အပိုင်း - ၈၈.၁
တစ်နေကုန် နေ့အလင်းရောင်တွေ ထွန်းလင်းပေးထားသည့် နေမင်းကြီးဟာ ညနေခင်းရောက်လာပြီးသည့်နောက် အနောက်ဂေါယာထံ တဖြည်းဖြည်းတိုးဝင်နေပြီဖြစ်သည်။
ယွမ်ရိတို့ခြံထဲမှာတော့ ယွမ်တပေါင်နဲ့ယွမ်ရွယ်တို့ ကလေးပေါက်စနှစ်ယောက်ဟာ ပျော်ရွှင်စွာဖြင့် ပြေးလွှားဆော့ကစားနေကြ၏။ သူတို့နှစ်ဦး၏ ရယ်မောသည့်အသံ တီတီတာတာလေးများဟာလည်း တစ်ခြံလုံး ဖုံးလွှမ်းလို့နေသည်။
ယွမ်ရိတို့အိမ်၏စက်ချုပ်ခန်းတစ်ခုထဲမှာတော့ ယွမ်ချီကျီဟာ ပညာသင်မိန်းကလေးငါးဦးအား သေချာဂရုစိုက်၍ သင်ကြားပြသပေးနေသည်။ သူမက တစ်ယောက်ချင်းစီကို အသေးစိတ် ဂရုစိုက်ကာ သင်ကြားပေးနေတာကြောင့် ပညာသင်မိန်းကလေးငါးဦးဟာ စက်ချုပ်ရာတွင် ကောင်းကောင်းမွန်မွန်တတ်ကျွမ်းလာကြတော့သည်။
မီဖိုချောင်စထဲမှတော့ ချန်ခွန်းက အသီးအရွက်တွေကို ရေဆေးပြီး ကြော်လိုက်၊ အသားငါးတွေကိုပါ အတုံးတုံးလှီးလျက် ချက်ပြုတ်လိုက်ဖြင့် အလုပ်များနေသည်။
သူမက ချက်ရင်းပြုတ်ရင်းဖြင့် ယွမ်ရွယ်နဲ့ယွမ်တပေါင်တို့နှစ်ယောက်ကိုလည်း သတိထားကြည့်နေရသေးသည်။ ယွမ်တပေါင်လေးဟာ သူ့ညီမယွမ်ရွယ်နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားလို့နေသည်။
ထိုအချိန်မှာဘဲ ခြံတံခါးတွန်းဖွင့်လိုက်သည့်အသံနဲ့အတူ အိမ်ထဲကို ယွမ်ရိဝင်လာခဲ့သည်။သူမ၏နောက်မှာလည်း ယွမ်ချန်းရှန်နဲ့ရွယ်ဟောင်ဖန်းတို့လည်း ပါလာကြသည်။
သူတို့သုံးယောက်လုံးဟာ စက်ဘီးကိုယ်စီဖြင့် ဖြစ်ကာ စက်ဘီးတွေပေါ်မှာလည်း ပိတ်စ၊ အထည်စတွေကို အပြည့်တင်လာခဲ့ကြသည်။
အသံတွေကြားလိုက်ရတာကြောင့် စက်ချုပ်ခန်းအတွင်းမှ ယွမ်ချီကျီနဲ့ပညာသင်မိန်းကလေးငါးယောက်လည်း ထွက်လာခဲ့ကြသည်။
သူတို့တွေဟာ စက်ဘီးသုံးစီးပေါ်မှာ အပြည့်တင်လာသည့် အထည်စတွေကို မြင်ပြီးသည့်နောက် အကြည့်တွေ တောက်ပသွားကာ ပျော်ရွှင်သွားကြ၏။
ထို့နောက် သူတို့တွေဟာ စက်ဘီးပေါ်မှာ ပိတ်စထုပ်ကြီးများကို ဝိုင်းချကာ အိမ်ထဲကို ကူညီသွင်းပေးလိုက်ကြသည်။
ထိုအချိန်မှာဘဲ သူ့မ၏မောင်လေးနဲ့ဆော့ကစားနေသည့် ယွမ်ရွယ်လေးဟာ ယွမ်ရိတို့နား ပြေးလာကာ
"ပိတ်စတွေ ပိတ်စတွေ"
ဟု ရေရွတ်လျက် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လို့နေတော့သည်။
ထိုအမူအရာလေးကြောင့်ပင် ယွမ်ရိတို့လည်း ရယ်မောမိလိုက်ကြတော့သည်။
ပိတ်စထုပ်တွေကို အိမ်ထဲသွင်းပြီးသည့်နောက်မှာ ပညာသင်မိန်းကလေးတွေက သူမတို့၏အိမ်ကို ပြန်ကြတော့မည်ဖြစ်သဖြင့် ယွမ်ရိတို့အား နှုတ်ဆက်လိုက်ကြသည်။
ယွမ်ရိက ညနေစာ စားသွားပြီးမှ ပြန်ကြဖို့ ထိုပညာသင်မိန်းကလေးငါးဦးအား ပြောလိုက်သည်။ ဒါပေမယ့် ထို ပညာသင်မိန်းကလေးငါးဦးဟာ ယဉ်ကျေးစွာဖြင့် ယွမ်ရိ၏ဖိတ်ခေါ်ချက်ကို ငြင်းပယ်လိုက်သည်။
ထို့နောက် ယွမ်ရိတို့အား နှုတ်ဆက်လျက် သူမတို့၏အိမ်ကိုပြန်သွားကြတော့သည်။
ယွမ်ရိတို့လည်း ညစာအတွက် ပြင်ဆင်ကြတော့သည်။ သူမတို့ဟာ ယနေ့ညအတွက် ညစာအဖြစ် ဖက်ထုပ်လုပ်စားကြမှာဘဲ ဖြစ်သည်။
ဒါ့ကြောင့် ယွမ်ရိရော၊ ယွမ်ချီကျီပါ မီးဖိုချောင်ထဲဝင်လျက် ချန်ခွန်းအား ဝိုင်းဝန်းကူညီချက်ပြုတ်ကြတော့သည်။
သူမတို့နှစ်ယောက်ဟာ ချန်ခွန်းပြင်ဆင်ထားသည့် အသီးအရွက်တွေနဲ့အသားတွေကို ရောနှောနယ်လျက် ဖက်ထုပ်အတွင်းအစာသွပ်လိုက်ကြသည်။
လူသုံးယောက်ပြင်ဆင်ခြင်းဖြစ်၍ အချိန်တိုအတွင်း မိသာစုစားရန်လုံလောက်သော ဖက်ထုပ်များကို ပြင်ဆင်ပြီးသွားတော့သည်။
ဒါ့ကြောင့် ညစာစားကြရန်အတွက် စားပွဲတွင် ပြင်ဆင်လိုက်ကြတော့သည်။
ယွမ်ချန်းရှန်နဲ့ရွယ်ဟောင်ဖန်းတို့လည်း ကလေးနှစ်ယောက်ကိုခေါ်လျက် စားပွဲမှာဝင်ထိုင်လိုက်ကြ၏။
ရွယ်ဟောင်ဖန်းဟာ ဖက်ထုပ်အနည်းငယ်ခန့်ယူကာ စားပွဲအလယ်မှ အသင့်ပြင်ထားသည့် ရေနွေးအိုးထဲသို့ ထည့်လိုက်သည်။
ဖက်ထုပ်အတွင်းမှ အသီးအရွက်များနဲ့အသားများဟာ ကျက်ပြီးသားဖြစ်၍ အပေါ်ယံမှ ဖက်ထုပ်အသားကိုဘဲ ကျက်သွားအောင် အချိန်ခဏမျှပြုတ်ပေးနေရခြင်းဖြစ်သည်။
အချိန်ခဏမျှ ကြာပြီးသည့်နောက် ရွယ်ဟောင်ဖန်းလည်း ပြုတ်ထားသောဖက်ထုပ်များကို ယူကာပန်းကန်ထဲ ထည့်လိုက်သည်။
ယွမ်ရိလည်း ပန်းကန်ထဲမှ ဖက်ထုပ်တစ်ခုအား တူဖြင့်ကောက်ညှပ်ကာ ပါးစပ်အတွင်း ထည့်ဝါးလိုက်သည်။
တစ်ချက်ကိုက်ရုံနဲ့ ဖက်ထုပ်အတွင်းမှ အသီးအရွက်နဲ့အသားတို့၏မျှတသောအရသာဟာ လျှာပေါ်တွင် စွဲစွဲမက်မက်ဖြစ်သွားတော့သည်။
"ဘယ်လိုလဲ။ ဖက်ထုပ်က အရသာရှိရဲ့လား"
ယွမ်ချီကျီက ယွမ်ရိကိုသေချာကြည့်ကာ မေးမြန်းလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ကာ
"အရမ်း အရသာရှိတယ်။ စားလို့လည်း အရမ်းကောင်းတယ်"
ဟု ပလုတ်ပလောင်းစားနေရင်းဖြင့် ပြန်ဖြေလိုက်သည်။
ဖက်ထုပ်အကြောင်းပြောပြီးတာနဲ့ ယွမ်ချီကျီက
"ဒါနဲ့ ပိတ်စတွေလည်း ရောက်လာပြီဆိုတော့ လုပ်ငန်းစတော့မလား။ ကောင်မလေး ငါးယောက်ကလည်း တော်တော်လေးကျွမ်းနေကြပြီ။ အဒေါ်လည်း ဝတ်စုံလေးတွေ ချုပ်ချင်နေတာမှ လက်တွေကို ယားနေပြီ"
ဟု ယွမ်ရိကို ပြောလိုက်သည်။
ယွမ်ရိလည်း ပါးစပ်ထဲမှ ဖက်ထုပ်ကို အရင်မြိုချလိုက်သည်။ ပြီးမှ သူမ၏ဒေါ်လေးကိုကြည့်ကာ
"ကောင်းပြီလေ။ ဒါဆို ခဏနေကျရင် ပိတ်စကို ကိုက်ဖြတ်ထားနှင့်ကြရအောင်။ ဒါမှ မနက်ကျလို့ ပညာသင်လေးတွေလာရင် အဆင်သင့်ချုပ်နိုင်မှာ။လောလောဆယ် သူတို့ငါးယောက်ကို အရိုးရှင်းဆုံးဝတ်စုံလေးတွေဘဲ ချုပ်ခိုင်းကြတာပေါ့"
ဟု ပြန်ဖြေပေးလိုက်၏။
ပညာသင်မိန်းကလေးငါးယောက်လုံးဟာ အပ်ချုပ်စက်ကို ပိုင်ပိုင်နိုင်နိုင်နင်းနိုင်ကြပြီဖြစ်ပေမယ့် ဝတ်စုံကိုတော့ လက်တွေ့တစ်ခါမျှ မချုပ်ဖူးကြသေးချေ။ ဒါ့ကြောင့်လည်း ယွမ်ရိက ပထမဆုံးချုပ်ခိုင်းသည့်အနေဖြင့် အရိုးရှင်းဆုံးဝတ်စုံတွေကို ချုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
နောက်ပိုင်းကျွမ်းကျင်သွားမှသာလျှင် ပိုမို ခက်ခဲရှုပ်ထွေးသောဝတ်စုံများကို ထိုမိန်းကလေးငါးယောက်အား ချုပ်ခိုင်းမည်ဖြစ်သည်။
ညစာစားပြီးသည့်နောက် ယွမ်ချီကျီနဲ့ယွမ်ရိတို့ဟာ စက်ချုပ်ခန်းအတွင်း ဝင်လာခဲ့ကြ၏။
စက်ချုပ်ခန်းထဲကိုရောက်တာနဲ့ သူမတို့ဟာ ပိတ်စထုပ်တစ်ထုပ်ကိုဖြည်ကာ အတွင်းမှ ပိတ်စတစ်စကိုထုတ်ယူလိုက်သည်။ ထို့နောက် ထိုပိတ်စပေါ်တွင် အတိုင်းအတာ တချို့ကို မှတ်သားပြီး မြေဖြူဖြင့် ရေးခြစ်လိုက်သည်။
ထို့နောက် အခြားသော ပိတ်စအနည်းငယ်ကိုလည်း ထုတ်ယူလိုက်ကာ အတိုင်းအတာများဖြင့် ရေးခြစ်ထားသော ပိတ်စအောက်တွင် ထပ်လိုက်ကြသည်။
ပြီးသည်နှင့် ယွမ်ရိဟာ ကိုက်ဖြတ်စက်ကိုအသုံးပြုလျက် စတင်ကိုက်ဖြတ်တော့သည်။
ပထမပိတ်စပေါ်မှ အမှတ်အသားများအတိုင်း လိုက်လံကိုက်ဖြတ်နေသဖြင့် အောက်ကပိတ်စတွေပါ တညီတညာတည်း ပြတ်တောက်ကုန်ကြသည်။
ဖြတ်တောက်ပြီးသော ပိတ်စအပိုင်းအစများကို တစ်ပုံချင်းစီ သီးသန့်ခွဲပုံထား၏။ ယွမ်ချီကျီကတော့ ပိတ်စတွေအမှတ်မှားမည်ကို စိုးသဖြင့် နံပါတ်လေးများတပ်ကာ မှတ်သားနေသည်။
ပိတ်စတွေကို လိုချင်သည့် အနေအထားမျိုးဖြင့် ကိုက်ဖြတ်ပြီးသည့်နောက်မှာ ကိုက်ဖြတ်စက်ကို ယွမ်ရိက ပြန်သိမ်းလိုက်သည်။
ပြီးတာနဲ့ ကိုက်ဖြတ်ထားသော ပိတ်စပုံတွေထဲမှ အပေါ်ယံပိတ်စတစ်ခုစီကို ယူလိုက်ပြီး ယွမ်ချီကျီကိုပေးလိုက်ကာ
"ဒေါ်လေး အရင်စမ်းချုပ်ကြည့်လိုက်။ ဒါမှ မနက်ဖြန်ကျ ပညာသင်တွေကိုပြန်သင်တဲ့အခါ အဆင်ပြေမှာ"
ဟု ပြောလိုက်သည်။
ယွမ်ချီကျီလည်း ခေါင်းညိတ်ပြလိုက်ပြီး ယွမ်ရိပေးသော ပိတ်စတွေကို ယူကာ အပ်ချုပ်စက်ရှေ့တွင် ဝင်ထိုင်လိုက်တော့သည်။
ထို့နောက် စတင်ချုပ်တော့၏။ ယွမ်ရိကလည်း ဘေးကနေကြည့်နေကာ အချို့လိုအပ်သောနေရာများကို ထောက်ပြပေးခဲ့သည်။ ဒါ့ကြောင့် များမကြာမီအချိန်မှာဘဲ ရိုးရှင်းလှပသောဝတ်စုံတစ်စုံကို ယွမ်ချီကျီတစ်ယောက် ချုပ်ပြီးသွားခဲ့၏။
ယွမ်ရိဟာ ထိုဝတ်စုံအား သေချာစစ်ဆေးကြည့်ရှုခဲ့ပြီးသည့်နောက်
"မဆိုးဘူးဒေါ်လေး။ ဒီလိုပုံစံလေးဆိုရင် အဆင်ပြေနေပြီ"
ဟု ပြောလိုက်သည်။
ညက တဖြည်းဖြည်းနက်လာပြီဖြသ်၍ ယွမ်ချန်းရှန်၊ ချန်ခွန်းနဲ့ရွယ်ဟောင်ဖန်းတို့ဟာ ယွမ်ရွယ်နဲ့ယွမ်တပေါင်တို့အား ခြေရေလက်ရေဆေးကြောပေးလိုက်ကြပြီး အိပ်ရာဝင်ဖို့ ပြင်ဆင်ကြတော့သည်။
ယွမ်ချီကျီက သူမချုပ်ထားသည့်ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်နေရင်းဖြင့် ယွမ်ရိအား
"ရှောင်ရိ၊ ဒီအချိန်မှတော့ အဆောင်ကိုပြန်မနေတော့နဲ့။ တော်တော်လေးမိုးချုပ်နေပြီဆိုတော့ လမ်းမှာ ဘေးတွေ့နေမှာစိုးလို့"
ဟု ပြောလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး
"ဒီအချိန်မှတော့ ပြန်လည်း အဆောင်တံခါးပိတ်သွားလောက်ပြီရယ်။ မနက်မှ စောစောထပြီး အဆောင်ပြန်တော့မယ်။ ဒီညတော့ အိမ်မှာဘဲ အိပ်တော့မယ်" ဟု ပြန်ပြောလိုက်သည်။
ကောင်းကင်မှာတော့ ကြက်ကလေးများဟာ မှိတ်တုတ်မှိတ်တုတ်ဖြင့် လောကကြီးအား တစ်ထောင့်တစ်နေရာကနေ အလင်းဆောင်ပေးလို့နေသည်။
နောက်ရက်ရောက်သည့်အခါ ယွမ်ရိက အိပ်ရာမှ စောစောထခဲ့ပြီး အဆောင်ကိုပြန်သွားတော့သည်။
ဒီလိုနဲ့ အချိန်တွေလည်း လျင်မြန်စွာ ကုန်ဆုံးသွားကာ စနေနေ့သို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
ထိုနေ့ ညနေပိုင်းတွင် ယွမ်ရိဟာ လီရှောင်ဖန်တို့နဲ့အတူတူ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး အဆောင်ကို ပြန်လာခဲ့သည်။ ထို့နောက် သူတို့သူငယ်ချင်းတစ်စုဟာ ကန်တင်းကို သွားကာ စားသောက်ခဲ့ကြသေးသည်။
ကန်တင်းမှ စားသောက်ပြီးတာနဲ့ ယွမ်ရိဟာ သူမ၏စက်ဘီးကိုဆွဲထုတ်လျက် အဆောင်အတွင်းကနေ ထွက်လာခဲ့တော့သည်။ သူမ၏ဦးတည်ရာကတော့ မြို့စွန်က သူမ၏အိမ်လေးကိုပင်ဖြစ်၏။
အိမ်ကို သူမရောက်သွားတော့ ခြံတံခါးကိုမပိတ်သေးဘဲ ဖွင့်ထားတာကို မြင်လိုက်ရသည်။ ဒါ့ကြောင့် ယွမ်ရိလည်း ခြံတံခါးကိုဖြတ်ကျော်လျက် အိမ်ထဲကို တန်းဝင်လာခဲ့တော့သည်။
ယွမ်ရိလည်း အိမ်ထဲကိုရောက်တာနဲ့ ယွမ်ချီကျီထံသို့ချက်ချင်းသွားကာ
"ဘာ်လိုလဲ။ ဒေါ်လေး အဆင်ပြေရဲ့လား"
ဟု မေးလိုက်သည်။
ယွမ်ချီကျီက ဝမ်းသာအားရပြုံးလိုက်ပြီး
"မင်းကိုယ်တိုင် လာကြည့်လေ"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ရိလည်း စက်ချုပ်ခန်းထဲကို ဝင်ကြည့်လိုက်သည့်အခါ သေချာစွာချုပ်လုပ်ထားသည့် ဝတ်စုံငါးဆယ်ကျော်ကို မြင်လိုက်ရသည်။ ဝတ်စုံတစ်စုံချင်းစီကို အသေးစိတ် စစ်ဆေးပြီးသည့်နောက် ချုပ်ရိုးချုပ်သား ကောင်းမွန်သည့်အပြင် သပ်သပ်ရပ်ရပ်ချုပ်ထားတာကိုပါ သူမတွေ့လိုက်ရသည်။
သူမမျှော်မှန်းထားတာထက်ပင် ပိုပြီးတော့ ကောင်းမွန်နေတာကို တွေ့လိုက်ရတာကြောင့် ပြုံးရွှင်စွာဖြင့်ပင်
"ချုပ်ထားတဲ့ပုံစံလေးတွေက သပ်သပ်ရပ်ရပ်လေးတွေ။ အရမ်းကောင်းတယ်"
ဟု ချီးမွမ်းလိုက်တော့သည်။
ယွမ်ချီကျီကလည် ခေါင်းတညိတ်ညိတ်ဖြင့်
"ဒါတွေအားလုံးက ပညာသင်မိန်းကလေးငါးယောက်ရဲ့လက်ရာတွေလေ။ သူတို့တွေက အသင်
လွယ်ပြီး အတတ်မြန်ကြတယ်။ တော်လည်း တော်ကြတယ်"
ဟု ဝင်ချီးမွမ်းလိုက်ပြန်သည်။
ထို့နောက် သူတို့ဟာ စက်ချုပ်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ ယွမ်ရိဟာ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ထံသွားလိုက်ပြီး
"ဦးလေးငါး။ ဝတ်စုံတွေကတော့ အဆင်သင့် ချုပ်ပြီးသွားပြီ။ မနက်ဖြန်ဆို စရောင်းချလို့ရပြီ"
ဟု သတင်းကောင်းကို ပြောပြလိုက်တော့သည်။
ယွမ်ချန်းရှန်ဟာ ချက်ချင်းဘဲ စိတ်လှုပ်ရှားသွားပြီး
"ဒီနေ့ကို စောင့်မျှော်နေတာ ကြာပြီ။ နောက်ဆုံးတော့ရောက်လာခဲ့ပြီ"
ဟု ရေရွတ်လျက် ပျော်ရွှင်စွာဖြင့် ရယ်မောတော့သည်။
ကျန်သည့်မိသားစုဝင်တွေဟာလည်း ဝမ်းသာအားရဖြင့် ရယ်မောကြကုန်၏။
ထို့နောက် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ လင်မယားနှစ်ယောက်ဟာ မနက်ဖြန်အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြတော့သည်။
ယွမ်ရိဟာလည်း စက်ချုပ်ခန်းထဲကိုဝင်ကာ ပိတ်စအနည်းငယ်ကိုယူလျက် ကိုက်ဖြတ်စက်ဖြင့် စတင်ဖြတ်တောက်တော့သည်။
ဤတစ်ကြိမ်တွင် ပညာသင် ငါးယောက်အား အနည်းငယ် ပိုရှုပ်ထွေးသော ဝတ်စုံများကို ချုပ်ခိုင်းတော့မည်ဖြစ်သည်။
ယွမ်ရိဟာ ညဉ့်နက်သည်အထိ ပိတ်စများကို ဖြတ်တောက်ခဲ့သည်။ သူမ၏ဒေါ်လေး ယွမ်ချီကျီကလည်း ယွမ်ရိအား ဝိုင်ကူပေးခဲ့သည်။
အလုပ်ထဲတွင် စိတ်နစ်နေကြသဖြင့် အချိန်တွေ ကုန်လို့ကုန်မှန်းမသိ ဖြစ်သွားကာ တော်တော်လေးမိုးချုပ်သွားခဲ့သည်။
ဒါ့ကြောင့် ယွမ်ရိတို့လည်း ပိတ်စတွေဖြတ်နေတာကိုရပ်တန့်လိုက်ပြီး ခြေရေလက်ရေ ဆေးကြောသန့်စင်လျက် အိပ်ရာဝင်ခဲ့ကြတော့သည်။
နောက်ရက်မနက်ကို ရောက်သည့်အခါ ယွမ်ရိတို့ဟာ အိပ်ရာကနေ စောစောထခဲ့ကြသည်။ ထို့နောက် ဝတ်စုံတွေကို အထုပ်တွေထဲ သက်သပ်ရပ်ရပ် ခေါက်ထည့်ခဲ့ကြသည်။
ပြီးမှ ယွမ်ရိရယ်၊ ယွမ်ချန်းရှန်ရယ်၊ ချန်ခွန်းရယ်တို့ဟာဝတ်စုံထုပ်များကို စက်ဘီးကိုယ်စီပေါ်တင်လျက် အိမ်ကနေ ထွက်လာခဲ့ကြတော့သည်။
သူတို့သုံးယောက်လုံးဟာ အထည်တွေကို ဒီနေ့စရောင်းတော့မှာ ဖြစ်သဖြင့် စိတ်လှုပ်ရှားနေကြသည်။
ယွမ်ရိဟာ ယွမ်ချန်းရှန်တို့လင်မယားကို ဦးဆောင်လျက် ဈေးရောင်းရန် နေရာတစ်ခုကိုခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာက လမ်းဘေးဈေးဆိုင်တန်းထဲမှာဘဲ ဖြစ်ပေမယ့် သူမယခင်ကရောင်းသည့်နေရာတော့ မဟုတ်တော့ချေ။
သူမက နေရာအသစ်ကို ပြန်လည် ရွေးချယ်ထားခြင်းဖြစ်သည်။
ထို့နောက် သူတို့သုံးယောက်ဟာ စက်ဘီးကိုရပ်တန့်လိုက်ကြပြီး အဝတ်ထုပ်တွေကို ဖြည်လျက် ရောင်းချရန်အတွက် စတင်ပြင်ဆင်ကြတော့သည်။