Chapter 106.2

2K 170 0
                                    

အပိုင်း - ၁၀၆.၂
စာလေးတွေပါ ရေးပြီးတဲ့အခါမှာတော့ ယွမ်ရိ ထိုပြတင်းနား မီးထွန်းထားခိုင်းလိုက်လေသည်။ ဒါမှသာ ဖြတ်သွားဖြတ်လာလူတွေ အာရုံစိုက်မိကြမှာပင်။ ထိုပြတင်းနားက ပုံလေးတွေကို တစ်လတစ်ခါကနေ ၁၀ ရက်တစ်ခါ ပြောင်းတတ်ကာ နောက်ဆုံး တနင်္လာနေ့ရောက်တိုင်းပါ ပြောင်းပေးရတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုပြတင်းပေါက်နားက အဝတ်အစားအဆင်အယင်တွေက လှလွန်းကာ မီးအလင်းအမှောင်ကပါ လိုက်ဖက်စွာရှိတာမလို့ မိန်းမငယ်လေး၏အာရုံကို အတော်ပင်ဆွဲဆောင်နိုင်ခဲ့လေသည်လေ။
ပထမတော့ လူတွေက ရှော့ပင်ထွက်နေရင်း တစ်ချက်ရပ်ကာ ကြည့်ရုံလောက်ပေမဲ့ နောက်ကျတော့ အထဲပါဝင်ကာ ကြည့်လာကြလေသည်။ သူတို့တွေက မစ္စရှန်နောက်တစ်ခေါက်များ ဘာတွေဝတ်မလဲဆိုတာကို သိချင်စိတ်အပြည့်နှင့်ပါ ဖြစ်လာကြတော့သည်။
"နောက်အပတ်ဆို မစ္စရှန်က ဘာဝတ်မှာပါလိမ့်?"
ယွမ်ရိသူမ၏ ရှုပ်ပွနေတဲ့စားပွဲပေါ်ကနေ သတင်းစာကို ဆွဲယူလိုက်ကာ သတင်းစာခေါင်းစီးကို ပြုံး၍ ဖတ်နေလိုက်လေသည်။

ချန်ခွန်းက တစ်ဖက်ခုံမှာထိုင်နေကာ သူမကိုပြုံးကာကြည့်ရင်း ပြောလာလေသည်၊ "ရှောင်ရိက တော်လိုက်တာ။ အခုဆို လူတိုင်းကနောက်အပတ် မစ္စရှန် ဘာဝတ်မှာပါလိမ့်ဆိုပြီးကို ဆွေးနွေးနေကြတဲ့အထိပဲ။ ဒီသတင်းစာကလည်း လူထုကြားထဲရောက်တာဆိုတော့ ဒီစတိုးတော့ မဖွင့်ခင်မှာတင် ပိုအောင်မြင်ပြီပဲ။"
"ဒါဆို ဖွင့်လိုက်ကြတာပေါ့။"
အခုဆိုရင် သူတို့ရုံးခန်းကလည်း သေချာပြင်ဆင်ပြီးပြီဖြစ်ကာ ဒီဇိုင်နာတွေလည်း ခန့်ထားလိုက်ကြပြီး တစ်ပါတည်း ဆိုင်မန်နေဂျာကိုလည်း သေချာသင်တန်းပေးကာ သင်ပြထားပြီးပြီ ဖြစ်လေသည်။ ပထမထပ်ကဆိုင်မှာလည်း သေချာကျွမ်းကျင်တဲ့အလုပ်သမားတွေနဲ့ လုပ်ထားတာမလို့ အစပိုင်းအဖွင့်ကတည်းက အောင်မြင်ထားချေပြီ ဖြစ်လေသည်။

အခုဆို လူသိများလာပြီဖြစ်ရာ ဆိုင်လည်းဖွင့်သင့်ပြီလေ။
ဆိုင်ဖွင့်ပွဲမတိုင်ခင် ၇ရက်အလိုမှာပဲ ပြတင်းပေါက်က မစ္စရှန်က လူတိုင်းကို ဆိုင်ဖွင့်ပွဲရက်ကို ကြိုရေတွက်ဖို့ပါ ပြောလာပြီး လူတိုင်းကိုတွေ့ဖို့ သူမ မစောင့်နိုင်တော့ကြောင်းပါ တစ်ပါတည်း ကြော်ငြာထားလိုက်လေသည်။
ရက်တွေ စရေတွက်နေကတည်းက လူတိုင်းလိုလိုက အရင်ကထက် ပိုစိတ်ဝင်စားလာကြကာ တီဗီကနေ ဒရာမာကြည့်နေကြသလိုပင် တစ်ရက်လေး လာမကြည့်လိုက်ရရင်ကို တစ်ခုခုလွတ်သွားမှာကို စိုးရိမ်နေကြတော့သည်။
စာဖတ်ပြီးကြတာနှင့် မစ္စရှန်က ဘယ်လိုအကောင်းဆုံး ဝတ်စုံကိုများ ဝတ်မှာပါလိမ့်ကိုပါ ဆွေးနွေးလာကြပြန်သည်။

ဖွင့်ပွဲရက်မတိုင်ခင် တစ်ရက်အလိုမှာဆို လူတွေကလာကြည့်လိုက် ပြန်သွားလိုက်နှင့် ခေါက်တုံ့ခေါက်ပြန်ကို ခြေရှုပ်နေကြလေသည်အထိပင်။
ဒီနေ့အတွက် အဝတ်အစားစတိုင်က အိပ်မက်ဆန်ဆန်ပုံဖြစ်ကာ လူတိုင်းကိုအိပ်မက်ထဲ ဆွဲခေါ်နိုင်ဖို့စီစဉ်ထားကြလေသည်။ လာကြည့်တဲ့လူတိုင်း ဝင်မကြည့်ရမနေနိုင်ဖြစ်ကာ အကြာကြီးရပ်ကြည့်နေကြပြီးနောက် ဝယ်ချင်စိတ်ပေါက်လာသည်အထိဖြစ်အောင် ပြင်ဆင်ထားလိုက်လေသည်။

မိန်းကလေးတိုင်း၏ လှပတဲ့အရာလေးတွေဆိုဝယ်ချင်သည့်စိတ်ကို အခုလို အိပ်မက်ဆန်ဆန် ရှုခင်းနဲ့ပါ ဆွဲဆောင်ထားလိုက်လေသည်။

ယွမ်ချန်းရှန် နှင်းဆီစံအိမ်လမ်းတစ်ဖက်ကနေ ဆိုင်ပြတင်းကိုကြည့်လိုက်ပြီး အလွန်ပင်စိတ်ချမ်းသာနေတော့သည်။
သူ ထိုနေရာကနေ ထွက်သွားဖို့ကြံနေတုန်း လူတစ်ယောက်က သူ့ဘေးလာရပ်ကာ ပြောလာလေသည်၊ "ဘာလဲ၊ သူဌေးယွမ် မနာလိုဖြစ်နေပြီလား?"
ယွမ်ချန်းရှန် မသိလိုက်ပဲ ကြောင်သွားကာ လှည့်ကြည့်လိုက်တော့ ဘေးမှာဆန်းဝေကို တွေ့လိုက်လေသည်။

"ဒီစတိုးသာ ဖွင့်လိုက်ရင် ခင်ဗျားရော နှင်းဆီစံအိမ်နဲ့ ဆက်ဆံရေးကောင်း ရှိနိုင်ပါဦးမလားဟမ်? ကျုပ်အမြင်တော့ ဒီဆိုင်ကအဝတ်တွေက ပိုကောင်းသလားလို့။ နှင်းဆီစံအိမ်က အဝတ်တွေနဲ့ ယှဉ်လိုက်ရင် နှင်းဆီစံအိမ်က အဝတ်တွေက တခြားဆိုင်တွေကလို သာမန်ပုံပဲကိုမှ အဝတ်စုတ်သာသာပဲကို။"
ဒီမြို့ထဲမှာ တခြားဆိုင်တွေလည်းရှိကာ ထိုဆိုင်တွေက အဝတ်တွေက နှင်းဆီစံအိမ်နှင့် မယှဉ်နိုင်ပေမဲ့ အခုလိုအခြေအနေက နှင်းဆီစံအိမ်အတွက်လည်း ကောင်းတော့မကောင်းပေ။

အခုလို ဘရန်းဆိုင်တစ်ဆိုင် ပေါ်လာကာ အောင်မြင်သွားပြီး နှင်းဆီစံအိမ်လမ်းတစ်ဖက်မှာ ဖွင့်ထားတယ်တဲ့လေ။ ပုံမှန်ဆို သူလည်း မစ္စရှန် ဘာတွေများ ဝတ်မလဲဆိုတာတွေးပြီး ပျော်နေလောက်လေသည်။

ယွမ်ချန်းရှန် ပြန်ပြုံးပြလိုက်ကာ၊
"တစ်ကယ်? ဒါပေမယ့် ကျွန်တော်တို့ နှင်းဆီစံအိမ်က အဝတ်အစားတွေက ဈေးပေါတယ်လေ။ တစ်ဖက်ဆိုင်ကကျတော့ ဈေးလည်းမပေါတော့ တော်ရုံလူတော့ မတတ်နိုင်လောက်ပါဘူးဗျာ။"

"အခုဒီလောက် လူချမ်းသာတွေ ပေါနေတာကို။ လူတွေကလည်း ခုနောက်ပိုင်းဆို ဘရန်းတွေ၊ ပိုလှတဲ့အဝတ်တွေ၊ ကွာလတီပိုကောင်းတာတွေနဲ့ ပိုမျက်နှာရမယ့် အဝတ်မျိုးတွေဘက်ကို ပိုစိတ်ဝင်စားလာကြတာပဲကို။ သူတို့အတွက်တော့ ခင်ဗျား ဆယ်ခုရောင်းမှရမယ့် ပိုက်ဆံကိုတစ်ခုပဲ ရောင်းပြီးရမှာလေ။ သူတို့ဆိုင်က နှင်းဆီစံအိမ်ထက် ပိုနာမည်ကြီးနေမယ်ဆိုရင် ခင်ဗျားတို့ဆိုင်ကတော့..."
ဆန်းဝေက ထိုသို့ပြောနေရင်းဖြင့် သူ့ပါးစပ်ကပါ လှောင်သည့်ပုံ လုပ်ပြလာသေးသည်၊ "လား လား...."

ယွမ်ချန်းရှန် မျက်လုံးတွေက ပိုနက်လာကာ ဆန်းဝေကို စူးစိုက်ကြည့်လိုက်တော့သည်။

ဆန်းဝေက ဒီအခွင့်အရေးကို အရယူကာ သူ့ဒေါသကိုဆွလာပြီး နှင်းဆီစံအိမ်ကို အရှုံးပေါ်နေစေချင်သည့်ပုံပင်။

သူက ယွမ်ချန်းရှန်၏မျက်နှာကိုကြည့်ကာ ပြုံးလိုက်ပြီး၊
"မနက်ဖြန်ကျရင် ငါတို့ရဲ့မစ္စရှန်က မင်းတို့ရဲ့နှင်းဆီစံအိမ်ကို ဘယ်လိုဖိချေပစ်မလဲဆိုတာ ‌စောင့်ကြည့်‌နေမယ်။"
ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးတာနှင့် ယွမ်ချန်းရှန်မျက်နှာကို မကြည့်‌တော့ဘဲ သူ့အတွေးနဲ့သူ ပြုံးပြီးထွက်သွားတော့သည်။

ယွမ်ချန်းရှန်ကတော့ လှည့်ထွက်သွားတဲ့ ဆန်းဝေကျောကို ကြည့်လိုက်ကာ နှာမှုတ်လိုက်ပြီး လမ်းတစ်ဖက်ကိုပဲ လှည့်ပြန်လာခဲ့လေသည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora