အပိုင်း - ၁၁၆.၁
ဟောခန်းထဲကနေ ထွက်လာပြီး ကားခုံပေါ်ထိုင်လိုက်ကာမှ ရှဲ့သုန့်ရန်တစ်ယောက် အသက်ကိုရှူထုတ်နိုင်တော့သည်။ လေလံပွဲက သူ့ကို အသက်ရှူကျပ်အောင် လုပ်လွှတ်လိုက်သည်လေ။ သူတို့ရသွားသည့် ဖိအားကလည်း များနေတုန်းပင်။
အဓိက,ကတော့ ထိုနေရာက အလွန်ဈေးကြီးတာကြောင့် နောက်ဘာဖြစ်လာမလဲဆိုတာ ကြိုမှန်းမရနိုင်သည်အထိပင်။ နောက်ထပ် စိုးရိမ်စရာတွေ ရှိသေးတာကြောင့် အခုခံစားနေရတဲ့ ဖိအားတော့ ရှိပေမဲ့ နည်းနည်းတော့ စိတ်သက်သာရာရသွားသေးသည်။
သို့သော်လည်း သူ့ဘက်က မကောင်းတဲ့တိုးတက်ပုံတွေအကြောင်းတော့ မပြောဖြစ်သေးပေ။ အခုဆိုမြေကိုရပြီဖြစ်ရာ တခြားလုပ်ထုံးလုပ်နည်းတွေအကုန် ဆက်လုပ်ရမည်လေ။ သူ ချက်ချင်း ဘာလုပ်သင့်ပါလိမ့်?
ယွမ်ရိကတော့ ရှဲ့သုန့်ရန်၏ လုပ်ရည်ကိုင်ရည်ကို ယုံပြီး တစ်ဖက်က ရှဲ့သုန့်ရန်ကိုယ်တိုင်လည်း သိပ်တော့ စိတ်ပူမနေပေ။
မြေကိုရပြီးပြီးချင်း ထိုမြေကို ရှဲ့သုန့်ရန်ဆီ လွှဲပေးလိုက်မည်ဖြစ်ကာ တချို့ ဆုံးဖြတ်ချက်ချစရာအပိုင်းတွေသာ ယွမ်ရိက ဝင်ဆွေးနွေးမည်ဖြစ်လေသည်။ ပြီးတော့ ရှဲ့သုန့်ရန်ကိုယ်တိုင်လည်း လုပ်စရာမရှိတဲ့အချိန်တိုင်း ဆိုက်ထဲသွားကာ ကြည့်ပေးဦးမည်ဖြစ်သည်။
ဒီမြေက ပြည်တွင်းကနေ ပထမဆုံးရယူနိုင်ခဲ့တဲ့ မြေမလို့ တခြားစီးပွားရေးပညာရှင်တွေကလည်း မျက်စိဒေါက်ထောက်ကြည့်နေကြတာ ခံရသေးသည်။ ဒီ ရှီးရန်အိမ်ခြံမြေကနေ ပိုက်ဆံအများကြီးသုံးထားပြီး ဘယ်လို အဆုံးသတ်ရလဒ်တွေ ထွက်လာမလဲဆိုတာ သူတို့တွေအကုန် သိချင်ကြတာ ပုံမှန်ပင်။
သေချာပေါက် ယွမ်ရိနဲ့ရှဲ့သုန့်ရန်လည်း သူတို့ကိုစောင့်ကြည့်နေကြမှန်း သိတာကြောင့် ဆောက်လုပ်ရေးပိုင်းမှာ မနှောင့်နှေးရဲပေ။ ဒီဇိုင်းပိုင်းကနေ ဆောက်လုပ်ရေးအထိ တစ်ဆင့်ပြီးတစ်ဆင့် သေချာကြီးကြပ်ထားကာ နောက်ဆုံးလှပသည့် အိမ်ကောင်းတစ်လုံးဖြစ်လာအောင် အာရုံစိုက်ထားကြလေသည်။
ဒီနေ့လည်း ယွမ်ရိ ဆောက်လုပ်ရေးဆိုက်ဘက်သွားကာ ရှဲ့သုန့်ရန်နဲ့ ပရောဂျက်အကြောင်း ဆွေးနွေးခဲ့ကြပြန်သည်။ စောင့်ကြပ်ပြီးတာနဲ့ ရုံးဘက်ကိုပဲပြန်သွားကာ ထိုင်နေရင်း သူစိတ်ဝင်အစားဆုံးဘက်ကိုသာ ပြန်အာရုံစိုက်ထားလိုက်လေသည်။
ချန်းနော်နော် သူမအတွက် ကော်ဖီတစ်ခွက်ယူလာပေးကာ ပြောလာလေသည်။ "မမယွမ်၊ မမ မရှိခင်တုန်းက အဆိုတော်အဖွဲ့က မိန်းကလေးစုက ဖုန်းခေါ်ထားသေးတယ်၊ ပြောတာတော့ မမဆီအရေးတကြီး လာစရာရှိလို့တဲ့။"
ယွမ်ရိ ခေါင်းညိတ်ပြလိုက်ကာ ကော်ဖီသောက်ရင်း စုရဲ့ဆီ ဖုန်းပြန်ခေါ်လိုက်လေသည်။
စုရဲ့ အသံကြားတာနဲ့ ပြုံးလိုက်ကာ "ဟယ်လို၊ မိန်းကလေးစု၊ တောင်းပန်ပါတယ်။ ကျွန်မအပြင်ရောက်နေလို့ပါ။ နော်နော်ပြောတာတော့ ဒီကိုအရေးတကြီး လာစရာရှိတယ်ဆို။"
တစ်ဖက်က စုရဲ့ကပြန်ဖြေလာသည်။ "ဟုတ်တယ်။ မနှစ်ကပွဲမှာ ကျွန်မက ရှင်ချုပ်ပေးတဲ့ဝတ်စုံကို ဝတ်ခဲ့တာမလား? အဲ့ဒါ လူတိုင်းက လှလိုက်တာဆိုပြီးကို ချီးကျူးနေကြတာရှင့်။ ဒီနှစ်ပွဲအတွက်လည်း ကျွန်မတို့ရဲ့ပရိုဂျူဆာဘက်က မိန်းကလေးယွမ်နဲ့ပဲ ဆက်လုပ်စေချင်တာလေ။ အဲ့ဒါ အချိန်လေးများ ရမလားလို့ပါ။"
သေချာပေါက်ရတာပေါ့။ ယွမ်ရိ လျင်မြန်စွာပြန်ဖြေလိုက်ရသည်။ "အချိန်ရှိတာပေါ့ရှင့်။ ကျွန်မတို့တွေ့ပြီး အသေးစိတ်ကို ပြောထားလိုက်ကြမလားရှင့်။"
စုရဲ့ဘက်က ပြောလာလေသည်။ "တခြားနေရာတွေ ရွေးမနေပါနဲ့တော့ရှင်။ ဒီဘက်က ချုပ်ပေးမယ့် အဝတ်ပုံစံကြည့်ဖို့ လူတစ်ယောက်ခေါ်လာဖို့ပါရှိတော့ အဲ့လိုဆိုရင်ရော အဆင်ပြေမလားရှင့်။"
ယွမ်ရိ : "အိုခေ၊ ဒါဆိုမနက်ဖြန်ကျ တွေ့ကြမယ်နော်။"
နွေဦးပွဲတော်အတွက် တစ်ဖက်ကလူတွေနှင့်တွေ့ရန် ယွမ်ရိ၊ အန်တီချန်းနှင့် နော်နော်တို့တွေ ရုံးခန်းနဲ့စတူဒီယိုကို ပြန်သန့်ရှင်းအောင် လုပ်ထားလိုက်ကြလေသည်။
နောက်တစ်နေ့ ၃ နာရီမှာတော့ စုရဲ့နဲ့အတူပရိုဂျူဆာအဖွဲ့၏ခေါင်းဆောင်ပါ သတ်မှတ်ထားတဲ့အတိုင်း ရောက်လာကြလေတော့သည်။
ယွမ်ရိ သူတို့ကို လက်ဖက်ရည်နှင့်မုန့်ပါ ဧည့်ခံထားလိုက်ကာ ပြီးတာနှင့် စတူဒီယိုထဲသို့ ခေါ်သွားလိုက်လေသည်။
သူမ အလုပ်လုပ်သည့် ပတ်ဝန်းကျင်အပေါ်မူတည်ကာ အခုထိ ဝတ်စုံအဆင့်အထိ မချုပ်ရသေးသည့် ဒီဇိုင်းတွေပါ ရှိနေသေးသည်။
ပရိုဂျူဆာအဖွဲ့ဘက်က ပါလာသည့် လူတွေကလည်း သဘောတွေ့နေကြတော့သည်။ အထူးသဖြင့် အန်တီချင်၏ လက်ထိုးပန်းထည်များကို သဘောကျနေကြလေသည်။
တစ်ချက်ကြည့်ပြီးကြတာနှင့် တာဝန်ရှိသည့်လူက ပြုံး၍ ပြောလာလေသည်။ "ဒါ တကယ်ကို ကောင်းတာပဲ။"
ဝတ်စုံကိုကြည့်ပြီးတာနှင့် စတူဒီယိုထဲကနေ ပြန်လာကြကာ ရုံးခန်းထဲမှာ ထိုင်ကြရင်း တာဝန်ရှိသည့်လူဆို တခြားဘာမှတွေးမနေတော့ပဲ ဆုံးဖြတ်ချက်ပင် ချထားပြီးချေပြီ။ သူကတိုက်ရိုက်ပင် ယွမ်ရိကိုပြောလာကာ "ဒီနှစ်ထဲမှာ ကျွန်တော်တို့ဘက်က ပွဲကြေညာသူနဲ့အဆိုတော်တွေအတွက်ပါ ဝတ်စုံတွေလုပ်ပေးစေချင်လို့ပါ။ အဲ့ဒါ အားလောက်မလားသိချင်လို့ပါ။"
ဒီဖက်ရှင် ကုမ္ပဏီကိုထောင်တယ်ဆိုတာ ဒါမျိုးလုပ်ချင်လို့လေ။
ယွမ်ရိလည်း လျင်မြန်စွာ ခေါင်းညိတ်ရင်း ပြောလာလေသည်။ "ကျွန်မ အားပါတယ်ရှင့်။ ကျွန်မရဲ့ အချိန်တွေ၊ ခွန်အားတွေက ဒီအဝတ်အစားလုပ်တဲ့ဘက်မှာပဲ အာရုံစိုက်ထားတာပါရှင်"
ဒီနယ်ပယ်ဘက်မှာ နွေဦးပွဲတော်ထက်ပိုပြီး လူသိများအောင် လုပ်နိုင်တဲ့နေရာများ ရှိသေးလားလို့?
ဒါက အကြီးဆုံးပွဲဖြစ်ကာ တစ်နိုင်ငံလုံးက ကြည့်ကြသည်လေ။
တာဝန်ကျသည့်သူက ပြုံးပြကာ "ဒါဆို အရင်ဆုံးအချိန်သတ်မှတ်ပြီး သူတို့ကို ဒီလာခိုင်းပြီး ဘယ်လိုဝတ်စုံမျိုး လုပ်ချင်လဲဆိုတာ လာဆွေးနွေးခိုင်းလိုက်မယ်နော်။ လူတိုင်းက ဒီဘက်နဲ့ပဲ အဝတ်ကလုပ်ချင်နေကြတာဆိုတော့ အရင်ဆုံး ကျွန်တော်တို့ ပရိုဂျူဆာအဖွဲ့ဘက်ကနေ လာခဲ့လိုက်တာမလို့ပါ။"
ယွမ်ရိ နှုတ်ခမ်းထောင့်စွန်းလေးတွေပါ ကော့တက်သွားအောင် ပြုံးလိုက်ကာ "အိုခေ၊ ဒါဆိုအချိန်အဆင်ပြေတဲ့အချိန် လာကြည့်လိုရပါတယ်ရှင်။"
ထိုသီးသန့်အပ်ထည်တွေဆိုတာ ပုံမှန်လူတွေ အပ်တာမျိုး မဟုတ်ပေ။ အကုန်လုံးက အရင်ဈေးဝယ်သူတွေနဲ့ အသိတွေညွှန်းလို့ရောက်လာကြတာဖြစ်လို့ သိပ်တော့ စိတ်ပူစရာမလိုပေ။ နှစ်ဖက်လုံးသာ ညှိလို့အဆင်ပြေရင် အားလုံးအိုခေပင်။
အဝတ်အစားချုပ်ပုံတွေ ဆိုတာလည်း အရင်ကအဝတ်တွေချုပ်ပုံနှင့်တော့ သိပ်မကွာခြားပေ။ အကုန်လုံးကို သေချာ အပ်ချုပ်မယ်၊ အထူးပြင်ဆင်ပြီး ထပ်ကာထပ်ကာ အချောသပ်လိုက်ရင်ကို ဈေးဝယ်သူတွေ စိတ်ကျေနပ်အောင် လုပ်ပေးလိုက်သလိုပင်။
အဝတ်အစားအကြောင်း ဆွေးနွေးပြီးကြတဲ့အခါမှာတော့ လက်ဖက်ရည်နဲ့မုန့်တွေ သုံးဆောင်ကြကာ အတော်လည်း နောက်ကျနေပြီမလို့ ပြန်ဖို့ပြင်ကြလေတော့သည်။ ယွမ်ရိနဲ့ချန်းနော်လည်း အောက်ထပ်လှေကားအထိ လိုက်ပို့လိုက်ကာ ပြန်သွားတာကို ကြည့်၍ ကျန်ခဲ့ကြလေသည်။
အပေါ်ပြန်ရောက်သည်နှင့် ယွမ်ရိ ထိုင်ခုံမှာပြန်ထိုင်ကာ ပြောလာလေသည်။ "အခွင့်အလမ်းကြီးတော့ ထပ်လာပြီ၊ ဒီတော့ မိအောင်ဖမ်းကြတာပေါ့။"
အန်တီချင်ပါ မျက်လုံးတွေလက်နေကာ ကြည့်လာလေသည်။ "ဒီတစ်ခါလည်း နွေဦးပွဲတော်ပဲလား?"
ယွမ်ရိက စုတ်တံကို ကောက်ကိုင်ကာ ပြုံးရင်းပြောလာလေသည်။ "ဒါပေါ့။ ဒီနှစ်တော့ လုပ်ရမှာက ဝတ်စုံတစ်စုံတည်းပဲ မဟုတ်တော့ဘူး။"
အန်တီချင့်အပြုံးတွေက ပိုတောက်ပလာတော့သည်။ "စုရဲ့အရင်နှစ်တုန်းက အဲ့ဒီဝတ်စုံလေးဝတ်သွားတုန်းကများလေ အန်တီပန်းလေးတွေလောက်ပဲ ထိုးပေးခဲ့ရတာတောင် အိမ်ကမိသားစုတွေပြောကြတာ အဲ့ဒီစကတ်လေးက ပွဲတစ်ခုလုံးမှာ တလွင့်လွင့်နဲ့ လှနေတယ်ဆိုတာကြီးပဲ။"
ယွမ်ရိ ပြုံးလိုက်ကာ "ဒီနှစ်တော့ ပိုလှတာလေးလုပ်ကြရအောင်။"
ပိုလှတဲ့စကတ် ချုပ်ဖို့ဆိုတာ အချိန်ပိုကုန်ပေမဲ့ ယွမ်ရိ ပထမဆုံး တစ်ဖက်ကို အရင်တွေ့ကာ ပုံကြမ်းဆွဲထားဖို့ ပြင်လိုက်လေသည်။ ပုံကြမ်းပြင်ပြီးတာနှင့် အကြမ်းထည်အရင်ချုပ်ကာ ထုတ်လုပ်သည့်အဖွဲ့ကို ရွေးစရာအထည်တွေ ပြင်ခိုင်းထားလိုက်လေသည်။
သူမမှာလည်း ချုပ်စရာအထည်တွေ များလှတာကြောင့် အန်တီချင်နဲ့ယွမ်ရိတို့ နှစ်ဝက်တည်းက အလုပ် ပိုရှုပ်နေကြတော့သည်။ နေ့တိုင်းအလုပ်ရှုပ်တတ်တာထက်ကိုပဲ အခုဆို ယွမ်ရိစတူဒီယိုမှာသာ အနေများနေတော့သည်။
သူမပင်ပန်းလာတာကြောင့် ကျောရိုးနဲ့ပုခုံးကို နှိပ်လိုက်ရင်း အန်တီချင်ကို ပြောလာလေသည်။ "နောက်ကျ နွေဦးပွဲတော်အတွက် ထပ်ချုပ်ပေးရမယ်ဆိုရင် ကျွန်မတို့တွေ စက်ရုံဘက်သွားပြီး နောက်ထပ် လူထပ်ခန့်မှပဲ ရမယ်ထင်တယ်။ ဒီအတိုင်းဆို ကျွန်မတို့နှစ်ယောက်ပဲ တော်တော် ပင်ပန်းရတယ် အန်တီရေ။"
အရင်နှစ်တွေတုန်းကဆို အသင့်ဝတ် အဝတ်အစားတွေက ဈေးကွက်မှာနေရာယူထားတာမလို့ လူအနည်းငယ်လောက်ကသာ ဒီဇိုင်နာချုပ်ထည်တွေကို ဝတ်ကြလေသည်။
သာမန် အပ်ချုပ်ထည်တွေက ခုလို အသင့်ဝတ် ကုမ္ပဏီထုတ်တွေကို မယှဉ်နိုင်ပေမဲ့ ထိုလက်ချုပ်ထည်တွေထဲမှာမှ အဆင့်အတန်းမြင့်ကာ သေသပ်တဲ့အထည်တွေကို ရှာနိုင်ဖို့ဆိုတာကလည်း သာမန်လူတွေအတွက်တော့ သိပ်မလွယ်ပေ။
ဒီဇိုင်းတွေက မြင့်မားကာ လက်ချုပ်ပုံက ထူးခြားတာကြောင့် အခုလို အပ်ထည်တွေကို ယှဉ်ပြိုင်ဖို့ဆိုတာလည်း ခက်ချေသေးသည်။ ဒါကြောင့်မလို့လည်း နွေဦးပွဲတော်က ကြေညာသူနဲ့ အဆိုတော်တွေအတွက် အဝတ်အစားတွေကို နှစ်တိုင်းချုပ်ပေးတာက ယွမ်ရိ၏ပင်တိုင်စီးပွားရေးပင် ဖြစ်လာတော့သည်။
နွေဦးပွဲတော်အတွက် အစီအစဉ်စာရင်း ထွက်လာတဲ့အခါမှာတော့ ပရိုဂျူဆာအသင်းဘက်ကနေ ယွမ်ရိကိုပဲ လာရှာကြပြန်လေသည်။
ဩဂုတ်လ အဆုံးမှာတော့ ဆောင်းဦးပုစဉ်းတွေ၏အသံက ဆူညံလာပြန်လေသည်။
ချန်းနော်နော် ရထားဘူတာမှာ စောင့်နေတာ ၁၀ မိနစ် မကတော့ပေ။ ယွမ်ချူးယန် ဘူတာကနေ အဝတ်ထုတ်တွေ ဆွဲထွက်လာတာတွေ့တာနှင့် သွားဆွဲယူလာကာ ကားဆီ ခေါ်လာလိုက်လေသည်။
ကားဆရာက အနောက်ဖုံးထဲထည့်လိုက်ကာ ချန်းနော်နော်နဲ့ယွမ်ချူးယန် ကားပေါ်တက်ကာ အတူတူစီးလာကြလေသည်။
ချန်းနော်နော် ကားခါးပတ်ကို ပတ်လိုက်ကာ အနောက်ကို လှည့်၍ ပြောလာလေသည်။ "မစ္စစ်ယွမ်က ဒီနေ့ လုပ်စရာလေးတစ်ခုရှိလို့ အစည်းအဝေးကို ရောက်မလာနိုင်ပါဘူးတဲ့ရှင့်။ အဲ့ဒါကြောင့် အရင်ဆုံး ကုမ္ပဏီကိုပဲ ခေါ်သွားလိုက်ပါမယ်နော်။"