အပိုင်း - ၃၂
မီးဖိုချောင်ထဲမှာ ယွမ်ကျဲဟာ မီးဖိုနောက်မှာထိုင်ရင်း မီးမွှေးနေ၏။
ရေတဝက်ခန့် ထည့်ထားသော ဒယ်အိုးတစ်လုံးကိုလည်း မီးဖိုပေါ်မှာတင်ထားသည်။
လျူရှင်းဟွာကတော့ ဝက်သားတွေကို အတုံးတုံးဖြစ်အောင် ခုတ်ပိုင်းကာ ရေဆေးနေသည်။
ပြီးတော့ ကြက်သွန်ဖြူအနည်းငယ်ကို ဓားဖြင့် ရိုက်ပြားလိုက်ကာ မီးဖိုပေါ်က ဒယ်အိုးအတွင်း ထည့်လိုက်၏။ ငရုတ်သီးတစ်တောင့်၊ နှစ်တောင့်ကိုလည်း ဒယ်အိုးထဲထည့်လိုက်သည်။
ရေတွေဆူပွက်လာပြီး ကြက်သွန်ဖြူနဲ့ငရုတ်သီးနံ့လေး ထွက်လာသောအခါ လျူရှင်းဟွာက ဆေးထားသောဝက်သားတုံးတွေကို ဒယ်အိုးထဲ ထည့်ပြုတ်လိုက်တော့သည်။
ငံပြာရည် နည်းနည်း၊ ဆားနည်းနည်း၊ အချိုမှုန့်လေးနည်းနည်းစသည်ဖြင့် ဟိုဟာနည်းနည်း၊ ဒီဟာနည်းနည်း ထပ်ထည့်ကာ သမအောင် မွှေပေးလိုက်သည်။
အချိန်ခဏကြာတဲ့နောက်မှာတော့ မီးဖိုချောင်လေးအတွင်း မွှေးပျံ့လှသည့်ရနံ့တစ်ခု ထွက်ပေါ်လာတော့သည်။
ယွမ်ကျဲက ထိုရနံ့တွေကို တဝကြီးရှူလိုက်ရင်း
"တစ်နှစ်ကုန်လို့ နွေဦးပွဲတော်ကိုရောက်တာက အရမ်းကောင်းတာပဲ" လို့ ရေရွတ်လိုက်၏။
ဘာလို့လည်းဆိုတော့ ထိုပွဲတော်အတွင်း ဝတ်စုံအသစ်လည်း ရတဲ့အပြင် အသားဟင်းကိုလည်း စားသောက်ရလို့ပဲ ဖြစ်ပေသည်။
နေ့လယ်တုန်းက စားခဲ့ရသည့်ဝက်သား၏အရသာဟာ သူမ၏လျှာပေါ်မှာ အခုချိန်ထိအောင် စွဲနေဆဲဖြစ်၏။
ရေခမ်းသွားတာနဲ့ လျူရှင်းဟွာက အသင့်ခူးထားပြီးသော ဟင်းသီးဟင်းရွက်တွေကို ဒယ်အိုးထဲ ထည့်လိုက်တော့သည်။ ပြီးတော့ ဆီနည်းနည်းထပ်ထည့်ကာ ဝက်သားတွေနဲ့ ရောသမမွှေလိုက်သည်။
သူမက မွှေနေရင်းဖြင့် ယွမ်ကျဲအား
"ညနေစာကိုတော့ ဝက်သားအများကြီးပါမှာမဟုတ်ဘူး။ အသီးအရွက်ပဲ များများထည့်ကြော်ထားတယ်"
ယွမ်ကျဲက ပြုံးလိုက်ပြီး
"ဒါဆိုရင်ကို အရသာအရမ်းရှိနေပါပြီ"
အချိန်ခဏကြာပြီးတဲ့နောက်မှာတော့ ဝက်သားနဲ့အသီးအရွက် ရောကြော်ထားသည့်ဟင်းက ကျက်သွားပြီဖြစ်၍ လျူရှင်းဟွာလည်း ပန်းကန်တစ်လုံးဖြင့် ခပ်ကာ ထမင်းစားပွဲပေါ် သွားတင်ထားလိုက်သည်။
ပြီးတော့အခြားအရံဟင်း နည်းနည်းပါးပါးလည်း ထပ်ပြီးတော့ ချက်လိုက်၏။
ဟင်းတွေအကုန်ကျက်တာနဲ့ ယွမ်ကျဲအား အဖိုးဆောင်းကို ညစာစားဖို့အတွက် သွားခေါ်ခိုင်းလိုက်တော့သည်။
အဖိုးဆောင်းကို ယွမ်ကျဲသွားခေါ်နေစဉ်မှာပဲ ထမင်းစားဝိုင်းသို့ ယွမ်ကျီကောင်း၊ ယွမ်ချီကျီ၊ ယွမ်ချန်းရှန်နဲ့ ယွမ်ရိတို့ရောက်လာကြ၏။ မကြာခင်မှာပဲ အဖိုးဆောင်းနဲ့ယွမ်ကျဲတို့ပါ ရောက်လာကြကာ သူတို့ခုနှစ်ယောက်လုံး ထမင်းစားပွဲမှာ နေရာယူလိုက်တော့သည်။
ယွမ်မိသားစုဟာ အဖိုးဆောင်းကို နည်းနည်းရှိန်နေကြ၍ ထမင်းစားဝိုင်းလေးဟာ ခါတိုင်းလိုမဟုတ်ဘဲ။နည်းနည်းတိတ်ဆိတ်နေ၏။
ယွမ်ချန်းရှန်ဟာ အဖိုးဆောင်းနဲ့ယွမ်ကျီကောင်းတို့ ဟင်းအရင်နှိုက်တာကို စောင့်ပြီးတာနဲ့ တူကိုပြင်ပြီးဝက်သားတစ်ဖက်ကို ကောက်ဝါးလိုက်သည်။
သေချာကျက်အောင်ချက်ပြုတ်ထားပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ဖြင့် နှပ်ထားတာကြောင့် လျှာပေါ်တင်လိုက်တာနဲ့ ပျော်ကျသွားတော့မတတ်ပင်။
ဒါ့ကြောင့် ယွမ်ချန်းရှန်က ဝက်သားဖက်ကို အရသာခံဝါးနေရင်းဖြင့်
"အရသာအရမ်းရှိတာပဲ" လို့ ရေရွတ်လိုက်သည်။
ကျန်တဲ့လူတွေကလည်း ဝက်သားဟင်းကို အသီးသီး နှိုက်စားကြတော့သည်။
ယွမ်ချန်းရှန်ဟာ သူ့ပါးစပ်ထဲက ဝက်သားဖက်ကို မျိုချလိုက်ပြီးတော့ ယွမ်ရိအား
"ရှောင်ရိ နင်အပ်ချုပ်တာကို ကြည့်ရတာတော်တော်လေး ကျွမ်းကျင်နေပုံဘဲနော်။ ဒီလိုမျိုးကျွမ်းကျင်အောင်လို့ ဘယ်လိုတွေများ လေ့ကျင့်လိုပ်တာတုန်း"
ယွမ်ရိက ပါးစပ်ထဲက ထမင်းကိုမျိုချကာ
"ဘယ်လိုမှ မလေ့ကျင့်ပါဘူး။ အိပ်မက်ထဲမှာ ဝတ်စုံဖြူဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်က သမီးလက်ထဲမှာသာ အပ်တစ်ချောင်းရှိရင် ကမ္ဘာပေါ်မှာ အလှဆုံးဝတ်စုံတွေကို ချုပ်လုပ်နိုင်လိမ့်မယ်လို့ပြောပြီး သင်ပေးသွားလို့ ဒီလောက် ကျွမ်းကျင်သွားရတာ" လို့ ပြောလိုက်သည်။
ယွမ်ချန်းရှန်က မျက်လုံးလှန်လိုက်ကာ
"လျှောက်ပြောမယ်ဆိုရင်လည်း ငါ့အသက်အရွယ်နဲ့ကိုက်မယ့် အလိမ်အညာစကားတွေပဲ ပြောစမ်းပါကွာ"
ယွမ်ရိကတော့ ခပ်တည်တည်ဖြင့်ပင်
"သမီးလိမ်ပြောတာမဟုတ်ဘူး။ အဲ့တာက သမီး ကြုံခဲ့ရတာကို အမှန်အတိုင်းပြောပြနေတာ"
ယွမ်ချန်းရှန်က
"အင်းပါ။ ဆက်ပြီးတော့သာ လိမ်နေစမ်းပါ" လို့ ပြောကာယွမ်ရိနဲ့ စကားထပ်မပြောတော့ချေ။
သူကအဖိုးဆောင်း ဘက်ကိုလှည့်ကာ
"အဖိုးဆောင်း။ ကျွန်တော့်တူမကို ကြည့်ရတာ နည်းနည်းနေသိပ်မကောင်းလို့ ဒီလို ဂယောင်ခြောက်ခြားစကားတွေ ပြောထွက်နေတာပါ" လို့ ပြောလိုက်သည်။
အဖိုးဆောင်းကလည်း ယွမ်ချန်းရှန်ကို သေချာပြန်စိုက်ကြည့်ပြီး
"တကယ်တော့ ငါ့တပည့်က မင်းထက်တောင်မှ နေကောင်းနေသေးတယ်"
ထိုစကားကြောင့် ယွမ်ချန်းရှန် မျက်နှာပေါ်မှ အပြုံးတွေ ရပ်တန့်သွားရတော့သည်။
'ဒီလူ့ဂွစာကြီးကတော့ သူ့စကားက ဘာကိုပြောချင်တာလဲ ငါ့ကိုယွမ်ရိလောက်တောင်မှ စိတ်မမှန်ဘူးလို့ပြောချင်တာလား။ ဂါးးး ဒေါသတွေထွက်လိုက်တာ ဒါပေမယ့်စိတ်လျော့ စိတ်လျော့'
ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း သူတို့ဦးလေးငါး၏ အီးမှန်သလို ဖြစ်နေသည့်မျက်နှာကို ကြည့်ကာ ရယ်မောမိလိုက်ကြသည်။
ညစာ,စားပြီးတဲ့နောက်မှာ အဖိုးဆောင်းက ယွမ်အိမ်မှာဘဲအိပ်မှာဖြစ်၍ လျူရှင်းဟွာက ယွမ်ရိတို့ အခန်းထဲကို ရွေ့လာခဲ့၏။
အဖိုးဆောင်းကတော့ အဖိုးယွမ်ကျီကောင်းနဲ့အတူ တစ်ခန်းတည်းအိပ်မှာဖြစ်၏။
ညဘက် အိပ်စက်ကြတဲ့အခါမှာ ယွမ်ရိနဲ့ယွမ်ကျဲက ပုံမှန်နေ့များလိုပင် တစ်ကုတင်အိပ်ကာ ယွမ်ချီကျီနဲ့ လျူရှင်းဟွာတို့ကတော့ တစ်ကုတင်အိပ်ကြသည်။
တစ်နေကုန် ပင်ပန်းထားသည့်ဖြစ်၍ ယွမ်ရိက ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားတော့သည်။ ယွမ်ကျဲကလည်း ထို့အတူပင်။
တဖက်ကုတင်မှာတော့ ယွမ်ချီကျီနဲ့ လျူရှင်းဟွာက အိပ်မပျော်သေးပေ။ သားအမိနှစ်ယောက်ကြားမှာ ပြောစရာစကားတွေ ကျန်နေပေသေးသည်။
လျူရှင်းဟွာက သူမသမီးကိုကြည့်ကာ လေသံတိုးတိုးလေးဖြင့်
"နင် တောင်ခြေကတုန်းဖန်းမြို့ကိုသွားတော့ နင့်သားသမီးတွေနဲ့ တွေ့ခဲ့သေးလား"
ယွမ်ချီကျီက သူမအမေ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ဒါ့ကြောင့် လျူရှင်းဟွာက
"သူတို့ကို မတွေ့ခဲ့ရဘူးမလား။ လျူရှောင်းက တွေ့ခွင့်မပေးတာလား။ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က နင့်ကို မတွေ့ချင်ကြတာလား"
ယွမ်ချီကျီလည်း ခဏမျှတိတ်ဆိတ်နေပြီးမှ
"တကယ်တော့ သူတို့နဲ့တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မပေးတဲ့လက်ဆောင်တွေကို မယူကြဘူး။ ပြီးတော့ ကျွန်မဘယ်အချိန် ပြန်လာမလဲ မေးသေးတယ်။ဘယ်တော့မှပြန်မလာဘူးလို့ ကျမပြန်ပြောလိုက်တော့ ဒန်နီက သူ့ရဲ့ညီမနဲ့မောင်ကိုခေါ်ပြီး တန်းထွက်သွားတော့တာပဲ"
လျူရှင်းဟွာက ယွမ်ချီကျီ၏ပြောပြချက်တွေကို နားထောင်ပြီးတဲ့နောက်မှာ ဒေါသထွက်လာတော့သည်။ဒါ့ကြောင့်သူမက ယွမ်ချီကျီအား
"နင့်သားသမီးတွေရဲ့ အပြုအမူတွေကို အခုလက်တွေ့မြင်ပြီလား။ သူတို့တွေ နင့်ကို ပြန်လာစေချင်တယ်ဆိုတာကလည်း သူတို့အတွက် ချက်ပြုတ်လျှောက်ဖွတ် လုပ်ခိုင်းချင်လို့ပဲ ဖြစ်ရမယ်။ ဘယ့်နှယ်အေ ကိုယ့်အမေတစ်ယောက်လုံး အရိုက်ခံရတာတောင်မှ အဖေဘက်ပါနေသေးတယ်။ ဒီလိုဟာလေးတွေကို သားသမီးမို့ဆိုပြီး မေတ္တာတွေအရမ်းထားမနေနဲ့။ နင့်အကို ယွမ်ချန်းကွေ့ကို အမေဆက်ဆံပုံကိုပဲ ကြည့်လေ။
'တောင်းဆိုးပုလုံးဆိုးကိုသာ ပစ်မယ် သားဆိုးသမီးဆိုးကို မပစ်ဘူး' ဆိုတဲ့ ဆိုရိုးတွေ ဘာတွေကို မေ့ထားလိုက်။ ကိုယ့်အပေါ်မကောင်းရင်တော့ သားသမီးဖြစ်နေစေဦးတော့ ဆွေခန်းမျိုးခန်း ဖျက်ရမှာပဲလေ။ နောက်ဆိုရင် နင့်သားသမီးတွေကို သွားမတွေ့နဲ့တော့"
လျူရှင်းဟွာ၏စကားတွေကြောင့် ယွမ်ချီကျီတစ်ယောက် အတွေးများသွားရတော့သည်။ အချိန်ခဏကြာမှ လေသံတိုးတိုးလေးဖြင့်
"ဟုတ်ကဲ့ပါအမေ" လို့ ပြန်ဖြေလိုက်၏။
ဒါပေမယ့် လျူရှင်းဟွာထံကနေ တုံ့ပြန်မှုမရသောကြောင့် သူမအမေအား ကြည့်လိုက်သည့်အခါ အိပ်ပျော်သွားပြီကို တွေ့လိုက်ရသည်။
ဒါ့ကြောင့်ယွမ်ချီကျီလည်း မျက်စိမှိတ်ကာ အိပ်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် အတွေးတွေကတော့ ယောက်ယက်ခတ်နေဆဲပင်။
'ငါ့မှာ အခုယောက်ျားလည်းမရှိ၊ သားသမီးလည်းမရှိတော့တဲ့ဘဝကို ရောက်နေပြီ။ အခု ငါပျော်နေရဲ့လား။ အို ထားပါလေ။ ဘာပဲဖြစ်ဖြစ် ငါ့မှာအဖေနဲ့အမေရှိတယ်။ မောင်လေးလည်းရှိနေသလို တူမနှစ်ယောက်လည်း ရှိနေတာပဲဟာ'
ထို့နောက်အတွေးတွေကို ရှင်းထုတ်လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်တော့သည်။
နောက်နေ့မှာတော့ ယွမ်ရိနဲ့အဖိုးဆောင်းတို့ဟာ ယွမ်ချန်းကွေ့တို့မိသားစုလေးယောက်အတွက် ဝတ်စုံတွေ ချုပ်ပေးခဲ့ကြသည်။ သူတို့အတွက် ချုပ်ပေးပြီးတာနဲ့ ရွာထဲကတခြားအိမ်တွေမှာ သွားပြီးအဝတ်အစား ချုပ်ပေးကြသည်။
ဖန်းယန်ရွာထဲက အိမ်တွေချည်း နေ့စဉ်ရက်ဆက် ချုပ်ပေးနေရတာမို့ အဖိုးဆောင်းလည်း ဒီရက်တွေထဲမှာ ရွှေသရဖူရွာကို မပြန်ဘဲ ယွမ်အိမ်မှာဘဲအိပ်စက်၏။
ဖန်းယန်ရွာထဲက လူတွေကို ဝတ်စုံတွေချုပ်ပေးပြီးတာနဲ့ အခြားတစ်ရွာသို့ ဝတ်စုံချုပ်ပေးရန် ယွမ်ရိနဲ့အဖိုးဆောင်းတို့ထွက်လာကြတော့သည်။
ဒါ့ကြောင့် ဖန်းမင်းတောင်ပေါ်ကလူတွေဟာ တောင်ပေါ်လမ်းလေးမှာ လူနှစ်ယောက်ထမ်းထားသည့် ထမ်းစင်ပေါ်မှာ အခန့်သားထိုင်ရင်း ဆေးလိပ်ခဲနေသည့်အဖိုးအိုတစ်ယောက်ရယ်၊ အနီရောင်ဝတ်စုံဝတ်ဆင်ထားပြီး လွယ်အိတ်နှစ်လုံးကိုလွယ်ထားသည့် ကလေးမလေးတစ်ယောက်ရယ်၊ အပ်ချုပ်စက်အား မျှထမ်းလာကြသည့် လူနှစ်ယောက်ရယ်၊ အားလုံးပေါင်း လူခြောက်ယောက်ကို အလျှင်းသင့်သလို မြင်တွေ့နေကြရတော့သည်။
ဒီရက်တွေအတွင်း ယွမ်ရိဟာ အဖိုးဆောင်းနောက်ကနေလိုက်ပြီး ရွာတော်တော်များမှ မိသားစုတွေထံကနေ အစားအသောက်မျိုးစုံကို စားသောက်ခဲ့ရ၏။
ထို့အတူပင် အမျိုးမျိုးသောမိသားစုများကို သူမကြုံတွေ့ခဲ့ရသည်။ တချို့သောမိသားစုတွေမှာဆိုရင် လူဦးရေများသည့်အပြင် ငွေကြေး ချို့တဲ့တာမို့ ဝတ်စုံတစ်ထည်လောက် ချုပ်ဖို့ပင် မတတ်နိုင်ကြချေ။
ကောင်းတာတစ်ခုက ယွမ်ရိအနေနဲ့ ဖန်းမင်းတောင်ပေါ်မှာ နေရာတစ်ခု ပိုရပ်တည်နိုင်ဖို့ ခြေလှမ်းစနိုင်ပြီဖြစ်ကာ လူအများကလည်း သူမကို 'အပ်ချုပ်ဆရာမလေး' လို့ နာမည်ပြောင်ပေးထားကြတော့သည်။
နှစ်သစ်ကူးနေ့မရောက်ခင် တစ်ရက်အလိုမှာ ယွမ်ရိက ယွမ်အိမ်ကိုပြန်လာခဲ့သည်။ သူမကသူမ၏ လွယ်အိတ်လေးကိုပိုက်ကာ အလွန်ပင်ပန်းနေပြီဖြစ်သည်။ ဒါပေမယ့် သူမစိတ်ထဲမှာတော့ အလွန်ကျေနပ်လို့နေ၏။
သူမက အဖွားလျူရှင်းဟွာကို အခန်းထဲခေါ်လိုက်ကာ သူမလွယ်အိတ်ထဲမှ ငွေအမြောက်အမြားထုတ်ပေးလိုက်တော့သည်။
ဒီနှစ် ဝတ်စုံတွေချုပ်ရာမှာ အဖိုးဆောင်းက ဝတ်စုံပုံစံတွေဆွဲပေးရုံလေးပဲဖြစ်ကာ ကျန်တဲ့အရာတွေကိုတော့ ယွမ်ရိကပဲ အပြီးအစီး လုပ်ကိုင်ခြင်းဖြစ်သည်။
ဒါ့ကြောင့်ပဲ အဖိုးဆောင်းက သူမကို ငွေတွေအများကြီး ပေးလိုက်ခြင်းဖြစ်၏။
လျူရှင်းဟွာလည်း ငွေတွေအများကြီးကို မြင်သည့်အခါ အံ့အားတကြီးဖြင့်
"ငွေတွေအများကြီးပဲ" လို့ ရေရွတ်မိလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"အဖွားပဲ သိမ်းထားပေးပါဦး"
လျူရှင်းဟွာလည်း ငွေတွေကို ရေတွက်လိုက်ပြီး ပြုံးလိုက်ကာ
"ကောင်းပြီ။ အဖွားသိမ်းထားပေးမယ်။ အနာဂတ်ကျရင် မင်းအသုံးလိုလာတဲ့အခါ အဖွားကိုပြော"
ယွမ်ရိက ပြုံးလိုက်ကာ
"ဦးလေးငါးကို မဂ်လာဆောင်ပေးဖို့ဘဲ အရင်ဆုံးကြိုးစားကြတာပေါ့"
"အို အဲ့လိုလုပ်စရာလားကွယ်။ မင်းရဲ့ဦးလေးငါးကလည်း သူ့တူမရှာထားတဲ့ငွေတွေကိုသုံးပြီး အိမ်ထောင်ပြုချင်မှာ မဟုတ်ဘူး"
လျူရှင်းဟွာက ယွမ်ရိ၏ စကားကို ချက်ချင်းပြန်ပြောလိုက်သည်။
ယွမ်ရိကတော့ သူမအဖွားကို ဘာမျှထပ်မပြောတော့ချေ။ အချိန်ခဏကြာမှ
"မနက်ဖြန်ကျရင် သမီးရဲ့အသက်က တစ်နှစ်ထပ်ကြီးတော့မယ်" လို့ပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
နေ့တစ်နေ့ဟာ လျှင်မြန်စွာကုန်ဆုံးသွားပြီး နှစ်သစ်ကူးနေ့ကို ရောက်လာတော့သည်။ ထို့အတူ ယွမ်ရိဟာလည်း အသက်ဆယ့်ငါးနှစ် ပြည့်သွားတော့သည်။
ဆယ့်ငါးနှစ်ပြည့်သွားပြီဖြစ်သည့် ယွမ်ရိဟာ ယွမ်ကျဲနဲ့အတူ ဖန်းယန်ရွာထဲမှာရှိသည့် အိမ်တိုင်းကိုသွား၍ နှစ်သစ်ဆုတောင်းစကားများ ပြောကြတော့သည်။
ယွမ်ရိဟာ အဖိုးဆောင်းကိုလည်း နှစ်သစ်ဆုတောင်းစကား သွားပြောဖို့ ဆုံးဖြတ်ထား၏။
သူမနဲ့ယွမ်ကျဲက အရင်ဆုံး လင်းယောင်တို့အိမ်ကို သွားကာ လင်းယောင်တို့မိသားစုအား နှစ်သစ်ဆုတောင်းစကားပြောခဲ့၏။
ပြီးတာနဲ့ယွမ်အိမ်ကိုပြန်လာကာ မုန့်တချို့ထုပ်ပိုးလိုက်သည်။ ပြီးတာနဲ့ ညီအမနှစ်ယောက်သား ရွှေသရဖူရွာသို့ ထွက်လာခဲ့ကြတော့သည်။
အဖိုးဆောင်း၏ခြံရှေ့ကို ရောက်တော့ ခြံတံခါးက ပိတ်ထားတုန်းပင်။ ဒါ့ကြောင့်ယွမ်ရိက တံခါးကိုခေါက်လိုက်ပြီး ကျယ်လောင်စွာဖြင့်
"အဖိုးဆောင်း။ သမီး ယွမ်ရိပါ နှစ်သစ်ဆုတောင်းစကား လာပြောရင်းနဲ့ မုန်တချို့လာပို့တာပါ အဖိုး"
ဒါပေမယ့် အတွင်းထဲကနေ ဘာအသံမှ မကြားရချေ။ ဒါ့ကြောင့်မို့ ယွမ်ရိက တံခါးကိုထပ်ခေါက်လိုက်ပြီး အကြိမ်နည်းနည်း ထပ်အော်လိုက်သည်။
ဒါပေမယ့် အတွင်းထဲက တိတ်ဆိတ်နေဆဲပင်။
ယွမ်ကျဲက
"အပြင်သွားတာများ ဖြစ်နေမလား" လို့ ရေရွတ်လိုက်၏။
နှစ်သစ်ကူးပွဲတော်မှာ လူအများစုက ညစာစားကြ၊သောက်ကြဖြင့် အပေါင်းအသင်း သူငယ်ချင်းများနဲ့အတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပေသည်။ ဒါ့ကြောင့် အဖိုးဆောင်းကလည်း အခြားသောအိမ်တွေကို သွားလည်ခြင်း ဖြစ်နိုင်သည်ဟု ယွမ်ကျဲတစ်ယောက်တွေးလိုက်မိသည်။
ယွမ်ရိကတော့ ထိုအရာကမဖြစ်နိုင်ဘူးဆိုတာ သိပေသည်။ ဘာလို့လည်းဆိုတော့ အဖိုးဆောင်းမှာ သွားလည်ပတ်ဖို့အတွက် ဆွေမျိုး၊ သူငယ်ချင်း လုံးဝရှိမနေလို့ပင်။
သူမက တစ်ခုခုမှားနေပြီလို့ ခံစားရကာ တံခါးကိုလက်ဖြင့် အသာလေး တွန်းကြည့်လိုက်သည်။ ထိုအခါတံခါးက သော့မခတ်ထား၍ လွယ်လွယ်ကူကူဖြင့်ပင် ပွင့်သွားတော့သည်။ သဘောက အဖိုးဆောင်းဟာအိမ်ထဲမှာရှိနေဆဲကို ပြနေတာပင်။ ဒါဆိုရင် ဘာလို့ သူမတို့ကို အသံမပေးရတာလဲ။
နောက်ဆုံးမှာ ယွမ်ရိက တစ်ခုခုမှားနေပြီဆိုတာကို သတိထားမိသွားတော့သည်။
'အဖိုးဆောင်းက အိပ်ရာမထသေးတာများ ဖြစ်နိုင်မလား။ မဖြစ်နိုင်ဘူး။ အဖိုးဆောင်းက စောစောနိုးလေ့ရှိတာပဲကို အခုက နေ့လည်းခင်းတောင် ရောက်တော့မှာ။ ဒီတော့ အိပ်ပျော်နေတာတော့ မဖြစ်နိုင်ဘူး။ ပြဿာတစ်ခုခု ဖြစ်နေတာပဲ ဖြစ်ရမယ်'
သူမရဲ့အတွေးတွေ မသေမချာဖြစ်မှာ စိုးသည့်အတွက် ယွမ်ရိက ပွင့်နေသည့်တံခါးကို ထပ်ခေါက်လိုက်ကာ အကြိမ်နည်းနည်း ထပ်အော်ခေါ်လိုက်ရင်း အသံပေးလိုက်သည်။ ဒါပေမယ့် တိတ်ဆိတ်နေဆဲပင်။
ယွမ်ကျဲကတော့ ယွမ်ရိစိတ်ထဲက အတွေးတွေကို မသိပေ။ သူမက အဖိုးဆောင်းကို အိမ်ထဲမှာမရှိဘူးလို့ပဲ ထင်မှတ်လိုက်ကာ
"အဖိုးဆောင်း အပြင်သွားတာလည်း ဖြစ်နိုင်တာဘဲ။ညီမတို့ အိမ်ပြန်ကြတော့မလား" လို့ မေးလိုက်၏။
ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"တံခါးကို သော့ခတ်မထားဘူး။ ဒါ့ကြောင့် အဖိုးဆောင်းက အိမ်မှာပဲရှိရမယ်"
ထို့သို့ပြောပြီးတာနဲ့ ပွင့်နေသောတံခါးကနေတဆင့် အိမ်ထဲကိုဝင်လာခဲ့ကြပြီး အဖိုးဆောင်းကို ရှာကြတော့သည်။
အပ်ချုပ်ခန်း၊ အိပ်ခန်း၊ ဧည့်ခန်းတွေမှာ ယွမ်ရိ ရှာခဲ့ပြီးဖြစ်ပေမယ့် အဖိုးဆောင်းကို မတွေ့ရချေ။ ထိုအချိန်မှာပဲ အပြင်ကနေ ယွမ်ကျဲ၏ စူးစူးဝါးဝါးအော်သံကို ယွမ်ရိ ကြားလိုက်ရတော့သည်။
"အမရေ ဒီကိုမြန်မြန်လာပါဦး"
ယွမ်ရိလည်း ယွမ်ကျဲ၏အသံကြားရာအရပ်သို့ အမြန်သွားလိုက်တဲ့အခါ မီးဖိုချောင်ဘက်ကို ရောက်လာတော့သည်။
သူမ မီးဖိုချောင်ထဲ ရောက်သွားသောအခါ
မီးဖိုချောင် ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက် လဲကျနေသည့် အဖိုးဆောင်းကို မြင်တွေ့လိုက်ရတော့သည်။
ထိုမြင်ကွင်းကြောင့် ယွမ်ရိ အလွန်ထိတ်လန့်သွားတော့သည်။ သူမက ယွမ်ကျဲအား
"လာ၊ ကူညီပါဦး" လို့ပြောကာ ညီအမနှစ်ယောက် အဖိုးဆောင်းအား မနိုင်မနင်း ပွေ့ထူလျက် မီးဖိုချောင်ကြမ်ပြင်ပေါ်မှ ခေါ်ထုတ်လိုက်ကြသည်။ ထို့နောက်အခန်းထဲက ကုတင်ပေါ်သို့ တင်ပေးလိုက်ကြ၏။
အဖိုးဆောင်းကို ကုတင်ပေါ် တင်ပြီးတာနဲ့ယွမ်ရိက ယွမ်ကျဲအား
"သွား မိုးပျံမျှောင်စင်က လင်းယောင်ရဲ့အမေကို မြန်မြန် သွားခေါ်ချည်"
ယွမ်ကျဲကလည်း ချက်ချင်းပင် ဖန်းယန်ရွာဘက်ကို မြန်မြန်ပြေးထွက်သွားတော့သည်။
မိုးပျံမျှော်စင်ကို ရောက်တာနဲ့ ကျောင်းရွယ်ယန်အား
"အဒေါ်ကျောင်း။ လူကယ်ဖို့ အရေးကြီးလို့ သမီးနဲ့ ရွှေသရဖူရွာကို မြန်မြန်လေးလိုက်ခဲ့ပေးပါဦး" လို့ အမောတကောပြောလိုက်၏။
ယွမ်ကျဲ၏ လေသံတွေဟာ မောဟိုင်နေပြီး အလောတကြီးဖြစ်နေတာကို ကျောင်းရွယ်ယန် မြင်လိုက်တာမို့ ဘာမှထပ်မမေးတော့ဘဲ လင်းယောင်အား ဆေးအိတ်ကို သယ်ခဲ့ခိုင်းကာ ယွမ်ကျဲနဲ့အတူ ရွှေသရဖူရွာကို ထွက်လာခဲ့တော့သည်။
သူတို့သုံးယောက် အဖိုးဆောင်းခြံထဲကို ရောက်တာနဲ့ ကျောင်းရွယ်ယန်က ယွမ်ရိအား မြင်သွားကာ
"ဘာဖြစ်တာလဲ" လို့ မေးလိုက်သည်။
ယွမ်ရိလည်း ထိုင်နေရာကနေ မတ်တတ်ရပ်ကာ
"သမီးလည်းမသိဘူး သမီးတို့ရောက်တော့ အဖိုးဆောင်းကို မီးဖိုချောင်ထဲ လဲကျနေတာတွေ့လို့ အဒေါ့်ကို လှမ်းခေါ်လိုက်တာပါ"
ကျောင်းရွယ်ယန်လည်း ကုတင်ပေါ်က အဖိုးဆောင်းကို စမ်းသပ်လိုက်၏။
"ဒါက အသက်အရွယ်ရလာလို့ အရိုးအဆစ်တွေက မသန်မာတော့ဘူးလေ။ အာရုံကြောတွေလည်း အတူတူဘဲ။ အဖိုးဆောင်း အခုလို မေ့လဲသွားရတာက အာရုံကြောတွေနဲ့ အရိုးအဆစ်က ခဏတာအလုပ်မလုပ်တာမျိုး ဖြစ်သွားလို့ပါ။ သိပ်တော့ စိုးရိမ်စရာမရှိဘူး။ သောက်ဆေးနည်းနည်းပါးပါး ပေးထားခဲ့မယ်နော်"
ထိုအချိန်မှာပဲ အဖိုးဆောင်းက မျက်စိပွင့်လာကာ သတိပြန်ရလာတော့သည်။
ဒါ့ကြောင့် ယွမ်ရိလည်း အဖိုးဆောင်းအနား မြန်မြန်သွားကာ
"အဖိုး။ ဘယ်လိုနေသေးလဲ။ မသက်မသာ ခံစားနေရတဲ့နေရာရှိလား" လို့ မေးလိုက်၏။
အဖိုးဆောင်းက နည်းနည်းပင်ပန်းနေသောလေသံဖြင့်
"သက်သာပါတယ်ကွယ်" လို့ ပြန်ဖြေလိုက်သည်။
ယွမ်ရိလည်း ကျောင်းရွယ်ယန် ပြင်ပေးထားသည့်ဆေးတချို့ကို အဖိုးဆောင်းအား တိုက်ကျွေးလိုက်သည်။ ဆေးတိုက်ပြီးဝော့ အဖိုးဆောင်းကို ကုတင်ပေါ်မှာပဲ အနားယူစေကာ သူတို့လေးယောက်ကတော့ အပြင်ကို ပြန််ထွက်လာခဲ့ကြသည်။
ယွမ်ရိက အပြင်ကိုရောက်တာနဲ့
"အဖိုးဆောင်းရဲ့ အခြေအနေက တကယ်ကောင်းရဲ့လား"
ကျောင်းရွယ်ယန်က ခေါင်းည်ိတ်လိုက်ပြီး
"တအားကြီးလည်း စိုးရိမ်မနေပါနဲ့။ ဒါမျိုးက အဖိုးဆောင်းရဲ့အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အရာတွေပဲ။ မင်းအနေနဲ့ အားရှိစေမယ့်အစားအစာတွေကို ကျွေးပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ခိုင်းရင် မြန်မြန်ပြန်သက်သာလာမှာပါ"
ယွမ်ရိလည်း ထိုအခါ စိတ်သက်သာရာရသွားပြီး သူမအိတ်ထဲကနေ ငွေတချို့ထုတ်ကာ ကျောင်းရွယ်ယန်ကို ဆေးဖိုးပေးဖို့ပြင်လိုက်၏။
ကျောင်းရွယ်ယန်က ယွမ်ရိထံကနေ ငွေမယူခဲ့ချေ။သူမက သူမ၏သားကို ကြည့်ကာ
"ယွမ်ရိတို့နဲ့ နေခဲ့ဦးမှာလား" လို့ မေးလိုက်၏။
လင်းယောင်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ကျောင်းရွယ်ယန်က ဆေးသေတ္တာကိုဆွဲလို့ အဖိုးဆောင်း၏အိမ်ကနေ တစ်ယောက်တည်း ပြန်သွားတော့သည်။
ယွမ်ရိ၊ လင်းယောင်နဲ့ယွမ်ကျဲတို့ သုံးယောက်ကတော့ ခြံထဲက အရိပ်ရသည့်သစ်ပင်အောက်မှာ ထိုင်ရင်း စကားတချို့ပြောနေခဲ့ကြသည်။ ယွမ်ရိက မြေပဲလှောက်တချို့ကိုပါ ထုတ်ယူလာတာမို့ သူတို့သုံးယောက် မြေပဲလှော်စားရင်း စကားစမြည်ပြောနေခဲ့ကြ၏။
တခဏကြာတော့ ယွမ်ရိက အဖိုးဆောင်းထံ ထွက်လာခဲ့သည်။
"အဖိုး။ ဘာစားချင်သေးလဲ။ တစ်ခုခု စားချင်စိတ်လေး မရှိဘူးလား"
အဖိုးဆောင်းက
"ငါ အိမ်သာခဏသွားချင်လို့။ နည်းနည်း တွဲပေးစမ်းပါဦး"
ယွမ်ရိလည်း အဖိုးဆောင်းကိုတွဲကာ အိမ်သာထိ လိုက်ပို့လိုက်၏။ ပြီးတာနဲ့ ကုတင်ပေါ်သို့ ပြန်လှဲစေလိုက်သည်။
အဖိုးဆောင်းက လှဲနေရင်းဖြင့် သက်ပြင်းချကာ
"နှစ်သစ်မှာ မူးလဲတာက တကယ့်ကို နမိတ်မကောင်းဘူး။ ကြည့်ရတာ ငါ တော်တော်အသက်ကြီးနေပြီ ထင်တယ်" လို့ ရေရွတ်လိုက်၏။
ယွမ်ရိဟာ အဖိုးဆောင်းစကားကြောင့် စိတ်မကောင်းဖြစ်သွားတော့သည်။ ဒါ့ကြောင့် သူမက မြန်မြန်နှစ်သိမ့်ပေးလိုက်၏။
"အဖိုးရယ် အဲ့လောက်ကြီး အယူသီးမနေပါနဲ့ အဖိုးက အချိန်အကြာကြီး နေနိုင်ဦးမှာပါရှင်"
ယွမ်ရိဟာ အဖိုးဆောင်းအိမ်မှာဘဲ တစ်နေကုန် နေရင်း အဖိုးဆောင်းကို ပြုစုပေးခဲ့သည်။ ညဘက်မိုးချုပ်မှ ခြံတံခါးကို ပိတ်ပေးထားခဲ့ကာ လင်းယောင်နဲ့အတူတူ ပြန်လာခဲ့ကြတော့သည်။
ယွမ်ကျဲကိုတော့ နေ့လည်ကတည်းက အဖွားလျူရှင်းဟွာကို အကျိုးအကြောင်း ပြောပြခိုင်းဖို့အတွက် ပြန်ခိုင်းလိုက်ခြင်းဖြစ်၏။
မိုးချုပ်နေပြီဖြစ်တဲ့အပြင် သူမတို့မှာ ဓာတ်မီးမပါတာကြောင့် ယွမ်ရိဟာ အမှောင်ထဲ ကောင်းစွာမမြင်ရပေ။ ဒါ့ကြောင့် ဖြည်းဖြည်းချင်းသာ ခရီးဆက်နေရသည်။
လင်းယောင်က ထိုအရာကြောင့် ပြုံးမိလိုက်ပြီး
"လာ ငါ့လက်ကိုကိုင်ထား ငါခေါ်သွားမယ်"
လင်းယောင်စကားကြောင့် ယွမ်ရိ အံ့အားသင့်သွားပြီး
"နင် မြင်ရလို့လား"
လင်းယောင်က ခေါင်းညိတ်လိုက်ပြီး
"အင်း။ ငါနည်းနည်းမြင်ရတယ်"
ဒါ့ကြောင့် ယွမ်ရိလည်း သူမလက်ကို လင်းယောင်လက်ထဲ ထည့်ပေးလိုက်၏။
ထို့နောက် နှစ်ယောက်သား လက်ချင်းတွဲလို့ ဖန်းယန်ရွာထံ ပြန်လာခဲ့ကြတော့သည်။ လမ်းမှာ ခလုတ်ကသင်းတွေတွေ့တိုင်း လင်းယောင်က ယွမ်ရိကို သတိပေးလေ့ရှိသည်။
ရုတ်တရက် သူတို့နှစ်ယောက် အလင်းရောင်တစ်ချက် လက်သွားတာကို မြင်လိုက်ရ၏။
အလင်းရောင်ဟာ တဖြည်းဖြည်းသူတို့အနီးကို တိုးကပ်လာပြီး ဓာတ်မီးကိုင်ထားသည့် လူတစ်ယောက်ဖြစ်နေတာကို နှစ်ယောက်သား တွေ့လိုက်ကြရတော့သည်။
ယွမ်ချန်းရှန်ဟာ တောင်ပေါ်လမ်းတစ်လျှောက် ဓာတ်မီးတစ်လက်ဖြင့် လျှောက်လာရင်း သူ့တူမနဲ့လင်းယောင်ကို တွေ့လိုက်ရ၏။ ဒါ့ကြောင့် သူက ချောင်းအသာဟမ့်ရင်း အသံပေးလိုက်တော့သည်။
"အဟမ်း။ အဟမ်း"