အပိုင်း - ၃၈
စိတ်ငြိမ်သွားပြီး တခဏကြာသည့်နောက် ရှဲ့သောင့်၏မိခင်က
"ဒါဆိုရင်လည်း အောင်သွယ်တော်တစ်ယောက်လောက် ထပ်ငှားပြီး ယွမ်အိမ်ကို သွားခိုင်းလိုက်မယ်လေ။ အောင်သွယ်တော်ကနေတဆင့် ယွမ်ချန်းရှန်မှာ လက်ထပ်ဖို့ရည်ရွယ်ထားပြီးသည့်သူ ရှိမရှိနဲ့ ငါတို့ရဲ့ရှဲ့သောင့်နဲ့လက်ထပ်ပွဲကျင်းပနိုင်ဖို့ ကြိုးစားလို့ရတာဘဲ"
ထိုအခါ ရှဲ့သောင့်အဒေါ်က ခေါင်းခါကာ
"အမ။ အောင်သွယ်တော်တွေက ယုံလို့မရဘူး။ အောင်သွယ်တော်ဖန်းကိုပဲ ဥပမာထားကြည့်လေ။သူတို့က တစ်ဖက်ကပြောလိုတဲ့စကားထက် မလိုတဲ့အရာတွေကို ပိုပြီးပြောတတ်ကြသလို၊ လျော့ပေါ့ပြီးလည်း ပြောတတ်ကြသေးတာပဲ။ ဒါ့ကြောင့်မို့ ရှဲ့သောင့်ကို ဖန်းယန်ရွာသွားခွင့်ပေးလိုက်ပြီး သူမကိုယ်တိုင် မေးမြန်းလိုက်တာကမှ ပိုပြီးကောင်းမယ်နော်"
ရှဲ့သောင့်လည်း ခေါင်းတညိတ်ညိတ်ဖြင့် သူမ၏မိခင်အား အားကိုးတကြီး ကြည့်လိုက်တော့သည်။
သူ့သမီး၏အကြည့်တွေကို ကောင်းကောင်းကြီးခံစားရ၍ ရှဲ့သောင့်၏မိခင်လည်း သက်ပြင်းအသာချလိုက်တော့သည်။ ပြီးမှ
"ကောင်းပြီ။ မင်းသွားလို့ရတယ်"
လို့ သူမ၏သမီးအား ခွင့်ပြုပေးလိုက်တော့သည်။
အကယ်၍ ယွမ်ချန်းရှန်၏နှလုံးသားအတွင်း သူမသမီးရှိနေသေးပြီး သူတို့နှစ်ယောက် လက်ထပ်ဖြစ်သွားခဲ့ကြပါက သူမသမီး၏ အနာဂတ်ကို စိုးရိမ်စရာမလိုတော့ပေ။ ဒါတွေကို တွေးပြီးမှ သူမသမီးအား ဖန်းယန်ရွာကို သွားခွင့်ပေးလိုက်ခြင်းဖြစ်ပေသည်။
ထိုညမှာတော့ ရှဲ့သောင့်ဟာ မနက်ဖြန်အတွက် ရင်ခုန်ကာ စိတ်လှုပ်ရှားနေတော့သည်။
သူမက ယွမ်ရိနဲ့ယွမ်ချီကျီတို့ထံမှ ကြားခဲ့ရသည့် စကားတွေအကုန်လုံး အလိမ်အညာများဖြစ်ပါစေဟု ဆုတောင်းနေခဲ့သည်။ သူမ ဆုတောင်းထဲတွင် သူမနဲ့ ယွမ်ချန်းရှန်တို့ အရင်လိုပြန်အဆင်ပြေပြီး လက်ထပ်နိုင်ပါစေဟူသော ဆုတောင်းလည်း ပါဝင်လို့နေ၏။