အပိုင်း - ၇၄.၂
နေရောင်ဟာ ကောင်းကင်ယံမှတဆင့် အိမ်နံရံပေါ်သို့ ဖြာကျနေသည်။
ဖန်းရှုံးယန်ဟာ သူမလျှောက်ဖွတ်ထားသောအဝတ်များကို နေလှန်းရန်အတွက် အဝတ်တန်းရှိရာကို ထွက်လာတော့သည်။
ပြီးတာနဲ့ သူမလက်ထဲက အဝတ်ပုံးကိုအောက်ချလိုက်သည်။ ရေစိုနေသောအဝတ်များအား ရေစင်အောင်နာနာညှစ်လျက် သေချာဖြန့်ကာ တန်းမှာလှန်းလိုက်တော့သည်။
အဝတ်နှစ်ထည်၊ သုံးထည်ခန့်လှန်းပြီးချိန်မှာဘဲ သူမအဝတ်လှန်းနေသည့်နေရာအနီးသို့ အမကျောင်းဆိုသည့်သူ ရောက်လာတော့သည်။
ထိုအမကျောင်းဆိုသည့်သူအား ကြည့်ရတာ ပြုံးပျော်နေပုံရပြီး စိတ်ရွှင်နေသည့်ပုံရတာကြောင့် သူမအနည်းငယ်အံ့အားသင့်သွား၏။
ဒါနဲ့ သူမလည်း သူမဘက်က စကားစပြောဖို့ပြင်လိုက်သည်။ ဒါပေမယ့် သူမ ဘာမျှမပြောနိုင်ခင်မှာဘဲ ထိုအမကျောင်းဆိုသည့် အမျိုးသမီးက
"ညီမဖန်းရေ၊ နင့်ကိုယ်စား ငါအရမ်းဝမ်းသာတာဘဲသိလား။ ဒီနေ့လေ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်တွေ ထွက်တာနင်သိတယ်မလား။ အဲ့တာ နင့်သမီးအကြီးဆုံးလေ။ သူမက ပီကင်းတက္ကသိုလ်ကို ဝင်ခွင့်ရတယ်တဲ့တော့"
ဟု ပြောလိုက်သည်။
အမကျောင်း၏စကားကြောင့် ဖန်းရှုံးယန်လည်း အံ့အားသင့် တုန်လှုပ်သွားတော့သည်။
ထိုအမကျောင်းကပင် ဆက်လက်ပြီး
"ငါ့ညီမရယ်။ နင့်သားသမီးတွေကို ဘယ်လိုများသွန်သင်ဆုံးမလိုက်တာတုန်း။ နင့်သမီးတင်မကဘူးနော်။ နင့်ရဲ့သား ရဲ့ဖန်ကလည်း ငါတို့မြို့မှာရှိတဲ့အကောင်းဆုံးတက္ကသိုလ်မှာ ဝင်ခွင့်ရတယ်တဲ့"
ဟု ထပ်ပေါင်းပြောလိုက်သည်။
"တ တကယ်ကြီးး ပြောတာလား"
ဖန်းရှုံးယန်ခဗျာ ကြားလိုက်ရတာတွေက အံ့အားသင့်ဖို့ကောင်းလွန်းတာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်မေးမိလိုက်တော့သည်။
ထိုအခါ အမကျောင်းက မျက်ခုံးအသာပင့်လျက်
"ငါက ဘာလို့လိမ်ပြောရမှာတုန်း။ မယုံလို့ရှိရင် နင့်သားသမီးတွေပြန်လာရင် မေးကြည့်လိုက်ပေါ့"
ဟု ပြန်ဖြေပေးလိုက်တော့သည်။
ဖန်းရှုံးယန်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် အခုန်မြန်နေသည့်နှလုံးသားအား ငြိမ်ကျသွားအောင် ခဏမျှအသက်ကိုဝဝရှူထုတ်လိုက်သည်။ ပြီးမှ သူမက လက်ထဲက အဝတ်စိုအား အဝတ်ခြင်းထဲပစ်ထည့်လိုက်ပြီး
"ဟုတ်သားးး ကလေးတွေရဲ့အောင်မြင်မှုကို ချီးကျူးတဲ့အနေနဲ့ စားကောင်းတာလေးတွေ ချက်ကျွေးရမယ်"
ဟု ရေရွတ်လိုက်တော့သည်။
အမကျောင်းကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်တာပေါ့။ သွား၊ နင့်ကလေးတွေကို စားကောင်းမယ့် ဟင်းလျာလေးတွေကျွေးဖို့ မြန်မြန်သွားချက်ပြုတ်ချေတော့"
ဟု လှုံ့ဆော်ပေးလိုက်၏။
ဖန်းရှုံးယန်လည်း အမကျောင်းအား ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ အမကျောင်းသည်လည်း အလိုက်တသိဖြင့်ပင် သူ့အိမ်သူပြန်သွားတော့သည်။
အမကျောင်းပြန်သွားတော့ ဖန်းရှုံးယန်လည်း အိမ်ထဲကိုဝင်ကာ ဈေးခြင်းတောင်းကိုဆွဲလျက် ဈေးရှိရာကိုခပ်သွက်သွက်လေး ထွက်လာခဲ့တော့သည်။ ဈေးကိုရောက်တော့ သူမက အသီးအရွက်တွေ၊ အသားငါးတွေကိုသာမက ပုဇွန်တွေကိုပါ ဝယ်ယူလာခဲ့သည်။
ဈေးကနေ အိမ်ကိုပြန်ရောက်တာနဲ့ အနားပင်မယူတော့ဘဲ မမောနိုင်မပမ်းနိုင် ချက်ပြုတ်ပြင်ဆင်တော့သည်။
နည်းနည်းမှောင်ရိပ်သမ်းလာသည့်အခါ အိမ်ကိုယွမ်ဟောင်ဂျန်က အရင်ဆုံးပြန်ရောက်လာသည်။
ယွမ်ဟောင်ဂျန်ဟာ အိမ်ထဲကိုဝင်လိုက်တာနဲ့ မွှေးကြိုင်လှသည့်ဟင်းရနံ့တွေ၏ ဆွဲဆောင်မှုများကြောင့် မီးဖိုချောင်ဘက်သို့ ခြေဆန့်ခဲ့တော့သည်။ မီးဖိုချောင်ထဲရောက်တော့ သူ့မျက်ဝန်းတွေ တဖျက်ဖျက်လက်သွားကာ
"ဝါးးး ဒါတွေကို အမကြီးနဲ့အကိုကြီးတို့အတွက် ချက်ပြုတ်ထားတာတွေလား။ နွေဦးပွဲတော်မှာတုန်းကတောင် ဒီလောက်ဟင်းမစုံဘူး"
ဟု ရေရွတ်လိုက်သည်။
မွှေးကြိုင်လှသည့် ဟင်းရနံ့တွေကြောင့် ယွမ်ဟောင်ဂျန်ခဗျာ အပီအပြင် ဝင်ဆွဲချင်နေပြီဖြစ်သည်။
ဒါကို မိခင်ပီပီသိလိုက်သည့် ဖန်းရှုံးယန်က
"ဟဲ့၊ မစားရသေးဘူးနော်။ နင့်အဖေရယ် အခြား နင့်မောင်နှမတွေရယ် အကုန်စုံမှစားရမယ်"
ဟု သတိပေးလိုက်တော့သည်။
ကျောင်းပိတ်ရက်ဖြစ်တာမို့ ကျန်သည့်မောင်နှမတွေအကုန်လုံး အပြင်ထွက်လည့်သူကလည်၊ ထွက်ဆော့သူကဆော့ဖြင့် အိမ်မှာ တစ်ယောက်မျှမကပ်ကြချေ။
ဒါ့ကြောင့် ယွမ်ဟောင်ဂျန်လည်း စားချင်စိတ်ကို မျိုသိပ်လိုက်ပြီး သူ့ညီကိုမောင်နှမတွေကို ရှာဖို့အတွက် အိမ်ထဲကနေ ပြန်ထွက်သွားတော့သည်။
ဖန်းရှုံးယန်လည်း ဟင်းတွေကို အမြန်ချက်ပြုတ်တော့သည်။ ဟင်းတွေ ကျက်သွားပြီးမကြာခင်မှာဘဲ အိမ်ကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြတော့သည်။
ယွမ်ချန်းဖူဟာ ဒီနေ့မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး အဖြေရလဒ်တွေထွက်မှာကို သိပေမယ့် သူ့သားသမီးတွေ၏ရလဒ်ကိုတော့ မသိသေးပါချေ။
ဒါပေမယ့် အိမ်ကိုပြန်ရောက်ပြီး ညစာစားမည့်အချိန်မှာ ဖွယ်ဖွယ်ရာရာပြင်ဆင်ထားသည့် ဟင်းလျာတွေကိုမြင်လိုက်တာနဲ့ သတင်းကောင်းကို ကြားရတော့မည်ဆိုသည်ကို သူတပ်အပ်သိလိုက်တော့သည်။
ဒါ့ကြောင့် သူကအပြုံးလေးတစ်ခု ဆင်မြန်းလိုက်ပြီး
"အိမ်းးးး၊ နွေဦးပွဲတော်မှာတုန်းက အဝ မကြိတ်ခဲ့ရသမျှ အခုချိန်မှာ အတိုးချပြီး အမုန်းစွဲရမယ်ကွ"
ဟု ပြောလိုက်တော့သည်။
အခြားသူတွေကလည်း ထမင်းစားဝိုင်းမှာ မျက်နှာအမူအရာအမျိုးမျိုးဖြင့် ထိုင်နေကြသည်။ ယွမ်ရိ၊ ယွမ်ကျဲ၊ ရဲ့ဖန်နဲ့ ယွမ်ချူးရွယ်တို့ဟာ ပျော်ရွှင်နေကြသည်။
ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ကတော့ အရသာရှိသော ဟင်းလျာများကို စားရန်လက်တပြင်ပြင် ဖြစ်နေကြတော့သည်။
ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ကတော့ အနည်းငယ်မျက်နှာပျက်နေကြသည်။ ဒါပေမဲ့ အကုန်လုံးက အပျော်ကိုယ်စီဖြစ်နေ၍ သူတို့နှစ်ယောက် မျက်နှာပျက်နေတာကို သတိမထားမိခဲ့ကြပေ။
ဖန်းရှုံးယန်က ချောင်းတစ်ချက်ဟန့်ကာ အကုန်လုံး၏အာရုံအား ဆွဲဆောင်လိုက်သည်။
"အဟမ်း၊ အခု အရမ်းဝမ်းသာနေလို့ ဘယ်ကနေဘယ်လိုစပြောရမှန်းတောင် မသိတော့ဘူး။ အမေ့ရဲ့သားတွေသမီးတွေ အကုန်လုံး အရမ်းတော်ကြတယ်ကွယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးမှာလည်း အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့ကြပြီး တက္ကသိုလ်ကောင်းကောင်းမှာ ဝင်ခွင့်ရခဲ့ကြတာမို့ အမေ အရမ်းဝမ်းသာတယ်ကွယ်။ တကယ် အတိုင်းမသိ ပီတိဖြစ်ရတယ်ကွယ်"
ဖန်းရှုံးယန်၏စကားဆုံးတာနဲ့ လေထုဟာ အနည်းငယ် ကသိကအောက်ဖြစ်သွား၏။
ယွမ်ရိလည်း သူမလွယ်အိတ်အတွင်းမှ ဝင်ခွင့်စာရွက်ကို ထုတ်ယူလိုက်ပြီး ဖန်းရှုံးယန်မြင်အောင် ပြလိုက်ကာ
"အမေပြောတာ သမီး ပီကင်းတက္ကသိုလ်ဝင်ခွင့်ရတဲ့အကြောင်းများလား"
ဟု ကောက်မေးလိုက်တော့သည်။
ယွမ်ရိ၏စကားများကြောင့် ဖန်းရှုံးယန်၏အမူအရာတွေအကုန် အေးခဲသွားတော့သည်။ တစ်ခဏကြာမှ သူမသတိပြန်ဝင်လာကာ ယွမ်ရိကိုကြည့်ပြီး တုန်လှုပ်နေသောလေသံဖြင့်
"ဘယ်၊ ဘယ်လို ပီကင်းတက္ကသိုလ်ကိုဝင်ခွင့်ရတာက ရှောင်၊ ရှောင်ရိ"
ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်တော့သည်။
"အဟမ်း၊ အဟမ်း"
ယွမ်ဟောင်ဂျန်ကလည်း ချောင်းဟန့်လျက်
"အမေကလည်း အမရှောင်ရိက ဝင်ခွင့်စာရွက်တောင် ထုတ်လာပါပြီဆိုနေမှတော့ ပီကင်းတက္ကသိုလ်ကိုဝင်ခွင့်ရတဲ့သူက အမရှောင်ရိဘဲပေါ့။ အမေက အမကြီးချူးဝမ်လို့ ထင်နေတာလား"
ဟု ဝင်မေးလိုက်၏။
"ဘာ?"
ဖန်းရှုံးယန်တစ်ယောက် ယွမ်ရိကိုတစ်လှည့် ရဲ့ချူးဝမ်ကိုတစ်လှည့်ကြည့်ကာ သူမဦးနှောက်ကြီးတစ်ခုလုံး အလုပ်မလုပ်တော့သလို ခံစားလိုက်ရသည်။
မူလက ပျော်ရွှင်နေကြသည့် ညစာစားပွဲလေးဟာလည်း ပျော်ရွှင်မှုတွေဆိတ်သုဉ်းကုန်တော့သည်။
ယွမ်ချန်းဖူက အခြေအနေကိုဝင်ထိန်းဖို့ပြင်လိုက်ပေမယ့် ရဲ့ချူးဝမ်က ထိုင်နေရာကနေ ရုတ်တရက်ထရပ်လိုက်သည်။
ယွမ်ချန်းဖူဟာ ရဲ့ချူးဝမ်တစ်ခုခုထပြောမှာဆိုး၍ လှမ်းဆွဲကာ နေရာမှာပြန်ထိုင်ဖို့ အချက်ပြလိုက်သည်။
ဒါပေမယ့် ရဲ့ချူးဝမ်က သူမအဖေ၏လက်ကို ခါဖြုတ်လိုက်ကာ သူမအမေကို စူးစူးရဲရဲစိုက်ကြည့်လျက်
"ပျော်လား၊ အခုလို ကျွန်မကို မောင်နှမတွေ ရှေ့မှာ အရှက်ခွဲလိုက်ရတော့ ပျော်သွားလား။ ဟမ်း။ ဖြေလေ၊ ပျော်နေလာလို့ ဖန်းရှုံးယန်ရဲ့။ ဖြေစမ်းပါ"
ဟု အော်ဟစ်သောင်းကျန်းတော့သည်။
'ဖြောင်းးးးးးး'
ရဲ့ချူးဝမ်၏ မိုက်ရိုင်းသောစကားလုံးတွေကြောင့် ယွမ်ချန်းဖူက သူမ၏ပါးကို ရိုက်နှက်လိုက်သည်။
ပါးရိုက်သံဟာ ရှင်းလင်းပြတ်သားစွာထွက်ပေါ်လာသည့်အပြင် ရဲ့ချူးဝမ်သည်လည်း တစ်ဖက်ကိုခေါင်းစောင်းသွားသည်။ ဒါ့ကြောင့် ထမင်းစားဝိုင်းတစ်ခုလုံး ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်သွား၏။
ယွမ်ချန်းဖူက သူ့မိန်းမရှေ့မှာ ကာရပ်ပေးလိုက်ရင်း
"ရဲ့ချူးဝမ်၊ နင်က နင့်အမေကို ဘယ်လိုပုံစံနဲ့စကားပြောလိုက်တာလဲ။ အခုချက်ချင်း အပေါ်ထပ်ကို သွားတော့"
ဟု မာန်မဲလိုက်သည်။
ဒေါသတွေ အထွတ်အထိပ်ကိုရောက်နေပြီဖြစ်သည့် ရဲ့ချူးဝမ်ကတော့ သူမအဖေကိုလည်း မကြောက်တော့ချေ။ သူမက သူမအဖေ၏မျက်ဝန်းများအတွင်းသို့ပင် စူးစိုက်ကြည့်ကာ
"ဒီမယ်၊ ကျွန်မကို အသေသတ်လို့ရတယ်။ ဒါပေမယ့် ဒီလိုမျိုး အရှက်ခွဲစရာလိုလို့လား။ အခုတော့ တစ်မိသားစုလုံးရဲ့ရှေ့မှာ စားကောင်းသောက်ဖွယ်တွေ တည်ခင်းပြီးတော့ ကျွန်မရဲ့အရှက်သိက္ခာကို ကုန်းကောက်ရာမရှိအောင် ချလိုက်ရတော့ ပျော်နေကြမှာပေါ့။ ကျေနပ်နေကြမှာပေါ့"
ဟု အာခံကာ ပြန်ပြောလိုက်သည်။
ဖန်းရှုံးယန်လည်း သူ့သမီးထံမှ ပြင်းထန်သောစွပ်စွဲချက်များကြောင့် အားပျက်ကာ ထိုင်ခုံပေါ် မှီထိုင်ချလိုက်တော့သည်။ သူမအနေနဲ့ ယခုလိုတွေဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
အမကြီးကျောင်းလာပြောတုန်းက နင့်သမီးကြီးလို့ပြောသည့်အတွက် သူမစိတ်ထဲရဲ့ချူးဝမ်လို့တန်းထင်ခဲ့တာပင်။ တဖန် ယွမ်ဟောင်ဂျန်ကပါ အမကြီးဟုပြောလာတာကြောင့် သူမစိတ်ထဲမှ ပီကင်းတက္ကသိုလ်ကိုဝင်ခွင့်ရသွားသည့်သူက ရဲ့ချူးဝမ်ဟူသော အတွေးမှာ ပိုပြီးခိုင်မာလာခဲ့ရတာပင်။
အခုတော့ သူမကြိုးစားပမ်းစားချက်ပြုတ်ထားပြီး ပျော်ပျော်ရွှင်ရွှင်စားသောက်နေရမည့် ညစာစားပွဲလေးဟာ ပျက်ဆီးသွားရပြီဖြစ်သည်။
အားအင်တစ်စက်မှမရှိတော့သလို ခံစားနေရတာကြောင့် သူမက ရဲ့ချူးဝမ်ကိုလည်း ရှင်းမပြနိုင်တော့ချေ။
ဒါပေမယ့် ယွမ်ချန်းဖူကတော့ ရဲ့ချူးဝမ်ကို လက်ညိုးငေါက်ငေါက်ထိုးကာ
"မင်းကလေးဘဝကနေ အခုချိန်ထိ မင်းအမေကဘဲ မင်းကိုဂရုစိုက်ပေးခဲ့တာ။ သူမက မင်းကို သူမရဲ့သွေးတွေဖောက်ထုတ်ပြီး မတိုက်ရုံတမယ်ဘဲကွ။အစစအရာရာလိုသေသေးမရှိ လိုအပ်တာတွေအကုန် ဖြည့်ဆည်းပေးခဲ့တာကွ။ ဒီနေ့လိုဖြစ်မယ်မှန်းသိရင် နင့်ကိုမွေးစားဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ဘူး"
ဟု ရင့်ရင့်သီးသီးပြောလိုက်သည်။
"ကျွန်မကရော ကျွန်မကိုမွေးစားပါလို့ တောင်းဆိုခဲ့ဖူးလို့လား"
ရဲ့ချူးဝမ်ကလည်း သီးမခံဘဲ ပြန်အော်၏။
ယွမ်ချန်းဖူလည် တုန်လှုပ်သွားကာ ရဲ့ချူးဝမ်ကိုထပ်ရိုက်ဖို့ သူ့လက်ကိုမြှောက်လိုက်သည်။ ဒါပေမယ့် စိတ်ထိန်းကာ မရိုက်ခဲ့ချေ။ သူ့သမီးကို ဒီလောက်ထိ မိုက်ရိုင်းစော်ကားလိမ့်မည်ဟု သူ့အနေနဲ့ ထင်မှတ်မထားတာတော့ အမှန်ပင်။
အသက်ကို ရှူသွင်းရှူထုတ် အကြိမ်အနည်းငယ်လုပ်ပြီးမှ သူ့ဒေါသတွေ ငြိမ်းအေးသွားတော့သည်။ ဒါ့ကြောင့် သူက ရဲ့ချူးဝမ်ကို ဘာမျှမပြောတော့ဘဲ ထိုင်ခုံမှာ ပြန်ထိုင်လိုက်တော့သည်။
ဒါပေမယ့် စားချင်သောက်ချင်စိတ်တော့ မရှိတော့ချေ။
ကျန်သည့်သူတွေလည်း အခြေအနေသိပ်မဟန်တာကြောင့် ဘာအသံမှမထွက်ရဲဘဲ တိတ်နေကြသည်။ဒါပေမယ့် ထိုထဲမှာ ယွမ်ရိမပါခဲ့ပေ။
သူမက ရဲ့ချူးဝမ်ကို စိုက်ကြည့်လျက်
"အမေက နင့်ကိုအရှက်ရအောင် တမင်သက်သက်လုပ်တာမဟုတ်ဘူး။ မတော်တဆ ဖြစ်သွားတာလေ။ ပြီးတော့ အမေက နင့်ကိုဆိုရင် အလိုလိုက်အကြိုက်ဆောင်ခဲ့တာ ငယ်ငယ်လေးကတည်းက အခုချိန်ထိဘဲ။ ဒါကို နင်ကတော့ အမေ့ကိုမျက်ရည်ကျအောင် လုပ်ရဲတယ်နော်"
ဟု ပြောလိုက်သည်။
ထိုအခါ ရဲ့ချူးဝမ်၏မျက်ဝန်းတွေက ယွမ်ရိထံကျရောက်လာကာ
"နင့်ပါးစပ်ပိတ်ထား"
ဟု အော်ပြောလိုက်၏။
ရဲ့ချူးဝမ်၏အော်ဟစ်မှုကြောင့် ယွမ်ရိ၏မျက်နှာထားလည်း အေးစက်သွားကာ
"နင်ကများ ငါ့ကိုပါးစပ်ပိတ်လို့ ပြောရဲတာပေါ့။တကယ်ပိတ်ရမှာ နင်ဟဲ့နင်။ ကိုယ့်ဘာသာ စာမေးပွဲမအောင်ရင်လည်း အခန်းထဲတိတ်တိတ်လေး ကြိတ်ငိုချည်။ အခြားလူတွေအပေါ်ကို နင့်ရဲ့အရှက်မရှိတဲ့ဒေါသတွေ ပုံချမနေနဲ့"
ယွမ်ရိစကားတွေကြောင့် ရဲ့ချူးဝမ်ခဗျာ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်သည်အထိ ဒေါသတွေထွက်လာရသည်။ဘထို့နောက် သူမက ယွမ်ရိထံသွားကာ ရိုက်နှက်ရန်ပြင်လိုက်ပေမယ့် ယွမ်ချန်းဖူက နောက်ပြန်ဆွဲကာ
"ရဲ့ချူးဝမ်၊ နင် ထမင်းမစားဘူးဆိုရင်လည်း အခန်းထဲကိုပြန်တော့"
ရဲ့ချူးဝမ်လည်း ရုတ်တရက်ဆိုတော့ ကြောင်အအလေးဖြစ်သွားသည်။ ခဏကြာတော့ သူမ၏တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်လာပြီး မြေပြင်ပေါ်ထိုင်ချကာ သည်းသည်းထန်ထန် ငိုတော့သည်။
"ဘာလို့ ငါ့ကိုအနိုင့်ကျင့်ကြတာလဲ။ ဘာလို့ ငါ့ကိုလဲ ရွှတ်၊ အဟင့်၊ ဟင့်"
ဘယ်သူကမှ ရဲ့ချူးဝမ်ငိုချလိမ့်မည်ဟု မထင်ထားတာကြောင့် တုန်လှုပ်သွားသည်။
"ဒုန်းးးးး"
ထိုအချိန်မှာဘဲ ရဲ့ဖန်က ထမင်းစားပွဲကိုလက်ဖြင့် ပြင်းပြင်းထန်ထန် ပုတ်လိုက်တာကြောင့် အကုန်လုံး၏အာရုံတွေဟာ ရဲ့ဖန်ထံရောက်သွား၏။
ရဲ့ဖန်သည်လည်း ဒေါသကြောင့် မျက်ဝန်းတွေနီရဲနေသည်။ သူက ရဲ့ချူးဝမ်ကိုကြည့်ကာ
"ရဲ့ချူးဝမ်၊ နင် ပြဿနာမရှာဘဲ အေးအေးဆေးဆေးနေလို့မရဘူးလား။ ဒီမိသားစုမှာ ဘယ်သူမှ နင့်ကို အနိုင်ကျင့်မနေဘူး။ နင့်ဘာသာနင် အရင်တုန်းက လိမ်ညာခဲ့တာတွေပါပေါင်းပြီး စိတ်မလုံဖြစ်နေတာရယ်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမအောင်တာရယ်ကို ပေါင်းပြီး မိသားစုအပေါ်မှာ ဒေါသတွေပုံချမနေနဲ့"
ဟု အော်ပြောလိုက်တော့သည်။
ယွမ်ဟောင်ဂျန်ဟာ သူ့အကိုရဲ့ဖန်၏ဒေါသထွက်နေပုံကြောင့် အရမ်းတုန်လှုပ်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် ရဲ့ဖန်ဒေါသထွက်တာကို သူတစ်ကြိမ်မှမမြင်ဖူးလို့ပင်။
ရဲ့ဖန်ပေါက်ကွဲပြီးသည်နောက် ယွမ်ချူးရွယ်သည်လည်း မထိန်းထားနိုင်တော့ချေ။ သူမက သူမအမေဖန်းရှုံးယန်ကိုကြည့်ကာ
"အစကတော့ သမီးကမပြောတော့ဖို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် အခုတော့ ပြောမှရတော့မယ်။ ရဲ့ချူးဝမ်ကို အမေတို့က ဘယ်လောက်ဘဲအလိုလိုက်လိုက် သူမရဲ့စရိုက်ကိုက နဂိုထဲက အခုလိုမျိုးဘဲ။ အရင်တုန်းက ဖုံးထားတာမို့လို့သာ အမေတို့က မသိတာ။ သမီးကတော့ သတိထားမိတာကြာပြီ။ သူမက တကယ့်ကို မျက်လုံးဖြူ ဝံပုလွေလို ကောင်မမျိုး"
ဟု ဝင်ပြောလိုက်သည်။
"တိတ်စမ်း"
ယွမ်ချူးရွယ်စကားဆုံးတာနဲ့ ယွမ်ချူးဖူက အော်ဟစ်ကာ တိတ်တိတ်နေဖို့ မာန်လိုက်သည်။
"အခြေအနေသိပ်မကောင်းဘဲ အိမ်တွင်းရေးပြဿနာ ကြုံနေပါတယ်ဆို နင်က မီးထဲကိုဓာတ်ဆီထပ်လောင်းနေပါလား"
ဒါပေမယ့် ယွမ်ချူးရွယ်ကတော့ တိတ်တိတ်မနေခဲ့ပါချေ။
"ဒီမိသားစုရဲ့အတွင်းရေးက ဘယ်တုန်းကများ ငြိမ်းချမ်းနေခဲ့လို့လဲ။ သမီးတို့က ရဲ့ချူးဝမ်လိုမျိုး ကိုယ်မကျေနပ်တာတွေကို ထုတ်မပြောတာဘဲရှိတာ။ငယ်ငယ်လေးကတည်းက ကောင်းတာတစ်ခုခုဆိုရင် ရဲ့ချူးဝမ်ကဘဲ အရင်ရတယ်။ သူ့ကိုဘဲ အရင်ဦးစားပေးကြတယ်။ ကောင်းတာမှန်သမျှ သူဘဲအရင်ရွေးတယ်။ သမီးတို့ကရော၊ သူရွေးလို့ကျန်မှ သူ မကြိုက်မှကျန်တဲ့အရာတွေကို ရတယ်။ ဒါတွေ အဖေမသိဘူးမလား"
ဟု ပြန်အော်ပြောကာ မျက်ရည်များ စီးကျလာတော့သည်။
ယွမ်ချန်းဖူလည်း ငြိမ်သက်သွားသော ဒေါသတို့တဖန်ပြန်ကြွလာကာ
"ယွမ်.ချူး.ရွယ်"
ဟု တစ်လုံးချင်း လေသံမာမာဖြင့် ခေါ်လိုက်သည်။
ထိုအချိန်မှာဘဲ ဖန်းရှုံးယန်ဟာ သူမ၏မျက်ရည်တွေကို သုတ်ကာ ထမင်းစားခန်းအတွင်းမှ အပေါ်ထပ်သို့ပြေးတက်သွားတော့၏။
ယွမ်ချန်းဖူလည်း ဒေါသထွက်တာရော၊ ရှက်တာရောပါပေါင်းပြီး ဆက်မစားနိုင်တော့ချေ။ ဒါ့ကြောင့် သူသည်လည်း ထမင်းစားခန်းအတွင်းမှ ထထွက်သွားတော့သည်။
ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ ထွက်သွားတာကြောင့် ထမင်းစားခန်းထဲမှာ လူရှစ်ယောက်ဘဲ ကျန်ခဲ့သည်။
ရဲ့ချူးဝမ်ဟာ ထိုင်ငိုနေရာကနေ ထကာ သူမမျက်ရည်တွေကို သုတ်ဖယ်လိုက်သည်။ ပြီးတာနဲ့ ယွမ်ရိကို စိုက်ကြည့်ကာ
"အခုအနိုင်ရသွားတော့ ပျော်လား"
ဟု မေးလိုက်သည်။
ယွမ်ရိကတော့ ရဲ့ချူးဝမ်ကို အရေးမပါသကဲ့သို့ကြည့်ကာ
"ဒီမယ်။ ငါက နင်နဲ့တစ်ခါမှမပြိုင်ခဲ့တာမို့ နိုင်နိုင်ရှုံးရှုံး ငါ့အတွက်အရေးမပါဘူး။ အရေးပါရလောက်အောင်လည်း ငါ့အချိန်တွေမအားဘူး"
ဟု ပြန်ပြောလိုက်သည်။
ရဲ့ချူးဝမ်လည်း သူမနှုတ်ခမ်းကိုတင်းတင်းကိုက်ကာ
"နင်ကများ ငါနဲ့မပြိုင်ဖူးဘူးလို့ ပြောရဲသေးတယ်။ နင်ဒီကို စရောက်တုန်းက ငါ့ကို အတိုက်အခံလုပ်ခဲ့တာကရော။ အဲ့တာက ငါ့ကိုလိုက်ပြိုင်နေတာ မဟုတ်ဘူးလား။ အခုတော့ နင်က နင်အနိုင်ရသွားပြီဆိုတော့ မာန်တက်နေတယ်ပေါ့"
ဟု ခနဲ့လိုက်၏။
ယွမ်ရိလည်း ရဲ့ချူးဝမ်ကိုမျက်လုံး လှန်ကြည့်ကာ စကားပြန်ပြောဖို့ ပျင်းရိလွန်းသဖြင့်
"အင်း"
ဟုသာ တစ်လုံးတည်း တုံ့ပြန်လိုက်တော့သည်။
ယွမ်ရိထံမှ 'အင်း' တစ်လုံးထဲသာ တုံ့ပြန်မှုရလိုက်၍ ရဲ့ချူးဝမ် အံတကြိတ်ကြိတ်ဖြစ်သွား၏။ ထို့နောက် အလွန်ရှက်ရွံ့နေသော မျက်နှာထားဖြင့် ထမင်းစားခန်းထဲမှ ထွက်ကာ အပေါ်ထပ်ကိုတက်သွားတော့သည်။
စကားများရန်ဖြစ်ကြသည့်သူတွေအကုန် ထမင်းစားခန်းထဲမှ ထွက်သွားကြပြီဖြစ်၍ ထမင်းစားခန်းထဲမှလေထုဟာ အရင်ကထက်စာရင် သက်သောင့်သက်သာဖြစ်လာသည်။ ယွမ်ဟောင်ဂျန်က
"အဟမ်း၊ အခု ငါတို့ဘဲကျန်တော့တာဆိုတော့ ယွမ်ရိကို ပီကင်းတက္ကသိုလ်ဝင်ခွင့်ရသွားတဲ့အတွက် ဂုဏ်ပြုကြတာပေါ့"
ဟု ပြောလိုက်သည်။
ယွမ်ရိသည်လည်း ယွမ်ဟောင်ဂျန်ကိုကြည့်လျက် ပြုံးကာ
"အင်း။ ဂုဏ်ပြုကြတာပေါ့"
ဟု ပြောလိုက်တော့သည်။
ထို့နောက် မောင်နှမတတွေဟာ သူတို့အမေချက်ပြုတ်ပေးထားသည့် စားကောင်းသောက်ဖွယ်တွေကို စားသောက်ကြတော့သည်။ ရဲ့ဖန်နဲ့ယွမ်ချူးရွယ်တို့သည်လည်း ခုနကအော်ဟစ်ခဲ့ကြတာ သူတို့မဟုတ်သည့်အလား ပြုံးပျော်လာကြသည်။
ယွမ်ကျဲသည်လည်း စိတ်နှလုံးထဲကနေပါ တုန်လှုပ်နေရာကနေ တဖြည်းဖြည်းချင်းသက်သာလာကာ ပျော်ရွှင်လာတော့၏။
အကုန်လုံး ပြုံးပျော်နေကြချိန်မှာဘဲ ယွမ်ချူးရွယ်ဟာ ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားသည်။ ဒါ့ကြောင့် သူမက ဘေးမှာထိုင်နေဆဲဖြစ်သည့် ယွမ်ချူးယန်ကိုကြည့်ကာ
"နင်က ဘာလို့ ဒီမှာရှိနေရတာတုန်း"
ဟု မေးလိုက်သည်။
ယွမ်ချူးယန်က နှာခေါင်းရှုံ့ကာ
"ဘာလဲ။ ငါလည်း ဗိုက်ပါတယ်လေ။ အဲ့တော့ စားတယ်လေ။ ဘာပြဿနာရှိလို့လဲ"
ဟု ထူးမခြားနားသောလေသံဖြင့် ပြန်မေးခွန်းထုတ်လိုက်၏။
ယွမ်ချူးရွယ်လည်း ယွမ်ချူးယန်စကားကြောင့် နှာခေါင်းပြန်ရှုံ့ကာ
"မျက်နှာပြောင်တိုက်ချက်ဘဲ"
ဟု ရေရွတ်လိုက်တော့သည်။
ယွမ်ချူးယန်ကတော့ ယွမ်ချူးရွယ်အား စကားပြန်မပြောတော့ဘဲ စားစရာရှိတာကိုသာ ဆက်စားနေလိုက်တော့သည်။
ညစာစားပြီးသည့်နောက်မှာ သူတို့က သူတို့၏အမေအား ဒုက္ခပေးမနေကြတော့ပေ။ သူတို့ဘာသာဘဲ စားကြွင်းစားကျန်တွေရှင်း၊ အိုးခွက်ပန်းကန်တွေဆေးကြောကာ မီးဖိုချောင်တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ခဲ့ကြတော့သည်။
သူတို့က ယွမ်ချူးယန်ကိုလည်း သူမတို့နဲ့အတူတူသန့်ရှင်းရေး ဝိုင်းလုပ်စေခဲ့သည်။
ထို့နောက် မောင်နှမခြောက်ယောက်ဟာ အစာကြေအောင် အိမ်အပြင်ကိုလမ်းလျှောက်ထွက်ခဲ့ကြသည်။ သူမတို့တွေဟာ စကာတပြောပြောဖြင့် လမ်းကို ဖြည်းဖြည်းလျှောက်ကြ၏။
ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ လူဆယ်ယောက်ကျော်သာ အောင်မြင်ခဲ့ပြီ ထိုထဲမှ သုံးယောက်ဟာ ယွမ်အိမ်ကဖြစ်နေ၏။ ဒါ့အပြင် ယွမ်ရိ၊ ယွမ်ကျဲနဲ့ ရဲ့ဖန်တို့ဟာ အမှတ်တွေကောင်းတာမို့ ထိပ်ပိုင်းတက္ကသိုလ်တွေမှာပါ ဝင်ခွင့်ရခဲ့ကြသည်။ ဒါ့ကြောင့် သုံးယောက်လုံး အူမြူးကာ ပျော်ရွှင်နေကြတော့သည်။
သူတို့တွေဟာ အချိန်ခဏမျှ လမ်းလျှောက်ပြီးမှ အိမ်ကို ပြန်လာကြတော့သည်။
အခန်းထဲကိုရောက်တော့ ယွမ်ချူးရွယ်လည်း လိုက်ဝင်လာသည်။ ယွမ်ချူးရွယ်ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့၏ ဝင်ခွင့်စာရွက်ကို အကြိမ်ကြိမ်ဖတ်ရင်းဖြင့်
"ညီမလည်း နောက်တစ်ချိန်မှာ အမတို့နဲ့အတူတူတက္ကသိုလ်တက်နိုင်ရမယ်"
ဟု ကြုံးဝါးလိုက်တော့သည်။
ယွမ်ရိက
"အင်းပါ၊ ငါတို့တွေ မင်းကို ဟိုမှာစောင့်နေမယ်"
ဟု အားပေးလိုက်၏။
ညီအမသုံးယောက်ဟာ တော်တော်နဲ့မအိပ်ကြဘဲ ခဏမျှလေကန်နေကြသည်။
အချိန်လေးနည်းနည်းလင့်လာ၍ ယွမ်ချူးရွယ်လည်း သူမအခန်းကို ပြန်ဖို့ပြင်လိုက်သည်။ ထိုအချိန်မှာဘဲ အခန်းတံခါးခေါက်သံ ထွက်လာ၏။
"တံခါးဂျက်မထိုးထားဘူး"
ယွမ်ချူးရွယ်က အပြင်ကလူကြားရန် အော်ပြောလိုက်သည်။
ခဏကြာတော့ တံခါးပွင့်လာက အပြင်မှ ဖန်းရှုံးယန်ဝင်လာတော့သည်။
သူမက ကုတင်ပေါ်မှာထိုင်နေသည့် သမီးတွေကိုမြင်တော့
"ရှောင်ရိ၊ ရှောင်ကျဲ၊ ချူးရွယ်"
ဟု ခေါ်လိုက်၏။
ယွမ်ကျဲက ချက်ချင်းဘဲ ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ၊ အန်တီ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိကတော့
"ဘာလာလုပ်တာလဲ"
ဟုသာ ပေါ့ပေါ့တန်တန်မေးလိုက်သည်။
ဖန်းရှုံးယန်လည်း ပြုံးကာ သူမလက်ထဲကအထုပ်အပိုးတချို့အား ကုတင်ပေါ်တင်လိုက်သည်။
"ဒါတွေ သမီးတို့အတွက် အမေဈေးသွားပြီးဝယ်လာတာ"
"သမီးကို အခုမှလာပြီး ဂရုစိုက်ပြတာက နည်းနည်းနောက်ကျနေပြီ မထင်ဘူးလား"
ထိုအချိန်မှာဘဲ ယွမ်ရိက သူ့အမေကိုကြည့်ကာ ရုတ်တရက် ကောက်မေးလိုက်တော့သည်။