အပိုင်း - ၈၈.၂
ဈေးဆိုင်ခင်းနေရင်းဖြင့် ချန်ခွန်းက
"ကျွန်မတော့ အရမ်းစိတ်လှုပ်ရှားနေပြီ"
ဟု သူမ၏ယောက်ျား ယွမ်ချန်းရှန်ကို ပြောလိုက်သည်။
ယွမ်ချန်းရှန်က သူ့မိန်းမကိုကြည့်ကာ
"ချန်ခွန်းရယ်၊ အရင်ကလည်း ဈေးမရောင်းဖူးတာလည်း မဟုတ်ဘဲနဲ့ ဘာတွေများ စိတ်လှုပ်ရှားစရာ လိုလို့တုန်း"
ဟု ပြန်မေးလိုက်၏။
ထိုအခါ ချန်ခွန်းလည်း သူမယောက်ျားအား မျက်စောင်းလေးအသာထိုးကာ
"တူမလားရှင့်၊ အရင်တုန်းက ရောင်းတယ်ဆိုတာက အခြားသူဆီကနေ တဆင့်ဖောက်သည်ယူပြီး တစ်ရွာဝင်တစ်ရွာထွက် လိုက်ရောင်းရတာလေ။ အခုလိုမျိုး ကိုယ့်တူမရဲ့ပစ္စည်းကို ဆိုင်ခန်းလေးနဲ့ရောင်းရတော့ ပျော်ပြီးစိတ်လှုပ်ရှားတာက ဘာများထူးဆန်းလို့လဲရှင့်"
ဟု ပြန်ရန်တွေ့လိုက်သည်။
ယွမ်ရိကတော့ သူ့ဦးလေးတို့လင်မယားကို ကြည့်ပြီး အသာအယာပြုံးလိုက်မိသည်။ ထို့နောက် ဈေးဝယ်တွေကို စောင့်နေလိုက်တော့သည်။
ထိုအချိန်မှာဘဲ သူမတို့၏ဆိုင်ဘေးတွင် နောက်ထပ် ဈေးဆိုင်လာခင်းနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူကိုတွေ့သည်နှင့် ယွမ်ရိပြုံးလိုက်မိသည်။
ထိုလူသည်လည်း ယွမ်ရိကိုမြင်သွားကာ နှစ်ယောက်သား အကြည့်ချင်းဆုံ သွားကြသည်။ ဒါ့ကြောင့် ထိုလူ၏လှုပ်ရှားမှုတွေ အေးခဲတန့်ရပ်သွားခဲ့၏။
ယွမ်ရိလည်း သူမဆိုင်ဘေးမှာ လာခင်းနေသည့် ရဲ့ချူးဝမ်ကို ကြည့်လျက် ပြုံးကာ
"တိုက်ဆိုင်တယ်နော်"
ဟု ပြောရင်း နှုတ်ဆက်လိုက်သည်။
ရဲ့ချူးဝမ်လည်း ယွမ်ရိကိုမြင်လိုက်ရတာကြောင့် မျက်နှာကြီးရှုံ့မဲ့သွားခဲ့သည်။
'မမြင်ချင် မတွေ့ချင်ဘူးဆိုရင် အမြဲမြင်တွေ့နေရတော့တာဘဲ'
သူမဟာ သူမ၏ဆိုင်ခန်းကို ယွမ်ရိတို့ဘေးမှ ရွှေ့ပြောင်းချင်ခဲ့ပေမယ့် အခြားသောလူတွေကလည်း ဆိုင်ခန်းတွေလာဖွင့်နေကြပြီမို့လို့ ဒီတိုင်းဘဲ ထားလိုက်ရတော့သည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်ဟာ ယွမ်ရိက မိန်းကလေးတစ်ယောက်နဲ့စကားပြောနေတာကိုမြင်ပြီး ယွမ်ရိတို့၏အနားကို ရောက်လာကာ
"အသိတွေလား၊ ရှောင်ရိ"
ဟု မေးမြန်းလိုက်ကြသည်။
ယွမ်ရိက ပြုံးလိုက်ပြီး
"ဦးလေးကလည်း ဒါက ဦးလေးရဲ့တူမဘဲလေ"
ဟု ပြောကာ ရဲ့ချူးဝမ်ကို ညွှန်ပြလိုက်သည်။
ယွမ်ချန်းရှန်လည်း မျက်မှောင်ကြုတ်သွားပြီး
"ရှောင်ရိ၊ ဘာတွေပြောနေတာလဲ။ ဦးလေး နားမလည်ဘူး"
ဟု ပြန်ပြောလိုက်သည်။
"ဪ၊ ဒီဘက်က သူက ဦးလေးရဲ့တူမ ရဲ့ချူးဝမ်လို့ခေါ်တယ်။ သမီးရဲ့အမလေ"
ဟု ယွမ်ရိက ထပ်ပြောလိုက်တော့သည်။
ထိုအခါမှ ယွမ်ချန်းရှန်က နားလည်သွားသည့်ပုံစံဖြင့် ရဲ့ချူးဝမ်ကိုကြည့်ကာ
"မင်းက ငါ့အကိုကြီးရဲ့သမီးလား"
ဟု ပြောလိုက်တော့သည်။
ရဲ့ချူးဝမ်တစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။ သူမအနေနဲ့ သူမတစ်ကြိမ်တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသည့် ဆွေမျိုးများနဲ့ ရင်းနှီးကျွမ်းဝင်လိုစိတ်မရှိချေ။ ဒါ့ကြောင့် သူမက ယွမ်ချန်းရှန်ကိုကြည့်လျက်
"ဦးလေး၊ လူမှားနေပြီထင်တယ်။ ကျွန်မက ဦးလေးတူမ မဟုတ်ပါဘူး"
ဟု ပြန်ပြောလိုက်သည်။
ပြီးသည့်နောက် သူမက ယွမ်ရိကိုကြည့်ကာ
"ဟဲ့၊ နင်က အရင်နေရာမှ ဈေးမရောင်းတော့ဘူးလား။ အင်း၊ အဲ့ဒီနေရာက နည်းနည်းအတွင်းကျတော့ ဈေးဝယ်သိပ်မလာဘဲ ရောင်းမကောင်းဖြစ်နေတာမလား။ ဒါ့ကြောင့်လည်း ဒီဘက်ကို ဆိုင်ရွှေ့လာခဲ့တာထင်တယ်။ စိတ်မကောင်းစရာက ဒီနေရာကို ပြောင်းလာလည်း နင်က ဈေးရောင်းကောင်းမယ်များ ထင်နေတာလား။ အရာအလုံးက ပြောင်းလဲနေပြီနော်။ မနှစ်ကလို နင်တို့တွေဘဲ ဝင်ငွေများများရမယ် ထင်မနေနဲ့တော့"
ဟု ပြောလိုက်၏။
ယွမ်ရိကတော့ အပြုံးကလေးဖြင့်ပင်
"ငါ့ကို စိတ်ပူမနေဘဲ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်စမ်းပါ"
ဟု ပြန်ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သား စကားဆက်မပြောကြတော့ဘဲ လုပ်စရာရှိတာကိုသာ လုပ်ကိုင်ကြတော့သည်။
ချန်ခွန်းက သူ့တူမအနားကို အသာတိုးကပ်လိုက်ပြီး
"ရှောင်ရိ၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီကောင်မလေးနဲ့တစ်အိမ်ထဲနေတာမလား"
ဟု မေးလိုက်သည်။"
"ဟုတ်တယ်လေ"
ယွမ်ရိက ခေါင်းညိတ်လျက် ဖြေပေးလိုက်၏။
ထိုအခါ ချန်ခွန်းက
"ဒါဆိုရင် သူက ငါ့တူမကို အနိုင်ကျင့်သေးလား တကယ်လို့ အနိုင်ကျင့်တာမျိုး ရှိလာခဲ့ရင်လည်း ဒေါ်လေးကိုပြောနော်။ ဒေါ်လေးက အဲ့ကောင်မလေးကို သွားရိုက်ပေးမယ်"
ဟု ရင်ဘက်ကိုပုတ်လျက် ပြောလိုက်သည်။
သူမအဒေါ်၏စကားကြောင့် ယွမ်ရိ ရယ်မောလိုက်မိသည်။ ဒါပေမယ့် ဘေးက ယွမ်ချန်းရှန်ကတော့ မရယ်မောနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ပြောရင်ပြောသည့်အတိုင်း လုပ်တတ်သည့် သူ့မိန်းမ၏အကြောင်းအား နောကျေနေလို့ပင်ဖြစ်သည်။
တဖြည်းဖြည်းဖြင့် နေဝန်းကြီးသည်လည်း အရှေ့အရပ်မှ ထိုးထွက်လာပြီး နေမြင့်လာတော့သည်။
တနင်္ဂနွေနေ့ဟာ လူအများ၏အားလပ်ရက်ဖြစ်တာကြောင့် လူအများအပြားဟာ ဈေးဝယ်ထွက်ရင်း အပန်းဖြေကြသည်။ ဒါ့ကြောင့် မကြာခင်မှာဘဲ လမ်းဘေးဈေးဆိုင်လမ်းလေးဟာ လူအုပ်ကြီးဖြင့် ကြက်ပျံမကျ စည်ကားသွားတော့သည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ လင်းမယားလည်း အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် ဈေးဝယ်များအား ဆွဲဆောင်ကြတော့သည်။
လင်မယားနှစ်ယောက်၏ အပြောကောင်းမှုအောက်မှာဘဲ လူတစ်စုဟာ ဆွဲဆောင်ခံလိုက်ရပြီး ယွမ်ရိ၏ဆိုင်ထဲကို ဝင်ကြည့်ကြတော့သည်။
ဆိုင်ထဲကိုရောက်တာနဲ့ အဆင်သင့် ချုပ်လုပ်ထားသည့် ရိုးရှင်းလှပသည့်အဝတ်အစားများကို မြင်ကာ ဆွဲဆောင်ခံလိုက်ရတော့သည်။
ပထမလူတစ်စုဆွဲဆောင်ခံလိုက်ရပြီး များမကြာမီမှာဘဲ ဒုတိယလူတစ်စုဟာလည်း ယွမ်ချန်းရှန်တို့ လင်မယားနှစ်ယောက်၏ စကားပြောကောင်းမှုထဲ မျောပါသွားကာ ယွမ်ရိဆိုင်ထဲ ရောက်လာကြပြန်သည်။
ဒီလိုနဲ့ ယွမ်ရိ၏ဆိုင်ထဲတွင် လူတွေ များလာကာ ရုန်းရုန်း,ရုန်းရုန်း ဖြစ်လာတော့သည်။ ထိုသို့ လူအများဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေသဖြင့် အခြားသောဈေးဝယ်သူတွေဟာလည်း ဆွဲဆောင်ခံလိုက်ရပြီး ယွမ်ရိ၏ဆိုင်ထံ ရောက်လာကြတော့သည်။
အထူးသဖြင့် မိန်းမငယ်လေးများပင်။ ထိုမိန်းမငယ်လေးများဟာ ယွမ်ရိ၏ဆိုင်ထဲမှာ လှပရိုးရှင်းသော ဝတ်စုံများကို မြင်ကာ အကြည့်တွေ တောက်ပသွားကြသည်။
ထိုကောင်မလေးတွေထဲမှ တစ်ယောက်က အနီးမှာ ရှိနေသည့် ယွမ်ချန်းရှန်အား
"ဒီဝတ်စုံလေးတွေကို ဘယ်လိုရောင်းတာလဲ"
ဟု မေးလိုက်သည်။
ယွမ်ချန်းရှန်လည်း လက်ငါးချောင်းထောင်ပြလိုက်ပြီး
"တစ်စုံကို ငါးယွမ်"
ဟု ပြန်ဖြေပေးလိုက်သည်။
"ဈေးကြီးလိုက်တာ"
ထိုမိန်းကလေးက အာမေဍိတ်သံဖြင့် အမှတ်တမဲ့ရေရွတ်လိုက်မိသည်။
ယွမ်ချန်းရှန်လည်း ထိုမိန်းကလေး၏ရေရွတ်သံကြောင့် ခေါင်းတယမ်းယမ်းဖြင့်
"မိန်းကလေး၊ ငါတို့ဆိုင်မှာ ရောင်းချတဲ့အဝတ်အစားတွေကို အရည်အသွေးပြည့်မီတဲ့ ပိတ်စတွေကို အသုံးပြုပြီးတော့ ချုပ်ထားတာ။ ပြီးတော့ဝတ်စုံတစ်စုံချင်းစီကို ချုပ်ထားတဲ့ ပုံစံကလည်း အသေးစိတ်ကျပြီး ချုပ်ရိုးချုပ်သားကလည်း သေသပ်တယ်။ ကဲ၊ မင်းပြောကြည့်။ ယွမ်ငွေငါးယွမ်နဲ့ ငါတို့ရဲ့ ဝတ်စုံလေးတွေက တန်လား၊ မတန်ဘူးလားဆိုတာကို"
ဟု ရှင်းပြလိုက်သည်။
တကယ်တော့ ထိုမိန်းကလေးဟာလည်း ဝတ်စုံတွေဟာ ယွမ်ငွေငါးယွမ်ဟူသောတန်ဖိုးဖြင့် အလွန်
ထိုက်တန်ကြောင်း သိပေသည်။ ဒါပေမယ့် သူမက အနည်းငယ် ဈေးဆစ်လိုခြင်းပင်။ ဒါ့ကြောင့် သူမက တစ်ခုခုထပ်ပြောဖို့ ပြင်လိုက်သည်။
ဒါကို ဈေးဝယ်တွေအကြောင်း အထာနပ်နေသည့် ယွမ်ချန်းရှန်က ထိုမိန်းကလေးမပြောခင်မှာပင်
"ဒီဝတ်စုံတွေကို ကျွန်တော်တို့က အမြတ်ကို နည်းနည်းလေးဘဲ တင်ပြီးတော့ ရောင်းချနေတာဗျ။ ဒါ့
ကြောင့် ဈေးလျော့ပေးလို့လည်း လုံးဝမရပါဘူး။ ငါးယွမ်ဆိုတာ လုံးဝကို အောက်ထစ်ဈေးပါဘဲ"
ဟု ဦးအောင် ပြောလိုက်တော့သည်။
ယွမ်ချန်းရှန်၏စကားကြောင့် ထိုမိန်းကလေးဟာ တုံ့ဆိုင်းသွားရ၏။ ပြီးမှ သူမအိတ်ကပ်ထဲမှ ငွေငါးယွမ်ထုတ်ကာ ယွမ်ချန်းရှန်ကို ပေးလိုက်ပြီး ဝတ်စုံတစ်စုံအား ဝယ်ယူလိုက်တော့သည်။
ယွမ်ချန်းရှန်က ထိုမိန်းကလေးပေးသော ယွမ်ငါးယွမ်အား ယူပြီးသည့်နှင် အခြားသော မိန်းကလေးများဘက်ကို လှည့်ကာ
"အားလုံးဘဲ။ ရောင်းချမယ့်ဝတ်စုံလေးတွေက အထည်ငါးဆယ်ကျော်လေးဘဲ ပါတာမို့ အကန့်အသတ်ရှိပါတယ်ဗျ။ ဒါ့ကြောင့် အရင်ဦးမှ အရင်ရမှာနော်။ မကုန်ခင် မြန်မြန်သာ ဝယ်ထားကြ"
ဟု အသိပေးလိုက်သည်။
ဒါ့ကြောင့် ဈေးဝယ်သူမိန်းကလေးများကလည်း တုံ့ဆိုင်းမနေကြတော့ဘဲ သူ့ထက်ငါအရင် ငွေငါးယွမ်ထုတ်ပေးလျက် ဝတ်စုံတွေကို ဝယ်ယူကာ ထွက်သွားကြသည်။ များမကြာမီမှာဘဲ သူတို့၏အသိမိန်းကလေးများကို ခေါ်ဆောင်လျက် ယွမ်ရိ၏ဆိုင်ကိုပြန်ရောက်လာကြပြန်သည်။
'ရှားပါးပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းများဟာ တန်ဖိုးကြီးပြီး ရောင်းကောင်းနိုင်သည်' ဟူသော ဈေးကွက်အသုံးဝင်ပုံတစ်ခုကို ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က ကောင်းကောင်းမွန်မွန် အသုံးချသွားခြင်းပင်။
ဒါ့ကြောင့် ဈေးဝယ်တွေဟာ ထိုက်တန်သောတန်ဖိုးကိုပေးပြီး အလုအယက် ဝယ်ယူသွားကြခြင်းဖြစ်ပေသည်။
ဆိုင်မှာ အဓိကရောင်းချနေသည်ကတော့ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လင်မယားပင် ဖြစ်ကြသည်။ ယွမ်ရိကတော့ ဆိုင်နောက်မှာထိုင်ကာ ငွေသိမ်းတာကိုလုပ်နေ၏။
ယွမ်ရိဆိုင်ဘေးမှာ ရောင်းချနေသည့် ရဲ့ချူးဝမ်ကတော့ ဈေးဝယ်တွေတအားကျနေသည့် ယွမ်ရိ၏ဆိုင်ကိုကြည့်ကာ မနာလိုဒေါသတွေတဟုန်းဟုန်း တောက်လောင်နေတော့သည်။
ယွမ်ရိရောင်းချသည့်ပစ္စည်းများက သူမရောင်းချသော ပစ္စည်းများထက် ဈေးတွေအများကြီး ကြီးနေပေမယ့် သူမပစ္စည်းထက် ယွမ်ရိရောင်းချသောပစ္စည်းများက ပိုရောင်းရနေရတာကို မြင်ရလေ မနာလိုမှုတွေ ကြီးပွားလာလေဖြစ်သည်။
ဆိုင်ချင်းက ကပ်ရပ်ဖြစ်နေ၍ ယွမ်ရိတို့ဆိုင်မှ ဈေးဝယ်များကိုကြည့်ပြီး ယွမ်ရိတို့ ဘယ်လောက်ရောင်းချနေရလဲဆိုတာကို သူမသိနေသည်။
နေ့လယ်မရောက်ခင်မှာဘဲ ယွမ်ရိတို့ဆိုင်မှာ ယွမ်၂၅၀ ကျော်ဖိုး ရောင်းထွက်သွားကြောင်း သူမသတိပြုမိလိုက်သည်။ ဒါဟာ သူမ၏မနာလိုမှာတွေကို ပိုပြီးတိုးမြှင့်သွားစေကာ မျက်ဝန်းတွေပါ နီရဲကုန်တော့သည်။
ယွမ်ရိဟာ တဖက်ဆိုင်ကနေ မနာလိုမှုများဖြင့်ဘကြည့်နေသောရဲ့ချူးဝမ်ကို မြင်လိုက်တာကြောင့်
"ဘာကြည့်တာလဲ။ မှန်ထဲလည်း တစ်ချက်လောက် ပြန်ကြည့်လိုက်ဦး။ နင့်မျက်လုံးထဲမှာ မနာလိုတဲ့အကြည့်တွေနဲ့ ပြည့်လျှံနေတာဘဲ။ သတိလေးဘာလေးလည်း ထားပါဦး။ ပတ်ဝန်းကျင်မှာလည်း လူတွေနဲ့ဟာကို"
ဟု ရန်တွေ့လိုက်သည်။
ယွမ်ရိစကားတွေကြောင့် ရဲ့ချူးဝမ်လည်း မျက်နှာထားကိုအမြန်ပြင်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားတော့သည်။
လူအများအပြာ၏ဝိုင်းဝန်းအားပေးဝယ်ယူမှုတွေကြောင့် ယွမ်ရိ၏ဆိုင်မှာ ရောင်းချသည့်ဝတ်စုံငါးဆယ်ကျော်ဟာ လျင်မြန်စွာဖြင့် ကုန်သွားတော့သည်။
မဝယ်လိုက်ရဘဲ ကျန်နေခဲ့သည့်သူတွေက ယွမ်ချန်းရှန်နဲ့ချန်ခွန်းကိုကြည့်လျက်
"နင်တို့ဆိုင်မှာ အဲ့လိုဝတ်စုံတွေက တကယ်ဘဲ အထည်ငါးဆယ်ကျော်လေးတင် ရှိတာလား"
ဟု မေးမြန်းကြတော့သည်။
ချန်းခွန်းက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ဒီနေ့ကတော့ ဝတ်စုံက အထည်ငါးဆယ်ကျော်ဘဲ ပါလာခဲ့တာ။ မနက်ဖြန်ကျရင်တော့ အရေအတွက်ကို ပိုတိုးပြီးယူလာပါ့မယ်ရှင်"
ဟု အသိပေးလိုက်၏။
"ဒါနဲ့ နင်တို့ဆိုင်က ဝတ်စုံတွေရဲ့အရွယ်အစားက သေးတယ်နော်။ ကြီးတာလေးတွေ မရှိဘူးလား"
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိုသို့မေးမြန်းလိုက်ပြန်သည်။
ချန်ခွန်းက
"အရွယ်အစားကတော့ အစုံရှိပါတယ်ရှင်။ ဒီနေ့က အစမ်းရောင်းကြည့်တဲ့နေ့မို့ အစုံငါးဆယ်ကျော်ကိုမှ အရွယ်အစားတစ်ပုံစံထဲ ယူလာခဲ့တာပါ။ နောက်
ရက်တွေကျရင် အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ အထည်တွေကို ကျွန်မတို့ရဲ့ဆိုင်မှာ ရောင်းချပေးသွားမှာပါရှင့်"
ဟု စိတ်ရှည်စွာ ပြန်ဖြေပေးလိုက်သည်။
ဈေးဝယ်သူတွေဟာ သူတို့သိချင်တာတွေကို သိသွားပြီးသည့်နောက် ယွမ်ရိတို့ဆိုင်ရှေ့ကနေ လူစုခွဲသွားကြတော့သည်။
ယွမ်ရိလည်း ထိုင်နေရာကနေ ထရပ်လိုက်ပြီး တစ်ဖက်ဆိုင်မှ ရဲ့ချူးဝမ်ကိုကြည့်လျက် ပြုံးကာ
"ကဲ၊ ဒီနေ့တော့ စောစောရောင်းကုန်သွားတာဘဲ။ ငါတို့ အရင်ပြန်တော့မယ်နော်"
ဟု နှုတ်ဆက်လိုက်သည်။
ယွမ်ရိစကားများကြောင့် ရဲ့ချူးဝမ်လည်း ဒေါသတွေကိုထိန်းသည့်ဟန်ဖြင့် အသက်ကို ရှူသွင်းရှုထုတ်လုပ်နေရတော့သည်။
ထို့နောက် ယွမ်ရိတို့တူဝရီးသုံးဦးဟာ ဆိုင်သိမ်းပြီး အိမ်ကိုပြန်ခဲ့ကြတော့သည်။
လမ်းမှာ ချန်းခွန်းက စိတ်လှုပ်ရှားနေသော လေသံဖြင့်
"ဘုရားရေ၊ ငါတို့တွေ ဝတ်စုံတွေအကုန်လုံးကိုတစ်နေမကုန်ခင် ရောင်းထွက်သွားတာဘဲ။ ငွေရှာရတာ အရမ်းလွယ်လိုက်တာ။ အစတုန်းကတော့ ရောင်းမကောင်းမှာကို စိုးရိမ်နေခဲ့မိတာ"
ဟု ပြောလိုက်သည်။
ယွမ်ချန်းရှန်ကလည်း သူ့မိန်းမကိုကြည့်ကာ ပျော်ရွှင်နေသောလေသံဖြင့်
"ငါကတော့ မရောင်းရမှာကို စိုးရိမ်တာမဟုတ်ဘူး။ရောင်းမကုန်မှာကို စိုးရိမ်နေခဲ့တာ။ အခုတော့ စိုးရိမ်တာတွေက အလကားလို ဖြစ်သွားတာဘဲ။ဟားးဟားးး"
ဟု ပျော်ရွှင်စွာ ပြန်ပြောလိုက်၏။
ယွမ်ရိကတော့ သူ့ဦးလေးတို့လင်မယား နှစ်ယောက်၏ စကားဝိုင်းအား ပြုံးလျက် နားထောင်နေခဲ့သည်။ ထို့နောက် စက်ဘီးကို ဂရုတစိုက်နင်းလျက် လမ်းမကြီးပေါ်တက်လိုက်၏။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းဟာလည်း သူတို့၏စက်ဘီးကိုခပ်သွက်သွက်လေးနင်းလျက် ယွမ်ရိ၏နောက်ကနေ အမြန်လိုက်သွားကြတော့သည်။
ယွမ်ချန်းရှန်ဟာ ယွမ်ရိ၏စက်ဘီးအနီးကို မှီသွားတာနဲ့
"ခုနက တွေ့ခဲ့တဲ့ရဲ့ချူးဝမ်ဆိုတဲ့မိန်းကလေးက။တကယ်ဘဲ နင့်အမလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်၏။
"သူမကရော ဒီမှာ တက္ကသိုလ် လာတက်တာလား"
ချန်ခွန်းက ဝင်မေးလိုက်၏။
ယွမ်ရိကခေါင်းယမ်းကာ
"မဟုတ်ဘူး။ သူမက ဝင်ခွင့်စာမေးပွဲနှစ်ခါဖြေတာတောင်မှ နှစ်ခါလုံးကျထားတာလေ။ ဒီကိုရောက်နေတာကလည်း အိမ်ကနေ ထွက်ပြေးလာတာရယ်။ အခုတော့ ဝင်ခွင့်အောင်ပြီး တက္ကသိုလ်တက်နေတဲ့သူ့ရည်းစားရဲ့အကူအညီနဲ့ နေနေတာ"
ဟု ရှင်းပြလိုက်၏။
"သူက အိမ်ထောင်ပြုလိုက်တာလား"
ချန်ခွန်းက စိတ်ဝင်တစားဖြင့် ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်တွင်လည်း ယွမ်ရိက ခေါင်းယမ်းကာ
"သူတို့က လက်မထပ်ရသေးဘူး။ ဘယ်လိုပြောရမလဲ။ အတူတူ နေ,နေကြတဲ့ပုံဘဲ။ ဒါပေမယ့် နှစ်ဖက်မိဘတွေအကုန်လုံးက သူတို့နှစ်ယောက်ကို သဘောမတူကြဘူးရယ်။ ကြည့်ရတာ သူတို့နှစ်ယောက်လည်း အကျပ်အတည်း တွေ့ကြုံနေပြီထင်တယ်။ ဒါ့ကြောင့်မို့လည်း ရဲ့ချူးဝမ်က ဈေးထွက်ရောင်းရင်း ဝမ်းရေးကိုဖြေရှင်းနေတာ နေမှာပေါ့"
ဟု ပြောပြလိုက်သည်။
ချန်းခွန်းက ခေါင်းတယမ်းယမ်းဖြင့်
"အိမ်ထောင်မပြုဘဲနဲ့ အတူတူတောင်နေကြတယ်ဆိုတော့ ခေတ်ကာလသားသမီးတွေများ မလွယ်တော့ဘူးဘဲ"
ဟု ရေရွတ်လိုက်တော့သည်။
ယွမ်ရိဟာ ရဲ့ချူးဝမ်၏ကိစ္စနဲ့ပတ်သက်ပြီး စိတ်မဝင်စားသဖြင့် ဘာမျှထပ်မပြောတော့ချေ။
ထို့နောက် တူဝရီးသုံးယောက်ဟာ စက်ဘီးကိုခပ်သွက်သွက်လေးနင်းလျက် အိမ်ကိုပြန်ခဲ့ကြတော့သည်။
သူတို့သုံးယောက် အိမ်ကိုပြန်ရောက်သွားတော့ ယွမ်ချီကျီက
"ဟယ်။ စောလှချည်လား အခုမှ နေ့လယ်ဘဲ ရှိသေးတဲ့ဟာကို ဘယ်လိုဖြစ်လို့ ပြန်လာကြတာတုန်း"
ဟု မေးလိုက်၏။
ထိုအခါ ချန်ခွန်းကပြုံးလိုက်ပြီး
"ဒီနေ့ ရောင်းဖို့ယူသွားတဲ့ ဝတ်စုံငါးဆယ်ကျော်လုံး အကုန်ရောင်းထွက်သွားတယ်လေ။ ဒါ့ကြောင့် စောစောပြန်လာတာ"
ဟု ပြန်ဖြေလိုက်သည်။
ထိုအဖြေကြောင့် ယွမ်ချီကျီတစ်ယောက် မျက်လုံးပြူးသွားပြီး
"တကယ် ပြောတာလား"
ဟု အံ့ဩတကြီး ပြန်မေးလိုက်သည်။
ယွမ်ချန်းရှန်က ခေါင်းညိတ်ကာ
"တကယ်ပေါ့အမရဲ့။ ဒါတောင်မှ ဝတ်စုံက ငါးဆယ်ကျော်ဘဲ ပါသွားလို့နော်။ ဝယ်ချင်တဲ့သူတွေကတော့ တန်းကိုစီနေတာဘဲ။ မနက်ဖြန်ကျမှ တစ်ခေါက်လာခဲ့ကြပါလို့ကို ပြောယူခဲ့တယ်ဗျာ"
ဟု ဝင်ပြောလိုက်သည်။
ယွမ်ချီကျီလည်း ကြားလိုက်ရသည့်သတင်းကောင်းကြောင့် ပျော်ရွှင်သွားခဲ့ပြီး ပညာသင်မိန်းကလေးငါးယောက်ဘက်ကို လှည့်ကာ
"ကဲ၊ ကလေးမတွေ ကြားကြရဲ့လား"
ဟု မေးလိုက်သည်။
ပညာသင်မိန်းကလေးငါးဦးဟာလည်း ပျော်ရွှင်နေသောအသံဖြင့်
"ဟုတ်ကဲ့၊ ကြားပါတယ်ရှင်"
ဟု တက်ညီလက်ညီ ပြန်ဖြေပေးလိုက်ကြသည်။
ယွမ်ရိလည်း ထိုပညာသင်မိန်းကလေးငါးယောက်အား ပိုပြီးတော့ ပျော်ရွှင်စေမည့်အရာကို လုပ်ဆောင်လိုက်သည်။ ထိုအရာကတော့ ဒီနေ့ဝတ်စုံငါးဆယ်ကျော်ရောင်းချပြီးရသည့်ငွေထဲကနေ တချို့တဝက်ကိုခွဲကာ ထိုမိန်းကလေးငါးယောက်အား လစာအဖြစ်ပေးလိုက်ခြင်းပင်။
မိန်းကလေးငါးယောက်လုံးဟာ ယွမ်ရိထံမှ လုပ်ခလစာငွေ ရရှိလိုက်သဖြင့် ပျော်ရွှင်မှုတွေ နှစ်ဆတိုးပွားကုန်ကြ၏။
သူတို့အသက် သူတို့အရွယ်လေးများဖြင့် ဤကဲ့သို့များပြားသော ငွေကြေးပမာဏအား ကိုယ်တိုင်ရှာဖွေနိုင်ခဲ့ပြီ ဖြစ်၍လည်း အလွန်အမင်း ပီတိဖြစ်နေကြတော့သည်။
ထို့နောက် သူမတို့ဟာ နေ့လယ်စာ စားဖို့အတွက် ကိုယ့်အိမ်ကို ပြန်သွားကြတော့သည်။
လမ်းမှာလည်း ထိုမိန်းကလေးငါးယောက်က တစ်ယောက်နဲ့တစ်ယောက် စကားတွေပျော်ရွှင်စွာဖြင့် ပြောသွားကြတော့သည်။
"ငါတော့ နေ့လယ်စာကို မြန်မြန်စားပြီး ဒီကိုတန်းလာမယ်။ ဒါမှ ဝတ်စုံတွေကို များများချုပ်ပြီး ငွေများများရှာနိုင်မှာ"
"ဟုတ်တယ်။ ငါလည်း စောစောပြန်လာခဲ့မယ်"
"ငွေရှာရတာ အရမ်းပျော်စရာကောင်းတာဘဲ"
"မြန်မြန်သွားကြစို့။ နေ့လယ်စာ စားပြီးရင် ဒီကိုမြန်မြန်ပြန်လာကြမယ်"