အပိုင်း - ၁၀၄.၂
နောက်ရက်တွေမှာ ယွမ်ရိလည်း ရှဲ့တုန်းယန်နဲ့တွေ့ဆုံပြီး ကားတစ်စီးဝယ်ယူရန်အတွက် ပြင်ဆင်တော့သည်။
သူမ ရှဲ့တုန်းယန်ထံ မသွားခင်မှာဘဲ ရှဲ့တုန်းယန်က သူမ၏အိမ်ကို ရောက်လာတော့သည်။
ရှဲ့တုန်းယန်ဟာ ယနေ့ သူရနေသော ချမ်းသာကြွယ်ဝမှုများဟာ ယွမ်ရိ၏အကြံဉာဏ်များကြောင့်ဟု နှလုံးသွင်းထားသည်။ ယွမ်ရိကြောင့်သာ ယွမ်တစ်သောင်းကျော် စုမိခဲ့ပြီး ထိုငွေတွေကို အရင်းအနှီးပြုလို့ ကြီးပွားလာရခြင်းပင်။
ဒါ့ကြောင့် ရှဲ့တုန်းယန်က ယွမ်ရိအား ကျေးဇူးရှင်တစ်ယောက်အဖြစ် သတ်မှတ်ထားပေသည်။
ကျေးဇူးရှင်တစ်ယောက်၏ အိမ်ကိုသွားလည်တာမို့ ရှဲ့တန်းယန်က လက်ဆောင်အကြီးကြီးတွေရော၊ သေးသေးလေးတွေပါ အစုံသယ်လာတော့၏။
ယွမ်ချန်းရှန်နဲ့ ချန်ခွန်းတို့ဟာလည်း ဆိုင်မထိုင်တော့ပဲ အိမ်မှာဘဲ နေကြသည်။ သူတို့လင်မယားက မန်နေဂျာတွေ ခန့်အပ်ကာ ဆိုင်ခွဲတွေကို ဦးစီးခိုင်းထားသည်။ အရေးကြီးကိစ္စတချို့ ရှိမှသာ သူတို့ကိုယ်တိုင် ဆိုင်ခွဲတွေကို သွားတတ်ကြသည်။
သူတို့နှစ်ယောက်ဟာ အိမ်ကို လာလည်သည့် လက်ဆောင်များစွာ ယူလာသော မျက်နှာစိမ်းဧည့်သည်ကို ကြည့်ကာ အနည်းငယ်ထူးဆန်းနေသည်။ ဒါပေမဲ့ ယွမ်ရိနဲ့ရင်းနှီးနေပုံကို မြင်ရတာမို့ အကြမ်းရည်၊ သစ်သီးသစ်ဖုများ စသည်ဖြင့် ဧည့်ခံကာ ဖော်ဖော်ရွေရွေဆက်ဆံခဲ့ကြသည်။
ရှဲ့တုန်းယန်ဟာ ဆက်ဆံရေး၊ လူမှုရေး အလွန်ကောင်းသူတစ်ယောက်ဖြစ်သည်။ ဒါ့ကြောင့် အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ ယွမ်ချန်းရှန်၊ ချန်ခွန်းတို့နဲ့ အဖွဲ့ကျသွားကာ ရင်းနှီးသွားတော့သည်။
ဒါ့ကြောင့် သူက သူ့အကြောင်းတွေကို ယွမ်ချန်းရှန်တို့အား ပြောပြခဲ့သည်။
သူက တောင်ပိုင်းဒေသဘက်ကို သွားပြီး စီးပွားရှာခဲ့သည့်အကြောင်း၊ ထိုစီးပွားရေးကလည်း အဆင်ပြေနေပြီး လက်ရှိမှာ တိုးတက်နေသည့်အကြောင်း စသည်ဖြင့် ပြောပြခဲ့သည်။
"မင်းက ဘာလုပ်တာလဲကွဲ့"
ယွမ်ချန်းရှန်က မေးလိုက်သည်။
"ကျွန်တော်က ကုန်သွယ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ထားပါတယ်။ လက်ရှိမှာတော့ ဆိုဗီယမ်ပြည်ထောင်စုနဲ့ ကုန်ရောင်းကုန်ဝယ် အဓိက လုပ်နေပါတယ်။ လတ်တလောကတောင်မှ သူတို့ဘက်ကနေ ကားတစ်သုတ်ကို ဒီဘက်ကို တင်သွင်းခဲ့သေးတယ်ဗျ"
ရှဲ့တုန်းယန်က သူ့အလုပ်အကြောင်းကို ပြောပြလိုက်သည်။
ထိုစကားတွေကို ကြားပြီးသည့်နောက် ယွမ်ချန်းရှန်က ရှဲ့တုန်းယန်အား တော်တယ်ဟူသော အကြည့်မျိုးဖြင့် ကြည့်ကာ
"မင်းတို့မြို့ကလူတွေများ တယ်ဉာဏ်ကောင်းကြတယ်ကွာ။ ဘယ်လိုလုပ်ရင် ဘယ်လိုမျိုး ငွေရှာနိုင်တယ်ကအစ အကုန်သိကြတယ်"
ဟု ချီးကျူးလိုက်သည်။
"နင်တင်သွင်းလာတယ်ဆိုတဲ့ ကားတွေက ရောင်းကုန်သွားပြီလား"
ယွမ်ရိက ရုတ်တရက် ကောက်မေးလိုက်သည်။
ရှဲ့တုန်းယန်လည်း ယွမ်ရိကိုကြည့်ကာ
"မကုန်သေးဘူးလေ။ ဘာလဲ နင် တစ်စီးလောက် လိုချင်လို့လား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ငါတစ်စီးလောက် လိုချင်တယ်။ ကားတစ်စီးရှိရင် အပြင်သွားရလာရ ပိုအဆင်ပြေမှာမို့လေ။ နင်သိတဲ့အတိုင်းဘဲ တက္ကစီခကလည်း ဈေးတွေကြီးတယ်ဟ။ ရေရှည်ဆို မဖြုံပါဘူးဟယ်"
ဟု ရှင်းပြလိုက်သည်။
ရှဲ့တုန်းယန်လည်း ခေါင်းညိတ်ကာ
"အေးပါ။ အဲ့တာဆို ငါကားတစ်စီး နင့်အတွက် ရွေးပေးမယ်။ ပြီးရင် ဒီအိမ်ကိုဘဲ မောင်းခဲ့မယ်နော်"
ဟု ပြောလိုက်၏။
ကားအကြောင်း ပြောပြီးသည့်နောက်မှာ ရှဲ့တုန်းယန်က ဒီနှစ်တွေအတွင်း ကြုံတွေ့ခဲ့ရသည့် ယွမ်ရိ၏အကြောင်းများကို မေးမြန်းစပ်စုတော့သည်။ သူ့ပါးစပ်ထဲကနေ မေးခွန်းတွေလည်း တရစပ်ထွက်ပေါ်လာ၏။
'နင် ပေကျင်းတက္ကသိုလ်ကနေ အမှတ်ကောင်းကောင်းနဲ့ ဘွဲ့ရခဲ့လား'
'အခုလက်ရှိ အစိုးရရဲ့ ဘယ်ဌာနမှာ အလုပ်ဝင်နေတာလဲ'
'ရာထူးတွေ ဘာတွေ ကရော'
အစရှိသဖြင့်ပင်။
ယွမ်ရိက ပြုံးလိုက်ပြီးမှ
"တကယ်တော့ ငါက ဘယ်ဌာနမှာမ အလုပ်မလုပ်တော့ဘူး။ အစိုးရဝန်ထမ်း အလုပ်ကနေ နှုတ်ထွက်ခဲ့ပြီးပြီ"
ဟု လိုရင်းတိုရှင်းဖြင့်သာ အကျဉ်းချုံးလျက် ပြန်ဖြေပေးလိုက်သည်။
ထိုအဖြေကို ကြားတာနဲ့ ရှဲ့တုန်းယန်ဟာ ယွမ်ရိအား လက်မထောင်ပြကာ
"ရှောင်ရိရေ၊ နင်ကတော့ တကယ့် အံ့ဖွယ်ဘဲ။ အစိုးရဝန်ထမ်းအလုပ်ကနေတောင်မှ နှုတ်ထွက်ပစ်လိုက်တယ်"
ဟု ချီးမွမ်းခန်း ဖွင့်တော့သည်။
ပြီးနောက် သူက ယွမ်ရိအား အစိုးရဝန်ထမ်းအလုပ်ကနေ ထွက်ပြီးသည့်နောက်မှာ ဘာတွေ ဆက်လုပ်ဖြစ်လဲဟု မေးမြန်းလိုက်သည်။
ယွမ်ရိက ပုခုံးအသာတွန့်ကာ
"ဒီလိုပါပဲဟယ်။ အစိုးရဝန်ထမ်းအလုပ်ကနေ နှုတ်ထွက်ပြီးတဲ့နောက်မှာ အိမ်တွင်းတနိုင်တပိုင်လုပ်ငန်းဖြစ်တဲ့ စက်ချုပ်တာကို ငါလုပ်ခဲ့တယ်။အထည်ဆိုင်လေးလည်း ဖွင့်ခဲ့တယ်။ နောက်ပိုင်း ငါ့ဆိုင်က စီးပွားရေးလည်း ကောင်းလာပြီး ငါ့ဆိုင်ကဝတ်စုံတွေကလည်း လူကြိုက်များလာခဲ့တယ်။ ဒါ့ကြောင့် ရို့ပါဗီလီယမ်ဆိုတဲ့ အမှတ်တံဆိပ်ကို ငါဖန်တီးလိုက်တယ်။ အခုတော့ ငါ့လုပ်ငန်းက အိမ်တွင်းတနိုင်တပိုင်ကနေ အလယ်လတ်တန်းစားလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီ"
ဟု ပြောပြလိုက်သည်။
ယွမ်ရိစကားဆုံးတာနဲ့ ရှဲ့တုန်းယန်က အံ့အားတကြီးဖြင့်
"ရို့ပါဗီလီယမ်က နင့်ရဲ့တံဆိပ်လား။ ငါလုံးဝ ထင်မထားခဲ့မိဘူးဟာ။ နင်အရမ်းတော်တာဘဲ"
ဟု ချီးကျူးလိုက်သည်။
ပြီးနောက် သူက
"ဒါနဲ့ အရင်တုန်းက နင် ငါ့ကို ပြောဖူးတယ်လေ။ မြို့ထဲမှာ အိမ်တချို့ ထပ်ဝယ်ချင်သေးတယ်ဆိုပြီး
အဲ့တာ ငါ အိမ်တစ်လုံးတွေ့ထားတယ်။ နင်စိတ်ဝင်စားသေးလား"
ဟု မေးလိုက်သည်။
ထိုစကားကို ကြားတာနဲ့ ယွမ်ရိက စိတ်ဝင်တစားဖြင့်
"ဟုတ်လား။ ဘယ်နားက အိမ်လဲ။ ငါ့ကို လိပ်စာလေးပြောလေ။ ငါ နေ့ခင်းပိုင်းလောက်ကျရင် သွားကြည့်ထားလိုက်မယ်"
"ရှောင်ရိတို့များ အကျင့်မပြောင်းသေးဘူးနော်"
ရှဲ့တုန်းယန်က
"စိတ်ဝင်စားတဲ့အရာလေးများ မတွေ့လိုက်နဲ့ စိတ်တွေ အရမ်းလှုပ်ရှားနေတော့တာဘဲ"
ဟု ဟာသဖောက်လိုက်သည်။
ယွမ်ရိလည်း သွားတွေ ပေါ်သည်အထိ ရယ်မောလိုက်မိသည်။
ရှဲ့တုန်းယန်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်
"ဟာ၊ ရှောင်ရိရေ။ ငါအလုပ်ကိစ္စလေး ချိန်းထားတာရှိသေးလို့။ အချိန်ကလည်း နီးနေပြီမို့ ငါသွားတော့မယ်။ နေ့လယ်ပိုင်းလောက်ကျ အိမ်ကြည့်ဖို့ လာခေါ်လှည့်မယ်။ ပြီးတော့ ငါ့ဖုန်းနံပတ်ကိုလည်း မှတ်ထားဦးနော်"
ဟု ပြောကာ နှုတ်ဆက်လိုက်သည်။
ယွမ်ရိလည်း ရှဲ့တုန်းယန်အား အိမ်ရှေ့အပေါက်ဝထိ လိုက်ပို့လိုက်သည်။
ရှဲ့တုန်းယန်လည်း သူ့ကားပေါ်သို့တက်ကာ ပြန်သွားတော့သည်။
"တော်တော် အလုပ်များတဲ့ ကောင်ဘဲ"
ထွက်ခွာသွားသော ရှဲ့တုန်းယန်၏ကားလေးကိုကြည့်ကာ ယွမ်ရိက ထိုသို့ ရေရွတ်လိုက်သည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ ယွမ်တပေါင်အား ကျောင်းကို လိုက်ပို့လိုက်ကြသည်။
ထို့နောက် ယွမ်ရိနဲ့အတူတူ နေ့လယ်စာ စားခဲ့ကြ၏။နေ့လယ်စာ စားပြီးသည့်နောက်မှာ သူတို့သုံးယောက်ဟာ ရှဲ့တုန်းယန်ပေးခဲ့သော လိပ်စာအတိုင်း အိမ်ကြည့်ဖို့ ထွက်လာခဲ့ကြတော့သည်။
ပေးထားသော လိပ်စာထဲက အိမ်ကိုရောက်တော့ တံခါးကို ခေါက်လိုက်ကြသည်။ မကြာခင်မှာဘဲ အိမ်တံခါးပွင့်သွားသည်။
တံခါးပွင့်သွားသည့်နှင့် ယွမ်ရိတို့ တူဝရီးသုံးယောက်ကော၊ တံခါး လာဖွင့်ပေးသော သူပါ အံ့အားသင့်ကုန်ကြပြီး အချင်းချင်း နှုတ်ဆက်ဖို့ပင် မေ့လျော့ကုန်ကြ၏။
ခဏကြာမှ ချန်ခွန်းက အရင်ဆုံး သတိဝင်လာပြီး ပြုံးကာ
"အိုးးး ဒါက ဆန်းဝေမလား"
ဟု နှုတ်ဆက်လိုက်သည်။
ဆန်းဝေက မှုန်ကုပ်ကုပ်မျက်နှာထားဖြစ်သွားကာ
"မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ"
ဟု မေးလိုက်သည်။
"ဘာလာလုပ်ရမှာလဲ။ မင်းရဲ့အိမ်ကို ရောင်းမယ်ကြားလို့ အိမ်ဝယ်ဖို့ လာကြည့်တာပေါ့ကွ"
ယွမ်ချန်းရှန်က လေသံ ခပ်တန်းတန်းဖြင့် ပြန်ဖြေပေးလိုက်သည်။