အပိုင်း - ၁၂၁
ယွမ်ရိ ကြားကြားချင်း ကြောင်နေပေမဲ့ စတူဒီယိုတံခါးကိုအမြန်ဖွင့်ကာ ချန်ခွန်းနဲ့အတူ ကားသော့ကိုင်ကာ ဆင်းလာလိုက်လေသည်။
လမ်းပေါ်ရောက်တာနှင့် ချန်ခွန်းကို "အဖွားက ဘာဖြစ်တာတဲ့လဲ?"
"အန်တီသုံးပြောတာတော့ အခု ကိုမာဝင်ပြီး ဆေးရုံမှာတဲ့။ ယွဲ့ယွဲ့ကပဲ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ထားလိုက်တာတဲ့။ ကျန်တာတော့ မသိသေးဘူး။ ငါလည်း ဘာတွေဖြစ်နေလဲမသိပေမဲ့ ဦးလေးငါးလည်း အဲ့ကို အရင် ရောက်သွားတယ်တဲ့"
ယွမ်ရိတို့ ဆေးရုံကိုသာ အရင်ဆုံးဝင်လာလိုက်ကာကာ အရေးပေါ်ကုသခန်းကို ဝင်လာခဲ့လိုက်လေသည်။
ယွမ်ချန်းရှန်က တစ်လှမ်းပိုစောကာ ယွမ်ကျီကောင်းနဲ့ယွမ်ယွဲ့ကို အဖော်ပြုပေးနေလေသည်။ သူတို့နှစ်ယောက်က ယွမ်ကျီကောင်းကို တွဲပေးထားကြရတာကို မြင်နေရလေသည်။
"ဖိုးဖိုး၊ ဖွားဖွား ဘာဖြစ်တာလဲဟင်?"
ယွမ်ကျီကောင်းခမျာ တုန်ရီနေကာ ဘာမှပင် ပြန်မပြောနိုင်ရှာပေ။ ဘေးက ယွမ်ယွဲ့ ဝင်ပြောပေးလာသည်။ "နေ့လယ်စာ စားပြီးတော့ ဖွားဖွားတို့အပြင်ခဏထွက်နေတုန်း ဖွားဖွားအန်တာနဲ့ သမီးတို့အခန်းထဲပြန်ခေါ်လာပြီး ဆေးတိုက်ထားတာ။ အဲ့ဒါ အိပ်ပျော်သွားရော ပြီးတာနဲ့ပြန်မနိုးလာလို့...ပြီးတော့ ဖွားဖွားအိပ်နေရင်း....သေးတွေလည်း ပေါက်ချထားတာနဲ့ပဲ"
စကားအဆုံးမှာတော့ သူ့ရင်တွေ အေးစက်သွားသလိုပင်။ အသေးစိတ်မသိရသေးတာမလို့ အရင်ဆုံးထိုင်ကာ စောင့်နေလိုက်လေသည်။
ယွမ်ရိ ခုံရှာကာ ခဏထိုင်နေလိုက်ပြီး သူမမျက်နှာကို လက်နဲ့ကာထားလိုက်လေသည်။
ခဏကြာမှ သူမသတိရကာ လင်းယောင်ကို လှမ်းဖုန်းဆက်ကြည့်ရ၏။ "အလုပ်ရှုပ်နေလား ခု?"
သူမအသံကနေ တစ်ခုခုမှားနေမှန်းသတိထားမိတာမလို့ လင်းယောင် သေချာမေးလာချေသည်။ "မရှုပ်ဘူး၊ တစ်ခုခု ဖြစ်လို့လား?"
"ဖွားဖွား ခု အရေးပေါ်ခန်းထဲမှာ"
"ကိုယ်ခုလာခဲ့မယ်နော်"
ယွမ်ရိ ဖုန်းချလိုက်ကာ ဖုန်းကိုလက်ထဲ တင်းနေအောင် ဆုပ်ထားလိုက်လေသည်။
ထိုအချိန်မှာပဲ ယွမ်ချီကျီတို့ ရောက်ချလာကာ ယွမ်ယွဲ့ကိုပဲ လာမေးကြပြန်လေသည်။ သူတို့လည်းဘာလုပ်ပေးနိုင်မှန်း မသိတာကြောင့် အတူတူထိုင်ကာ စောင့်နေလိုက်ကြလေသည်။
မကြာခင်မှာတော့ သူနာပြုမလေးက ထွက်လာတာနဲ့ ယွမ်ရိတို့ အတူတူထကာ မေးလာကြလေသည်။ "ဆရာမ၊ အခြေအနေဘယ်လိုလဲဟင်?"
"ဦးနှောက်တွင်းသွေးယိုတာကနေတော့ ကယ်ပြီးပါပြီ။ ဒါပေမယ့် မိသားစုဝင်တွေ ကြိုပြင်ဆင်ထားတာတော့ ကောင်းမယ်ရှင့်"
ဦးနှောက်တွင်းသွေးယိုတာ....
ထိုစကားတွေကို ကြားကြားချင်း ယွမ်ရိနှလုံးသားက နစ်မြုပ်သွားသလိုပင်။
သူမကြောက်နေတုန်းမှာပင် လင်းယောင် ရောက်ချလာလေသည်။
ရောက်ရောက်ချင်း ယွမ်ရိဆီ ပြေးလာကာ "အဖွားရော အခြေအနေဘယ်လိုလဲ?"
ယွမ်ရိခေါင်းခါကာ ဘာမှပြန်မပြောနိုင်ပဲ ခုံဆီသွားကာသာ ငိုနေရင်းထိုင်ချလိုက်လေသည်။
အပြင်က တစ်ခြားမိသားစုဝင်တွေလည်း ဘာမှပြန်မပြောလာနိုင်တော့ပေ။ သူတို့ သုံးနာရီခန့် အပြင်ကနေစောင့်နေရာမှ နောက်ဆုံး လျူရှင်းဟွာကို အရေးပေါ်ခန်းကနေ စောင့်ကြည့်ရေးဌာနဆီသို့ ကူးပြောင်းနိုင်ခဲ့လေသည်။
ယွမ်ကျီကောင်းခမျာ အသက်ကလည်း ကြီးလှတာမလို့ ညနေချမ်းမှာ ရွယ်ဟောင်ဖန်းကပဲ အိမ်ခေါ်လာကာ အနားယူခိုင်းပြီး၊ ထမင်းလည်း စားစေကာ မနက်ဖြန်မှ ပြန်ခေါ်လာဖို့ စီစဉ်ထားလိုက်ရသည်။
လူတိုင်း ညနေရောက်သည်အထိ မပြန်ကြပေ။ ထိုအထဲ လင်းယောင်နဲ့ယွမ်ရိတို့က ညဘက်လူနာစောင့်ပေးဖို့ ဆုံးဖြတ်လိုက်ကာ ယွမ်ချီကျီတို့၊ ယွမ်ချန်းရှန်နဲ့ ချန်ခွန်းတို့ကို အိမ်ပြန်ကာ အနားယူစေလိုက်လေသည်။ နောက်တစ်နေ့မှာတော့ ပြန်ရောက်လာကြကာ ဆေးရုံမှာကူစောင့်ပေးကြလေသည်။
စောင့်ကြည့်ရေးဌာနမှာ မိသားစုဝင်ခွင့်မရှိတာမလို့ အပြင်ကနေသာ စောင့်ကြည့်နေနိုင်ကြသည်။
နောက်ရက်တွေမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် လူနာလာမေးကြလေသည်။ ယွမ်ချန်းဖူမိသားစု၊ ယွမ်ချန်းကွေ့မိသားစုနှင့် ယွမ်ချီလန်မိသားစုတို့ပါ ရောက်ချလာကြတော့သည်။ ဆေးရုံရောက်တာနှင့် လျူရှင်းဟွာထားတဲ့ အခန်းနားလာကာ စကားလာပြောကြလေသည်။
ဒါပေမယ့် ကံတရားကြီးက ရက်စက်သည်ဟူ၍ ကင်ပွန်းတပ်ရမည်လားမသိ။ အဖွား လျူရှင်းဟွာဟာ ဆေးရုံမှာ ငါးရက်တာ ကိုမာဝင်နေသည့်အခြေအနေအောက်မှာဘဲ သတိပြန်လည်လာခြင်းမရှိတော့ဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတော့သည်။
သူတို့တွေ အပြင်မှာ ငိုနေကြပေမဲ့ ယွမ်ရိ မျက်ရည်က ထွက်မလာပေ။
အဖြူရောင်အစနဲ့ အဖြူရောင်အလံက ခြံဝင်းထဲလွင့်ပျံနေကာ တော်ရုံအချိန် မတွေ့ရတဲ့လူတွေကပါ ရောက်လာပေးကြသည်။
လူစုံတက်စုံရောက်လာကြကာ စကားတပြောပြောနှင့်ရယ်မောနေကြပေမဲ့ ယွမ်ရိကတော့ လွမ်းဆွတ်ခြင်းခန်းမထဲမှာသာ နေကာဘာတစ်ခွန်းမှပြန်မပြောလာပေ။
သူခန်းမကနေ အပြင်ကြည့်လိုက်တော့ ရှေးခေတ်လွမ်းဆွတ်ခြင်းခန်းမအလား၊ လူပေါင်းစုံက လာစုဝေးနေကြသလိုပင်။
လျူရှင်းဟွာ၏ မြေးတွေဖြစ်ကြသည့် ရဲ့ချူးဝမ်နှင့်ယွမ်ချူးယန်တို့ပါ ရောက်လာပေးကြလေသည်။ အနေဝေးတာကြောင့် သူတို့ပုံစံက ဝမ်းပန်းတနည်းဖြစ်မနေပေမဲ့ ဒါလည်း အရင်းနှီးဆုံးမိသားစုတွေပင်လေ။
အဘယ်ကြောင့်ဆိုသော် ကြားထဲ ကလေးတွေ၏ ကျောင်းတွင်းလုပ်ဆောင်ချက်အကြောင်းဆွေးနွေးတဲ့အခါတွေ၊ သူတို့ယောက်ျားတွေအကြောင်း ပြောကြတဲ့ အခါမျိုးတွေနဲ့ တခြားပြောစရာများရှိရင် ဆက်သွယ်ဖြစ်ကြတဲ့သူတွေထဲတော့ ပါသေးသည်။
သူဌေးဖြစ်သူက အသုဘမှာဝေစရာရှိတာဝေပေးနေလေသည်။ ဖုန်းရှိုးရင်နဲ့ ယွမ်ချီကျီ၊ ယွမ်ချွေ့လန်၊ ချန်ခွန်းတို့ကတော့ ငိုနေကြတုန်းပင်။
ယွမ်ချန်းကွေ့မိသားစုကတော့ မျက်နှာမည်းနေကြကာ ပြဿနာရှာဖို့စောင့်နေကြသလိုပင်။ သူတို့မိသားစုတစ်ဘဝလုံး ခံစားခဲ့ရတာတွေနဲ့ယှဉ်ရင် အခုတခြားလူတွေကြည့်ရတာ အဆင်ပြေနေပုံပေါက်တာကြောင့် ဒီနှစ်ရက်ထဲမှာကတည်းက သူ့အမေ၏ အသုဘဆိုဦး တစ်ယောက်ယောက်ကိုပြဿနာရှာပစ်လိုက်မယ်ဟု တွေးထားပုံပင်။
လူတိုင်းကလည်း သူတို့ဘာဖြစ်ချင်နေမှန်း သတိထားမိတာကြောင့် ဂရုကိုမစိုက်ပဲ သူတို့ကိုအတတ်နိုင်ဆုံး ရှောင်သာနေကြလေသည်။ သေချာပေါက် သူတို့ကြောက်လို့တော့မဟုတ်ပေ။ သူတို့တွေ လျူရှင်းဟွာကိုတော့ အေးချမ်းစွာထွက်သွားစေချင်သေးသည်လေ။
ယွမ်ရိ အပြင်ခဏထွက်သွားတုန်း ဖန်းရှုံးယန်က နီရဲနေသည့်မျက်နှာနှင့် ရောက်ချလာပြန်သည်။
ဖန်းရှုံးယန်က အခုဆို အိုမင်းနေပြီဖြစ်ပြီး ခေါင်းပေါ်မှာလည်း ဆံပင်ဖြူတွေပင် ပေါက်နေရာ အဖွားအိုပေါက်စလိုပင်။ လျူရှင်းဟွာအတွက် ငွေ paper တွေ ရှို့ပြီးတာနှင့် ယွမ်ရိကို ငြင်သာသော အသံလေးနှင့်ပြောလာလေသည်။ "ရှောင်ရိ.... အမေနဲ့ စကားလေး ပြောလို့ရမလား?"
ယွမ်ရိ သူမကို တစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောပဲ အပြင်ခေါ်လာခဲ့လိုက်လေသည်။
လူသိပ်မရှိတဲ့နေရာရောက်ကာမှ ရပ်လိုက်ကာ ယွမ်ရိဘက်က တစ်ခွန်းမှစမပြောပဲ ဖန်းရှုံးယန် စပြောဖို့သာ စောင့်နေလိုက်လေသည်။
"ရှောင်ရိ၊ အမေလေ သမီးကို တောင်းပန်ပါတယ်နော်။"
ယွမ်ရိ ကောလိပ်တက်ပြီးနောက် ထွက်သွားပြီးတဲ့နှစ်တွေကတည်းက သူ ယွမ်ရိကို ဒီစကားလေးပြောဖို့ အချိန်ကို စောင့်နေခဲ့တာဖြစ်ပေမဲ့ အခွင့်အရေးက မရလာခဲ့ပေ။
ယွမ်ရိကလည်း အပြောမခံခဲ့သလို ယွမ်ချန်းဖူကလည်း သူ့လက်ထပ်ပွဲကို မတက်ခဲ့ပေ။
သူတို့ထင်ထားတဲ့အတိုင်း ဒီကလေးမက သူတို့ကိုပြောသလို ခွင့်လည်းလွှတ်မပေးလာသလို ဘဝတစ်လျှောက်လုံး ပြန်လည်း အမှတ်ရချင်တော့သည့်ပုံ မပေါ်ပေ။
သို့သော်လည်း ယွမ်ချန်းဖူ ပင်စင်ယူတော့ ငွေကြေးအရတော့ သူမတို့ကို ပြန်လည်ထောက်ပံ့ပေးခဲ့သည်။
ယွမ်ရိ ဖန်းရှုံးယန်ကို ခံစားချက်မပါတဲ့အကြည့်နဲ့သာ ကြည့်လာကာ လှုပ်လည်းလှုပ်မလာပေ။ ပြီးမှသာ တည်ငြိမ်စွာနဲ့ မေးလာလေသည်။ "တကယ်လို့ကျွန်မသာ မသိတတ်ခဲ့ရင်၊ ကျွန်မသာ ရွာကနေမြို့ဘက်ကို မတက်ခဲ့ရင်၊ ကျွန်မသာ အခုထိ ဘယ်နေရာသွားသွား ရှက်ကြောက်နေတဲ့မိန်းမငယ်လေးပဲ ဖြစ်နေဦးမှာပဲ။ အနည်းဆုံးတော့ အဲ့လိုသာဆို ကျွန်မကောလိပ် မသွားနိုင်တော့ပဲ အခုထက်အခြေအနေကဆိုးနေရင်ရော ရှင် ကျွန်မကို တောင်းပန်ဦးမှာလား?"
သူမအဖြေကို သိပေမဲ့ မေးမိနေတုန်းပင်။
အဖြေက နဂိုကတည်းက ရှိနေခဲ့ပြီးသားပင်။ ဖန်းရှုံးယန် လုံးဝကို သူမအတွက် စိတ်မကောင်းဖြစ်လာမှာမဟုတ်ပေ။ သူမထင်မှာက ဒီ "သူ"ဆိုတဲ့သူက ပိုပိုပြီး စိတ်ရှုပ်စရာကောင်းလာတယ်ဆိုတာလောက်ပင် ဖြစ်လိမ့်မည်။
သူမ သူတို့ကို ဒီ "သူ"ဆိုတဲ့နေရာကဆိုရင်ရော ခွင့်လွှတ်ပေးနိုင်လောက်မလား?
အဲ့ဒီ "သူ"ဆိုတဲ့သူကရော ဒီလိုအမေမျိုး အဖေမျိုး လိုချင်ဦးမှာလား?
"သူ"မေးကြည့်ခဲ့ဖူးသည်။ သူမ သူတို့ကို တစ်ဘဝလုံး နောင်တရပြီးနေသွားရတဲ့အထိပဲ နေခိုင်းလိုက်ရမလား?
သူမက သူတို့ဘဝမှာ အမြဲတမ်း တောက်ပထိန်လင်းနေမယ့်နေမင်းကြီးလိုနေမယ်၊ သူတို့ကတော့ ဘယ်တော့မှ လာမထိနိုင်ဘူးပေါ့။ ညလယ်အိပ်မက်ထဲမှာလည်း သူတို့ကိုသူကတစ်နေ့နေ့ လာဖျက်ဆီးပစ်မယ်လို့ အိပ်မက်ဆိုးမက်ခိုင်းရင်ရော။
ဖန်းရှုံးယန် သူမမျက်လုံးအကြည့်တွေက အရမ်းကိုစူးရှနေမှန်း ခံစားလိုက်ရလေသည်။ "ရှောင်ရိ၊ အမေတို့ကို အဲ့လောက်တောင် မုန်းနေတာလားကွယ်? သမီးနဲ့သမီးအဖေတို့ဆိုတာလည်း တစ်နေ့အိုပြီး သေသွားကြမှာပဲကို။ တစ်နေ့ကျသမီးအဖွားလို သေသွားနိုင်တာပဲလေ။ ဒီအတိုင်းအမေတို့ကို ခွင့်လွှတ်ပေးလိုက်လို့မရဘူးလားဟင်?"
"မရဘူး။"
"ရှောင်ရိ၊ သမီးခွင့်လွှတ်ဖို့ အမေတို့ ဘာလုပ်ပေးရမလဲဟင်?"
"မလိုဘူး။ အရမ်းနောက်ကျသွားပြီ။"
ပြောပြီးတာနဲ့ လှည့်မကြည့်တော့ပဲ ခန်းမဘက်ကိုသာ ပြန်လာခဲ့လိုက်လေသည်။
ဖန်းရှုံးယန်ရပ်နေတုန်း ယွမ်ချန်းဖူရောက်လာကာ မေးလာလေသည်။ "မင်းသူ့ကို ဘာတွေသွားပြောလိုက်တာတုန်း?"
ဖန်းရှုံးယန် တစ်ချက်ရှိုက်လိုက်ကာ "ကျွန်မက ဘာများပြောနိုင်မှာတုန်း? ကျွန်မ ဒီအတိုင်း တောင်းပန်လိုက်ရုံပါပဲ။ ပြီးတော့ ကျွန်မတို့ကို ခွင့်လွှတ်ပေးနိုင်မလားရောပေါ့။"
ပြောနေရင်း ထပ်ငိုလာကာ ဆက်ပြောလာလေသည်။ "သူက မိသားစုထဲက လူတိုင်းကိုကောင်းပေးတဲ့ကလေးကို။ သူ့အဖိုးအဖွားတွေလား၊ ဦးလေးငါးတို့၊ အန်တီသုံးတို့နဲ့ တခြားအန်တီတွေလား၊ အကုန်လုံးကို အရင်းနှီးဆုံးလူလို ဆက်ဆံပေးနိုင်ရဲ့သားနဲ့ သူ့မိဘအရင်းအချာတွေကိုမှ ဘာလို့အဲ့လို ဆက်ဆံနေတာပါလိမ့်..."
"သူ ကျွန်မတို့ကို ဘဝတစ်လျှောက်လုံး မုန်းနေတော့မှာလားဟင်? ကျွန်မတို့ ဒီအတိုင်းဆို သေသွားရင်လည်း စိတ်မဖြောင့်နိုင်တော့ဘူးမလား? ကျွန်မက သူ့ကိုမွေးခဲ့တာပါ၊ သူ့အမေက ကျွန်မပါ။"
ယွမ်ချန်းဖူ အတွေးများနေကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဘာမှတော့ပြောမလာပေ။
အသုဘကလည်း ရက်အတန်ကြာသလို မိသားစုတွေခမျာလည်း ပူဆွေးနေကြတာ အတန်ကြာပင်။
ယွမ်ချန်းကွေ့တို့မိသားစုကတော့ ယွမ်ရိတို့၏လျစ်လျူရှုခြင်းကို ခံနေရတာမလို့ စိတ်ဆိုးပြီးပြန်သွားကြလေသည်။ တော်တော်နှင့်ပြန်ချင်တဲ့ပုံမပေါ်ပေမဲ့ သူ့တို့မျက်နှာက လာတုန်းကထက် ပိုဆိုးရွားနေကာ မည်းနက်နေပုံက မီးသွေးခဲနဲ့ သုတ်ထားသလိုပင်။
အစကတည်းကလည်း ဘာမှမပြောလာတဲ့ ယွမ်ကျီကောင်းကတော့ အခုထိလည်း တစ်ယောက်တည်းပင်။
လျူရှင်းဟွာကို မြေမြှုပ်ပြီးကတည်းက ယွမ်ကျီကောင်း ပိုပိုပိန်လာကာ ပိုလည်း အသက်ကြီးရင့်တာမြန်လာသလိုပင်။
ကျောပေါ်မှာ ဝိတ်တုံးတွေ တင်ခံထားရသလို ခါးကိုသေချာမမတ်နိုင်တော့ပေ။
အိပ်ယာပေါ်မှာလှဲနေပေမဲ့ အိပ်လည်းမပျော်သလို မနက်ဆိုလည်း အစောကြီးနိုးနေတတ်သေးသည်။
ခုံပေါ်မှာ ငူငူကြီးထိုင်နေတတ်ကာ သူကိုယ်တိုင်လည်း ဘာကိုကြည့်လို့ကြည်မိနေမှန်းကိုပင် သတိမထားမိလိုက်ပဲ ထိုနေရာမှာပင် အကြာကြီးမရွေ့တော့ပဲ ငိုင်နေတော့သည်။
အစားဆိုလျှင်လည်း နည်းသွားကာ တစ်ခါစား ၂ လုတ်လောက်ပဲ စားကာ တစ်ခါတလေဆို ဘာမှကို မစားတော့ပေ။
ယွမ်ချီကျီလည်း စိတ်တွေညစ်နေကာ သူစားဖို့အသီးအရွက်တွေ ခူးကာ သေချာချက်ကျွေးတာတောင် မစားတော့ပေ။
ယွမ်ကျီကောင်း အခြေအနေမကောင်းတာမလို့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ ယွမ်ချန်းရှန်တို့တွေ သူတို့ကလေးတွေခေါ်လာကာ ပျော်လာအောင် အဖော်ပြုပေးကြလေ၏။ သူ့မြေးတွေမြင်ကာမှ နည်းနည်းမျက်နှာလေးက ပြုံးလာကာ အခြေအနေက ကောင်းလာတော့သည်။
ယွမ်ရိနဲ့လင်းယောင်တို့လည်း ဒီနေ့ည ညစာစားဖို့ လဲ့လဲ့နဲ့ခိုခိုတို့ပါ အတူခေါ်လာကာ တစ်ဖက်က လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ပါ လိုက်လာကြလေသည်။ တစ်လအကြာမှာတော့ ယွမ်ကျီကောင်းကိုယ်က လမ်းလျှောက်လျှင် ရင်တုန်နေတတ်ကာ တူကိုင်ရင်မငြိမ်ပေမဲ့ ကိုယ်ကတော့ အနည်းငယ်ဝလာသေးသည်။
လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ ညစာစားပြီးပြန်လာကတည်းက ကားပေါ်မှာ ဘာမှပြောမလာပေ။
ဆေးကြောပြီးတာနှင့် အိပ်ရာဝင်ခါနီးမှ ကျိုးရွှယ်ယွင်က ပြောလာလေသည်။ "ကျွန်မအထင် အဲ့အဖိုးက ကြာကြာနေရမယ်မထင်ပါဘူးရှင်။"
"ရိရိအဖွားထွက်သွားကတည်းက သူ့ကြည့်ရတာ အသက်ရှူနေရုံပါကွာ။ အရင် ၁၀ ရက်လောက်ကဆို မျက်လုံးတွေက အသက်တောင်မပါသလိုပဲလေ။"
"ဘုရား ဘုရား၊ ကျုပ်တို့လည်း အသက်ကြီးလာရင် အဲ့လိုပဲနေမှာပဲ။"
မီးပိတ်လိုက်ပြီးနောက် ဘာမှဆက်မပြောဖြစ်ကြတော့ပဲ အိပ်ချင်စိတ် မရှိတော့တာမလို့ လှဲသာနေလိုက်ကြလေသည်။
ယွမ်ရိဟာလည်း လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ တွေးသလိုတွေးမိပေမဲ့ ပုံမှန်လို လင်းယောင်နဲ့ ယွမ်ကျီကောင်း ဘယ်လောက်ထိနေရမယ်ဆိုတာမျိုးကို မဆွေးနွေးချင်ပေ။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာဆိုတာ သူမအတွက်တော့ မိဘဆိုတဲ့အရိပ်အမြုံအစား အရာအားလုံးက ဒီအဖိုးအဖွားဆီကသာ ရခဲ့တာပင်။
သူမအဖိုးအဖွားတွေသာ မရှိတော့ဘူးဆိုရင် သူမဘဝထဲက အကြီးဆုံး အစိတ်အပိုင်းတစ်ခုက ပျောက်ဆုံးသွားတာပင်။
လင်းယောင် သူမကို ထွေးပွေ့လိုက်ကာ အိပ်ပျော်ရန်သိပ်ပေးနေလိုက်လေသည်။
ယွမ်ရိ အိပ်ပျော်သွားတော့ သူမအိပ်မက်မက်ခဲ့လေသည်။ သူ့အိပ်မက်ထဲမှာ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့က စတွေ့ခါစကလို မားမားမတ်မတ်ရပ်နေကြလေသည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့က အိပ်မက်ထဲမှာ ပြုံးနေကြကာ သူမနာမည်လေးကို ခေါ်လာကြလေသည်၊
"ရှောင်ရိ။"
"ရှောင်ရိ၊ အဖွားတို့တွေ သွားပြီနော်။"
ယွမ်ရိတစ်ခုခုပြောမယ်ကြံတုန်းမှာပင် ရုတ်တရက် နိုးလာလေသည်။ သူမမျက်လုံးတွေက မျက်ရည်တွေနှင့်ပြည့်နေကာ ခေါင်းအုံးဆို စိုရွှဲလို့နေတော့သည်။ သူမ မလှုပ်နိုင်ခင်မှာပင် အိပ်ရာဘေးကဖုန်းမြည်လာလေသည်။
ယွမ်ရိ ဖုန်းကိုကောက်ကိုင်လိုက်ကာ ဘာမှမပြောရသေးခင်မှာပင် ယွမ်ချီကျီက ငိုရင်းပြောလာလေသည်။ "ယွမ်ရိ....သမီး သမီးဖိုးဖိုးထွက်သွားပြီ။"
ဘေးက လင်းယောင်လည်း နိုးလာတော့သည်။ "တစ်ခုခုဖြစ်လို့လား?"
ယွမ်ရိဘာမှမဖြေလာခဲ့ပေ။ ထိုအချိန် သူ့အကြည့်တွေက တစ်နေရာတွင် စူးစိုက်သွားသည်။
လင်းယောင် သူမအကြည့်တွေနောက် လိုက်ကြည့်လိုက်တော့ လိပ်ပြာလေးနှစ်ကောင်က အတောင်ပံတွေခတ်ကာ ပျံနေတာကို မြင်လိုက်ရလေသည်။
အိပ်ရာရှေ့နားမှာ လိပ်ပြာလေးတွေက ပျံနေကြပုံက သူတို့လည်းတစ်ခုခုကို လွမ်းဆွတ်တမ်းတနေကြသလိုပင်။ ပျံနေရင်းကနေ ယွမ်ရိနဖူးနားက ဆံစပ်နားရောက်လာကာ ဆက်မပျံကြတော့ပဲ ခဏနားနေကြလေ၏။
ယွမ်ရိရော လင်းယောင်ရော မလှုပ်မိပေ။ ထိုလိပ်ပြာလေးက ယွမ်ရိနဖူးနားမှာ နားနေရာကနေ ပြတင်းပေါက်ဆီ ထပျံသွားတာကို ကြည့်နေလိုက်မိလေသည်။ ပြတင်းပေါက်ကနေတစ်ဆင့် ပျံထွက်သွားကြကာ ပန်းခင်းတွေကြားထဲ ပျောက်သွားကြလေသည်.....
တချို့ပြောတတ်ကြတာက လူတွေသေဆုံးသွားပြီဆို သူတို့ဝိညာဉ်က လိပ်ပြာအဖြစ် ပြောင်းသွားပြီး အချစ်ဆုံးလူတွေကို လာနှုတ်ဆက်တတ်ကြတယ်တဲ့။
ဒီတစ်ခါတော့ ဒါတကယ် နောက်ဆုံးတွေ့ဆုံခြင်းပါလား။