အပိုင်း - ၁၀၃.၂
ချန်းဝေ့တုန်းဟာလည်း အဲ့ဒီအချိန်မှ သတိတွေ ဝင်လာပြီး
"ဟုတ်တယ်။ ဆရာမ ခွဲမွေးပါ့မယ်။ ခံဝန်စာချုပ်မှာလည်း ကျွန်တော် လက်မှတ်ထိုးပါ့မယ်"
ဟု ပြောလိုက်တော့၏။
ခံဝန်စာချုပ်တွင် ချန်းဝေ့တုန်းလက်မှတ်ထိုးပြီး မကြာခင်မှာဘဲ ယွမ်ကျဲအား မွေးခန်းထဲကနေ ခွဲခန်းသို့ ပြောင်းရွေ့လိုက်ကြသည်။
ယွမ်ကျဲအား ခွဲစိတ်ရန်အတွက် မေ့ဆေးပေးပြီးချိန်မှာဘဲ သူနာပြုဆရာမလေးက ခွဲခန်းအပြင်ကို ပြန်ထွက်လာပြီး ယွမ်ရိတို့အား
"ခွဲမွေးတဲ့အချိန်မှာ ဘာကိုမှကြိုပြီး အာမ မခံနိုင်ပါဘူးရှင်။ ဒါကြောင့် မတော်တဆတစ်ခုခုများ ဖြစ်ခဲ့ရင် ရှင်တို့အနေနဲ့ လူကြီးအသက်ကို ကယ်မလား၊ကလေးအသက်ကို ကယ်မလား"
ဟု ရွေးချယ်ခိုင်းသည်။
"လူကြီးဘဲပေါ့"
ချန်းဝေ့တုန်းက မယားဇောဖြင့် လေသံခပ်ရှူးရှူးပြောလိုက်သည်။
သူနာပြုလေးလည်း အတည်ပြုသကဲ့သို့ ကျန်သော မိသားစုဝင်တွေကို လှည့်ကြည့်သည်။
ထို့နောက် ခေါင်းညိတ်ကာ ခွဲခန်းထဲကို ပြန်ဝင်သွားတော့သည်။
ယွမ်ရိတို့တတွေလည်း ရင်တထိတ်ထိတ်ဖြင့် ခွဲခန်းအပြင်ကနေ စောင့်ကြရပြန်သည်။
ချန်းဝေ့တုန်းကတော့ ဆေးရုံကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ခေါင်းကို တဗြင်းဗြင်းကုတ်နေတော့၏။
ယွမ်ရိ၏မျက်လုံးများကလည်း နီရဲနေ၏။ အကယ်၍ သူမ လာခဲ့သည့်အချိန်ကာလကဲ့သို့ ဖွံ့ဖြိုးတိုးတက်နေချိန် ဖြစ်ပါက ဤကဲ့သို့ ခွဲမွေးခြင်းက အသေးအမွှားပင်။
ဒါပေမယ့် ဤအချိန် ဤကာလမှာတော့ ခွဲမွေးခြင်းက အလွန်အန္တရာယ်များလှပြီး မတော်တဆ လူသေခြင်းများက အထူးအဆန်းမဟုတ်ခဲ့ပေ။
ထိုအရာများကို တွေးမိရင်းဖြင့် သူမ၏မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်ကြည်များ ကျဆင်းလာရတော့သည်။
ဤတစ်ကြိမ်တွင်တော့ ယွမ်ရိခမျာ နာရီကို မကြည့်နိုင်တော့ဘဲ စိုးရိမ်ခြင်းကြီးစွာဖြင့် ယွမ်ကျဲအား စောင့်နေရတော့သည်။
အချိန်တွေ ဘယ်လောက်တောင် ကုန်သွားသည့်မသိ။ အားလုံးကတော့ အချိန်တွေကြာလေ၊ ပိုပြီးတော့ စိုးရိမ်လာကြလေ ဖြစ်သည်။
"အူဝဲ....အူဝဲ....."
ရုတ်တရက် ခွဲခန်းတံခါးကြီးပွင့်သွားပြီး ကလေးငိုသံတဆာဆာလေးဟာ ပျံ့လွင့်လာ၏။
လူတိုင်းရဲ့မျက်လုံးတွေကလည်း ခွဲခန်းတံခါးထံ ကျရောက်သွားသည့်အခါ ကလေးငယ်လေးတစ်ဦးအား အနှီးဖြူဖြူလေးဖြင့် ပိုက်လျက် ချီပွေ့လာသော သူနာပြုဆရာမလေးအား မြင်လိုက်ကြရသည်။
"ယောက်ျားလေးပါရှင်"
သူနာပြုဆရာမလေးက အပြုံးလေးဖြင့် ပြောလိုက်သည်။
ချန်းဝေ့တုန်းဟာ သူနာပြုဆရာမ ထွက်လာတာကိုမြင်တာနဲ့ ကလေးကိုပင် ဂရုမထားဘဲ
"ဆရာမ၊ ကလေး အမေရော၊ သူရော အဆင်ပြေရဲ့လား"
ဟု အလောတကြီး မေးလိုက်သည်။
သူနာပြုဆရာမလည်း ဝမ်းသာအားရပြုံးကာ
"စိတ်မပူပါနဲ့ရှင်။ ကလေးရော၊ ကလေးအမေပါ ကျန်းကျန်းမာမာ ရှိကြပါတယ်ရှင်"
ဟု ပြန်ဖြေပေးလိုက်သည်။
ထိုစကားကိုကြားမှ ချန်းဝေ့တုန်း၏ရင်ထဲက အလုံးကြီး ကျဆင်းသွားရသည်။ ထို့နောက် ဝမ်းသာအားရရယ်မောတော့သည်။ တစ်ချိန်တည်းမှာလည်း ငိုကြွေးတော့၏။
ယွမ်ရိသည်လည်း ယွမ်ကျဲရော အဆင်ပြေသည်ကိုကြားမှ စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက် လင်းယောင်၏ရင်ဘတ်တွင် မျက်နှာအပ်ကာ တရှုံ့ရှုံ့ဖြင့် ငိုတော့သည်။
မကြာခင်မှာဘဲ ယွမ်ကျဲကိုလည်း ခွဲခန်းထဲကနေ ထုတ်ကာ ဆေးရုံကုတင်တစ်ခုပေါ်သို့ ရွှေ့ပြောင်းလိုက်ကြ၏။
ချန်းဝေ့တုန်းဟာ ယွမ်ကျဲ၏လက်လေးကို ခက်ဖွဖွဆုပ်ကိုင်ရင်းဖြင့် မျက်ရည်များဝိုင်းကာ စိုက်ကြည့်နေမိသည်။
ယွမ်ကျဲဟာ မျက်ရည်များဝိုင်းကာ ပြိုကျတော့မည့် ဟန်ပေါက်နေသည့် သူမယောက်ျား၏မျက်နှာကိုကြည့်ရင်း ခပ်နွမ်းနွမ်းလေသံလေးဖြင့်
"ဝမ်းမနည်းပါနဲ့ရှင်။ ကျွန်မ အဆင်ပြေပါတယ်"
ဟု ပြောလိုက်၏။
အခုမှ ခွဲခန်းထဲက ထွက်လာခါစ ဖြစ်တာမို့ ယွမ်ကျဲ၏မျက်နှာလေးဟာ ဖြူဖပ်ဖြူရော်ဖြင့် အားမရှိသလိုမျိုး ဖြစ်နေသည်။
ချန်းဝေ့တုန်းက ယွမ်ကျဲ၏လက်ကို အသာဆုပ်ကိုင်ကာ
"ရှောင်ကျဲ၊ မင်းက သိပ်ကို သတ္တိရှိတဲ့ မိခင်တစ်ဦးဘဲ"
ဟု ချီးမွမ်းလိုက်သည်။
ယွမ်ကျဲလည်း ပြုံးလိုက်ပြီး ခေါင်းကို အသာစောင်း၍ လူ့လောကထဲ ရောက်ခါစ ပိစိကွေးလေးကိုကြည့်ကာ
"မင်္ဂလာပါ၊ ကလေးလေးရေ"
ဟု နှုတ်ဆက်လိုက်တော့သည်။
အချိန်နှစ်,နှစ်ကား ကုန်သည်မှာ မြန်လှပေစွ။
ယွမ်ကျဲဟာ သူမ၏သား ချန်းဟူအား လက်ထဲမှာ ပွေ့လျက် တုတ်ထိုးသကြားလုံးသည်နားမှာ ရပ်နေ၏။ ယွမ်ရိက သကြားလုံးသည်ဆီမှာ တုတ်ထိုးသကြားလုံးတချို့ဝယ်ယူလိုက်သည်။
သူမက ချန်းဟူကိုလည်း တုတ်ထိုးသကြားလုံးတစ်ချောင်းပေးလိုက်ပြီး
"ရှောင်ဟူရေ၊ ငါ့ကို အဒေါ်လို့ ခေါ်ပါဦး။ ပြီးရင် အဒေါ်က အလှဆုံးမိန်းကလေးလို့လည်း ပြောပါဦး"
ဟု ကျီစယ်လိုက်သည်။
ဒါပေမယ့် ချန်းဟူလေးကတော့ အခြားစကားလုံးတစ်ခုအား ပြန်ပြောလိုက်၏။
"အဒေါ်က ဉာဏ်အများဆုံးဘဲ"
ထိုသို့ ပြောပြီးတာနဲ့ ယွမ်ရိပေးသော တုတ်ထိုးစကားလုံးအား မြိန်ရေရှက်ရေ စားသောက်တော့သည်။
ယွမ်ကျဲလည်း ချန်းဟူအား လက်ထဲပွေ့ထားရာကနေ အောက်ချပေးလိုက်သည်။ ထိုအခါ ချန်းဟူက သူ့အကိုတွေဖြစ်သည့် ယွမ်တပေါင်တို့နား ပြေးသွားကာ ဆော့ကစားတော့သည်။
ညီအမနှစ်ယောက်တည်း ကျန်ခဲ့မှ ယွမ်ကျဲက
"အမ၊ လင်းယောင်နဲ့အတူတူရှိနေတာ အချိန်တွေ ကြာနေပြီဟာကို။ ကလေး မယူကြသေးဘူးလား။ မဟုတ်မှ အမ ကလေးမွေးဖို့ ကြောက်နေတာလား"
ဟု မေးလိုက်သည်။
ယွမ်ကျဲ ထင်တဲ့အတိုင်းပင် ယွမ်ရိက ကလေးမွေးဖို့အတွက် အနည်းငယ် ကြောက်လန့်နေခဲ့သည်။ ယွမ်ကျဲ ကြုံခဲ့ရသည့် အဖြစ်အပျက်များက သူမ၏စိတ်ထဲမှာ မနေ့တနေ့ကဖြစ်သွားသည့်အတိုင်း လက်ဆက်နေဆဲပင်။
ယွမ်ရိလည်း အမှန်အတိုင်း မဖြေချင်တာမို့ သူမလက်ထဲက တုတ်ထိုးသကြားလုံးအား အနည်းငယ် စားလိုက်ပြီးမှ
"ကလေးယူဖို့က မလောသေးပါဘူးဟယ်။ နောက်ကျရင် ယူမှာပေါ့"
ဟူ၍ ဝေဝေဝါးဝါးသာ ပြန်ဖြေပေးလိုက်သည်။
ထို့နောက် သူတို့ညီအမနှစ်ယောက်ဟာ ယွမ်ချီကျီတို့ကို ကူ၍ ညစာအတွက် ဝိုင်းဝန်း ပြင်ဆင်ပေးခဲ့ကြသည်။
ညစာ စားချိန်တွင် ယွမ်ချီကျီက ယွမ်ရိအား
"ရှောင်ရိ၊ ဒီဇိုင်နာတွေ ထပ်ခန့်မလို့ဆို အဆင်ပြေရဲ့လား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"အဆင်မပြေသေးပါဘူး။ ဒီနေ့ အင်တာဗျူး လာဖြေတဲ့သူတချို့ရှိပေမယ့် စိတ်တိုင်းမကျသေးဘူးရယ်"
ဟု ပြန်ဖြေလိုက်၏။
သူမက သူမ၏ရို့ပါဗီလီယမ်အား အလယ်အလတ်တန်းစား လုပ်ငန်းတစ်ခုအဖြစ် မြှင့်တင်ရန်အတွက် ဒီဇိုင်နာတချို့ကို အလုပ်ခန့်ဖို့ စီစဉ်ထားသည်။ ဒီအတောအတွင်း သူမ၏စက်ရုံမှာ ဒီဇိုင်နာတချို့ ငှားထားသေးပေမယ့် ထိုဒီဇိုင်နာတွေအကုန်လုံးက သူမရည်မှန်းထားသည်နှင့် မကိုက်သေးချေ။
ဒါ့ကြောင့် အသစ်ထပ်ခန့်ရန် လုပ်ဆောင်နေခြင်းပင်။ သူမက အထည်ချုပ်လုပ်ငန်းအား တဖြည်းဖြည်းချင်း တိုးချဲ့နေပြီဖြစ်တာမို့ ဒီဇိုင်းဌာနကလည်း လိုအပ်လာပြီဖြစ်သည်။
ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အညီ မြို့ပေါ်က လူတွေကလည်း ဝတ်ကောင်းစားလှများကို နေ့စဉ်ထည်လဲနီးပါး ဝတ်ဆင်နိုင်နေကြပြီဖြစ်သည်။ ဒါ့ကြောင့်လည်း ယွမ်ရိက သူမ၏အထည်ချုပ်လုပ်ငန်းအား အခြေခံအဆင့်မှ အလယ်အလတ်တန်းစားအဆင့်သို့ အမြန်ဆုံး တိုးမြှင့်နေရခြင်းဖြစ်သည်။
ကုန်လွန်ခဲ့သည့်နှစ်,နှစ်ဟာ ယွမ်ရိအတွက်တော့ လင်းယောင်နဲ့လက်ထပ်တာအပြင် အမျိုးမျိုးသော အလုပ်များဖြင့် ပတ်ရှုပ်သော နှစ်တစ်နှစ်ဖြစ်၏။
ဒါ့အပြင် ဤကာလဟာ တိုးတက်ဖို့ အရှိန်ယူနေဆဲကာလဖြစ်တာမို့ ပညာတတ်လူငယ်အများစုဟာ အလုပ်အကိုင်မယ်မယ်ရရ မရှိကြသေးဘဲ အိမ်မှာဘဲ သောင်တင်နေကြသည်။ ဒါကို အစိုးရကလည်း ရိပ်စားမိနေ၍ ၁၉၈၄ ခုနှစ်မှာ စီးပွားရေးနဲ့ပတ်သက်ပြီး အရေးပါသော ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့၏။
ထိုကြေညာချက်ကတော့ နိုင်ငံ၏စီးပွားရေးကို အခြေခိုင်မာကာ ကျစ်လျစ်စေရန်အတွက် အရေးပါသည့် အထက်လူကြီးတွေအကုန်လုံးအား လွှတ်တော်အတွင်း စုဝေးစေကာ ဆွေးနွေးတိုင်ပင်ပေးမည် ဟူသော သတင်းပင်။
ထိုအစည်းအဝေးကြီးကနေ ချမှတ်ပေးလိုက်သည့် စီးပွားရေးဥပဒေကြီးကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံလုံးမှာ ရှိသည့် စီးပွားရေးလုပ်ငန်းတွေအကုန်လုံးဟာ တိုးတက်မှု ခြေလှမ်း နောက်ထပ်တစ်လှမ်းအား လျှောက်လှမ်းနိုင်လိုက်ကြသည်။
ထိုဥပဒေအတိုင်း ပြောင်းလဲပြုပြင်မှုများအပြီး ပေကျင်းမြို့၏ စီးပွားရေးလမ်းကြောင်းဟာလည်း ပိုပြီးတော့ ဖြောင့်ဖြူးသာယာသွား၏။
ထိုစဉ်တုန်းက စီးပွားရေးဥပဒေအသစ်များ ကြေညာထုတ်ပြန်ချိန်မှာ အရင်ဆုံး တုံ့ပြန်သည့်သူကို ပြရပါမည်ဆိုလျှင် ယွမ်ရိအား လက်ညှိုးထိုးပြကြရပေမည်။
အဘယ်ကြောင့်ဆိုသော် အနာဂတ်မှ လာသူတစ်ယောက်အနေဖြင့် မည်ကဲ့သို့ ဥပဒေမျိုး ထုတ်ပြန်မည်ဆိုသည်အား ယွမ်ရိက ကြိုသိထားပြီး ကြေညာချက်ထုတ်ပြီး နောက်တစ်နေ့မှာဘဲ ယွမ်ရိက သူမ၏ရို့ပါဗီလီယမ် အထည်ချုပ်လုပ်ငန်းအား သက်ဆိုင်ရာ ရုံးတွင် မှတ်ပုံတင်လိုက်တော့သည်။
မှတ်ပုံတင်ပြီးသည့်နောက် သူမ၏စက်ရုံအား ကုမ္ပဏီတစ်ခုအဖြစ် အသွင်ပြောင်းခဲ့သည်။ ကုမ္ပဏီတစ်ခုဖြစ်လာသည်နှင့်အညီ ယွမ်ရိက ရှယ်ယာရှင်တွေအဖြစ် သူမ၏ဦးလေးနဲ့အဒေါ်တွေကို အခွင့်အရေးပေးခဲ့သည်။
ဒါ့အပြင် ဒီဇိုင်းဌာန၊ ဈေးကွက်ရှာဖွေရေးဌာန အစရှိသော ကုမ္ပဏီတစ်ခု၏ လက္ခဏာရပ်များကိုလည်း ထည့်သွင်းဖွဲ့စည်းခဲ့၏။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ ဈေးကွက်ရှာဖွေရေးဌာန၏ ခေါင်းဆောင်များဖြစ်ကြပြီး ကုန်လွန်ခဲ့သည့်နှစ်,နှစ်အတွင်း သူတို့နှစ်ယောက်ဟာ နေရာအနှံ့အပြားကို ခရီးထွက်ခဲ့ကြပြီး ဆိုင်ခွဲတချို့ကို အသစ်ထပ်မံ ဖွင့်လှစ်ခဲ့ကြသည်။
သူမတို့၏ ရို့ပါဗီလီယမ်က ရောင်းချသည့် အဝတ်အစားတွေဟာ သစ်လွင်လှပပြီး ဒီဇိုင်းပုံစံလေးတွေကလည်း ဆန်းသစ်တာမို့ လူအများက ကြိုက်နှစ်သက်ကြသည်။ ရို့ပါဗီလီယမ် ဟု ပြောလိုက်တာနဲ့ လူအများစုကလည်း လှပပြီး သစ်ဆန်းသော ဒီဇိုင်းများကို မျက်စိထဲ မြင်ယောင်လာကြပြီဖြစ်၏။
ဒါ့အပြင် ယွမ်ရိက နောက်ထပ် အဆောက်အဦးတစ်ခု ထပ်ဆောက်ဖို့ စဉ်းစားထားသည်။ သူမ၏ရို့ပါဗီလီယမ်ဟာ အလယ်အလတ်အဆင့် လုပ်ငန်းဖြစ်လာပြီဖြစ်၍ အိမ်တွင်းတစ်နိုင်တစ်ပိုင်လုပ်ငန်း မဟုတ်တော့ချေ။
ထို့ကြောင့် အလုပ်အတွက် သီးသန့်အဆောက်အဦးတစ်ခု လိုအပ်လာပြီဖြစ်သည်။ ဒါ့ကြောင့် ယွမ်ရိက သုံးထပ်အဆောက်အဦးတစ်လုံးအား ဆောက်လုပ်ကာ ကို့ပါဗီလီယမ်၏ရုံးချုပ်အဖြစ် အသုံးပြုဖို့ မျှော်မှန်းထားသည်။
"နင်တို့နှစ်ယောက်ရော အလုပ်တွေ နိုင်ရဲ့လား။ လူသစ်တွေ ထပ်ခေါ်ဦးမှာလား"
ယွမ်ချီကျီက ယွမ်ချန်းရှန်နဲ့သူ့မိန်းမကို မေးလိုက်၏။
ယွမ်ချန်းရှန်က ခေါင်းယမ်းကာ
"လောလောဆယ်တော့ မလိုသေးဘူး။ နောက်ပိုင်း ရုံးချုပ်ဆောက်ပြီးမှဘဲ ထပ်ခေါ်တော့မယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
သူတို့နှစ်ယောက်ဟာ ဈေးကွက်အသစ်တွေ ရှာဖွေရန်အတွက် ခရီးခဏခဏထွက်ရတာမို့ လူသစ်များမလိုအပ်သေးပေ။
ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့ လင်မယားနှစ်ယောက်ကတော့ ကုမ္ပဏီအား ထိန်းချုပ်စီမံသည့် အလုပ်ကို လုပ်ကိုင်နေကြသည်။ ထိုအရာကို သူမက အဓိက ဦးစီးရပြီး သူမယောက်ျားက လက်ထောက်လုပ်ကာ သူမအား ကူညီပေး၏။
ထို့နောက် သူမတို့ဟာ ကုမ္ပဏီနဲ့ပတ်သက်ပြီး စကားအနည်းငယ် ဆက်ပြောခဲ့ကြသည်။
ထိုအချိန်မှာဘဲ ယွမ်ကျီကောင်းက သူ့ရဲ့လက်ကို ဝှေ့ယမ်းကာ သူ့သားသမီးတွေရဲ့အာရုံကို သူ့ဆီ ဆွဲဆောင်လိုက်သည်။
"ဟေးးးး အားလုံး အတူတူထမင်းစားနေတဲ့အချိန်မှာ အလုပ်အကြောင်းကို မပြောကြနဲ့လေ။ မင်းတို့က အလုပ်အကြောင်းကို ပြောရင်းစားနေကြတော့ ဘာမှမသိတဲ့ငါတို့က ငူငူကြီး ထမင်းစားနေရတယ်ကွ"
ယွမ်ရိနဲ့အခြားသူတွေလည်း ရယ်မောလိုက်ကြပြီး
"ဟုတ်ပါပြီ။ အဖေရယ်။ နောက်ဆိုရင် ထမင်းစားနေချိန်မှာ အလုပ်အကြောင်း မပြောတော့ပါဘူး"
ဟု ကတိပေးလိုက်ကြတော့သည်။
ညစာ စားပြီးသည့်နောက် ချန်းဝေ့တုန်းနဲ့ယွမ်ကျဲတို့ဟာ ချန်ဟူကို ခေါ်လျက် သူတို့အိမ်ကို သူတို့ ပြန်သွားကြ၏။
ရွယ်ဟောင်ဖန်းနဲ့ယွမ်ချီကျီတို့ကလည်း ယွမ်ကျီကောင်း၊ လျူရှင်းဟွာနဲ့ယွမ်ရွယ်တို့ကို ခေါ်ကာ သူတို့အိမ်သို့ ပြန်သွားကြသည်။ သူတို့ကလည်း ဒီနှစ်နှစ်အတွင်း မြို့စွန်ကနေ မြို့အတွင်းပိုင်းကို ပြောင်းလာကြပြီဖြစ်သည်။
သူတို့က ယွမ်ရိ၏အိမ်နဲ့ မနီးမဝေးနေရာလေးမှာ အိမ်တစ်လုံးဝယ်ယူကာ နေထိုင်ကြသည်။
အိမ်မှာ ကျန်နေခဲ့သည့် ယွမ်ရိနဲ့လင်းယောင်တို့လည်း အိပ်စက်ဖို့အတွက် အိပ်ခန်းထဲကို ဝင်လာခဲ့ကြတော့၏။
လက်ထပ်ပြီးသည့်နောက် လင်းယောင်ဟာ ယွမ်ရိအခန်းထဲကို ပြောင်းရွှေ့လာခဲ့သည်။ ဒါ့ကြောင့် သူယခင်နေခဲ့သည့်အခန်းလေးဟာ ယခင်တုန်းကအတိုင်း ဧည့်သည်လာလျှင် တည်းခိုဖို့ အခန်းလေးဖြစ်သွားရ၏။
အိပ်ရာဝင်သည့်အခါ ယွမ်ရိက လင်းယောင်ဘေးမှာ ဝင်လှဲလိုက်ပြီး
"ကလေး လိုချင်လား"
ဟု မေးလိုက်၏။
လင်းယောင်က ယွမ်ကျဲတုန်းက အဖြစ်အပျက်များကို ပြန်မြင်ယောင်လာပြီး ခေါင်းယမ်းကာ
"မလိုချင်ဘူး"
ဟု ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် ငါလိုချင်တယ်လေ"
ယွမ်ရိက လင်းယောင်ကို ဖက်ရင်းဖြင့် လေသံတိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။
ထို့နောက် အခန်းထဲမှာ ထွန်းညှိထားသော မီးခွက်လေးဟာ ငြိမ်းသွားကာ အမှောင်အတိကျသွားတော့သည်။
နောက်ရက်တွေမှာတော့ ယွမ်ရိက ဒီဇိုင်နာအသစ်တွေ ခန့်အပ်ဖို့အတွက် လူတချို့ကို အင်တာဗျုးလုပ်ခဲ့သည်။ သူမလိုချင်သည့် လူများအနေနဲ့ ဘယ်လောက်ပဲ အရည်အချင်းကောင်းနေပါစေ မိမိအလုပ်ပေါ်၌ တန်ဖိုးထားမြတ်နိုးတတ်ရန်လည်း လိုပေသည်။
ဒါ့အပြင် အလယ်အလတ်တန်းစား လုပ်ငန်းတစ်ခုဖြစ်လာပြီမို့ ရို့ပါဗီလီယမ်က ထုတ်သော အဝတ်အစားဒီဇိုင်းမျာကို အရင်ကထက် ပိုပြီး ဂရုစိုက်ရတော့မည်။
ပြီးတော့ ရုံးချုပ်အတွက် အဆောက်အဦးဆောက်သည့်နေရာမှာလည်း ယွမ်ရိက ကြီးကြပ်ရသေးသည်။
ဒါ့ကြောင့် ယွမ်ရိတစ်ယောက် ဒီဇိုင်းရေးဆွဲလိုက်၊ ဆောက်လုပ်ရေး ကြီးကြပ်လိုက်ဖြင့် အလုပ်ရှုပ်နေရတော့သည်။
ယွမ်ရိတစ်ယောက် အဆောက်အဦးဆောက်လုပ်နေတာကို လေ့လာကြည့်ရှုပြီးသည့်နောက် လုံခြုံရေးဦးထုပ်ကို ချွတ်ကာ ညစာစားဖို့ ချိန်းထားသည့်နေရာကို ထွက်လာခဲ့သည်။
သူမနဲ့ညစာစားဖို့ ချိန်းထားသူကတော့ စက်မှုနဲ့ကူးသန်းရောင်းဝယ်ရေးဌာနမှာတုန်းက သူမနဲ့ခင်မင်ခဲ့သည့် ကျန်းစုယွမ်ဆိုသော သူနဲ့ဖြစ်၏။ သူမက ကျန်းစုယွမ်နဲ့တွေ့ဆုံရာတွင် ခင်မင်သည်ကတစ်ကြောင်း၊ အလုပ်ကိစ္စက တစ်ကြောင်းဖြင့် အကြောင်းပြချက်နှစ်ခုကြောင့် ညစာ စားဖို့ ချိန်းဆိုထားခြင်းပင်။
ယွမ်ရိလည်း တက္ကစီတစ်စီးငှား၍ ချိန်းဆိုထားသော စားသောက်ဆိုင်ကို သွားလိုက်သည်။
စားသောက်ဆိုင်ရှေ့ကို ရောက်တော့ တက္ကစီပေါ်မှ ဆင်းလိုက်သည်။ ထိုအချိန်မှာဘဲ သူမဘေးကနေ ဖြတ်သွားသည့် အပြာရောင်ကားလေးကို ယွမ်ရိတွေ့လိုက်ရသည်။
ဤခေတ်မှာ ကားတွေရဲ့ပုံသဏ္ဌာန်က မိမိုက်မနေသေးဘဲ လေးထောင့်သေတ္တာကြီးဘီးတပ်ကာ ရွေ့လျားနေသည်နှင့်ပင် တူလွန်းလှသည်။
ယွမ်ရိဟာ ထိုကဲ့သို့သော ကားတစ်စီးလောက် ဝယ်ယူရန်လည်း စဉ်းစားထားသေးသည်။
ထို့နောက် အပြာရောင်ကားလေးကို ကြည့်မနေတော့ဘဲ စားသောက်ဆိုင်ထဲကို ဝင်ဖို့ ပြင်လိုက်တော့သည်။
ခြေလှမ်း လေး၊ ငါးလှမ်း လှမ်းပြီးချိန်မှာဘဲ သူမ၏နောက်ကနေ
"ယွမ်ရိ"
ဟူသော ခေါ်သံကို ကြားလိုက်ရသည်။
ထိုအသံက သူမအတွက် အရမ်း ရင်းနှီးလို့နေသည်။ဒါ့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ ကားပြာလေးရဲ့ဘေးမှာ ရပ်နေသည့် အမျိုးသားတစ်ဦးကို ယွမ်ရိတွေ့လိုက်ရသည်။
ထိုအမျိုးသားဟာ အနက်ရောင် အနောက်တိုင်းပွဲတက်ဝတ်စုံအား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကာ နက်ပြောင်နေသော ဖိနပ်တစ်ရံကိုလည်း စီးထားသည်။
ယွမ်ရိက ထိုလူကို တွေ့တာနဲ့ ဝမ်းသာအားရ ဖြစ်သွားပြီး
"ရှဲ့တုန်းယန်"
ဟု အော်ကာ ပြန်နှုတ်ဆက်လိုက်တော့သည်။