အပိုင်း - ၈၇.၁
ရဲ့ချူးဝမ်၏ မရှူနိုင်မကယ်နိုင် ဖြစ်ပျက်သွားသည့်မျက်နှာထားကြီးကြောင့် ယွမ်ရိလည်း ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။
ထို့နောက် ရဲ့ချူးဝမ်၏ဆိုင်ရှေ့မှာထပ်မနေတော့ဘဲ ရှဲ့တုန်းယန်၏ဆိုင်အား ဆက်လက်ရှာဖွေလိုက်တော့သည်။
သူမပတ်ပတ်လည်မှာလည်း လူအများအပြားဖြင့် စည်ကားလို့နေသည်။ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများက တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်၍ လူတွေ၏ အတွေးအမြင်တွေကလည်း ပွင့်လင်းလာကြသည်။
သူတို့၏စိတ်ထဲတွင်လည်း လွတ်လပ်မှုများဖြင့် ပြည့်နေတော့၏။ ထိုအခြင်းအရာအား လမ်းပေါ်မှလူများ၏ဝတ်ပုံစားပုံတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။
လူငယ်အများအပြားဟာ ဂျင်းဘောင်းဘီနဲ့မျက်မှန်နဲ့ စတိုင်ကျကြည့်ကောင်းနေကြသလို၊ လုံမပျိုလေးများဟာလည်း ဆံပင်ပုံစံခပ်ဆန်းဆန်းများဖြင့် လန်းချင်တိုင်း လန်းနေကြတော့သည်။
ယွမ်ရိဟာ လမ်းဘေးဈေးဆိုင်တန်း၏ အလယ်ခေါက်လောက်ရောက်တဲ့အထိ ရှဲ့တုန်းယန်၏ဆိုင်ကို မတွေ့သေးချေ။ ဒါ့ကြောင့် ခပ်ဝေးဝေးရှာမနေတော့ဘဲ သူမတို့အရင်တုန်းက ဆိုင်ဖွင့်သည့်နေရာကို တန်းလာလိုက်တော့သည်။
ကံကောင်းစွာဖြင့် ထိုနေရာမှ ရှဲ့တုန်းယန်အား သူမတွေ့လိုက်ရသည်။ ရှဲ့တုန်းယန်သည်လည်း ယွမ်ရိအား မြင်သွားကာ ဝမ်းသာအားရဖြင့်
"ရှောင်ရိ၊ နင့်ဇာတိကနေ ပြန်ရောက်လာပြီဘဲ"
ဟု နှုတ်ဆက်လိုက်သည်။
ယွမ်ရိလည်း ရှဲ့တုန်းယန်၏ဆိုင်ထဲဝင်လာလိုက်သည်။ သူမက ခဏမျှအမောဖြေလိုက်ပြီးမှ ရှဲ့တုန်းယန်အား
"ဒီနေရာက တော်တော်လေးကို အသက်ဝင်လာတာဘဲနော်"
ဟု ပြောလိုက်သည်။
ရှဲ့တုန်းယန်က ယွမ်ရိစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။
"လွန်ခဲ့တဲ့တစ်နှစ်တုန်းက နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှုတွေက စတင်တဲ့အချိန်ဘဲ ရှိသေးတာမို့ လူတွေက စောင့်ကြည့်ကြတုန်းဘဲ ရှိသေးတာလေ။ဒါပေမယ့် တစ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲမှုတွေက အကောင်းဘက်ကိုဦးတည်နေတဲ့အပြင် လူ့အခွင့်အရေးတွေလည်း တိုးတက်လာတာကို လူတွေအကုန်သတိထားမိလာကြတာ။ ဒါ့ကြောင့် လူတွေက လွတ်လပ်ရေးရသွားသလိုမျိုး ဖြစ်ပြီး မိန်းကလေးတွေဆိုလည်း ဆံပင်ဘုတ်သိုက်ကေတွေနဲ့ ငါဖြင့် ကြည့်လို့မရပါဘူးကွာ"
ယွမ်ရိကလည်း ပြုံးလိုက်ပြီး
"ယောက်ျားလေးတွေကလည်း ဂျင်းဘောင်းဘီရှည်ကြီးတွေ တဖါးဖါးနဲ့နော်"
ဟု ထပ်ပေါင်းပြောလိုက်၏။
ရှဲ့တုန်းယန်က လမ်းဘေးက ဈေးဆိုင်အများအပြားကိုကြည့်ပြီး သက်ပြင်းတစ်ခုချလိုက်ကာ
"နင်ပြောတာမှန်တယ် ရှောင်ရိ။ မြို့ထဲကလူတွေက ငါ့ရဲ့တစ်လ၊ တစ်လ ဈေးရောင်းရတဲ့ဝင်ငွေကို သိသွားပြီးတဲ့နောက်မှာ ငါတို့လိုမျိုး လမ်းဘေးဈေးဆိုင်တွေကို သူအပြိုင်ကိုယ်အပြိုင် လိုက်ဖွင့်ကြတော့တာဘဲ"
ဟု ညီးညူလိုက်၏။
"အခု အခြေအနေဘယ်လိုလဲ။ ဈေးကရော ရောင်းကောင်းရဲ့လား"
ယွမ်ရိက ရှဲ့တုန်းယန်ကို မေးလိုက်သည်။
"ဘယ်ကသာ ရောင်းကောင်းရမှာလဲဟာ"
ရှဲ့တုန်းယန်က မျက်နှာကြီးရှုံ့မဲ့သွားပြီးမှ
"ဈေးရောင်းကောင်းဖို့နေနေသာသာ၊ ငါ့ရဲ့ဈေးဆိုင်ဖွင့်ဖို့အတွက် ဒီလိုနေရာကောင်းလေးရအောင်တောင်မှ မနည်းကြိုးစားထားရတာ။ ငါလေ မနက်ဆိုရင် ငါးနာရီလောက်ကြီး အစောကြီးထပြီး ဆိုင်ဖွင့်ဖို့အတွက် နေရာကောင်းရဖို့ ကြိုပြီးတော့ လာဦးထားရတာဟ"
ဟု သူ့အခက်အခဲများကို ပြောပြလိုက်၏။
ယွမ်ရိလည်း ပတ်ပတ်လည်က ဈေးဆိုင်အများအပြားကိုကြည့်လိုက်ပြီးမှ
"ဈေးဆိုင်တွေ ဒီလောက်တောင် များနေမှတော့ ဈေးဝယ်ကျဲပါးသွားတာကလည်း ပုံမှန်ပါဘဲ"
ဟု ပြောရင်း ရှဲ့တုန်းယန်အား နှစ်သိမ့်ပေးလိုက်သည်။
ထိုအချိန်မှာဘဲ ရှဲ့တုန်းယန်၏ဆိုင်ရှေ့တွက် ဈေးဝယ်တစ်ဦး ရောက်လာခဲ့သည်။ ထိုဈေးဝယ်ကို ယွမ်ရိ မြင်သည့်အခါ ပြုံးလိုက်ပြီး
"အဖွားကျောင်း"
ဟု ပြောရင်း နှုတ်ဆက်လိုက်၏။
အဖွားကျောင်းကလည်း ယွမ်ရိကို ပြန်လည်ပြုံးပြလိုက်ပြီး
"ရှောင်ရိရယ်၊ မတွေ့တာတောင် ကြာပြီ၊ အဖွားက သမီးဆီကို အထည်အပ်ချင်လို့ လာရှာသေးတာ။သမီးကိုမတွေ့လို့။ အဖွားရဲ့သူငယ်ချင်းအချို့ကလည်း သမီးဆီမှာ အထည်အပ်ချင်နေကြတာနော်"
ဟု ပြောလိုက်သည်။
ယွမ်ရိက
"ဒီရက်ပိုင်း အလုပ်နည်းနည်းရှုပ်နေလို့ပါ အဖွားရယ်။ နေ့လယ်ကျရင် အဖွားအိမ်ကို သမီးလာခဲ့ပါ့မယ်"
"အေး၊ အေး။ အဖွား အိမ်ကနေ စောင့်နေမှာနော်။လာဖြစ်အောင်လာခဲ့"
အဖွားကျောင်း ထိုကဲ့သို့ပြောပြီးသည်နှင့် ပြန်သွား၏။
အဖွားကျောင်း ပြန်သွားပြီးသည့်နောက် ဈေးဝယ်သူနှစ်ယောက်ရောက်လာခဲ့ပေမယ့် ဘာမျှမဝယ်ဘဲ ဟိုကြည့်ဒီကြည့်လုပ်ကာ ပြန်ထွက်သွားကြသည်။
ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို ရှဲ့တုန်းယန်တစ်ယောက် ထုံသွားပြီထင်၏။ ဘာမှတုံ့ပြန်မှု မပြခဲ့ပေ။
သူက ယွမ်ရိကိုကြည့်ကာ
"ဒါနဲ့ ရှောင်ရိ၊ နင်ရော ဈေးဆိုင်ဆက်ဖွင့်ဦးမှာလား"
ဟု မေးလိုက်သည်။
"ငါ့က လုပ်ငန်းအသစ်တစ်ခုလုပ်ဖို့ စီစဉ်ထားတာ"
ယွမ်ရိက
"ငါ့မိသားစုကိုလည်း ဒီကိုခေါ်လာခဲ့ပြီးပြီ။ ဒါပေမယ့် နင့်ဆီက အကူအညီတစ်ချို့လိုလို့ နင့်ကိုလာရှာတာ"
ဟု ပြန်ပြောလိုက်သည်။
ချက်ချင်းဘဲ ရှဲ့တုန်းယန်က တက်ကြွစွာဖြင့်
"ပြောလေ၊ ဘာကူညီပေးရမလဲ။ ငါတတ်နိုင်တာမှန်သမျှ ကူညီပေးမယ်"
"တစ်ပတ်ရစ် အပ်ချုပ်စက်တွေ လိုချင်တာဟ။ တစ်ပတ်ရစ်ဆိုပေမယ့် တအားကြီး ပျက်စီးနေတာမျိုးတော့ မဟုတ်ဘူးဟာ။ ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်သေးတဲ့ အပ်ချုပ်စက်မျိုးကို လိုချင်တာ"
ယွမ်ရိက ချက်ချင်း သူမလိုချင်သည့်အရာကို ထုတ်ပြောလိုက်၏။
ရှဲ့တုန်းယန်နဲ့သူမက ခင်မင်ခဲ့တာဟာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်၍ တစ်ယောက်နဲ့တစ်ယောက်ကြား လိုရင်းကိုသာ ပွင့်ပွင့်လင်းလင်းပြောဆိုကြပါသည်။
"ဘယ်လောက်,လောက် လိုချင်တာလဲ"
ရှဲ့တုန်းယန်က ယွမ်ရိအား ပြန်မေးလိုက်၏။
ယွမ်ရိက ခဏမျှစဉ်းစားပြီးမှ
"အနည်းဆုံးတော့ ငါးလုံးလောက် ရချင်တယ်။ ရှစ်လုံး၊ ကိုးလုံးလောက်ရလည်း ဖြစ်တယ်"
ဟု အဖြေပြန်ပေးလိုက်သည်။
တကယ်တော့ ရှဲ့တုန်းယန်အတွက် အပ်ချုပ်စက်တွေ ရှာဖို့က မခက်ခဲပေ။ အဘယ့်ကြောင့်ဆိုသော် ပေကျင်းမြို့ရှိ အိမ်တိုင်းတွင် အပ်ချုပ်စက်တွေ ရှိလေ့ရှိတာကြောင့်ပင်။
ပေကျင်းမြို့တွင် အိမ်တစ်အိမ်မှာအမျိုးသမီးတစ်ဦးအိမ်ထောင်ပြုသွားသည့်အခါတိုင်း သမီးရှင်ဘက်မှ အပ်ချုပ်စက်တစ်လုံးအား လက်ဖွဲ့လေ့ ရှိကြသည်။
ထိုကဲ့သို့အပ်ချုပ်စက်တွေဟာ အိမ်တိုင်းနီးပါးရှိကြပေမယ့် ကိုယ်တိုင်ချုပ်ဝတ်ကြတာမျိုးက ရှားပါးလှပေသည်။ ဒါ့ကြောင့် ထိုအပ်ချုပ်စက်များဟာ အိမ်၏အဆင်တန်ဆာအဖြစ်သာ အသုံးဝင်ကြပေသည်။
ရှဲ့တုန်းယန်က ခဏမျှတိတ်သွားပြီးမှ
"ဒါနဲ့ နင်က အလုပ်သင်တွေကို ခေါ်မလို့လား"
ဟု ပြန်မေးလိုက်သည်
ယွမ်ရိက ခေါင်းညိတ်ပြလိုက်၏။
ရှဲ့တုန်းယန်လည်း ယွမ်ရိကို ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီ။ ငါရှာထားလိုက်မယ်"
ဟု ပြောလိုက်သည်။
ယွမ်ရိက ရှဲ့တုန်းယန်ကို ကြည့်လိုက်ပြီး
"ဒါနဲ့ နင်ကရော လုပ်ငန်းပြောင်းဖို့အစီအစဉ်မရှိတော့ဘူးလား။ တကယ်လို့ လုပ်ငန်းပြောင်းချင်တယ်ဆိုရင် ငါ့ဆီကနေ အဝတ်အစားတွေ ယူရောင်းပါလား။ ငါနင့်ကို လက်ကားဈေးနဲ့ပေးမယ်လေ"
ဟု ကမ်းလှမ်းလိုက်၏။
အခုချိန်ထိ လမ်းဘေးဈေးဆိုင်တွေ အများအပြားရှိနေပေမယ့် အဝတ်အထည်ရောင်းသည့်ဆိုင်တော့ မရှိသေးချေ။ အများစုက ပိတ်စတွေ၊ အဝတ်အထည်အဖြစ် မချုပ်ရသေးသည့် အထည်စတွေကို ရောင်းချကြခြင်းဖြစ်သည်။
ဒီအချိန်မှာသာ အသင့်ချုပ်ဝတ်စုံတွေကို ချရောင်းလိုက်ပါက လူအများ၏စိတ်ဝင်စားမှုကို ရယူနိုင်မည်ဖြစ်သည်။
ဒါပေမယ့် ရှဲ့တုန်းယန်က ချက်ချင်းသဘောမတူသေးဘဲ
"အဲ့တာကို နောက်မှပြောတာပေါ့။ လောလောဆယ် ငါ စဉ်းစားလိုက်ဦးမယ်ဟာ"
ဟုသာ အဖြေပြန်ပေးလိုက်သည်။
"ကောင်းပြီ"
ယွမ်ရိက ထိုသို့ပြောပြီးနောက် ရှဲ့တုန်းယန်၏ပုခုံးပေါ် လက်တင်လိုက်ပြီး
"ငါနင့်ကို နေ့လယ်စာလိုက်ကျွေးမယ်"
ဟု ပြောလိုက်သည်။
ထိုအချိန်မှာဘဲ ဆိုင်ထဲကို မိန်းကလေးတစ်ဦး ဝင်လာခဲ့သည်။
ထိုမိန်းကလေးဟာ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြင့် စည်းနှောင်ထားပြီး ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ခြေဖျားမှာလည်း ဒေါက်မြင့်အား လှလှပပစီးနင်းထားသေးသည်။
"ဘာဝယ်ချင်လို့လဲ"
ရှဲ့တုန်းယန်က ထိုမိန်းကလေးအား အပြုံးတစ်ခုဆင်မြန်းလျက် မေးမြန်းလိုက်သည်။
ထိုမိန်းကလေးက ရှဲ့တုန်းယန်၏အမေးကို ပြန်မဖြေခဲ့ပေ။ သူမက ရှဲ့တုန်းယန်ကို ကြည့်ကာ ပြန်မေးခွန်းထုတ်လိုက်၏။
"မနှစ်တုန်းက နင့်ဆိုင်လေးက တော်တော်လေးရောင်းကောင်းခဲ့တယ်လို့ မြို့တော်ထဲမှာ သတင်းတွေပြန့်နေတယ်။ ပြီးတော့ နင့်ဆိုင်လေးကနေ အသားတင်အမြတ်ငွေ ယွမ်တစ်သောင်းကျော်လောက် နင်ရှာထားနိုင်လိုက်တယ်ဆို"
ထိုမေးခွန်းကြောင့် ရှဲ့တုန်းယန်၏အပြုံးဟာ တင်းမာသွားပြီး
"ငါ့ဘာသာငါ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာကို။ ဘယ်က ကောလာဟလတွေကြားခဲ့တာတုန်း။ ပြီးတော့ ဘာကိစ္စ ငါ့ကိုဒါတွေ လာပြောနေရတာတုန်း"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိလည်း ထိုအခါမှ မိန်းကလေးအား သေချာကြည့်လိုက်သည်။ ထိုအခါ ထိုမိန်းကလေးက ရှဲ့တုန်းယန်၏ရည်းစားဟောင်းဖြစ်နေတာကို သူမသတိထားမိလိုက်တော့သည်။
ထိုမိန်းကလေးဟာ ရှဲ့တုန်းယန်ထံမှ တုံ့ပြန်စကားများကြောင့် စကားတွေ ထစ်ကုန်တော့သည်။
"ငါ၊ ငါ......"
သူမ ဘာပြောလို့ပြောရမည်မှန်း မသိတော့ချေ။
ဒါ့ကြောင့် သူမကိုယ်သူမ ဟန်ကိုယ့်ဖို့လိုက်ပြီး
"လုပ်စရာလေး ပေါ်လာလို့ ငါသွားတော့မယ်"
ဟု အရှက်ပြေပြောကာ ရှဲ့တုန်းယန်၏ဆိုင်ထဲကနေ ခပ်သွက်သွက်လေး ထွက်သွားတော့သည်။
ထိုမိန်းကလေးထွက်သွားမှ ရှဲ့တုန်းယန်၏မျက်နှာပေါ်မှ တင်းမာမှုတွေဟာ ပျောက်ကွယ်သွားတော့သည်။
"ဒေါသပြေသွားပြီပေါ့"
ယွမ်ရိက ရှဲ့တုန်းယန်၏မျက်နှာထားပြောင်းလဲမှုကို သတိထားမိလိုက်ပြီး မေးလိုက်သည်။
"ဖြစ်ခဲ့သမျှအရာအားလုံးက အတိတ်မှာ ပြီးသွားပြီလေ။ အဲ့ဒါကြောင့်မို့ အတိတ်ကကိစ္စလေးတစ်ခုအတွက်နဲ့ အနာဂတ်မှာ ဒေါသထွက်နေရမှာလား။ အဲ့လိုမျိုးဆို မတန်ပါဘူးဟာ"
ရှဲ့တုန်းယန်က ပေါ့ပေါ့ပါးပါးဖြင့် ယွမ်ရိ၏အမေးကို ပြန်ဖြေလိုက်သည်။
"နင်ကတော့ တကယ့်ကို ကရုဏာရှင်ကြီးဘဲ"
ဟု ယွမ်ရိက ဟာသလေးနှောလျက် ပြန်ပြောလိုပ်တော့သည်။
ယွမ်ရိက ရှဲ့တုန်းယန်နဲ့အချိန်အတော်ကြာအောင် စကားပြောပြီးသည့်နောက်မှာ ရှဲ့တုန်းယန်ထံကနေ ထွက်လာခဲ့သည်။
သူမက အိမ်ကိုတန်းမပြန်သေးဘဲ အခြား လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန်အတွက် လမ်းဘေးဈေးတန်းအတွင်း လျှောက်ကြည့်ခဲ့သည်။
ထို့နောက် သူမက စက်ချုပ်ရာတွင် လိုအပ်သော ကိရိယာများဖြစ်သည့် သံပေတံ၊ စက်ကတ်ကြေး၊ ရောင်စုံမြေဖြူခဲတွေ အစရှိသဖြင့် ဝယ်ယူခဲ့သည်။
ပစ္စည်းကိရိယာတွေ အများအပြား ဝယ်ပြီးသည့်နောက်မှာ စုံသလောက်ဖြစ်နေပြီဖြစ်သည်။ ဒါပေမယ့် ယွမ်ရိဟာ ပစ္စည်းတစ်မျိုးကိုတော့ ဝယ်ယူရန်အတွက် ရှာလို့ပင် မတွေ့ခဲ့ချေ။
ထိုပစ္စည်းကတော့ ကိုက်ဖြတ်စက်အကြီးပင်ဖြစ်၏။
ပုံမှန်အားဖြင့် ပိတ်စတွေကိုဖြတ်တောက်သည့်အခါ စက်ကတ်ကြေးများကို အသုံးပြုလျှင် အဆင်ပြေနေပြီဖြစ်သည်။
ဒါပေမယ့် အထည်အရေအတွက် အများကြီးကို တစ်ခါတည်း ဖြတ်တောက်ချင်သည့်အခါမှာတော့ ကိုက်ဖြတ်စက်ကြီးများကို အသုံးပြုမှသာလျှင် အဆင်ပြေတော့မည်ဖြစ်သည်။
ဒါ့ကြောင့်လည်း ယွမ်ရိက ကိုက်ဖြတ်စက်အား လိုက်လံရှာဖွေနေခြင်းပင်။ ဒါပေမယ့် လုံးဝမတွေ့ခဲ့။
ပေကျင်းမြို့အနှံ့ လိုက်လံရှာဖွေခဲ့တာတောင်မှာ ကိုက်ဖြတ်စက်ရောင်းချသည့် နေရာအား ရှာမတွေ့ခဲ့ချေ။
ဒါ့ကြောင့် ယွမ်ရိလည်း ကိုက်ဖြတ်စက်အား တခြားတစ်နေရာမှ ဝယ်ယူဖို့ စီစဉ်လိုက်ရတော့သည်။
ဤနေရာတွင် စစ်တပ်အတွင်း ရာထူးကြီးသည့် အဖေတစ်ယောက်ပိုင်ဆိုင်ခြင်းက အသုံးဝင်လာ၏။ယွမ်ရိဟာ သူမအဖေ ယွမ်ချန်းဖူထံ ဖုန်းခေါ်လိုက်ပြီး သူမလိုချင်သည့် ကိုက်ဖြတ်စက်အကြောင်းကို ပြောလိုက်သည်။
ယွမ်ချန်းဖူက ယွမ်ရိ စကားဆုံးအောင် နားထောင်ပြီးသည့်နောက်
"ကောင်းပြီ၊ သမီး။ အဖေ၊ ကိုက်ဖြတ်စက်ကို ရှာဝယ်ထားလိုက်မယ်။ ဝယ်ပြီးရင် ပေကျင်းကို ပို့ပေးမယ်"
ဟု ယွမ်ရိလိုချင်တာအား ဖြည့်ဆည်းပေးလိုက်တော့သည်။
ဒီလိုနဲ့ ကိုက်ဖြတ်စက်အတွက်လည်း ယွမ်ရိ စိတ်ပူနေစရာမလိုတော့ချေ။
သူမအဖေနဲ့ဖုန်းပြောပြီးသည့်နောက်မှာ နေလည်းမြင့်နေပြီဖြစ်၍ နေ့လယ်စာ ပြန်စားခဲ့သည်။
နေ့လယ်စာ စားပြီးသည့်နောက် ယွမ်ရိက အဖွားကျောင်း၏အိမ်ကို သွားလိုက်သည်။ အဖွားကျောင်းအိမ်ကိုရောက်တော့ အဖွားကျောင်းအပြင် နောက်ထပ် အဖွားနှစ်ဦးကိုပါ ယွမ်ရိတွေ့လိုက်ရသည်။
ထိုအဖွားသုံးဦးဟာ ယွမ်ရိကိုမြင်တော့ ပျော်ရွှင်စွာဖြင့် အထည်ချုပ်ချင်သည့်အကြောင်း ပြောဆိုကြတော့သည်။ ယွမ်ရိလည်း အသင့်ပါလာသည့် ပေကြိုးဖြင့် အဖွားသုံးဦး၏ခန္ဓာကိုယ်အတိုင်းအတာကို ယူလိုက်တော့သည်။
ကိုယ်တိုင်းတွေကို သေချာမှတ်သားပြီးသည့်နောက် ယွမ်ရိက အဖွားကျောင်းကိုကြည့်ကာ
"ဒါနဲ့ အဖွားကျောင်း၊ ဟိုတစ်ခါ သမီးလာတုန်းက တွေ့ခဲ့တဲ့ အဖွားရဲ့ဆွေမျိုးရော။ သူက ပြန်သွားတာလား"
ဟု မေးလိုက်၏။
အဖွားကျောင်းက
"သူက ထွက်သွားပြီလေ။ မနှစ်တုန်းက ဘယ်ကနေ သတင်းတွေပျံ့လာတယ်မသိဘူး။ လမ်းဘေးဈေးဆိုင်ဖွင့်တဲ့သူတွေက ဝင်ငွေကြမ်းတယ်ဆိုပြီး တစ်မြို့လုံး သတင်းတွေပျံ့ကုန်တယ်လေ။ ဒါ့ကြောင့် သူလည်း လမ်းဘေးဈေးဆိုင် ဖွင့်နေလေရဲ့"
ဟု ပြန်ဖြေပေးလိုက်သည်။
ပြီးသည့်နောက် သူမက ယွမ်ရိကိုကြည့်ကာ
"ဒါနဲ့ ရှောင်ရိ၊ ပြီးခဲ့တဲ့နှစ်က ငွေဘယ်လောက် စုမိခဲ့လဲ"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိလည်း ပုခုံးတွန့်ပြီး
"အများကြီး မစုမိပါဘူး။ စားနိုင်သောက်နိုင်ရုံလောက်ပါဘဲ၊ အဖွားရယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
အဖွားကျောင်းက ယွမ်ရိမျက်လုံးအတွင်း တည့်တည့်စိုက်ကြည့်ကာ
"ဒီအဖွားကြီးက နင့်ဆီမှာ ငွေချေးမှာ စိုးနေလို့ လိမ်ပြောတာလား"
ဟု ဆူပူသည့်လေသံလေးဖြင့် ပြောလိုက်သည်။
ယွမ်ရိလည်း ပြုံးလိုက်ပြီး အဖွားကျောင်းတို့သုံးယောက်နဲ့ ခဏမျှ စကားပြောလိုက်သည်။ ထို့နောက် အဖွားကျောင်းတို့၏ ပိတ်စသုံးထည်ကို ယူကာ အဖွားကျောင်းအိမ်ကနေ ပြန်လာခဲ့တော့သည်။
သူမက အဖွားကျောင်းအိမ်ကနေ ပြန်လာသည်နှင့် ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်ကို ဦးတည်လာခဲ့သည်။ ထို့နောက် ရှဲ့တုန်းယန် ပေးထားသည့် သော့အပိုဖြင့် စက်ဘီးပြင်ဆိုင်၏ပိတ်ထားသော တံခါးများကို ဖွင့်လိုက်သည်။
ပြီးနောက် စက်ဘီးပြင်ဆိုင်အတွင်းမှ သုံးဘီးစက်ဘီး၊ အပ်ချုပ်နဲ့ အခြားသော သူမ၏ပစ္စည်းများကို ထုတ်ယူလိုက်သည်။ ပစ္စည်းတွေအကုန်ယူပြီးသောအခါ စက်ဘီးပြင်ဆိုင်၏တံခါးအား သေချာသော့ခတ်ကာ ပြန်သိမ်းလိုက်၏။
ထို့နောက် သူမ၏ပစ္စည်းတွေ အားလုံးကို ယူဆောင်ကာ မြို့အစွန်မှ အိမ်ကို ပြန်လာခဲ့တော့သည်။