Chapter 74.1

2.2K 259 0
                                    

အပိုင်း - ၇၄.၁
ကျောင်းမှ ကောလိပ်ဝင်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူတွေအတွက် အချိန်ပိုလေ့လာနိုင်စေရန် ရည်ရွယ်၍ ညနေခင်းတွင် အတန်းချိန် နှစ်ချိန်အား ထပ်ပေါင်းစီစဉ်ပေးထား၏။

ဒါပေမဲ့ အများစုက အရင်အချိန်တွေလို ပေါ့ပေါ့နေပေါ့ပေါ့စားပဲ ဖြတ်သန်းခဲ့၍ ကျောင်းစာအပေါ်မှာ အာရုံစိုက်နိုင်ခြင်းမရှိဘဲ စိတ်လွင့်နေကြသည်။

ကျောင်းကနေပြီး ကျောင်းသားကျောင်းသူတွေအတွက် စာလေ့လာရလွယ်ကူစေရန် ဆရာ၊ ဆရာမတွေကိုပါ စီစဉ်ပေးခဲ့သည်။ ထိုဆရာ၊ ဆရာမတွေက ကျောင်းသားကျောင်းသူတွေကို သင်ကြားဖို့အတွက် သင်ထောက်ကူပစ္စည်းတွေကိုပါ အသုံးပြုခဲ့ကြသည်။

ဒါပေမဲ့ ကျောင်းသား၊ ကျောင်းသူအများစုမှာ အတွေ့အကြုံမရှိကြ၍ သင်ထောက်ကူပစ္စည်းတွေကို ကြောင်အအပုံစံလေးများဖြင့်သာ ကြည့်နေကြတော့သည်။

ရှေ့ကနေ ဆရာ၊ ဆရာမများက အာပေါက်မတတ် ရှင်းပြနေရင်တောင်မှ အလေ့အကျင့်ရှိမထားသည့်အပြင် အခြေခံမပိုင်ခဲ့ကြတာကြောင့် ဆရာ၊ ဆရာမများ သင်သမျှအား နားမလည်သူတွေက ဒုနဲ့ဒေးဖြင့်ပင်။

တချို့ကျောင်းသားကျောင်းသူတွေဆိုလျှင် ဆရာ၊ ဆရာမတွေသင်တာကို နားထောင်ရင်း အိပ်ငိုက်တာများပင်ရှိကြသည်။

ဆရာမလည်း ထိုကဲ့သို့သော ကျောင်သားကျောင်းသူများကို သင်ကြားနေရသဖြင့် စိတ်ညစ်ကာ မျက်နှာကြီးရှုံ့မဲ့နေတော့သည်။

ယွမ်ရိဟာ ဆရာမ၏မျက်နှာကိုကြည့်ရင်း ရယ်ချင်စိတ်အား မနည်းထိန်းထားရသည်။

ဒီအခန်းထဲမှာရှိသည့် ကျောင်းသားကျောင်းသူတွေဟာ အတန်းတွေသာ ကြီးနေကြပေမယ့် လက်တွေ့အသိပညာအရမှာတော့ မူလတန်းသာသာလေးတွေပင်။

ဒါ့ကြောင့် ဆရာ၊ ဆရာမတွေနဲ့ကျောင်းသားတွေကြား စာသင်ကြားရတာ အခက်အခဲတွေတွေ့နေရတော့သည်။

ကျောင်းကနေ အိမ်ပြန်လာသည့်လမ်းမှာ ယွမ်ရိက ကျောင်းမှာထိန်းခဲ့သမျှကို အတိုးချပြီး ရယ်မောပါတော့သည်။ ယွမ်ကျဲသည်လည်း ကျောင်းတုန်းက ဆရာမ၏မျက်နှာကို ပြန်တွေးမိသွားကာ ညီအမနှစ်ယောက်လုံး တဟားဟားဖြင့် ပွဲကျကုန်တော့၏။

ဒီလိုနဲ့ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ ယွမ်ရိနဲ့ယွမ်ကျဲတို့က တန်းခွဲအသစ်မှာ အသားကျသွားတော့သည်။ သူမတို့မသိနားမလည်တာများကိုလည်း ဆရာ၊ ဆရာမတွေထံ ချက်ချင်းထမေး၏။

သူမတို့ဘာသာ လေ့လာတာထက် ရှေ့ကနေ လမ်းပြပေးမည့်သူရှိနေတာကြောင့် သူမတို့၏အသိပညာတွေလည်း ပိုပြီးတိုးပွားလာကာ ကျောင်းစာတွေအပေါ်မှာလည်း နားလည်မှုတွေ နက်ရှိုင်းလာခဲ့သည်။

ဒါတောင်မှ ရက်အနည်းငယ်ဘဲရှိနေသေးကာ တစ်လလောက်သာ ကြာသွားပါက သူမတို့၏တိုးတက်မှုက တကယ့်ကိုအံ့မခန်းဖြစ်သွားမှာပင်။

ဒါပေမယ့် တစ်ပတ်လောက်ကြာပြီးတာတောင်မှ ယွမ်ရိ၊ ယွမ်ကျဲနဲ့အခြားသောကျောင်းသားကျောင်းသူတချို့ဘဲ ကျောင်းစာအပေါ်မှာ စိတ်ဝင်စားမှုတွေပြလာကြကာ ကျန်သည့်သူတွေကတော့ ယောင်လည်လည်ဖြင့် ရှိနေကြဆဲဖြစ်သည်။

တစ်ပတ်ပြည့်‌သည့်နေ့မှာတော့ ဆရာမက ခါတိုင်းကဲ့သို့စာမသင်ဘဲ ကောလိပ်တွေ၊ တက္ကသိုလ်တွေအကြောင်း ကျယ်ကျယ်ဝံ့ဝံ့ရှင်းပြ၏။

ထိုသို့ ရှင်းပြပြီးသည့်နောက် ဆရာမက ကျောင်းသားကျောင်းသူတွေထံ စာရွက်လေးတွေဝေပေးလိုက်ကာ
"အဲ့ဒီစာရွက်ပေါ်မှာ ခုနကဆရာမပြောထားတဲ့ကောလိပ်တွေ၊ တက္ကသိုလ်တွေထဲကနေပြီး မင်းတို့တကယ်တက်ချင်တဲ့ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်ရဲ့နာမည်ကို ဖြည့်လိုက်ကြ"
ဟု ပြောလိုက်သည်။

ဤသည်မှာ ဆယ်နှစ်ကျော်ကြာမှ ပထမဆုံး ပြန်ကျင်းပသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်၍ တိတိကျကျ သတ်မှတ်ချက်ထုတ်ပြန်ထားသည့် စည်းမျဉ်းဟူ၍ တင်းတင်းကျပ်ကျပ်မရှိသေးချေ။

ယွမ်ကျဲက သူမလက်ထဲက စာရွက်ကိုကြည့်လျက်
"ဒါကို ဘယ်လိုဖြည့်ရမှာလဲ။ ဒီတိုင်းဘဲ ကိုယ်တက်ချက်တဲ့ ကောလိပ်ရဲ့နာမည်ကို ထည့်လိုက်ရုံဘဲလား"
ဟု ယွမ်ရိကိုမေးလိုက်၏။

ယွမ်ရိက
"အလျင်စလို မဆုံးဖြတ်နဲ့ဦး။ ကိုယ်တကယ်တက်ချင်တဲ့ကောလိပ်ကိုအရင်ရွေးချယ်။ သေချာပြီးဆိုမှ အဲ့ဒီစာရွက်ထဲ ရေးဖြည့်ပေးလိုက်"
ဟု အကြံပေးလိုက်သည်။

ဒါ့ကြောင့် ယွမ်ကျဲဟာအလျင်မလိုတော့ဘဲ သူမနဲ့ကိုက်ညီမည့်ကောလိပ်အား သေချာစဉ်းစားရွေးချယ်တော့သည်။

အခြားသော ကျောင်းသားကျောင်းသူတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဆွေးနွေးလို့နေကြတော့၏။

"ဟျောင့်၊ မင်း ဘယ်တက္ကသိုလ်တက်မှာလဲ။ ကောလိပ်တက်မှာလား"

"ငါကတော့ ရှင်းဟွာတက္ကသိုလ်ကို တက်ဖို့ဆုံးဖြတ်ထားတာဟ"

"ငါကတော့ ပီကင်းက တက္ကသိုလ်လို့ ဖြည့်လိုက်ပြီဟ"

"နန်ကိုင်တက္ကသိုလ်လည်း မဆိုးပါဘူးကွ"

"ဖူဒန်ကမှ ကောင်းတာကွ"
............................

ထိုကဲ့သို့ ‌ကျောင်းသားကျောင်းသူတွေ သူတို့တက်ရောက်ချင်သည့် ကောလိပ်တွေ၊ တက္ကသိုလ်တွေ၏အမည်ကို ဖြည့်စွက်နေစဉ်မှာ ဆရာမက အတန်းထဲကို လှည့်ပတ်သွားနေသည်။

သူမက ကောင်လေးတစ်ယောက်ရဲ့အနီးမှာရပ်လိုက်ပြီး ထိုကောင်လေး၏စာရွက်ကို ကြည့်ရှုလိုက်သည်။

ပြီးတာနဲ့ ထိုကောင်လေး၏ခေါင်းအား အသာပုတ်ကာ
"မင်းက ကင်းဘရစ်တက္ကသိုလ်တက်ဖို့ ရည်မှန်းထားတယ်ပေါ့လေ။ ဟုတ်လား။ ဘာလို့များ အောက်စဖိုဒ့်တက္ကသိုလ်ကို တစ်ခါတည်း မရွေးလိုက်ရတာလဲ"
ဟု မေးလိုက်သည်။

ထိုအခါ တစ်ခန်းလုံးနီးပါး ရယ်မောသံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဒါပေမယ့် ထိုသို့ရယ်မောသည့်အထဲမှာ ယွမ်ရိနဲ့ယွမ်ကျဲတို့မပါခဲ့ချေ။

ယွမ်ကျဲက ဆရာမပြောသည့် တက္ကသိုလ်တွေအကြောင်း မကြားဖူးသဖြင့် ယွမ်ရိကိုကြည့်ကာ
"အမ၊ ကင်းဘရစ်တို့ အောက်စဖိုဒ်တို့ဆိုတာက ဘာတွေလဲ။ အမသိလား"
ဟု မေးလိုက်၏။

"အဲ့တာက နိုင်ငံခြားက တက္ကသိုလ်တွေလေ"
ဟု ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။

ပြီးတာနဲ့ သူမက သူမ၏စာရွက်ပေါ်မှာ သူမရွေးချယ်ထားသည့် တက္ကသိုလ်၏အမည်အား ရေးချလိုက်တော့သည်။
'ပီကင်းတက္ကသိုလ်'

ပီကင်းတက္ကသိုလ်ဟာ လက်ရှိမှာ အကောင်းဆုံး တက္ကသိုလ်‌များအတွင်းမှ တစ်ခုအပါအဝင်ပင်ဖြစ်သည်။

ယွမ်ရိဟာ ယွမ်ကျဲနဲ့အတူ လေးနှစ်၊ ငါးနှစ်လောက် ကြိုတင်ပြင်ဆင်ထားသည့်အပြင်၊ ဒီခေတ်ဒီကာလ၏ ကောလိပ်ဝင်ခွင့်စာမေးပွဲဆိုတာကြီးက သိပ်မခက်တာမို့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ကာ ပီကင်းတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိပေသည်။

ယွမ်ကျဲက ယွမ်ရိစာရွက်အတွင်း ဖြည့်ထားသော 'ပီကင်းတက္ကသိုလ်' ဆိုသည့် စာလုံးအား ကြည့်ကာ
"ဒါက အကောင်းဆုံးတက္ကသိုလ်တွေထဲက တစ်ခုမဟုတ်ဘူးလား"
ဟု ပြောလိုက်သည်။

ယွမ်ရိလည်း ယွမ်ကျဲကိုပြန်ကြည့်ကာ
"နင်ရော အမနဲ့အတူတူဘဲ ရွေးမှာလား"
ဟု ပြန်မေးလိုက်သည်။

ယွမ်ကျဲခဗျာ နှုတ်ခမ်းကို အသာကိုက်လျက်
"အဲ့တာက အကောင်းဆုံးတက္ကသိုလ်ဆိုတော့ ဝင်ခွင့်ရဖို့ကလည်း အမှတ်တွေအများကြီးလိုမှာ။ ညီမ သိပ်တော့မသေချာဘူး"
ဟု ယုံကြည်မှုသိပ်မရှိဟန်ဖြင့် ပြန်ဖြေလိုက်သည်။

ခဏကြာမှ သူမတက်ရောက်ချင်သည့် တက္ကသိုလ်အား စာရွက်အတွင်း ဖြည့်လိုက်တော့သည်။

ညနေ အိမ်ပြန်ရောက်၍ ညစာ စားကြသည့်အခါ ယွမ်ချန်းဖူက ဘယ်တက္ကသိုလ်တွေကို ရွေးခဲ့ကြလဲဆိုသည်အား မေးမြန်းတော့သည်။

ယွမ်ရိကို အံ့အားသင့်စေခဲ့တာက ရဲ့ဖန်အား ပီကင်း၊ရှင်းဟွာ၊ နန်ကိုင်နဲ့ဖန်ဒူးတို့လို နာမည်ကြီးတက္ကသိုလ်လေးခုထဲမှ မရွေးခဲ့ဘဲ မြို့အတွင်းရှိ သာမန်တက္ကသိုလ်လေးတစ်ခုကိုဘဲ ရွေးဖြည့်ထားသည်ဟု ကြားလိုက်ရတာကိုပင်။

ယွမ်ချန်းဖူသည်လည်း ရဲ့ဖန်၏အဖြေကြောင့် အံ့အားသင့်သွားပြီး
"ဘာလို့ မြို့ထဲက တက္ကသိုလ်လေးကိုဘဲ ရွေးချယ်လိုက်ရတာတုန်း"
ဟု မေးမြန်းလိုက်သည်။

ထိုအခါ ရဲ့ဖန်က
"အဖေ၊ အခြား နာမည်ကြီးတက္ကသိုလ်တွေက ဝင်ခွင့်ရဖို့အတွက် ‌အမှတ်တွေအများကြီးလိုမှာ။ အဲ့ဒီအပေါ်မှာ ကျွန်တော် ယုံကြည်ချက်သိပ်မရှိဘူး။တော်ကြာ ခြေချော်လက်ချော်ဖြစ်ပြီး စာမေးပွဲကျခဲ့လို့ရှိရင် ဘယ်တက္ကသိုလ်မှ မတက်လိုက်ရဘဲနေမှာစိုးတယ်။ ဒါ့အပြင် အခု ကျွန်တော်ရွေးလိုက်တဲ့တက္ကသိုလ်က အိမ်နဲ့လည်း နိီးတယ်လေ။ အဲ့တော့ သွားရလာရ အဆင်ပြေတာပေါ့"
ဟု ပြန်ဖြေပေးလိုက်၏။

တကယ်တော့ အိမ်နဲ့နီးသည့်တက္ကသိုလ်အား ရွေးရသည့် နောက်ထပ်အချက်တစ်ချက်လည်း ရှိနေပေးသေးသည်။

သူဟာ အိမ်ကမောင်နှမတွေထဲ အကြီးဆုံး ယောက်ျားလေးဖြစ်ပေသည်။ အဖေနဲ့အမေတို့က အသက်ကြီးလာကြပြီဖြစ်၍ ညီငယ်ညီမငယ်တို့အား အလုံးစုံ ဂရုမစိုက်နိုင်ကြတော့ပေ။ ဒါ့ကြောင့် အကိုကြီးအဖရာဆိုသည့်အတိုင်း ကျန်သည့်‌ညီငယ်ညီမငယ်များကို ဂရုစိုက်ပေးရမည်။

ဒီအချက်ကြောင့် အိမ်နဲ့နီးသည့်တက္ကသိုလ်အား ရွေးလိုက်ရခြင်းလည်း ဖြစ်သည်။

ယွမ်ချန်းဖူသည်လည်း အဖေတစ်ယောက်အနေဖြင့် သူ့သား၏အတွေးများကို သိရှိပေသည်။ ဒါ့ကြောင့် သူက သက်ပြင်းအသာလေးချကာ
"ငါ့သား၊ ငါတို့မြို့မှာ ရှိတဲ့တက္ကသိုလ်ကလည်း နာမည်ကြီး တက္ကသိုလ်လေးခုကိုမမှီပေမယ့် မခေဘူးနော်။ ဒါ့ကြောင့် စာမေးပွဲမှာ မပေါ့စဘဲ ကောင်းကောင်းမွန်မွန်ကြိုးစားပြီးဖြေ"
ဟု ပြောလိုက်တော့သည်။

ရဲ့ဖန်လည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ အဖေ"
ဟု ပြန်ပြောလိုက်၏။

တဖန် ယွမ်ချန်းဖူက ယွမ်ရိနဲ့ယွမ်ကျဲဘက်သို့လှည့်ကာ မေးမြန်းလိုက်သည်။

ယွမ်ရိက ပြုံးလိုက်ပြီး
"အမှတ်စာရင်းတွေ ထွက်လာရင် ပြောပါ့မယ်"
ဟုသာ ပြန်ပြောလိုက်သည်။

သူမက ‌အပြောထက်အလုပ်နဲ့ဘဲ သက်သေပြချင်သူတစ်ယောက်ဖြစ်သည်။

ယွမ်ရိက မပြောချင်တာကို မြင်တော့ ယွမ်ချန်းဖူလည်း နားလည်မှုရှိစွာဖြင့် ဘာမျှထပ်မမေးတော့ချေ။သူက ယွမ်ကျဲကိုလည်း မမေးတော့ချေ။အဘယ်ကြောင့်ဆိုသော် ယွမ်ကျဲဟာ ယွမ်ရိနဲ့တစ်ပုံစံထဲဘဲ ဆိုတာကို သူသိနေ၍ပင်။

ဒါ့ကြောင့် သူက ရဲ့ချူးဝမ်ဘက်ကို လှည့်ကြည့်ကာ
"ချူးဝမ်ရော ဘယ်တက္ကသိုလ်တက်ဖို့ စာရင်းသွင်းခဲ့တာလဲ"
ဟု မေးမြန်းလိုက်တော့သည်။

"ပီကင်းတက္ကသိုလ်ပါ"
ဟု ရဲ့ချူးဝမ်က ပြန်ဖြေလိုက်၏။

ရဲ့ချူးဝမ်၏အဖြေကြောင့် ယွမ်ချန်းဖူအံ့အားသင့်သွားပြီး
"အဲ့ဒီတက္ကသိုလ်က ဝင်ခွင့်ရဖို့ အမှတ်အများကြီးလိုမှာဘဲ။ ချူးဝမ် သမီးတော့ ပိုကြိုးစားရတော့မယ်နော်"
ဟု သတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အဖေ"
ရဲ့ချူးဝမ်က ပြန်ဖြေပေးလိုက်သည်။

ယွမ်ရိဟာ ယွမ်ချူးဝမ်၏အဖြေကြောင့် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်မိသည်။ ရဲ့ချူးဝမ်အား အထင်သေးတာမဟုတ်ပေမယ့် ပီကင်းတက္ကသိုလ်အား ဝင်ခွင့်ရဖို့က လုံးဝမလွယ်ကူတာကြောင့်ပင်။

သူမတောင်မှ တန်းခွဲသစ်မှာ သင်ကြားရင်း အရင်ကမသိနားမလည်ခဲ့တာတွေ ရှင်းလင်းနားလည်သွားမှ ပီကင်းတက္ကသိုလ်ကိုတက်ဖို့ လျှောက်ရဲခဲ့တာပင်။
'ဘာပဲဖြစ်ဖြစ် ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပဖို့က ရက်သုံးဆယ်ဝန်းကျင်ဘဲလိုတော့တာ။ အဲ့ဒီကျရင် ဘယ်သူတွေဝင်ခွင့်ရပြီး ဘယ်သူတွေကျမလဲ စောင့်ကြည့်ကြတာပေါ့'

ယွမ်ရိနဲ့ယွမ်ကျဲဟာ နေ့တိုင်းကျောင်းကိုစောစောသွားကြသည်။ သူမတို့က အားလပ်ချိန်တိုင်း ကျောင်းစာကိုဘဲ အာရုံနှစ်လုပ်ဆောင်နေခဲ့ကာ ဆရာ၊ဆရာမတွေသင်ပေးသမျှကိုလည်း နောက်ကနေ တသွေမတိမ်းလိုက်နာခဲ့သည်။

ရက်ပေါင်းသုံးဆယ်က ရှည်လျားလှသည်တော့ မဟုတ်ပေ။ ဒါ့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပမည့်ရက်သို့ တဖြည်းဖြည်း နီးကပ်လာတော့သည်။

စာမေးပွဲမကျင်းပမှီ ရက်ခန့်အလိုမှာဘဲ ဆရာမက ကျောင်းသားကျောင်းသူများအား ‌စာမေးပွဲအခန်းသို့ဝင်ရောက်ရန် ကတ်ပြားလေးတွေ ဝေပေးခဲ့သည်။ထို့နောက် ထိုကတ်တွေကို မပျောက်စေရန်၊ စာမေးပွဲအခန်းအတွင်း ဆောင်ရန်ရှောင်ရန်၊ စာမေးပွဲနဲ့ပတ်သက်ပြီး စည်းကမ်းတွေလိုက်နာကြရန် စသည်ဖြင့် လိုအပ်တာတွေကို မှာကြားတော့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမည့်နေ့ကိုရောက်တော့ ကျောင်းဟာ စာမေးပွဲအခန်းတစ်ခုအသွင် ပြောင်းသွားတော့သည်။

စာမေးပွဲအခန်းတွေ၏အပြင်ဘက်မှာလည်း 'အားတင်းထား'၊ 'မင်းလုပ်နိုင်ပါတယ်'၊ 'အကောင်းဆုံးဖြေခဲ့ကြပါ' ဟူသော အားပေးစာတန်းတွေကိုပါ ကပ်ထားသေးသည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့သည်လည်း စာမေးပွဲဖြေရန် လိုအပ်သော ပစ္စည်းပစ္စယတွေကို ယူဆောင်လျက် အခြားသောကလေးတွေနဲ့အတူ စာမေးပွဲအခန်းအတွင်း ဝင်လိုက်ကြတော့သည်။

ယခုကဲ့သို့ အေးစက်လှသည့် ဆောင်းတွင်းမှာ စာမေးပွဲအခန်းအတွင်း စာမေးပွဲတွေ ဖြေကြတော့သည်။ အေးစက်သောလေအေးတွေကြောင့် လက်တွေခိုက်ခိုက်တုန်လာသည့်အခါ အာငွေ့လေးဖြင့် အနွေးဓာတ်ပေးလျက် စာမေးပွဲကို ဆက်လက်ဖြေဆိုကြသည်။

စာမေးပွဲဟာ နှစ်ရက်ကြာ ကျင်းပခဲ့သည်။ နောက်ဆုံးနေ့၊ နောက်ဆုံးဘာသာကိုဖြေဆိုပြီး စာမေးပွဲခန်းအတွင်းမှ ထွက်လာကြချိန်၊ အပြင်ဘက်မှာ နှင်းဖွဲဖွဲလေး ကျဆင်းလို့နေ၏။

ယွမ်ရိဟာ စာမေးပွဲခန်းအတွင်းမှ ထွက်လာပြီးသည့်နောက် အတွင်းမှ ထွက်မလာသေးသည့် ယွမ်ကျဲကို စောင်နေခဲ့သည်။

တစ်အောင့်ခန့်ကြာတော့ ယွမ်ကျဲလည်း စာမေးပွဲအခန်းအတွင်းမှ ထွက်လာတော့သည်။

ယွမ်ကျဲဟာအပြင်ရောက်တာနဲ့ ယွမ်ရိထံပြေးသွားပြီး ယွမ်ရိလက်မောင်းကိုဆုပ်ကိုင်ကာ
"အမ၊ ဘယ်လိုခံစားရလဲ"
ဟု မေးမြန်းလိုက်သည်။

ယွမ်ရိက ပြုံးလိုက်ပြီး
"အင်း၊ မဆိုးပါဘူး။ အမတော့ ဖြေနိုင်ခဲ့တယ်"
ဟု ပြန်ဖြေပေးလိုက်သည်။

ယွမ်ကျဲကလည်း
"ညီမလည်း မေးခွန်းအကုန်လုံးကိုတော့ ဖြေပေးခဲ့တာဘဲ။ အောင်မယ်လို့တော့ ထင်တယ်။ ဒါပေမယ့် ညီမတက်ချက်တဲ့တက္ကသိုလ်အတွက် အမှတ်မမှီမှာကိုတော့ စိုးရိမ်မိတယ်" ဟု သက်ပြင်းလေးချလျက်ပြောလိုက်၏။

ယွမ်ရိက ယွမ်ကျဲ၏လက်ကိုအသာပုတ်ကာ
"ရှောင်ကျဲ၊ အခုစာမေးပွဲလည်း ဖြေပြီးသွားပြီ။ ဒါ့ကြောင့် အဲ့ဒီအကြောင်းတွေကို ခေါင်းထဲကထုတ်လိုက်တော့။ ပြန်တွေးနေလည်း ကိုယ့်အတွက် အကျိုးမှမရှိတဲ့ဟာကို"
ဟု ပြောပြလိုက်သည်။

ယွမ်ကျဲလည်း ယွမ်ရိ၏စကားများကြောင့် စိတ်သက်သာရာရသွားတော့သည်။

ထို့နောက် ညီအမနှစ်ယောက်သား အိမ်ကိုပြန်လာခဲ့ကြတော့၏။

ညစာစားသည့်အချိန်မှာ ယွမ်ချန်းဖူက စာမေးပွဲအား ဖြေနိုင်မဖြေနိုင် မေးမြန်းတော့သည်။

ယွမ်ရိလည်း မယုတ်မလွန်ဘဲ ပြန်ဖြေပေးလိုက်၏။

ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးပြီးစီးသွားတာကြောင့် ယွမ်ကျဲလည်း သူမရင်ထဲမှ အလုံးကြီးကျသွားသလိုဖြစ်ကာ စိတ်အေးလက်အေးဖြစ်နေ၏။

ဒါပေမယ့် ယွမ်ကျဲ၏စိတ်အေးလက်အေးဖြစ်မှုက ကြာရှည်မခံခဲ့ပေ။ သူမ စာမေးပွဲရလဒ်တွေအကြောင်း တဖန် ပြန်တွေးမိသွားကာ တုန်လှုပ်သွားတော့သည်။

စာမေးပွဲရလဒ်ကိုစောင့်နေရတာက စာမေးပွဲကိုဝင်ဖြေရတာထက် ပိုပြီးတော့ စိတ်ပင်ပန်းရပေသည်။

တမှိုင်တတွေတွေဖြင့် စိတ်ပင်ပန်းနေသည့် ညီမဖြစ်သူယွမ်ကျဲကြောင့် ယွမ်ရိလည်း တစ်မျိုးကြံရတော့သည်။ သူမက ယွမ်ကျဲကို အာရုံပြောင်းသွားစေရန် မြို့ထဲအနှံ့လျှောက်လည်ခဲ့ကြသည်။

ယခင်က အိမ်တွင်းအောင်းခဲ့သမျှကို အခုမှ အတိုးချပြီး အပြင်ထွက်နေသလားအောက်မေ့ရအောင် နေ့တိုင်းနီးပါး လျှောက်သွားကြတော့သည်။

ဒီလိုနဲ့တစ်လခန့်ကြာတော့ သူမတို့ နှစ်ယောက်ဟာ လမ်းမှာ သင်္ချာ‌သင်ကြားပေးသော ဆရာနဲ့ဆုံတွေ့‌ခဲ့၏။

ထိုဆရာက ယွမ်ရိနဲ့ယွမ်ကျဲကိုမြင်တော့
"ဟေးးကလေးမတွေ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထွက်ပြီနော်။ နင်တို့တွေ သွားမကြည့်ရသေးရင် သွားကြည့်ချေကြ"
ဟု အသိပေးလိုက်၏။

ထိုအရာကိုကြားတာနဲ့ ယွမ်ရိရောယွမ်ကျဲပါ စိတ်လှုပ်ရှားသွားကြတော့သည်။ ထို့နောက် သင်္ချာဆရာအား နှုတ်ဆက်လျက် ကျောင်းကိုအပြေးလေးသွားကြတော့၏။

ကျောင်းထဲကိုဝင်ခါနီးမှာဘဲ ယွမ်ကျဲက ယွမ်ရိလက်ကိုဆွဲရင်း ရပ်လိုက်ပြီး
"ခဏ၊ ခဏလောက်နားရအောင်။ ညီမလေ စိတ်လှုပ်ရှားလွန်းလို့ နှလုံးကအပြင်ကိုတောင် ခုန်ထွက်တော့မလိုခံစားနေရတယ်"
ဟု ပြောလိုက်၏။

ယွမ်ရိကိုယ်တိုင်လည်း နည်းနည်းပါးပါးတော့ စိတ်လှုပ်ရှားနေပါသည်။ ဒါပေမယ့် သူမက အရင်ဘဝမှာ တစ်ကြိမ်ကြုံတွေ့ခံစားဖူးပြီးသားဖြစ်နေ၍ ယွမ်ကျဲလောက် စိတ်လှုပ်ရှားတာမျိုးတော့ မဖြစ်တော့ချေ။

ထို့နောက် သူမက အသက်ပြင်းပြင်းရှူကာ
ယွမ်ကျဲအား
"ရှောင်ကျဲ၊ စိတ်အေးအေးထား။ ငါတို့တွေကျောင်းထဲဝင်ကြစို့"
ဟု ပြောလိုက်သည်။

ယွမ်ကျဲလည်း အသက်ကိုဝအောင်ရှူထုတ်လိုက်၏။ပြီးတာနဲ့ ယွမ်ရိလက်ကိုဆွဲလျက် ညီအမနှစ်ယောက် ကျောင်းထဲဝင်လာခဲ့ကြတော့သည်။

ဘယ်လောက်ဘဲ စိတ်အေးအောင်ထားထား ယွမ်ကျဲစိတ်ထဲ နည်းနည်းတော့ စိတ်လှုပ်ရှားနေတုန်းပင်။

သူမတို့နှစ်ယောက်ဟာ ကျောင်းအုပ်ကြီးရုံးခန်းရှိရာသို့ တန်းသွားခဲ့ကြသည်။

ဟိုကိုရောက်တော့ ရုံခန်းရှေ့မှာ အခြားသောကျောင်းသူကျောင်းသားတွေကိုပါ မြင်လိုက်ရသည်။ ထိုကျောင်းသားတွေဟာလည်း စာမေးပွဲရလဒ်ကိုလာကြည့်ကြတာမို့ စိတ်လှုပ်ရှားကာ စကားသံတွေဆူညံနေတော့သည်။

တစ်အောင့်ခန်ကြာတော့ ရုံးခန်းတံခါးပွင့်လာ၍ ကျောင်းသားကျောင်းသူတွေအကုန်လုံး ရုံခန်းထဲဝင်သွားကြတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ ရုံခန်းထဲ ချက်ချင်းဝင်မသွားသေးဘဲ ခဏစောင့်နေခဲ့ကြသည်။

ရုံးခန်းထဲမှာတော့ ကျောင်းသားကျောင်းသူတွေဟာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျောင်းအုပ်ဆရာမကြီးဝူအား
"ဆရာမဝူ၊ စာမေးပွဲရလဒ်တွေ ထွက်လာပြီဆို။ အဲ့တာအခြေအနေလေး ဘယ်လိုလဲ"
ဟု မေးမြန်းကြတော့သည်။

ဆရာမကြီးဝူက ပြုံးလိုက်ပြီး
"ဟုတ်တယ်။ စာမေးပွဲရလဒ်တွေ ထွက်လာပြီ။ ဒါပေမယ့် စိတ်မကောင်းစရာဘဲ။ မင်းတို့ အကုန်ကျတယ်"
ဟု ပြောလိုက်သည်။

ကျောင်းသားကျောင်းသူများ : "............"

ထို့နောက် ကျောင်းသားကျောင်းသူတွေဟာ စိတ်ပျက်လက်ပျက်ဖြစ်မသွားကြဘဲ ရယ်ရယ်မောမောဖြင့် တစ်ယောက်နဲ့တစ်ယောက် စနောက်ကြတော့သည်။ ပြီးနောက် ရုံးခန်းထဲကနေ ထွက်သွားကြတော့၏။

သူတို့တွေထွက်သွားပြီးသည့်နောက် ယွမ်ရိနဲ့ယွမ်ကျဲတို့ညီအမလည်း ရုံးခန်းထဲဝင်လာလိုက်ကြသည်။

ရုံခန်းထဲကိုရောက်လာပြီးသည့်နောက် ဆရာမကြီးဝူရှေ့ကိုသွားကာ
"ဆရာမဝူ၊ စာမေးပွဲရလဒ်တွေ ထွက်လာပြီဆို၊ သမီးတို့ရဲ့ရလဒ်ကို သိချင်လို့ပါ"
ဟု ပြောလိုက်ကြသည်။

ဆရာမဝူလည်း အသံကြား၍မော့ကြည့်လိုက်ရာ ယွမ်ရိနဲ့ယွမ်ကျဲတို့ကို တွေ့လိုက်သဖြင့် သူမမျက်နှာပေါ်မှာ အပြုံးပန်းများ ဝေဆာသွားတော့သည်။
"ဪ၊ သမီးတို့နှစ်ယောက်ဘဲ လာကြလေ။ သမီးတို့အတွက် သတင်းကောင်းရှိတယ်။ သမီးတို့နှစ်ယောက်လုံး စာမေးပွဲအောင်ကြတယ်ကွဲ့"

ဆရာမကြီးဝူ၏စကားကိုကြားတော့ ယွမ်ရိရော၊ ယွမ်ကျဲပါ ပျော်လွန်းသဖြင့် ထခုန်မိမတတ်ပင်။

ဆရာမကြီးဝူက စာပွဲအံ့ဆွဲကိုဖွင့်လျက် စာရွက်တစ်ရွက်ကိုထုတ်ကာ ယွမ်ရိတို့ထံပေးလိုက်၍
"ရှောင်ရိရေ၊ သမီးကတော့ အမှတ်အများဆုံးဘဲသိလား။ ဆရာမတို့ကျောင်းမှာတင်မဟုတ်ဘဲ တစ်မြို့လုံးမှာရှိတဲ့ စာမေးပွဲအောင်တဲ့သူတွေထဲမှာ သမီးရဲ့အမှတ်က အမြင့်ဆုံးဘဲ"
ဟု ဝမ်းသာအားရဖြစ်နေသောလေသံဖြင့် ပြောလိုက်တော့သည်။

ယွမ်ရိလည်း အရမ်းဘဲ ပျော်ရွှင်သွားရတော့သည်။ နောက်ဆုံးမှာ သူမဝိညာဉ်ကူးပြောင်းလာပြီးသည့်နောက် ဘဝကို တစ်ဆစ်ချိုးပြောင်းလဲနိုင်တော့မည်ဖြစ်သည်။

တဖန်ဆရာမကြီးဝူက ယွမ်ကျဲကိုလည်း ဝင်ခွင့်အောင်မြင်သည့် စာရွက်တစ်ရွက်ကမ်းပေးလိုက်ကာ
"ရှောင်ကျဲ၊ သမီးရဲ့အမှတ်တွေကလည်း အရမ်းကောင်းတယ်။ ဆရာမတို့ကျောင်းကနေ သမီးတို့လိုမျိုး ထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေ မွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဆရာမတို့ အရမ်းပီတိဖြစ်ရပါတယ်'
ဟု ချီးမွမ်းလိုက်တော့သည်။

ယွမ်ကျဲခဗျာ ဆရာမကြီးဝူထံမှ ချီးကျူးစကားကြောင့် ဝမ်းသာပီတိဂွမ်းဆီထိသွားတော့သည်။
"ကျေးဇူးတင်ပါတယ်၊ ဆရာမကြီး"

ခဏကြာအောင် ယွမ်ရိနဲ့ယွမ်ကဲတို့ဟာ ဆရာမကြီးဝူဖြင့် စကားပြောခဲ့ကြသေးသည်။ ပြီးမှ ရုံးခန်းအတွင်းမှ ထွက်လာခဲ့ကြတော့သည်။

သူမတို့ အပြင်ကိုရောက်သည့်အခါ အပြင်ဘက်မှာ ကျောင်းသူကျောင်းသားတွေ ရှိနေသေးတာကို တွေ့လိုက်ရသည်။

ထိုကျောင်းသူကျောင်းသားတွေဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့၏လက်ထဲမှ စာမေးပွဲအောင်လက်မှတ်များကို မြင်တော့ အံ့အားသင့်မှုကြောင့် မျက်လုံးများ ကျွတ်ကျတော့မလိုပင် ဖြစ်သွားကြတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Tempat cerita menjadi hidup. Temukan sekarang