Chapter 94.2

2.3K 236 0
                                    

အပိုင်း - ၉၄.၂

ယွမ်ဟောင်ဘင်းကတော့ သူ့အကို၏စကားတွေကြောင့် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကုန်သည်။

ယွမ်ချူးရွယ်ကလည်း
"ပြီးတော့ အဲ့ကောင်က ကလေးစိတ်မကုန်သေးဘူး"
ဟု ‌ပဲ့တင်သံထပ်အောင် အော်ပြောရင်း ယွမ်ဟောင်ဘင်းအား ဝိုင်း‌စနောက်လိုက်သည်။

အကိုနဲ့အမ၏စနောက်မှုကြောင့် ယွမ်ဟောင်ဘင်းလည်း မနိုင်တော့သည့်ဟန်ဖြင့် သက်ပြင်းချကာ
"ဟုတ်တယ်။ ကျွန်ဝောာ်က အရမ်းကလေးဆန်ပါတယ်"
ဟု အော်ပြောလိုက်သည်။

ချက်ချင်း ထိုစကားထဲကအတိုင်း ပဲ့တင်သံတွေ တရစပ်ထွက်ပေါ်လာခဲ့သည်။

ယွမ်ရိကတော့ အချင်းချင်း စနောက်လျက် ပျော်ရွှင်နေကြသည့် သူ့မောင်နှမတွေကိုကြည့်ကာ ပီတိများ ဖြာနေရတော့သည်။

မူလက ယွမ်ရိဟာ ယွမ်ချူးရွယ်တို့ သုံးယောက်အား ပိုင်ဟေးရေကန်ကိုပင် လှေးစီးရန်လိုက်ပို့ပေးချင်ခဲ့သေးသည်။ဒါပေမယ့် သူမတို့ တစ်နေ့ကုန် အခြားသောနေရာများကို လျှောက်လည်နေ၍ ညနေပိုင်းကိုပင် ရောက်လာကာ အချိန်မရှိတော့ချေ။

ဒါ့ကြောင့် ယွမ်ရိလည်း ယွမ်ချူးရွယ်တို့ကို ခေါ်လျက် ယွမ်ကျဲအလုပ်လုပ်သည့် ပညာရေးဌာန၏ရှေ့တွင် သွားစောင့်နေလိုက်ကြသည်။

အလုပ်ချိန်ပြီးသွားပြီဖြစ်၍ ပညာရေးဌာနအတွင်းမှ ယွမ်ကျဲထွက်လာသည့်အခါ သူမကိုစောင့်နေသည့် ယွမ်ရိတို့လေးယောက်ကို မြင်ပြီး အံ့အားသင့်သွားခဲ့ရသည်။

ယွမ်ရိက ယွမ်ကျဲကိုပြုံးပြလိုက်ပြီး
"ရှောင်ကျဲရေ။ ဒီနေ့တော့ အမတို့ နင့်အိမ်မှာဘဲ ညစာ စားမယ် နင့်အိမ်မှာဘဲ အိပ်မယ်နော်"
ဟု ပြောလိုက်သည်။

ယွမ်ကျဲကလည်း ပြုံးလိုက်ပြီး
"ကောင်းတာပေါ့ အမ၊ ညီမတို့ ညစာချက်ဖို့အတွက် အသီးအရွက်တွေ ဘာတွေညာတွေ အရင်ဝင်ဝယ်ကြရအောင်"
ဟု ပြန်ပြောလိုက်သည်။

ထို့နောက် စက်ဘီး သုံးစီးနဲ့လူငါးယောက်တို့ဟာ ပညာရေးဌာနရှေ့မှ ထွက်လာခဲ့ကြတော့သည်။ သူတို့မောင်နှမငါးယောက်ဟာ ကုန်စုံဆိုင်တွင် ဝင်လျက် လိုအပ်မည်ထင်သောပစ္စည်းတချို့ကို ဝယ်ခဲ့ကြသည်။

တဖန် ဈေးကိုသွားကာ အသီးအရွက်နဲ့အသားတချို့ကို ဝယ်ယူခဲ့ကြပြန်သည်။

ထို့နောက် ယွမ်ကျဲ၏အိမ်ကို တန်းတန်းမတ်မတ်ပြန်လာခဲ့ကြတော့သည်။

ယွမ်ကျဲ၏အိမ်ဟာ ဧည့်ခန်းတစ်ခန်းနဲ့ အိပ်ခန်းသုံးခန်းပါရှိသော အိမ်တစ်လုံးဖြစ်သည်။ပတ်ဝန်းကျင်ကလည်း ကောင်းမွန်လှကာ ထိုကဲ့သို့အိမ်များအား သာမန်လူများအနေဖြင့် မဝယ်ယူနိုင်ပေ။

နိုင်ငံတော်က ထိုကဲ့သို့သော အိမ်မျိုးကို အစိုးရဝန်ထမ်းများကိုသာ သီးသန့်ရောင်းချခြင်းဖြစ်သည်။

ယွမ်ဟောင်ဂျန်တို့ဟာလည်း ‌ယွမ်ကျဲ၏အိမ်ကိုကြည့်လျက် သဘောကျပြီးရင်းကျနေကြတော့သည်။

ယွမ်ချူးရွယ်က ယွမ်ရိကို အသာလက်တို့လိုက်ပြီး
"အမ၊ နင်သာ အစိုးရဝန်ထမ်းအလုပ်ကနေ မထွက်ခဲ့ ဒီလိုအိမ်မျိုးကို အသာလေးဝယ်လို့ရမှာနော်"
ဟု ပြောလိုက်သည်။

ယွမ်ရိလည်း သူ့ညီမ၏စကားကြောင့် ပြုံးမိသွားပြီး
"ဒါဆိုရင်တော့ စိတ်မကောင်းစရာဘဲကွယ်။ ဘာလို့ဆို အမက အစိုးရအလုပ်ကနေ ထွက်ခဲ့ပြီးပြီမို့လို့ဘဲ"
ဟု ပြန်ပြောလိုက်တော့သည်။

ထို့နောက် ယွမ်ရိဟာ ယွမ်ကျဲနဲ့အတူတူ မီးဖိုချောင်ထဲဝင်လျက် ညစာဝိုင်းချက်ပြုတ်လိုက်သည်။

ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ဟာ အိမ်မှာ တီဗီကိုပါ အပြည့်အစုံဝယ်ထားသေးသည်။ ဒါ့ကြောင့် ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့ သုံးယောက်ကတော့ တီဗီမှ ရုပ်မြင်သံကြားကိုကြည့်ရင်း ဇိမ်ကျနေတော့၏။

မီးဖိုချောင်ထဲတွင် ယွမ်ကျဲက ယွမ်ရိကိုကြည့်ကာ
"အမ၊ နင်က မြို့ထဲမှာ အိမ်နဲ့ခြံဝန်းတွဲရင်ပါတဲ့ဟာ ဝယ်ချင်လို့ဆိုဟုတ်လား။ ချန်း‌ဝေ့တုန်းလည်း နောက်ရက်တွေဆိုရင် အားပြီရယ်။ အဲ့ကျရင် သူ့ကိုပါ အဲ့လိုအိမ်နဲ့ဝန်းမျိုး လိုက်ရှာခိုင်းလိုက်မယ်"
ဟု ပြောလိုက်သည်။

ယွမ်ရိက
"အမက မြို့ထဲမှာ အိမ်တစ်လုံး ဝယ်ပြီးသွားပြီ"
ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ယွမ်ကျဲက ဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်စင်နေရာကနေ
"တကယ်ကြီး ဝယ်ပြီးတော့တာလား။ ဘယ်လောက်နဲ့ တည့်သွားတာလဲ။ ဘယ်သူ့ဆီက ဝယ်ခဲ့တာလဲ"
ဟု မေးမြန်းလိုက်သည်။

ယွမ်ရိက
"အမဆီမှာ အဝတ်အစားတွေ အမြဲလာချုပ်လေ့ရှိတဲ့ ဖောက်သည်ဟောင်း တစ်ယောက်ဆီကနေ ဝယ်လိုက်တာ။ သူကလည်း နိုင်ငံခြားကိုသွားတော့မှာနဲ့ဆိုတော့ အဆင်သင့်သွားတာနဲ့ ‌သူ့အိမ်ကို အမဝယ်လိုက်တာ။ အရောင်းအဝယ်ကတော့ ယွမ် ၁၂၀၀၀ နဲ့တည့်သွားတယ်"
ဟု ပြန်ဖြေပေးလိုက်သည်။

ဆက်လက်ပြီး ယွမ်ရိက
"ဒါပေမယ့် ချန်း‌ဝေ့တုန်း အားတဲ့ရက်ကျရင်တော့ နောက်ထပ် အိမ်နှစ်လုံးလောက် ထပ်ရှာပေးဦးလို့ ပြောပေးပါဦး။ ဒါမှ အမလည်း ဦးလေးနဲ့အဒေါ်တွေကို မြို့စွန်ကနေ မြို့အတွင်းပိုင်းထဲကို ရွှေ့နိုင်မှာ မြို့စွန်ကကျ ကောင်းပေမယ့် လမ်းပန်းဆက်သွယ်ရေးကျတော့ မြို့အတွင်းပိုင်းနဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး"
ဟု ထပ်ပြောလိုက်သည်။

ယွမ်ကျဲလည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့အမ၊ ချန်းဝေ့တုန်းပြန်လာရင် ရောင်းမယ့်အိမ်တွေကို သွားကြည့်ခိုင်းလိုက်ပါ့မယ်"
ဟု ပြန်ပြောလိုက်သည်။

ညီအမနှစ်ယောက် စကားတပြောပြောဖြင့် ညစာအတွက် ပြင်ဆင်ချက်ပြုတ်ပြီးသည့်နောက်တွင် ယွမ်ဟောင်ဂျန်တို့အား ညစာစားလို့ ရပြီဖြစ်ကြောင်း အသိပေးလိုက်တော့သည်။

ယွမ်ချူးရွယ်လည်း မီးဖိုချောင်ထဲဝင်ကာ ထမင်းဝိုင်းကို ဝိုင်းပြင်ပေးလိုက်သည်။ သူမက ထမင်းဝိုင်းပြင်နေရင်းဖြင့် ယွမ်ကျဲက
"အမ၊ အကိုဝေ့တုန်းက ပြန်မလာသေးဘူးလား"
ဟု မေးလိုက်သည်။

"ဪ၊ သူက ဒီနေ့ပြန်လာမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ သူက ဒီနေ့ ညဘက်တာဝန်ကျတာမို့လို့လေ"
ယွမ်ကျဲက ပြန်ဖြေပေးလိုက်သည်။

ဒီလိုနဲ့ မောင်နှမငါးယောက်ဟာ ညစာစားခဲ့ကြသည်။

ပြီးနောက် တီဗီကြည့်ရင် ကုန်စုံဆိုင်က ဝယ်လာသည့် နေကြာစေ့ အစရှိသော သရေစာများကို စားသောက်ကာ စကားတွေ ဖောင်ဖွဲ့ကြ၏။

တော်တော်လေး မိုးချုပ်သည်အထိ နေခဲ့ပြီးမှ မောင်နှမငါးယောက်လုံး ခြေရေလက်ရေဆေးကြောသန့်စင်လျက် အိပ်ရာဝင်ခဲ့ကြတော့သည်။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ ညီအမသုံးယောက်ဟာ တစ်ခန်းအိပ်ခဲ့ကြပြီး ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ကတော့ တစ်ခန်းအိပ်စက်ခဲ့ကြသည်။

ညီအမသုံးယောက်ဟာ တော်တော်လေး ညဉ့်နက်
သည်အထိ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောကာ ငယ်ဘဝအကြောင်းတွေကို စမြုံပြန်ခဲ့သည်။ ဒါ့ကြောင့် ညဉ့်နက်သည့်အခါမှသာ အိပ်ပျော်ခဲ့ကြ၏။

ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ကြပေမယ့် သူတို့ဟာ မနက်ရောက်သည့်အခါတွင်တော့ အစောကြီးထခဲ့ကြသည်။

ယွမ်ကျဲကတော့ အိပ်ရာထပြီးသည်နှင့် ပြင်ပြင်ဆင်ဆင်ပြုလျက် ပညာရေးဌာနသို့အလုပ်သွားလုပ်တော့သည်။

ယွမ်ရိကလည်း ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့အား မနေ့တုန်းက အချိန်မရှိတော့သဖြင့် လိုက်မပို့လိုက်ရသည့် ပိုင်ဟေးရေကန်ကိုလိုက်ပို့‌လိုက်၏။

ပိုင်ဟေးရေကန်တွင် လှေစီးရင်းဖြင့် နေ့လယ်ခင်းအထိ အချိန်ဖြုန်းခဲ့ကြသည်။ နေ့လည်ရောက်သည့်အခါ နေ့လယ်စာစားရန်အတွက် စားသောက်ဆိုင်ကို သွားခဲ့ကြသည်။

နေ့လယ်စာ စားပြီးသည့်နောက်တွင် ယွမ်ရိဟာ သိပ္ပံပြပွဲကို လာကြည့်ရန်ပြောထားသည့် ယွမ်ကျဲ၏ စကားကို သတိရသွားသည်။ ဒါ့ကြောင့် ယွမ်ချူးရွယ်တို့သုံးယောက်အား ပညာရေးဌာနကို နောက်‌တစ်ခေါက် ထပ်ခေါ်သွားတော့သည်။

ဟိုကိုရောက်တော့ ယွမ်ကျဲပေးထားသောလက်မှတ်များကို ပြကာ ခန်းမကြီးတစ်ခုထဲ ဝင်လာခဲ့ကြသည်။ ထိုခန်းမထဲကိုရောက်တော့ လူအများအပြား ထိုင်နေကြတာကို ယွမ်ရိတို့ တွေ့လိုက်ရ၏။

ထိုင်နေကြသည့် လူအများစုဟာ ၁၅, ၁၆ အရွယ်လေးတွေဖြစ်ကြပြီး ရှေ့ဆုံးတွင် ထိုင်နေကြခြင်းဖြစ်သည်။

ဒါ့ကြောင့် ယွမ်ရိတို့မောင်နှမလေးယောက်လည်း နောက်တန်းတွင် အသာဝင်ထိုင်လိုက်ကြသည်။

တကယ်တော့ ရှေ့မှာထိုင်သည် ဖြစ်စေ၊ နောက်မှာထိုင်သည်ဘဲဖြစ်စေ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်နိုင်၊ ကြားနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ခန်းမအတွင်း အသံချဲ့စက်များကိုပါ တပ်ဆင်ထားသောကြောင့်ဖြစ်၏။

ဒါ့အပြင် ထိုင်ခုံတွေရှေ့မှာလည်း စင်မြင့်အား ရှင်းရှင်းလင်းလင်းမြင်တွေ့ရအောင် ပြင်ဆင်ပေးထားသေးသည်။

ခန်းမအတွင်း ဝင်ထိုင်ပြီး မကြာခင်မှာဘဲ ယွမ်ရိတစ်ယောက် အိပ်ငိုက်တော့သည်။ နေပူသည်ကတစ်ကြောင်း၊ မနေ့ညက ညီအမသုံးယောက်စကားကောင်းနေကြသဖြင့် ညဉ့်နက်သွားသည်က တစ်ကြောင်းဖြင့် လျင်မြန်စွာပင် အိပ်ပျော်သွားတော့သည်။

အိပ်ပျော်သွားသည့် ယွမ်ရိ၏ဦးခေါင်းဟာ ဘေးမှာ ထိုင်နေသည့် ယွမ်ချူးရွယ်၏ပခုံးတစ်ဖက်ပေါ်သို့ မှီကျသွားခဲ့၏။

ယွမ်ချူးရွယ်ဟာ သူမအပေါ်သို့ မှီကျလာသော ယွမ်ရိ၏ခေါင်းကြောင့် သူမ၏မျက်ဝန်းအား စောင်းငဲ့ကြည့်လိုက်သည်။ ထိုအခါ သူမ၏ပခုံးပေါ်တွင်  ငြိမ်သက်စွာ အိပ်ပျော်နေသော အမဖြစ်သူအား သတိပြုမိသွားကာ ပြုံးလိုက်မိတော့သည်။

ယွမ်ရိအိပ်ပျော်သွားပြီး မကြာခင်မှာဘဲ ဟောပြော‌ပွဲစတင်တော့သည်။

ဒါ့ကြောင့် ယွမ်ချူးရွယ်လည်း သူမ၏အာရုံအား စင်ပေါ်သို့ပြန်ပို့လိုက်တော့၏။

စင်ပေါ်တွင်တော့ အရင်ဆုံးအဖွင့်အမှာစကားပြောကြားသူ အရင်တက်လာကာ အမှာစကားနဲ့အစီအစဉ်များကို ပြောကြားသည်။ ထို့နောက် ပညာရှင်တစ်ဦး စင်ပေါ်ကိုတက်လာက သိပ္ပံနဲ့ပတ်သက်ပြီး စတင် ဟောပြောတော့သည်။

အစပိုင်းတွင် ယွမ်ချူးရွယ်ဟာ ထိုဟောပြောမှုများနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု သိပ်မရှိခဲ့ချေ။ ဒါပေမယ့် နောက်ပိုင်း နားထောင်ပါများလာတော့ သိပ္ပံပညာရပ်အပေါ်တွင် ယွမ်ချူးရွယ်၏ စိတ်ဝင်စားမှုများ တိုးပွားလာရတော့သည်။

ထိုပညာရှင်၏ဟောပြောမှု ပြီးသွားချိန်မှာတော့ စင်မြင့်ပေါ်သို့ လူငယ်လေးတစ်ယောက် တက်လာခဲ့၏။

ထိုလူငယ်လေး စင်မြင့်ပေါ် တက်လာသည်နှင့် စင်အောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တော့သည်။ အထူးသဖြင့် မိန်းကလေးများပင်။

ရှေ့‌က ပညာရှင်ဟောပြောသွားသည့်အချိန်တုန်းက တိတ်ဆိတ်နေသည့် လူအုပ်ကြီးဟာ ထိုလူငယ်လေးစင်ပေါ်တက်လာရုံလေးဖြင့် တလှုပ်လှုပ်တယွယွဖြင့် သက်ဝင်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူငယ်လေးဟာ ငယ်ရွယ်ပြီးချောမောနေသောကြောင့် ဖြစ်သည်။

လူတိုင်းဟာ ငယ်ရွယ်နုပျိုပြီး ချောမောလှပမှုအား နှစ်သက်ကြပေသည်။

အကယ်၍ ယွမ်ရိသာ အိပ်ပျော်မနေဘူးဆိုပါက ယွမ်ချူးရွယ်ကိုယ်တိုင်လည်း စင်မြင့်ထက်က လူချောလေး‌အကြောင်း တီးတိုးပြောဆိုလောက်ပေသည်။

ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့က တလှုပ်လှုပ်တယွယွဖြစ်နေသော လူတွေကိုကြည့်ရင်း
"ဘာဖြစ်ကြတာပါလိမ့်။ စင်ပေါ်ကကောင်က ခုနကပညာရှင်ထက် ပိုတော်တဲ့ပညာရှင်မို့လို့လား"
ဟု ရေရွတ်လိုက်သည်။

ယွမ်ချူးရွယ်က ‌ခေါင်းယမ်းကာ
"စင်ပေါ်က ကောင်လေးက ပညာရှင်တော့မဟုတ်လောက်ဘူးဟ"

ပညာရှင်တစ်ယောက်ဖြစ်ရန် အသက်အရွယ် အနေဖြင့် အနည်းဆုံး ၄၀၊ ၅၀ ဝန်းကျင် ဖြစ်ရပေမည်။ ဒါပေမယ့် စင်ပေါ်ကကောင်လေးကတော့ နှစ်ဆယ်ဝန်းကျင်ဘဲ ရှိနေသေးသည်။

ထိုအချိန်မှာဘဲ စင်ပေါ်ကကောင်ချောလေးက စတင်ဟောပြောနေပြီဖြစ်၍ အကုန်လုံးတိတ်‌တိတ်လေးဖြစ်သွားကာ အာရုံစိုက်နားထောင်နေကြတော့သည်။

ယွမ်ရိဟာ အိပ်ချင်စိတ်များကို ထိန်းမနိုင်တော့သဖြင့် အိပ်မက်ကမ္ဘာအတွင်း လက်ပစ်ကူးခပ်လို့နေသည်။

ထိုအချိန်မှာဘဲ သူမ ပခုံးအားကို တစ်ယောက်ယောက်က ကိုင်လှုပ်နေသည်အား ခံစားမိ၍ အိပ်ပျော်နေရာမှ နိုးလာတော့သည်။

ပြီးနောက် သူမပုခုံးအား ကိုင်လှုပ်ကာ နှိုးလိုက်သည့်လူကိုကြည့်ရန် ခေါင်းလှည့်လိုက်သည့်အခါ သူတို့တို့ဘေးနား ဘယ်အချိန်တုန်းကတည်းက ဝင်ထိုင်နေမှန်းမသိကသည့် ယွမ်ကျဲကို မြင်လိုက်တော့သည်။

ယွမ်ရိလည်း ယွမ်ကျဲကိုကြည့်ကာ
"ဘာဖြစ်တာလဲ"
ဟု မေးလိုက်၏။

ယွမ်ကျဲလည်း စင်မြင့်ပေါ်မှ ဟောပြောနေသည့် ကောင်ချောလေးကို လက်ညှိုးညွှန်လိုက်ကာ
"အဲ့တာ လင်းယောင်မလား"
ဟု ပြောလိုက်သည်။

ယွမ်ရိလည်း ယွမ်ကျဲစကားကြောင့် အိပ်ချင်မူးတူးဖြစ်နေသော မျက်ဝန်းများကို ပွတ်သပ်လိုက်ပြီး စင်မြင့်ပေါ်မှာ ကောင်ချောလေးကို သေချာကြည့်လိုက်သည်။ အကြည့်တစ်ချက်နဲ့တင် သူမအံ့အားသင့်သွားရပြီး ယွမ်ကျဲကိုတစ်လှည့် စင်မြင့်ပေါ်မှ ကောင်ချောလေးကို တစ်လှည့် ကြည့်နေမိတော့သည်။

ယွမ်ရိ၏အမူအရာကြောင့် ယွမ်ကျဲလည်း မျက်ခုံးပင့်လိုက်ပြီး လေသံတိုးတိုးလေးဖြင့်
"ဟုတ်တယ်မလား။ အဲ့တာ လင်းယောင်ကြီးမလား"
ဟု ‌ထပ်မေးလိုက်သည်။

"ငါက ဘယ်လိုလုပ် အတပ်သိမှာလဲဟ။ လင်းယောင်နဲ့ဆင်တဲ့သူ ဖြစ်ချင်လည်း ဖြစ်မှာပေါ့"
ယွမ်ရိလည်း ယွမ်ကျဲကိုပြန်ကြည့်လိုက်ပြီး
"ဒါနဲ့ ဒီဟောပြောပွဲက နင်တို့ ပညာရေးဌာနက ဦးဆောင်ကျင်းပတဲ့ပွဲလေ။ ဒါကို နင်က ဟောပြောပွဲမှာ ပါမယ့်လူတွေရဲ့အကြောင်းကို မသိဘူးလား"
ဟု ပြန်ပြီးတော့ မေးခွန်းထုတ်လိုက်သည်။

ယွမ်ရိ အမေးကြောင့် ယွမ်ကျဲလည်း မျက်နှာကြီးရှုံ့မဲ့သွားပြီး
"အမရယ်။ ညီမကလည်း ပညာရေးဌာနကဘဲ ဆိုပေမယ့် ဒီဌာနက အကျယ်ကြီးဘဲလေ။ ပြီးတော့ ညီမအလုပ်လုပ်တဲ့နေရာနဲ့လည်း ဝေးတယ်။ ညီမလည်း အလုပ်လေးအားတုန်း ဒီဟောပြောပွဲကို ခဏလာ‌နားထောင်တာရယ်။ ဘယ်ထင်ထားမလဲ။ ဒီလိုခဏလေး‌ လာ‌နားထောင်ရုံလေးနဲ့ လင်းယောင်နဲ့တူတဲ့လူကို စင်ပေါ်မှာ တွေ့ရလိမ့်မယ်လို့"
ဟု ရှင်းပြလိုက်၏။

ယွမ်ရိလည်း စင်မြင့်ပေါ်မှ လူချောလေးကိုကြည့်၍ ‌ဇဝေဇဝါ ဖြစ်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမတို့သိသည့် လင်းယောက်ဟာ အနည်းငယ် ကလေးဆန်ပြီး စကားပြောရသည်ကို မကြိုက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေရသည်ကို နှစ်သက်သောသူတစ်ယောက်ဖြစ်‌သည်အား သိသောကြောင့်ပင်။

စင်မြင့်ပေါ်ကလူနဲ့ စကားပြောအမူအရာများကအစ အကုန်လုံး ကွာခြားလှပေသည်။

ယွမ်ကျဲက
"အဲ့လူက လင်းယောင်လို့ထင်လား"
ဟု ယွမ်ရိကို ထပ်မေးလိုက်ပြန်သည်။

ယွမ်ရိလည်း ခေါင်းယမ်းကာ
"အမလည်း ဘယ်လိုလုပ်သိမှာလဲ"
ဟု ပြန်ပြောလိုက်၏။

ထို့နောက် သူမက ယွမ်ချူးရွယ်ဘက်ကို လှည့်ကာ
"ချူးရွယ်၊ စင်ပေါ်မှာ ဟောပြောနေတဲ့လူရဲ့နာမည်က ဘာတဲ့လဲ"
ဟုမေးလိုက်သည်။

ယွမ်ချူးရွယ်လည်း အမဖြစ်သူ၏မေးခွန်းကြောင့် အားနာသွားဟန်ဖြင့်
"အမ၊ ညီမ အဲ့လူရဲ့နာမည်ကို သတိမထားမိလိုက်ဘူး"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိလည်း ထပ်မမေးတော့ဘဲ စင်ပေါ်က ကောင်ချောလေးကို သေချာကြည့်ရင်း
"ငါကတော့ စင်ပေါ်ကလူကို လင်းယောင်လို့ မထင်ဘူး"
ဟု ရေရွတ်လိုက်တော့သည်။

ယွမ်ကျဲကလည်း စင်ပေါ်ကလူကို သေချာကြည့်နေရင်းဖြင့်
"ဇက်ကနဲကြည့်ရင် လင်းယောင်နဲ့ဆင်ပေမယ့် သေသေချာချာ ကြည့်လိုက်တော့ လင်းယောင်နဲ့ မတူတော့ပြန်ဘူး"

နောက်ဆုံးမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲလည်း ဘာစကားမျှမပြောကြတော့ဘဲ အသံတိတ်လိုက်ကြတော့သည်။

ယွမ်ရိဟာလည်း ထပ်ပြီးတော့ မအိပ်တော့ဘဲ စင်ပေါ်က ကောင်လေး၏ဟောပြောတာတွေကို နားထောင်လိုက်သည်။ တကယ်တော့ သူမက ထိုကောင်လေးဟောပြောနေသည့် အကြောင်းအရာများကို နားထောင်နေခြင်းမဟုတ်ဘဲ ထိုကောင်လေး၏ပုံပန်းသွင်ပြင်ကို အကဲခတ်နေခြင်းပင်။

မကြာခင်မှာဘဲ ထိုကောင်ချောလေးက သူ့ရဲ့ဟောပြောချင်တွေကို အကျဉ်းချုံးကာ ဟောပြောမှုအား အဆုံးသတ်ပစ်လိုက်တော့သည်။

ထိုကောင်လေး ဟောပြောပြီးသည့်နောက် အဖွင့်အမှာစကား ပြောကြားခဲ့သည့်လူဟာ စင်မြင့်ပေါ်ကိုပြန်တက်လာခဲ့သည်။ ထိုလူက နိဂုံးချုပ်အပိတ်စကားပြောကြားပြီးသည့်နောက် ဟောပြောပွဲအခမ်းအနားကြီး‌ဟာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

ဟောပြောပွဲပြီးသွားပြီဖြစ်သဖြင့် ခန်းမအတွင်းထိုင်နေသည့် လူတွေဟာလည်း အလျှိုလျှိုဖြင့် ပြန်ထွက်ကြတော့သည်။

ယွမ်ရိတို့ မောင်နှမတတွေဟာလည်း ထိုင်နေရာကနေ ထကာ ခန်းမထဲမှ ထွက်ဖို့ပြင်ကြ၏။

ထိုအချိန် စင်မြင့်ပေါ်တွင် ဟောပြောခဲ့သည့် ကောင်ချောလေးဟာ ‌စင်အောက်ဖက်တွင် လူတချို့နဲ့စကားပြောဆိုနေ၏။

ရုတ်တရက် သူ့၏မျက်ဝန်းထောင့်အတွင်း ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ ဒါ့ကြောင့် စကားပြောနေရာကနေ ရပ်သွား၏။

ထိုအခါ တစ်ဖက်မှ သူနဲ့စကားပြောနေသည့်လူက
"ဘာဖြစ်လို့လဲ"
ဟု မေးလိုက်သည်။

ကောင်းချောလေးလည်း
"အသိတချို့ကို တွေ့လိုက်လို့ပါ။ ခဏလောက် ခွင့်ပြုပါဦး"
ဟု ပြောလျက် ထိုနေရာကနေ ထွက်လာခဲ့တော့သည်။

ဒါပေမယ့် လူအုပ်ကြီးက အရမ်းများနေ၍ ထိုကောင်ချောလေးဟာ သူ့အသိတွေကို မတွေ့တော့ချေ။

ဒါ့ကြောင့် စင်မြင့်ပေါ်သို့ ပြန်တက်လိုက်ပြီး မိုက်ခရိုဖုန်းရှေ့မှာ ရပ်လျက်
"ရှောင်ရိ၊ ငါက လင်းယောင်ပါ"
ဟု အော်ပြောလိုက်တော့သည်။

အသံချဲ့စက်များ၏အကူအညီဖြင့် ထိုအသံဟာ ခန်းမတခွင် ကျယ်လောင်စွာ ပျံ့နှံ့သွား၏။

ထိုအသံပျံ့နှံ့လာချိန်တွင် ယွမ်ရိတို့တတွေက ခန်းမအတွင်းမှ ထွက်ခွာတော့မည်ဖြစ်သည်။ ရုတ်တရက် သူတို့နာမည်ကိုကြားလိုက်ရ၍ ယွမ်ရိတို့လည်း လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကြသည်။

ယွမ်ကျဲဟာ ယွမ်ရိကိုကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့်
"အမ၊ အဲ့တာ တကယ်ကြီး လင်းယောင်ဘဲ အခု သူက အမကိုခေါ်နေတယ်"
ဟု ပြောလိုက်သည်။

ယွမ်ရိလည်း အံ့အားသင့်နေရာမှ သတိဝင်လာပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထိအခါ ခန်းမထဲကနေ အလောတကြီး ပြေးထွက်လာကာ ဟိုဟိုဒီဒီလိုက်ရှာနေသည့် လင်းယောင်ကို သူမ မြင်လိုက်ရသည်။

မကြာပါ၊ လင်းယောင်ဟာလည်း သူမကိုမြင်သွား၏။

တစ်ယောက်နဲ့တစ်ယောက် အကြည့်များ စုံသွားပြီး ကမ္ဘာကြီးတစ်ခုလုံး၊ သူမတို့နှစ်ယောက်တည်းဘဲ ရှိသည့်အလား ပတ်ဝန်းကျင်မှ အသံများ ဆိတ်သုဉ်းသွားတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now