အပိုင်း - ၁၁၄.၂
လျို့ရှောင်းဟူ သတိမမူခင်မှာပင် ပါးရိုက်ခံလိုက်ရတာကြောင့် သူအရူးလုပ်ခံလိုက်ရသလိုပင်။ ဝူဟွေ့ကျွမ်လည်း ဘေးကနေ လန့်သွားတော့သည်။ သူမြန်မြန်တုံ့ပြန်လိုက်နိုင်ကာ လျို့ရှောင်းဟူဘေးကနေ ရပ်လိုက်ရင်း ယွမ်ချီကျီကို မျက်မှောင်ကြုတ်ကာကြည့်လာလေသည်။ "အမေ၊ ဘယ်လိုလုပ်ပြီး ကိုယ့်သားကို ရိုက်ရတာတုန်း?"
ယွမ်ချီကျီ သူမကို ကြည့်လာကာ "ငါ့ကိုအမေလို့ လာမခေါ်နဲ့။ နင်ကငါနဲ့ ဘာအကြောင်းမှ လုပ်စရာမရှိဘူးမလား? ထပ်ပြောရင် နင့်ပါ ရိုက်မယ်"
ဝူဟွေ့ကျွမ် ခဏလောက် ကြောင်နေကာ "ဘာလို့ အဲ့လို ပြောရတာတုန်း။ အမေက ရှောင်းဟူရဲ့အမေလေ"
ယွမ်ချီကျီ လျို့ရှောင်းဟူနဲ့လျို့ဆန်းနီကို ကြည့်ကာ "တကယ်ပဲ ငါက အမေရော ဟုတ်ရဲ့လား? ကိုယ့်အမေကို စောစောသတိမရခဲ့တာလား ဟမ်? ရွာမှာတုန်းက ငါ့ကို တောင်တွေဘက် လိုက်ရှာဖူးလို့လား? ခုမှငါမြို့မှာ အခြေကျပြီး တိုးတက်လာကာမှ ပိုက်ဆံရှိလာကာမှ တစ်ယောက်ပြီးတစ်ယောက်ကို ငါ့ဆီရောက်လာကြတော့တာပဲ။ ဘာတဲ့ ပျော်ရွှင်စရာနှစ်သစ်လေး? ဟ"
လျို့ရှောင်းဟူနဲ့ လျို့ဆန်းနီတို့ စကားပင်မပြောနိုင်ကြတော့ပေ။ လျို့ရှောင်းဟူက နာနေသေးသည့် သူ့မျက်နှာကိုကိုင်ကာ လျို့ဆန်းနီကတော့ အတန်ကြာ ကြောက်နေရာကာမှ ပြောလာလေသည်။ "အဲဒါ ရှင်ကိုက မလိုချင်တာလေ....ကျွန်မတို့ကလည်း မမှတ်မိဘူးလေ..."
ယွမ်ချီကျီ အကြည့်တွေက ဆန်းနီကိုသာ ကြည့်နေလိုက်ကာ "ဟုတ်တယ်၊ ငါ ငါ့ယောက်ျားနဲ့ သားကိုအစတည်းက ထားခဲ့တာ ပြီးတော့ နင့်ကိုလည်း မလိုချင်ခဲ့ဖူးဘူး။ အဲ့တော့ အခုလည်း နင့်ကို လိုချင်တယ်လို့ မပြောဘူးလေ ဟင်? ငါ မသိချင်ယောင်ဆောင်ခဲ့လို ရက်စက်တယ်ဆိုရင် အခုမှ နင်တို့ကိုလည်း ဘာလို့ မှတ်မိနေရမှာတုန်း?"
လျို့ဆန်းနီ မျက်လုံးတွေက နီရဲလာကာ "ရှင်ကတကယ်ကို ရက်စက်တာပဲ"
ယွမ်ချီကျီ : "အစတည်းက မသိဘူးလား?"
လျို့ဆန်းနီ မျက်လုံးနီနီတွေနှင့် ယွမ်ချီကျီကိုသာ ကြည့်နေနိုင်ကာ စကားပင်မပြောနိုင်တော့ပေ။
ယွမ်ချန်းရှန်က ယွမ်ချီကျီဘေးကို လျှောက်လာကာ ယွမ်တပေါင်လေးကို ခေါ်သွားရင်း တစ်ဖက်က လျို့ရှောင်းဟူနဲ့လျို့ဆန်းနီတို့ကိုကြည့်၍ ပြောလာလေသည်။
"မျက်လုံးဖြူ ဝံပုလွေတွေရေ ကိုယ့်ကိုယ်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ရှက်စရာကောင်းတယ်လို့ရော မတွေးမိဘူးလား? တစ်ယောက်ပြီးတစ်ယောက်ကိုပဲ သနားစရာ။ ငါတို့အစ်မသုံးက မလိုချင်ပါဘူး ပြောနေတာကိုမှပဲ။ အစတုန်းက မင်းတို့အဖေ လျို့ရှီရုန်က ငါတို့အစ်မသုံးကို ရိုက်လည်းရိုက်သေး၊ နာအောင်လုပ်နေတုန်းကကျတော့ မင်းတို့ဘာလုပ်နေကြတာတုန်း? အခုအသက်တွေက ၂၀ တွေတောင် ဖြစ်လာကြပြီမလား? ငါတို့အစ်မသုံးက မင်းတို့ရဲ့သားရဲကောင်လို အဖေကို ဘာလို့ကွာရှင်းခဲ့လဲဆိုတာရော သိကြရဲ့လား?
ဟင် မင်းတို့တွေ သူ့ကိုဘယ်လို ဆက်ဆံခဲ့ကြသလဲဆိုတာကိုရော ပြန်အမှတ်ရသေးရဲ့လား"
"လျို့ရှီရုန်က သားရဲအိုကြီးဆို မင်းတို့က သားရဲကောင်ပေါက်စတွေပဲ"
"ပြီးတော့ ငါတို့ ဒီမိသားစုထဲမှာ ရှာထားသမျှက အစ်မသုံးရယ်ခယ်အိုရယ် ရှာထားတာကြီးပဲ။ သေးသေးလေးကအစ ပိုက်ဆံတစ်ယွမ်ကနေ တစ်ထောင်တစ်သောင်းထိအကုန်က ငါတို့ယွဲ့ယွဲ့လေးအတွက်ပဲ။ တစ်ပြားတောင် ရမယ်မထင်နဲ့။ အိပ်မက်လှလှလေး ယောင်လို့တောင် မက်မနေနဲ့"
"မနှစ်က လျို့ရှောင်းဟူ ရောက်လာတယ် အခုကျတော့ မင်းညီမလေးသုံးပါ ခေါ်လာတယ်။ ငါမေးချင်လို့ပါ လျို့ရှောင်းဟူ မင်းဘာလို့ အဲ့လောက်တောင် မျက်နှာပြောင်ရဲရတာလဲ? မင်းတို့လျို့မိသားစုက ဘာဖြစ်ချင်နေကြတာတုန်း? ဘာလဲ မင်းတို့ပါ ငါတို့ အစ်မသုံးနဲ့အတူတူ ပေကျင်းကိုပြောင်းနေချင်နေတာလား?"
လျို့ရှောင်းဟူနဲ့ လျို့ဆန်းနီတို့က အပြင်မှာမျက်နှာတွေပျက်ပြီး ရပ်နေကြတုန်းပင်။ စကားတစ်ခွန်းတောင်မပြောနိုင်တော့ပေမဲ့ မြေကြီးပေါ် လဲကျသွားလောက်အောင်အထိတော့ ရှက်နေကြသည့်ပုံတော့ မပေါ်ကြသေးပင်။
ဒါပေါ့ သူတို့လည်း ယွမ်ချီကျီက သူ့ကိုကောင်းကောင်းမဆက်ဆံချင်မှန်း သတိထားမိတာပေါ့။ ဒါကြောင့်မလို့လည်း သူတို့ကိုသားမွေးစက်ရုံကို ပို့ခဲ့တာလေ။ အဲ့ဒါကို သူတို့က ယွမ်ချီကျီရဲ့ ပိုက်ဆံတွေကို မက်ပြီးအိမ်ကိုပြန်လာကာ လျို့ဆန်းနီပါ တစ်ပါတည်း ခေါ်လာခဲ့တာပင်။
သူတွေးထားခဲ့တာက ဘေးမှာ ဆန်းနီပါ ပါရင် သူ့အစ်မနဲ့အစ်ကိုတွေရဲ့ စိတ်ရင်းကိုများ ယွမ်ချီကျီက ခံစားမိလိမ့်မယ်ဆိုတာပင်။ သို့သော် သူတံခါးဝရောက်တာနဲ့ကို အဆူခံ အဆဲခံနေရချေပြီ။
သူ ဒါသာသိခဲ့ရင် သူ့တတိယအစ်မကို မခေါ်ခဲ့ပါဘူး။
သူတို့ကို ထပ်မမြင်ချင်တော့တာမလို့ ယွမ်ချန်းရှန်က ဝင်ပြောလာလေသည်။ "မြန်မြန်ပြန်ကြတော့။ မင်းတို့ကို နှုတ်ဆက်ဖို့အချိန်မရှိဘူး"
ပြောပြီးပြီးချင်း တံခါးကိုဆွဲပိတ်လိုက်ကာ တစ်ခါတည်း လော့ချထားလိုက်လေတော့သည်။
ယွမ်ချီကျီ ဘာမှဆက်မပြောလာတော့ပေ။ သူထိုနေရာကနေ လှည့်ကာ ခြံဝင်းထဲသို့သာ ဝင်သွားလေတော့သည်။ တခြားလူတွေလည်း နောက်ကနေသာ လိုက်လာခဲ့ကြလေသည်။
အထဲရောက်တာနဲ့ ထိုင်လိုက်ကာကာ လျူရှင်းဟွာကပြောလာလေသည်။ "သူတို့ကို အခုလို ပြောဆိုလိုက်ရတာ ကောင်းလိုက်တာ"
ချန်ခွန်းကလည်း ဘေးကနေ
"ဟုတ်ပ သူတို့ကပဲ ဘာမှမသိသလိုပုံနဲ့ လုပ်နေကြတာ"
ဟု ဝင်ပြောလိုက်သည်။
လမ်းလေးထဲမှာတော့ လျို့ရှောင်းဟူနဲ့လျို့ဆန်းနီတို့ ချက်ချင်း ထွက်မသွားကြသေးပေ။ သူတို့ဒီလာဖို့ ရထားခအများကြီး သုံးလာခဲ့တာလေ။ သေချာပေါက် သူတို့မပြန်ချင်ကြသေးပေ။
အိမ်နားကလူတွေ ထွက်လာကာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်လာကြလေသည်။ ထိုအထဲကမှ အဖွားအိုတစ်ယောက်က မေးလာလေသည်။ "ရွာဘက်က အမျိုးတွေများ ရှိလို့လား သား?"
လျို့ရှောင်းဟူက ပြန်ဖြေလာလေသည်။ "အမျိုးမဟုတ်ပါဘူး၊ သားနဲ့သမီးပါ။"
အဖွားအိုကြီးက သူတို့ကိုကြည့်ကာ ပြောလာလေသည်။ "သားနဲ့သမီးကို မဝင်ခိုင်းကြဘူးလား?"
လျို့ဆန်းနီက ပြောလာလေသည်။ "သမီးတို့က အမေ့အရင်ယောက်ျားနဲ့ ရတဲ့ကလေးတွေပါ"
အဖွားအိုကြီးက ခေါင်းညိတ်လိုက်ကာ "အိုး ဒါဆိုဘာလို့ သားတို့ကို အရင်ကမမြင်ဖူးတာပါလိမ့်?"
သူတို့ကို ဂရုတစိုက်မေးနေတဲ့ လူရှိတာမလို့ သူတို့ခုနကတုန်းက မှားယွင်းစွာ ဆက်ဆံခံလိုက်ရသလို ဖြစ်သွားကြတော့သည်။
လျို့ဆန်းနီ မျက်လုံးနီနီရဲရဲတွေဖြင့် ပြောလာလေသည်။ "ဖွားဖွား ကြည့်ပါဦး။ သူ့သားနဲ့သမီးအရင်းက သူ့ကိုရှာဖို့လာတာကို။ အခုတော့ အထဲတောင် အဝင်မခံပဲ ဆူတောင်ဆူလိုက်သေးတယ်တဲ့။ ဒီလိုအမေမျိုး ကြားဖူးလား ဖွားဖွားရယ်။"
အဖွားအိုကြီးက ပြောလာလေသည်။ "ငါတို့ မင်းတို့ဖြစ်ခဲ့တာတွေကို မကြားခဲ့ရတော့ ဘာကနေဘယ်လိုဖြစ်တယ်ဆိုတာ မသိရဘူးလေ။ မင်းတို့ သူ့အပေါ် မကောင်းတာလုပ်ခဲ့လို့ သူ အဲ့လို ဆက်ဆံတာနေမှာပေါ့"
လျို့ရှောင်းဟူက ပြောလာလေသည်။
"အစကတော့ ကျွန်တော်တို့မပါပဲ ကွာရှင်းဖို့စဉ်းစားလိုက်သေးတယ်။ အဲ့အချိန်တုန်းက ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ်လားပဲ ရှိသေးတာလေ။ ကျွန်တော်တို့သူ့အပေါ် ဘာလုပ်နိုင်မှာတုန်း? အေးစက်စက်ဆက်ဆံတယ်ပြောရအောင်လည်း ကျွန်တော်တို့အဲ့လောက် အေးစက်နေလို့လား?"
နောက်ထပ် သက်လတ်ပိုင်း အမျိုးသမီးကြီးကပါ ဝင်ပြောလာလေသည်။
"သူ မင်းတို့ကို မလိုချင်တော့ဘူးလေ။ အဲ့ဒါကို ဘာလို့ ဆက်လာနေကြတာတုန်း? ပျင်းဖို့ကောင်းတယ်လို့ရော မထင်ကြဘူးလား? ငါတို့လည်း သူမဒီမှာ နှစ်,နှစ်၊ သုံးနှစ်လောက် တူတူနေလာကြတာမလို့ သူ့ကိုသိပါတယ်။ ချီကျီက အဲ့လို အကြောင်းမရှိ ရက်စက်တတ်တဲ့သူ မဟုတ်ပါဘူး။ မင်းတို့ကသာ သူဒီလိုအေးစက်သွားအောင် လုပ်ခဲ့ကြတာမလို့ နေမှာပေါ့။ အရင်က မင်းတို့သူ့ကို ဂရုမစိုက်ပဲ နေခဲ့ကြတာမလား အခု သူချမ်းသာလာကာမှ လာဂရုစိုက်နေကြတာ မဟုတ်ဘူးလား။
လျို့ရှောင်းဟူ : "...."
ခန့်မှန်းတာ တော်လိုက်တာ။
လျို့ရှောင်းဟူနဲ့လျို့ဆန်းနီတို့ စကားပြောမလာနိုင်တော့တာကို ကြည့်ကာ
"အထဲမဝင်ခိုင်းတာ ဒါဆို မှန်နေတာပဲ။ ၁၅ ၁၆ ပဲဖြစ်ဖြစ် ရွာကပဲဖြစ်ဖြစ် မိန်းမတစ်ယောက်အတွက် ကွာရှင်းပြီးရင် ရှင်သန်နေထိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သူပင်ပန်းနေတဲ့အချိန်တွေတုန်းက မင်းတို့ သူ့အပေါ် ဘာတွေလုပ်ခဲ့လဲ စဉ်းစားကြည့်ကြပါဦး။ သူကရော လွယ်လွယ်နဲ့ နေခဲ့တယ်လို့များထင်နေကြတာလား? မိသားစုအသစ်နဲ့ သူကောင်းတဲ့ဘဝမှာ နေ,နေပြီပဲလေ။ အဲ့အချိန်တုန်းက မင်းတို့အဖေလာတာကလည်း ရှက်ဖို့ကောင်းနေတုန်းပဲ"
လျို့ရှောင်းဟူ နဲ့ လျို့ဆန်းနီ : "...."
ထပ်ပြီးတော့ သက်လတ်ပိုင်းအမျိုးသမီးကြီးက "အမှန်ပြောရရင် မင်းတို့သွားချင်တဲ့နေရာ သွားလို့ရနေပြီပဲကို။ မင်းတို့က အခုဆို အရွယ်လည်းရောက်နေကြပြီ။ ကိုယ်ပိုင်မိသားစုလေးတစ်ခု စသင့်နေပြီပဲ။ မင်းတို့အမေက မင်းတို့ကိုမှ လက်မခံချင်တော့တာကို မင်းတို့ရဲ့နေရပ်ကိုဘဲ ပြန်လိုက်ကြပါတော့။ အချိန်ဖြုန်းမနေကြနဲ့။"
လျို့ရှောင်းဟူ သေချာပြန်မပြောနိုင်တော့ပေ။
"ကျွန်တော်က တစ်ဦးတည်းသော သားယောက်ျားလေးလေ။ အဲ့တော့ သူတို့ရဲ့အမွေတွေကို ကျွန်တော်ကပဲ ဆက်ခံစရာရှိတာ။ ကျွန်တော်မှ မရှိရင် သူတို့ရဲ့အမွေတွေကို ဘယ်သူကများ ဆက်ခံတော့မှာလဲ"
ထိုစကားကိုကြားတာနဲ့ အဖွားအိုက ထရယ်ကာ
"အိုး ဟိုးးး မင်းတို့က အသက် ငယ်ငယ်လေးဘဲရှိသေးတာကို။ ဘာလို့များ ငါလို အဖွားကြီးထက်တောင် ခေတ်နောက်ကျနေရတာတုန်း? တရုတ်ပြည်ကြီး ထောင်ပြီးကတည်းက ယောက်ျားမိန်းမကြား ညီတူညီမျှရှိနေတာလေ။ မိသားစုရဲ့အမွေဆိုတာလည်း နှစ်ပေါင်းများစွာ လုပ်လာရတဲ့အရာပဲကို။ သူတို့မှာသမီးရှိတယ်လေ သူများလက်ထဲကရမယ့် အမွေပိစိလေးအတွက် တွေးပူမနေနဲ့ ဟုတ်ပြီလား?"
လျို့ရှောင်းဟူ ရှက်သွားကာ "ဘယ်သူက အမွေအကြောင်း ပြောလို့တုန်း?"
အဖွားအိုကြီး : "ဒါဆို မင်းတို့က ဘာလို့ ကိုယ့်အမေကို ဂရုမစိုက်ခဲ့ကြတာတုန်း? ပြန်လည် မသင့်မြတ်ခင်ကို သူမက မင်းတို့ရွာဘက်အထိ လာခဲ့သေးသလားလို့?"
လျို့ရှောင်းဟူ : "...."
မေ့လိုက်တော့! ဒီတစ်လမ်းလုံး ယွမ်ချီကျီလူတွေကြီးပဲ။ ချီး။
ဘာမှမပြောတော့ပေမဲ့ သေချာပေါက် သူတို့ဒီနေရာကနေတော့ ထွက်တော့ မသွားကြသေးပေ။ အပြင်ဂိတ်မှာ နေ,နေကြတုန်းပင်။
လူတစ်စုကတော့ သူတို့ကို ကွက်ကြည့်ကွက်ကြည့်နှင့် ကြည့်နေကြတုန်းပင်။ ခဏလောက်ကြည့်ပြီးတဲ့အခါမှာတော့ ထိုလူတွေလည်း ထွက်သွားကြတော့သည်။ ခဏအကြာမှာတော့ ဘာမှမဖြစ်သလိုနှင့် ပြန်ရောက်လာကြပြန်လေသည်။ တစ်ခါရောက်လာတိုင်း တိုးတိုးတိုးတိုးနှင့် ပြောတတ်ကြသေးသည်။
လျို့ဆန်းနီနဲ့သူ့ယောက်ျားက နောက်ဆုံးတော့ မခံနိုင်တော့ပေ။ လျို့ရှောင်းဟူတို့ကို တိုးတိုးလေးသွားပြောလေသည်။ "မေ့လိုက်ကြရအောင်လေ။ ငါတို့အခု ပြန်ကြရအောင်နော်။ ကြည့်ဦး လူတွေက ငါတို့ကို မျောက်တွေပြထားသလို လာလာကြည့်နေကြတာကို"
လျိူ့ရှောင်းဟူ စိတ်ထဲကသာ သက်ပြင်းချလိုက်ကာ "ငါတို့ဘယ်မှာ အိပ်မှာတုန်း? ဟိုတယ်မှာနေဖို့ ငါတို့မှာ ပိုက်ဆံရှိသေးလို့လား? သူတို့က မရှက်ပေမဲ့ ငါတို့ကရော"
လျို့ဆန်းနီ ခဏလောက် မတ်တတ်ရပ်နေလိုက်သေးသည်။ သူအခု တကယ် စိတ်မရှည်တော့တာ မျက်နှာမှာအထင်းသားပင်။ သူ့ယောက်ျားလက်ကိုဆွဲကာ ပြောလာလေသည်။
"အစတည်းက ငါနင့်ကို ယုံပြီးလိုက်မလာသင့်တာ"
သူတို့ ဒီလာရတဲ့စရိတ်ရယ် နေစရာနေရာဖိုးရယ် မပြောနဲ့ဦး။ အဆူပါခံလိုက်ရသေးတဲ့အပြင် လူတွေဆီက အရယ်ပါ ခံလိုက်ရသေးသည်တဲ့။
လျို့ရှောင်းဟူ လျို့ဆန်းနီတစ်ယောက် သူ့ယောက်ျားလက်ကိုဆွဲခေါ်သွားတာကို ကြည့်နေလိုက်သည်။ အခု တခြားလူတွေကပါ ထပ်ရောက်လာပြီး ကြည့်နေကြပြန်သည်။ သူစိတ်တိုလို့ တစ်ကိုယ်လုံးတုန်နေကာ အသက်ကိုပင် သေချာမရှူနိုင်တော့ပေ။ အရေးကြီးဆုံးကတော့ ယွမ်ချီကျီလက်ထဲက ငွေကို သူလက်မလျှော့နိုင်သေးပေ။
သူတွေးနေတုန်းမှာပင် ရှေ့မှ တံခါးက ရုတ်တရက် ခြေတစ်ဝက်ဝင်ရုံခန့်ရှိတဲ့ အပေါက်လေးပွင့်လာလေသည်။ သူပျော်မယ်မကြံသေး အထဲကနေ မီးရှူးမီးပန်း အတန်းလိုက်ထွက်လာကာ သူနဲ့ဝူဟွေ့ကျွမ်ရှေ့မှာ ထပေါက်ကြလေတော့သည်။
သူနဲ့ဝူဟွေ့ကျွမ်တို့ လန့်ပြီး မျက်နှာတွေဆို အဖြူရောင် ပြောင်းသွားမတတ်ပင်။
ယွမ်တပေါင်နဲ့ယွမ်ယွဲ့တို့က အထဲကနေ ရယ်နေကြလေသည်။
တံခါးကိုပိတ်လိုက်ပြီးကတည်းက ယွမ်ချီကျီက လျို့ရှောင်းဟူတို့ကို ဂရုမစိုက်တော့ပေ။ လုပ်စရာရှိတာလုပ် စားစရာရှိတာစားကာ ပုံမှန်ညနေခင်းကိုပဲ ဖြတ်သန်းနေလိုက်ပြီး အလုပ်ရှုပ်အောင်နေကာ မေ့ထားလိုက်လေသည်။
အဆုံးသတ်မှာတော့ ယွမ်တပေါင်၊ ယွမ်ယွဲ့နဲ့ ချန်းရွှီတို့သာ တံခါးနားပြေးသွားကာ သွားကြည့်ကြလေတော့သည်။ ကလေးသုံးယောက်က ငဆိုးလေးတွေပင်။ အဆိုးဆုံးလေးကတော့ ယွမ်တပေါင်ပင်။ သူတို့ကို မီးပန်းတွေပါ ဖောက်ပေးလိုက်တဲ့အပြင် ရေနဲ့ပါဖြန်းပေးလိုက်သေးသည်။
တစ်မိသားစုလုံး ညစာစားရန် ထိုင်နေကြသော်လည်း ကလေးတွေကတော့ တစ်လုပ်သာစားကာ ထွက်ပြေးနေလေသည်။ ယွမ်တပေါင်ဆို ဆော့တာကို လုံးဝ မရပ်ချေ။
သူက ယွမ်ယွဲ့နဲ့ ချန်းရွှီကိုဦးဆောင်ကာ လျို့ရှောင်းဟူတို့ကို သွားစရန်လုပ်ပြန်လေသည်။ ဒီတစ်ခေါက်တော့ သူတို့တံခါးအဖွင့်မှာ ထိုနှစ်ယောက်က မရှိတော့ပေ။
ယွမ်တပေါင်က စိတ်မကောင်းဖြစ်နေရှာလေသည်။ "ဒီလိုကြီး ရုတ်တရက် ထွက်သွားတာက မသင့်လျော်လိုက်တာ မဟုတ်ဘူးလား? ငါဆော့လို့တောင် မဝသေးတာကို"
ယွမ်ယွဲ့က ပြောလာလေသည်။
"နင်က သွားစနေတာကို သူတို့သွားပြီပေါ့"
ယွမ်တပေါင်က ပုခုံးကို တွန့်လိုက်ကာ ပြောလာလေသည်။ "ပျင်းစရာကြီး"
ယွမ်ယွဲ့ ဧည့်ခန်းထဲပြေးသွားကာ ယွမ်ချီကျီကို ပြောလာလေသည်။
"မေမေ၊ သူတို့ အကုန် ထွက်သွားပြီ"
ယွမ်ချီကျီ နည်းနည်းတော့ တုံ့ပြန်လိုက်သေးသည်။ "အိုး ဒီအတိုင်း ထွက်သွားကြတာတဲ့လား?"
နွေဦးပွဲတော်ပိတ်ရက်တွေက ထင်သလောက် မရှည်ကြာပေ။ မကြာခင်မှာပဲ ကုန်ဆုံးသွားတော့သည်။ လျို့ရှောင်းဟူနဲ့လျို့ဆန်းနီတို့လည်း ထွက်သွားပြီးနောက် ထပ်ကို ပေါ်မလာကြတော့ပေ။ သူတို့ သားမွေးစက်ရုံကိုလည်း မလာကြသလို အဆောင်က သူတို့အထုတ်တွေကိုလည်း ထုတ်ထားပြီးသားပင်။
ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့ သေချာပေါက် သူတို့ကို အဲ့လောက် ဂရုမစိုက်အားပေ။ စက်ရုံပြန်စတာနဲ့ ပိုပြီးအလုပ်တွေက ရှုပ်လာတော့သည်။
ပြီးတော့ တခြားသူတွေကလည်း ဂရုမစိုက်နိုင်ကြပေ။ လူတိုင်းလူတိုင်းက အလုပ်တွေရှုပ်နေကြတော့သည်။
မြစ်ကြီးလည်း ခဲနေရာမှ စီးဆင်းလာကာ ရာသီဥတုကလည်း တဖြည်းဖြည်း နွေးထွေးလာတော့သည်။ မက်မွန်ပွင့်တွေက မတ်လမှာ ဖူးပွင့်လာကြကာ အေပရယ်မှာတော့ သစ်တော်ပွင့်အဖြူရောင်တွေက ဝေဆာလာကြတော့သည်။
ယွမ်ရိလည်း ဝတ်စုံအား သစ်တော်ပွင့်အဖြူရောင်ကို နမူနာယူကာ ချုပ်ထားလိုက်လေသည်။ သူနောက်ဆုံးတစ်ကြောင်းကို ခြယ်လို့ပြီးကာနီးမှာပင် စတူဒီယိုတံခါး ခေါက်သံကို ကြားလိုက်ရလေသည်။ ယွမ်ရိလည်း ဘောပင်ကို လက်ထဲကချထားလိုက်ကာ ထိုင်ခုံကနေ ထလာရင်း ပြောလိုက်လေ၏။
"ဝင်ခဲ့ပါ"
အသံတိတ်သွားသည်နှင့် တစ်ဖက်တံခါး ပွင့်လာကာ ရှဲ့သုန့်ရန် ဝင်လာလေတော့သည်။ သူ့လက်ထဲက သတင်းစာကို သူမလက်ထဲထည့်ပေးကာ တံတွေးမျိုချလိုက်ရင်း ပြောလာလေသည်။
"ငါ သိသားပဲ...မင်းနောက်ကို ယုံပြီးလိုက်လို့ရတယ်ဆိုတာကို..."
ယွမ်ရိသတင်းစာကို ယူလိုက်ကာ ဖတ်ကြည့်လိုက်လေသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်အရ မြေနေရာအသုံးပြုခွင့်ကို ဥပဒေအရ လွှဲပြောင်းခွင့်ရှိကြောင်း...."