲ့
"အဖေမရှိတာနည်းနည်းကြာသွားတာနဲ့ အိမ်က ဖြစ်ချင်တိုင်းဖြစ်နေကြပြီ။ အမေလည်း မထိန်းနိုင်တော့ဘူး"
ဟု ရေရွတ်လိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ ခေါင်းညိတ်လျက် ယွမ်ချူးရွယ်၏စကားများကို ထောက်ခံလိုက်ကြသည်။
ထိုအချိန်မှာဘဲ တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။
တံခါးအား ကန့်လန့်ထိုးထားခြင်းမရှိ၍ ယွမ်ရိက
"ဝင်ခဲ့"
ဟု လှမ်းအော်လိုက်သည်။
တံခါးဟာ ဖြည်းညင်းစွာပွင့်သွားပြီးသည့်နောက် အပြင်ဘက်ကနေ ယွမ်ဟောင်ဂျန်ဝင်လာတော့သည်။
ယွမ်ဟောင်ဂျန်ဟာ အခန်းထဲကိုဝင်လာခဲ့ပြီး တံခါးအားညင်သာစွာပြန်ပိတ်လိုက်သည်။
ပြီးတာနဲ့သူက ယွမ်ရိအနားကိုကပ်ကာ မရဲတရဲဖြင့်
"အမ၊ အကိုကြီးရူကျောင်းနဲ့ကျွန်တော့်ကိုပေးတွေ့ပါလား။ ဒီနေ့လူအများကြီးက ကျွန်တော့်ကိုအနိုင်ကျင့်ကြတာ။ သူတို့ဘက်ကလူများတာကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း အခုလိုအရိုက်ခံခဲ့ရမှာမဟုတ်ဘူး"
ဟု ပြောလိုက်၏။
ယွမ်ရိလည်း ထိုအခါမှ သူ့အခန်းကိုလာရသည့် ယွမ်ဟောင်ဂျန်၏ရည်ရွယ်ချက်အား နားလည်သွားတော့သည်။
'ဒီကောင်ကတော့ လက်စားပြန်ချေဖို့အတွက် ရူကျောင်းရဲ့အကူအညီကိုယူချင်နေတာဘဲ'
ယွမ်ချူးရွယ်က
"အကိုဟောင်ဂျန်၊ အဖေက သူမသွားခင်တုန်းက ရန်မဖြစ်ဖို့လည်း မှာခဲ့သေးတယ်နော်။ ဒါပေမယ့်အကိုက အဖေ့စကားကိုနားမထောင်ဘဲ ရန်ဖြစ်တာကို။ ဒီတော့ အရိုက်ခံခဲ့ရလည်း ခံလိုက်ပေါ့။ ဘာဖြစ်လို့အခြားသူအကူအညီကို ယူချင်နေရသေးတာလဲ"
ဟု ဝင်ပြောလိုက်၏။
ယွမ်ဟောင်ဂျန်က ယွမ်ချူးရွယ်ကိုကြည့်ကာ
"အငယ်မ၊ ဒါနင့်စကားပြောရမယ့်နေရာမဟုတ်ဘူးနော်"
ဟု ပြန်ဆူလိုက်သည်။
ယွမ်ရိဟာ ယွမ်ဟောင်ဂျန်ကိုကြည့်ပြီး တစ်ခဏမျှတိတ်ဆိတ်နေပြီးမှ
"ငါနင့်ကိုကူညီပေးမယ်။ ဒါပေမယ့် အခြေအနေတချို့တော့ရှိတယ်"
ဟု ပြောလိုက်သည်။
"ဘာအခြေအနေလဲ"
ယွမ်ဟောင်ဂျန်က စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်သည်။
ယွမ်ရိက
"ပထမအချက်အနေနဲ့ ကျောင်းမှာ ရန်ထပ်မဖြစ်ရတော့ဘူး။ ဒုတိယအချက်ကတော့ ကျောင်းစာကို သေချာအာရုံစိုက်လုပ်ရမယ်။ နောက်ဆုံးတတိယအချက်အနေနဲ့ကတော့ ကျောင်းစာမေးပွဲမှာ အနည်းဆုံးအမှန်ခြောက်ဆယ် ရ,ရမယ်။ ဘယ်လိုလဲ"
ဟု သူမ၏တောင်းဆိုချက်များအား ပြောပြလိုက်သည်။
"အမှတ်ခြောက်ဆယ်ဟုတ်လား"
ယွမ်ဟောင်ဂျန်ဟာ အလန့်တကြားဖြင့် ရေရွတ်လိုက်ကာ
"အမရယ်။ ဘာလို့များ ကျွန်တော့်ကိုသေအောင်မရိုက်လိုက်တာလဲ"
ဟု မေးလိုက်သည်။
ယွမ်ရိက သုမ၏မျက်ဝန်းတွေကို မှေးကျင်းလိုက်ကာ
"နင့်ကြည့်ရတာ ငါ့အကူအညီကိုမလိုတော့တဲ့ပုံဘဲ။အဲ့တာလည်း ကောင်းတာပါဘဲလေ။ နင်ကိုယ်တိုင်ဘဲ ရူကျောင်းကိုအကူအညီသွားတောင်းလိုက်တော့။ ဟိုက နင့်ကိုအကူအညီပေးမလား၊ မပေးဘူးလားတော့ ငါလည်း အတပ်မပြောနိုင်ဘူးနော်"
ဟု လေသံအေးအေးလေးဖြင့် ပြန်ပြောလိုက်သည်။
ယွမ်ဟောင်ဂျန်လည်း အခန်းပြတင်းပေါက်ကနေတဆင့် အပြင်ဘက်သို့ငေးကြည့်ရင်း အကျပ်ရိုက်သွားတော့သည်။
နာရီလက်တံတွေဟာ အဆက်မပြတ်ရွေ့လျားနေပြီး အချိန်တွေကလည်းတဖြည်းဖြည်းဖြင့် ကုန်ဆုံးနေပြီဖြစ်သည်။
တစ်ခဏကြတော့မှ ယွမ်ဟောင်ဂျန်လည်း သက်ပြင်းအရှည်ကြီးချလိုက်ပြီး ယွမ်ရိကိုကြည့်ကာ
"ကောင်းပြီ။ အမပြောတဲ့အခြေအနေသုံးခုကို ဖြည့်ဆည်းပေးမယ်"
ဟု ပြောလိုက်တော့သည်။
ယွမ်ရိကလည်း ထိုအခါမှ ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီ။ ငါရူကျောင်းကို ပြောပေးမယ်"
ယွမ်ဟောင်ဂျန်လည်း ဝမ်းသာအားရဖြစ်သွားကာ
"ကျေးဇူးတင်ပါတယ်၊ အမ"
ညနေရောက်တော့ ယွမ်ရိဟာ ယွမ်ကျဲနဲ့ယွမ်ဟောင်ဂျန်တို့ကိုခေါ်လျက် အပြင်ကိုထွက်လာခဲ့ကြတော့သည်။
ယွမ်ရိက ယွမ်ဟောင်ဂျန်ကိုကြည့်ကာ
"ဟောင်ဂျန်၊ နင်က ရူကျောင်းကိုသွားခေါ်လာခဲ့။ ငါနဲ့ယွမ်ကျဲက ရူကျောင်းအတွက် ဆေးလိပ်သွားဝယ်ထားနှင့်လိုက်မယ်"
ဟု ပြောလိုက်သည်။
ပြီးတာနဲ့ သူတို့တွေ တွေ့ဆုံကြမည့်နေရာအား သတ်မှတ်လိုက်ကြသည်။
ထို့နောက် ယွမ်ဟောင်ဂျန်ဟာ ရူကျောင်းကိုခေါ်ဖို့အတွက် ပျော်ရွှင်စွာဖြင့် ထွက်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း ဆေးလိပ်ဝယ်ဖို့အတွက် ဈေးဆိုင်သို့သွားခဲ့ကြသည်။
ဆေးလိပ်ဝယ်ပြီးသည့်နောက် တွေ့ဆုံဖို့သတ်မှတ်ထားသည့် နေရာကို ညီအမနှစ်ယောက် ထွက်လာခဲ့ကြသည်။
သတ်မှတ်ထားသည့်နေရာကိုရောက်တော့ ယွမ်ဟောင်ဂျန်နဲ့ရူကျောင်းတို့က မရောက်ကြသေးချေ။
ဒါ့ကြောင့် ညီအမနှစ်ယောက် ထိုင်နေရင်းဖြင့် ယွမ်ဟောင်ဂျန်နဲ့ရူကျောင်းတို့အား စောင့်နေလိုက်ကြတော့သည်။
ယွမ်ကျဲက
"အမ၊ ရူကျောင်းက ယွမ်ဟောင်ဂျန်ကိုကူပြီးတော့ တစ်ဖက်ကအဖွဲ့ကို ရိုက်နှက်ပေးပါ့မလား"
ဟုမေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"တစ်ဖက်အဖွဲ့ကို ရိုက်နှက်ပေးဖို့အကူအညီတောင်းမှာမဟုတ်ဘူး။ နည်းနည်းပါးပါးစကားသွားပြောပေးဖို့ဘဲ ငါကအကူအညီတောင်းမှာ"
ဟု ပြန်ပြောလိုက်သည်။
"ဪ"
ယွမ်ကျဲသည်လည်း 'ဪ' ဟုသာ ရေရွတ်လိုက်တော့၏။
သူမတို့နှစ်ယောက် စကားကောင်းနေစဉ်မှာဘဲ ယွမ်ဟောင်ဂျန်၊ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့သုံးယောက်ရောက်လာကြတာကို လှမ်းမြင်လိုက်ရသည်။
ယွမ်ရိတို့လည်း မတ်တတ်ရပ်ရင်း သူတို့သုံးယောက်အား စောင့်နေလိုက်ကြ၏။
ရူကျောင်းတို့အနီးကိုရောက်တာနဲ့ ယွမ်ရိက
"ရူကျောင်း၊ ငါအကူအညီတစ်ခုလောက် တောင်းစရာရှိလို့"
ဟု ပြောလိုက်၏။
ရူကျောင်းက ခေါင်းညိတ်ကာ
"အင်း။ ပြောလေ။ အချင်းချင်းတွေဘဲဟာ ငါတတ်နိုင်သလောက်ကူညီပါ့မယ်"
ဟု ပြန်ပြောလိုက်၏။
ယွမ်ရိက အရင်ဆုံး သူမတို့ဝယ်လာသည့်ဆေးလိပ်ဗူးအားထုတ်ကာ ရူကျောင်းထံကမ်းပေးလိုက်ရင်း
"အရင်ဆုံး ဒါလေးလက်ဆောင်ပေးမယ်"
ရူကျောင်းက ယွမ်ရိလက်ထဲမှ ဆေးလိပ်ဗူးကိုကြည့်ကာ ခေါင်းယမ်းလျက်
"အဲ့ဒါတွေ မလိုပါဘူးဟာ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိလည်း ရူကျောင်းကိုပြန်ကြည့်ရင်း ပြုံးကာ
"ဒီတိုင်းကြီး အကူအညီတောင်းရမှာကျတော့ တစ်မျိုးကြီးဖြစ်နေတယ်လို့ ခံစားရလို့"
ဟု ပြောလိုက်သည်။
ပြီးတာနဲ့သူမက ယွမ်ဟောင်ဂျန်အား မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။
ယွမ်ဟောင်ဂျန်လည်း ချက်ဆိုနားခွက်ကမီးတောက်တဲ့သူမို့ ယွမ်ရိပြောချင်သည့်အဓိပ္ပာယ်အား နားလည်သွားကာ ချက်ချင်းဘဲ ယွမ်ရိလက်ထဲမှ ဆေးလိပ်ဗူးအား ယူလျက် ရူကျောင်း၏ဘောင်းဘီအိတ်ထဲ ထိုးထည့်ပေးလိုက်တော့သည်။
ရူကျောင်းက ငြင်းနေသေးပေမယ့် ယွမ်ရိက အတင်းပြန်ထိုးထည့်ပေးကာ သူမအကူအညီတောင်းလိုသည့်ကိစ္စအား ပြောလိုက်တော့သည်။
ယွမ်ရိက
"ဒါနဲ့ ကလေးတွေကိုတော့ ရိုက်နှက်တာမျိုးတွေ မလုပ်ခဲ့နဲ့နော်။ စကားနဲ့ဘဲပြော"
ဟူ၍လည်း ရူကျောင်းအား ကြိုတင်သတိပေးလိုက်၏။
ရူကျောင်းက ပြုံးလိုက်ကာ
"စိတ်မပူပါနဲ့။ ငါက ကလေးတွေကို မရိုက်ပါဘူး"
ဟု ပြန်ပြောလိုက်သည်။
လာရင်းကိစ္စကိုပြောပြီးသွားပြီဖြစ်၍ ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း ပြန်ဖို့ပြင်ကြတော့သည်။
ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့လည်း ယွမ်ရိတို့၏အကြောင်းအား သိကြ၍ တားဆီးတာမျိုးမပြုခဲ့ကြဘဲ နှုတ်ဆက်လိုက်ကြသည်။
သူတို့က ကျန်နေခဲ့သည့် ယွမ်ဟောင်ဂျန်ကို ပုခုံးကိုဖက်ကာ
"လာခဲ့။ ငါတို့နဲ့အတူတူ စတိုးဆိုင်ကိုလိုက်ခဲ့။ ဟိုရောက်ရင် မင်းလိုချင်တာရွေးလိုက်။ ငါဝယ်ပေးမယ်"
ဟု ပြောလိုက်သည်။
ယွမ်ဟောင်ဂျန်၏မျက်ဝန်းတွေဟာ သိသိသာသာအရောင်လက်သွားကာ
"တကယ်လား"
ဟု ပြန်မေးလိုက်၏။
စတိုးဆိုင်မှာ သွားဝယ်တာကအဆန်းမဟုတ်ပေမယ့် ရူကျောင်းတို့၊ ချန်းဝေ့တုန်းနဲ့နဲ့အတူတူသွားရမှာဖြစ်သည့်အတွက် ယွမ်ဟောင်ဂျန်တစ်ယောက် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။
ထို့နောက် ရူကျောင်းနဲ့ ချန်းဝေ့တုန်းတို့၏ဆွဲခေါ်မှုနောက်သို့ ယွမ်ဟောင်ဂျန်တစ်ယောက်ပါသွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ အိမ်ကိုဘဲတန်းပြန်လာခဲ့ကြတော့သည်။
နောက်ရက်မနက်ရောက်သည့်အခါ ပုံမှန်နေ့များကဲ့သို့ပင် ကျောင်းသို့သွားခဲ့ကြသည်။ ညနေခင်းကျောင်းဆင်းပြီးသည့်နောက်မှာလည်း အိမ်ကိုဘဲတန်းပြန်ခဲ့ကြတော့သည်။
ညဘက်ညစာစားပြီးတာနဲ့ ယွမ်ဟောင်ဂျန်က ယွမ်ရိတို့အခန်းထဲကိုလာကာ ဝမ်းသာအားရဖြင့်
"အမ၊ အမလို့။ ဒီနေ့ ကျောင်းကိုတက်ရတာအရမ်းအားရစရာကောင်းတာဘဲ။ အကိုရူကျောင်းတို့က ကျွန်တော်နဲ့အတူတူကျွန်တော့်ကို ရိုက်ခဲ့တဲ့ကောင်တွေဆီသွားပြီး ခပ်မိုက်မိုက်စကားတွေ ပြောခဲ့ကြတာ။ အဲ့ကောင်တွေ ကြောက်လိုက်တာဆိုတာများ အသံတောင်မထွက်ရဲဘူး။ နောက်ဆို ကျွန်တော့်ကို လာအနိုင်ကျင့်ရဲကြတော့မှာမဟုတ်ဘူး"
ဟု စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလိုက်သည်။
ယွမ်ရိက ယွမ်ဟောင်ဂျန်၏စကားတွေကိုနားထောင်ပြီးနောက် ပြုံးလိုက်ကာ
"အေးပါ။ နင့်ကို နောက်အနိုင်မကျင့်ရဲတော့ဘူးဆိုတော့လည်း ကောင်းတာပါဘဲ။ နင်လည်း နင့်ကတိသုံးခုကို နင်မမေ့နဲ့နော်။ မဟုတ်လို့ကတော့ ရူကျောင်းကိုငါသွားပြောပြီး နင့်ကိုသေးထွက်တဲ့အထိ ရိုက်ခိုင်းမှာနော်"
ဟု သတိပေးလိုက်သည်။
ယွမ်ဟောင်ဂျန် : "............"
ယွမ်ရိစကားကြောင့် ယွမ်ဟောင်ဂျန်တစ်ယောက် ပျော်နေသည့် စိတ်တွေကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်တော့သည်။
ထို့နောက် သူက ခေါင်းငုံ့လျက် ယွမ်ရိတို့အခန်းထဲမှ ထွက်လာကာ သူ့အခန်းသူ ပြန်လာခဲ့တော့သည်။
နောက်ရက်မနက်မှာတော့ သူ့လွယ်အိတ်ထဲ ကျောင်းစာအုပ်တွေ စုံလင်အောင် ထည့်ကာ ကျောင်းကိုထွက်လာခဲ့တော့သည်။ သူက အတန်းချိန်တွေမှာလည်း လစ်မပြေးတော့ဘဲ ဆရာ၊ ဆရာမသင်သမျှကို အာရုံစိုက် သင်ကြားခဲ့သည်။
ညနေအိမ်ပြန်ရောက်သည့်အခါမှာလည်း ယွမ်ဟောင်ဂျန်က ခါတိုင်းနေ့များလို အပြင်လျှောက်လည်တာမျိုး မလုပ်တော့ဘဲ အခန်းအောင်းလျက် ကျောင်းစာများအား ပြန်လေ့လာနေခဲ့သည်။
ဒါ့ကြောင့် ရဲ့ဖန်က အထူးအဆန်းတစ်ခုကြုံရသလိုဖြစ်နေကာ ယွမ်ဟောင်ဂျန်၏ခေါင်းအား ဆွဲမော့လျက်
"ဖုတ်ဝင်သွားတာများလား"
ဟု ရေရွတ်လိုက်သည်။
ယွမ်ဟောင်ဂျန်က ရဲ့ဖန်၏လက်တွေထံကနေ ရုန်းထွက်လိုက်ခဲ့ပြီး
"ဘာမှ ဖုတ်ဝင်တာမဟုတ်ဘူး။ ဒီတိုင်းဘဲ ကျောင်းစာတွေကို အာရုံစိုက်လုပ်မလို့"
ထိုအဖြေကြောင့် ရဲ့ဖန်တစ်ယောက် အလွန် အံ့အားသင့်သွားပြီး
"ကြားသားမိုးကြိုး။ မင်းက ကျောင်းစာတွေကို အာရုံစိုက်လုပ်မယ်ဆိုပါလား။ ဒီနေ့ ထီဖြစ်ဖြစ်၊ ချဲဖြစ်ဖြစ်သွားထိုးလိုက်ရင် ကောင်းမလားကွာ။ မင်းလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျောင်းစာဆို ယောင်လို့တောင် ဖွင့်မကြည့်တဲ့သူက အခုမှ လုပ်နေတော့ အဆင်ပြေပါ့မလား။ ငါရှင်းပြပေးရဦးမလား"
ဟု မေးလိုက်၏။
"လူတွေကို နှိမ့်နှိမ့်ချချ မမြင်စမ်းပါနဲ့"
ယွမ်ဟောင်ဂျန်က ရဲ့ဖန်အား မျက်လုံးလှန်ကြည့်ရင်း ပြောလိုက်သည်။
ပြီးမှ သူက ခေါင်းကိုအသာကုတ်ကာ
"တကယ်တော့ နားမလည်တဲ့နေရာလေးတွေတော့ ရှိတယ်ဗျ။ အဲ့ဟာလေးတွေ ရှင်းပြပေးဦးနော်"
ဟု ပြောလိုက်သည်။
ရဲ့ဖန်လည်း ယွမ်ဟောင်ဂျန်ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"ပြ ဘယ်နေရာတွေကို နားမလည်တာလဲ"
ဟု မေးလိုက်သည်။
ယွမ်ဟောင်ဂျန်လည်း ခပ်ရှက်ရှက်ပြုံးလိုက်ပြီးမှ အဖြေတစ်ခုပေးလာတော့သည်။
"တကယ်တော့ ငါ၊ ငါ ဘာတစ်ခုမှ နားမလည်ဘူး"
ရဲ့ဖန် : "..........."
'တော်သေးတာပေါ့။ ရိုးရိုးသားသားဖြေပေးတာကိုဘဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ'
အချိန်တွေလည်း တလပြီးတစ်လ ကုန်ဆုံးသွားကာ နိုဝင်ဘာလသို့ ရောက်လာတော့သည်။
လမ်းမတွေပေါ်မှာလည်း သစ်ရွက်ကြွေများကြောင့် ဝါကျန့်ကျန့်အရောင်ဖုံးလွှမ်းနေပြီဖြစ်သည်။
စာသင်ကျောင်းတွေမှာလည်း စာမေးပွဲတွေဖြေနေကြပြီဖြစ်သည်။
မူလတန်းကျောင်း၏ စာသင်ခန်းတစ်ခုအတွင်းမှာတော့ ယွမ်ဟောင်ဂျန်ဟာ စားမေးပွဲဖြေလို့နေသည်။သူဟာ အာရုံကိုအခြားသို့မပျံ့စေဘဲ စာမေးပွဲအတွင်းမှာဘဲ အာရုံစိုက်၍ သေချာဖြေနေ၏။
ဒါဟာ သူ့ဘဝမှာပထမဆုံးအကြိမ် သေချာအာရုံစိုက်ပြီးဖြေနေသောစာမေးပွဲဖြစ်သည်။
ဖြေဆိုပြီးသွားသည့်နောက်မှာတော့ စာမေးပွဲရလဒ်များအား သိရဖို့အတွင် ယွမ်ဟောင်ဂျန်ဟာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေတော့သည်။
ယခင်တုန်းကတော့ သူ့ခေါင်းထဲမှာ စာမေးပွဲအား အရေးတကြီးဖြေရမည့်အရာဟု သတ်မှတ်မထားဘဲ သာမန်ကာလျှံကာသာ ဖြေဆိုခဲ့သည်။စာမေးပွဲ၏ရလဒ်များနဲ့ပတ်သက်ပြီးတော့လည်း အရေးတယူမပြုခဲ့ပေ။
တစ်ဖက်မှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့သည်လည်း စာမေးပွဲဖြေဆိုခဲ့ကြရသည်။
ယွမ်ကျဲဟာ ယခင်တစ်ခေါက်စာမေးပွဲမှာတုန်းက လေးဆယ့်ငါးမှတ်ဘဲရသဖြင့် ယခုတစ်ကြိမ်အတွက် အနည်းငယ်စိတ်ပူနေခဲ့သည်။
ကံကောင်းစွာဖြင့် စာမေးပွဲရလဒ်တွေ ထွက်လာသည့်အခါ ယွမ်ကျဲဟာ အမှတ်ကိုးဆယ်ရခဲ့သည်။
နဂိုတည်းက ယွမ်ကျဲဟာ ဉာဏ်အရမ်းကောင်းသူမဟုတ်ပေမယ့် အညံ့ထဲမှာလည်း မပါပေ။ ဒါ့အပြင် သူမက အဆက်မပြတ်ကြိုးစားအားထုတ်မှုတွေလည်း ပြုခဲ့သေးသည်။ ဒါ့ကြောင့်လည်း စာမေးပွဲမှာအမှတ်ကိုးဆယ် ရရှိခဲ့ခြင်းဖြစ်သည်။