အပိုင်း - ၉၃
ယွမ်ကျဲတို့ ပြန်သွားပြီးသည့်နောက်မှာ ယွမ်ချန်းဖူဟာ ယွမ်ချန်းရှန်၊ ရွယ်ဟောင်ဖန်းတို့နဲ့ စကားတွေဆက်လက်ပြောဆိုနေခဲ့သည်။ ယွမ်ချီကျီနဲ့ချန်ခွန်းတို့ကတော့ ယွမ်ချန်းဖူတို့တွေ အနားယူအိပ်စက်ဖို့အတွက် အခန်းတွေကို ရှင်းပေးနေကြ၏။
ယွမ်ချူးရွယ်ဟာ ယွမ်ရိအနားကို အသားတိုးကပ်လိုက်ပြီး
"အမ၊ ညီမ အမနဲ့အတူတူအိပ်လို့ရမလား"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး
"အမနဲ့အတူတူ အိပ်ရမှာဘဲဟာကို။ အိမ်က အခန်းတွေလည်း သိပ်မလောက်ဘူးလေ"
ဒီလိုနဲ့ ယွမ်ရိနဲ့ယွမ်ချူးရွယ်က တစ်ခန်းအိပ်ခဲ့ကြပြီး ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ကတော့ ယွမ်ချန်းဖူနဲ့အတူတူ တစ်ခန်းအိပ်ခဲ့ကြသည်။
ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဟာ အခန်းထဲရောက်လို့ မီးတွေမှိတ်၊ ကုတင်ပေါ်လဲလျောင်းပြီးတာတောင်မှ တန်းမအိပ်ကြသေးပေ။ ညီအမနှစ်ယောက် မတွေ့ရတာကြာနေပြီဖြစ်၍ စကားတွေအများကြီး ပြောနေခဲ့ကြသည်။
ယွမ်ရိက ယွမ်ချူးရွယ်ဘက်ကို လှည့်လိုက်ပြီး
"ဒါနဲ့ ရဲ့ချူးဝမ်က အိမ်ကိုပြန်လာသေးလား"
ဟု မေးမြန်းလျက် စပ်စုလိုက်သည်။
သူမတို့လမ်းဘေးမှာ အဝတ်အစားတွေ စရောင်းသည့်နေကဘဲ ရဲ့ချူးဝမ်အား ယွမ်ရိတွေ့လိုက်ရကာ ထို့နောက်မှာတော့ ရဲ့ချူးဝမ်ကို မတွေ့ရတော့ပေ။ကုန်လွန်ခဲ့သည့် သုံးနှစ်နီးပါး အချိန်အတွင်းမှာလည်း ရဲ့ချူးဝမ်ကို မတွေ့မိပေ။
ဒါ့ကြောင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။
ယွမ်ချူးရွယ်က
"ဒီနှစ် နှစ်သစ်ကူးနွေဦးပွဲတော်တုန်းက အမချူးဝမ် အိမ်ပြန်ရောက်လာခဲ့တယ်။ ဒါ့အပြင် လုယွမ်ကျန်းကလည်း မနှစ်တုန်းကတည်းက တက္ကသိုလ်ပြီးသွားတော့တာမို့ နှစ်ယောက်သား လက်ထပ်ဖို့အတွက် ပြန်လာကြတာရယ်"
ဟု ပြောပြလိုက်သည်။
"လက်ထပ်ဖို့အတွက် ဟုတ်လား။ ဒါဆို သူတို့နှစ်ယောက်က လက်ထပ်ပြီးသွားပြီလား"
ယွမ်ရိက အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။
ယွမ်ချူးရွယ်လည်း ခေါင်းညိတ်ပြလိုက်ပြီး
"နှစ်ဖက်မိဘတွေက သဘောမတူကြပေမယ့် ကာယကံရှင်နှစ်ယောက်က မင်္ဂလာဆောင်ချင်နေတာမှ တပိုင်းကိုသေနေကြတာဘဲ။ ဒါ့ကြောင့် သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို စားသောက်ဆိုင်တစ်ခုမှာဘဲ အကျဉ်းချုံးပြီး ကျင်းပပေးလိုက်ကြတယ်"
ဟု ဖြေပေးလိုက်သည်။
"ဝိုးးး ဒီ လုယွမ်ကျန်းက တကယ့်ကို တာဝန်ယူတတ်တဲ့ ယောက်ျားကောင်းဘဲ"
ယွမ်ရိက လုယွမ်ကျန်းကို ချီးမွမ်းလိုက်သည်။
ယွမ်ချူးရွယ်ကလည်း ယွမ်ရိစကားကို ထောက်ခံသည့်အလား ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်တယ်နော်အမ။ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့နှစ်ယောက်က အလယ်တန်းလောက်ကတည်းက တွဲလာကြတာ။ အခုချိန်ထိဆိုရင် ဆယ်နှစ်ဝန်းကျင်ဘဲ။နှစ်အတော်ကြာအောင် သူ့တစ်ယောက်တည်းကိုဘဲ ကြိုက်ခဲ့တဲ့ ရဲ့ချူးဝမ်ကို စွန့်ပစ်မသွားဘဲ လက်ထပ်ယူလိုက်တဲ့ လုယွမ်ကျန်းက တကယ့်ကို ယောက်ျားကောင်းဘဲ"
ဟု ပြောလိုက်သည်။
"ဒါနဲ့ ရဲ့ချူးဝမ် အိမ်ပြန်လာတော့ အဖေနဲ့အမေတို့က ဘာမှမပြောကြဘူးလား။ အမပြောချင်တာက ရဲ့ချူးဝမ်က ရုတ်တရက်အိမ်ကနေ ထွက်ပြေးသွားပြီးမှ ပြန်လာတာဆိုတော့ အဖေနဲ့အမေတို့က စိတ်မဆိုးကြဘူးလား"
ယွမ်ရိက ထပ်မေးလိုက်ပြန်သည်။
"ဘယ်လိုလုပ်ပြီး စိတ်ဆိုးမှာလဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အမချူးဝမ်ကလည်း သားသမီးဘဲဟာကို။ ဒါပေမယ့် အမချူးဝမ်ကို လုယွမ်ကျန်းနဲ့ အိမ်ထောင်ရက်သားချပေးပြီးတဲ့နောက်မှာ အဖေနဲ့အမေတို့က အမချူးဝမ်နဲ့အဆက်အသွယ် သိပ်မလုပ်ကြတော့ဘူး။ အိမ်ခွဲပေးလိုက်သလိုဘဲ"
ယွမ်ချူးရွယ်က သူမ သိသလောက်ကို ပြန်ဖောက်သည်ချလိုက်သည်။
ယွမ်ချူးရွယ်က
"အမ ရဲ့ချူးဝမ်က အရင်ဘဝတုန်းက အကြွေးတွေကို လိုက်တောင်းတဲ့အနေနဲ့ ညီမတို့အိမ်ကို ရောက်လာတာဘဲဖြစ်ရမယ်နော်။ သူမက အရမ်းပြဿနာများတာဘဲ"
ဟု ပြောလိုက်၏။
'အကြွေးတောင်းဖို့ ရောက်လာသည်' ဟူသော စကားကြောင့် ယွမ်ရိ အမှတ်တမဲ့ရယ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် အရင်တချိန်တုန်းက သူမ၏အမေဖြစ်သူက သူမအား 'နင်က ငါတို့မိသားစုကို အကြွေးတောင်းဖို့ ရောက်လာတဲ့သူကြနေတာဘဲ' ဟု ပြောဖူးတာကို အမှတ်ရသွားခဲ့လို့ပင်။
ညီအမနှစ်ယောက်ဟာ တော်တော်လေး ညဉ့်နက်သည်အထိ စကားတွေအများကြီး ပြောခဲ့ကြသည်။ သန်းခေါင်ယံကျော်လွန်သွားသည့်နောက်မှသာ အိပ်စက်ခဲ့ကြ၏။
တဖက်မှာတော့ ယွမ်ချီကျီဟာ မနက်အစောကြီးထပြီး မနက်စာအတွက် ပြင်ဆင်ချက်ပြုတ်ခဲ့သည်။ ဒါမှသာလျှင် သူမ အကိုကြီးတို့ အိပ်ရာထသည်နှင့် မနက်စာကိုတန်းစားနိုင်ကြမှာပင်။
ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဟာ မနက်ခုနှစ်နာရီကျော်၊ ရှစ်နာရီဝန်းကျင်မှ အိပ်ရာထနိုင်ခဲ့ကြသည်။ သူမတို့နှစ်ယောက်ဟာ မျက်နှာသစ်၊ သန့်ရှင်းရေးလုပ်ပြီးသည့်နောက် မနက်စာစားကြသည်။
ထိုအချိန်မှာဘဲ ခြံထဲကို ယွမ်ချန်းဖူဝင်လာတာကို ညီအမနှစ်ယောက် တွေ့လိုက်ရ၏။
ယွမ်ချန်းဖူက မနက်စောစောထ၊ မနက်စာစားပြီးသည့်နောက်မှာ အနီးအနားကို လမ်းလျှောက်ထွက်နေခြင်းပင်။
ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ မနက်စာ စားနေတာကိုမြင်တော့ သူက
"သမီးတို့နှစ်ယောက် အိပ်ရာထတာ နောက်ကျတယ်နော်"
ဟု ပြောလိုက်သည်။
ယွမ်ချူးရွယ်ဟာ ဝါးသမ်းနေရင်းဖြင့်
"ဟုတ်တယ်၊ အဖေရယ်။ သမီးတို့ မနေ့ညက စကားကောင်းနေတာနဲ့ ညဉ့်နက်သွားကြလို့"
ဟု ပြန်ပြောလိုက်သည်။
"ရှောင်ရိ၊ သမီးတော့ အိပ်ရာထနောက်ကျတာနဲ့ အလုပ်ပါ နောက်ကျတော့မှာဘဲ"
ယွမ်ချူးဖူက ယွမ်ရိကိုကြည့်ကာ ပြောလိုက်သည်။
"နောက်မကျပါဘူး"
ယွမ်ရိက မနက်စာစားနေရင်းဖြင့်
"သမီးက အစိုးရအလုပ်ကနေ ထွက်လိုက်တာ တစ်နှစ်တောင်ကျော်ခဲ့ပြီ အဖေ"
ဟု ပြောလိုက်တော့သည်။
ထိုစကားကြောင့် ယွမ်ချန်းဖူလည်း အံ့အားသင့်သွားပြီး
"ဘာတွေ ပြောနေတာလဲ"
ဟု ပြန်မေးလိုက်၏။
"အလုပ်ထွက်လိုက်တာ တော်တော်ကြာနေပြီလို့ပြောတာပါ အဖေ"
ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။
ယွမ်ရိ၏အဖြေကြောင့် ယွမ်ချန်းဖူ၏မျက်ခုံးတွေ တွန့်ကွေးသွားတော့သည်။ ထို့နောက် သူက ဒေါသတကြီးဖြင့် စားပွဲခုံအား အားပါပါ ရိုက်ချလိုက်တော့သည်။
ယွမ်ချန်းဖူ၏ဒေါသထွက်စွာ တုံ့ပြန်မှုကြောင့် ယွမ်ချူးရွယ်ခမျာ ထိတ်လန့်တုန်လှုပ်သွားပြီး စားထားသမျှ မနက်စာများပင် ပြန်အန်ထွက်ရတော့မလို ဖြစ်သွားသည်။
ယွမ်ချန်းဖူက ယွမ်ရိကိုဒေါသတကြီး စိုက်ကြည့်ရင်းဖြင့်
"မင်းဘာလို့ အလုပ်ထွက်လိုက်ရတာလဲ။ ဒီလိုမျိုး အလုပ်ထွက်တဲ့ကိစ္စကို ဘာလို့ အဖေတို့နဲ့မတိုင်ပင်ရတာလဲ"
ဟု မေးလိုက်သည်။
"သမီးက ဘာလို့ အဖေတို့နဲ့ တိုင်ပင်ရမှာလဲ"
ယွမ်ရိက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ငါက မင်းအဖေမို့လို့ဘဲကွ။ ရှင်းပြီလား"
ယွမ်ချန်းဖူတစ်ယောက် ဒေါသထွက်စွာဖြင့် အော်ပြောလိုက်တော့သည်။
ယွမ်ချန်းဖူ၏ဒေါသတကြီး အော်သံမဆုံးခင်မှာ ယွမ်ရိကလည်း ထမင်းစား စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး
"ဒါဖြင့် ဖန်းမင်းတောင်ပေါ်မှာ ငယ်ငယ်လေးကတည်းက ဘာလို့ပစ်ထားခဲ့ကြတာလဲ။ အဲ့တုန်းကရော အဖေတို့က သမီးရဲ့အဖေမဟုတ်သေးလို့လား။ဒါ့ကြောင့် သမီးရဲ့ကိစ္စတွေကို သမီးရဲ့အဖိုးအဖွားတွေ၊ ဦးလေးတွေ၊ အဒေါ်တွေနဲ့ဘဲ တိုင်ပင်မှာ။ အဖေတို့နဲ့တော့ တိုင်ပင်ဆွေးနွေးမှာ မဟုတ်ဘူး"
ယွမ်ရိ၏ပြင်းထန်သော စကားလုံးများကြောင့် ယွမ်ချန်းဖူ၏ဒေါသများလည်း တဝက်ခန့်လျော့နည်းသွားကာ လက်သီးကိုသာ ကျစ်နေအောင် ဆုပ်ထားမလိုက်သည်။
ယွမ်ရိက သူမအဖေကိုကြည့်ကာ ဆက်လက်ပြီးတော့
"သမီးကို အဖေတို့နဲ့အတူတူ သုံးနှစ်လောက် ခေါ်ထားတာလေးကရော၊ သမီးကို ဆယ်နှစ်လောက်ပစ်ထားတာနဲ့ယှဉ်ရင် သမီးအပေါ်မှာဂရုစိုက်မှုတွေ လုံလောက်သွားပြီ ထင်နေတာလား။ပြီးတော့ တကယ်လို့ သမီးသာ ကောလိပ်ဝင်ခွင့်စာမေးပွဲမအောင်ခဲ့ဘဲ အိမ်မှာဘဲ ဆက်နေဖြစ်ခဲ့ရင် အမေ၊ ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့ရဲ့ မထိတထိစကားနာထိုးမှုတွေအောက်မှာ သမီးဘယ်လိုဖြစ်သွားမယ်ဆိုတာကို အဖေစဉ်းစားခဲ့ဖူးလား"
ဟု မေးခွန်းထုတ်လိုက်သည်။
ယွမ်ချန်းဖူလည်း သူ့သမီး၏မျက်ဝန်းထဲကို စိုက်ကြည့်ရင်း တိတ်နေသည်။ အမှန်ဘဲ သူဟာ သူ့သမီးပြောသလို ထိုအကြောင်းများကို တစ်ကြိမ်တစ်ခါမျှ မတွေးတောကြည့်ခဲ့မိပေ။
ယွမ်ချီကျီတစ်ယောက် အိမ်ရှေ့ခန်းတွင် သန့်ရှင်းရေးလုပ်နေစဉ် ထမင်းစားခန်းထဲမှ အော်သံဟစ်သံများကို ကြားလိုက်ရတာကြောင့် လုပ်လက်စကိုပစ်ထားခဲ့ကာ ထမင်းစားခန်းထဲ ခပ်သွက်သွက်လေး သွားလိုက်သည်။
ထမင်းစားခန်းထဲ ဝင်လိုက်တာနဲ့ အခန်းအတွင်းလေထုက တင်းမာနေတာကို သူမခံစားလိုက်ရကာ
"ဘာဖြစ်ကြတာလဲ"
ဟု မေးမြန်းလိုက်တော့သည်။
ယွမ်ချန်းဖူဟာ ဒေါသတွေ အလွန်ထွက်နေပြီး ပုံချစရာမရှိဖြစ်နေသည် ယွမ်ချီကျီရောက်လာသည့်အခါ ဒေါသပုံချစရာတွေ့သွားခဲ့ပြီး
"ဘာဖြစ်တာလဲလို့ မေးရဲသေးတယ်နော်။ ယွမ်ရိအလုပ်ထွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ အကြီးတွေက မတားကြဘူးလား"
ဟု ဆူလိုက်သည်။
ယွမ်ချီကျီလည်း သူမအကိုကြီးအား ဘာမျှပြန်မပြောဘဲ တိတ်တိတ်လေးသာ နေလိုက်သည်။
ထိုအချိန်မှာဘဲ ယွမ်ရိက
"တတိယအဒေါ်ကို ဘာကိစ္စသွားအော်နေတာလဲ"
ဟု အော်လိုက်သည်။
"ငါက သူ့အကိုအကြီးဆုံးကွ။ ကိုယ့်ညီမကိုယ်အော်တာ ဘာပြုသေးလဲ"
ယွမ်ချန်းဖူက ဒေါသထွက်စွာဖြင့် ပြန်ပြောလိုက်သည်။
"ဪ၊ အဖေက ဒေါ်လေးရဲ့ အကိုကြီးဆိုတာကိုတော့ သိသေးသားဘဲ"
ယွမ်ရိက ခနဲ့သောလေသံဖြင့်
"ဒါဆိုရင် တတိယအဒေါ်ဟာ သူ့ယောက္ခမအိမ်မှာ အနှိမ်ခံ အပြောဆိုခံပြီး လင်ယောက်ျားရဲ့ရိုက်နှက်မှုတွေကိုတောင်မှ ခါးစည်းခံခဲ့ရတယ်ဆိုတာ အဖေသိလား။ အဖေမသိပါဘူး။ အဒေါ် ကွာရှင်းထားတာကိုလည်း အဖေမသိဘူးမလား။ အဖေက တတိယဒေါ်လေးရဲ့ အရင်ယောက်ျားနာမည်ကိုတောင်မှ မှတ်မိတဲ့သူ မဟုတ်ဘူး"
"ဘယ်လို"
ဒါကိုကြားတော့ ယွမ်ချန်းဖူလည်း အံ့ဩတုန်လှုပ်စွာဖြင့် ယွမ်ချီကျီကို လှည့်ကြည့်လိုက်သည်။
ယွမ်ချီကျီဟာ ထမင်းစားခန်းအပေါက်ဝမှာ ရပ်လျက် တုန်ရီနေသော နှုတ်ခမ်းများကို အသာထိန်းကိုက်လို့ထားကာ ဘာမျှပြန်မပြောခဲ့ပေ။
"ဘယ်တုန်းက ဖြစ်သွားတာလဲ"
ယွမ်ချန်းဖူဟာ တုန်ရီနေသော လေသံများဖြင့် သူ့ညီမကို မေးလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပါ"
ယွမ်ချီကျီက တုန်ရီနေသော လေသံကိုပြန်ထိန်းလိုက်ပြီ ဖြေပေးလိုက်သည်။
ယွမ်ချန်းဖူလည်း 'ဘာလို့ ငါ့ကိုမပြောတာလဲ' ဟု ထပ်မေးရန်ပြင်လိုက်ချိန်မှာဘဲ ယွမ်ရိက သူမအဖေဘာမေးတော့မည်ကို ကြိုသိသည့်အလား
"အဖေ့ကို မပြောတဲ့အတွက်လည်း အပြစ်မတင်နဲ့။လွန်ခဲ့တဲ့ ဆယ်နှစ်၊ သမီးကိုလာခေါ်တဲ့အချိန် ဒေါ်လေးရဲ့သားသမီးတွေကို အဖေ မမြင်မိဘူးမလား။ အဲ့ဒီအချိန်တုန်းက ကတည်းက ဆက်စပ်ပြီးတော့ အဖေ မေးခဲ့သင့်တာ။ အဖေသာ မေးမယ်ဆိုရင် ဘယ်သူက မပြောဘဲနေမှာ မို့လို့လဲ။ ဒါပေမယ့်အဖေ သတိမပြုမိခဲ့လို့ မမေးခဲ့ဘူးလေ"
ဟု အရင်ထပြောလိုက်သည်။
ယွမ်ချန်းဖူလည်း ယွမ်ရိ၏ပြင်းထန်သောစကားလုံးများအောက်တွင် ဘယ်လိုတုံ့ပြန်လို့ တုံ့ပြန်ရမည်မှန်း မသိတော့ချေ။
ဒါ့ကြောင့် စိတ်ကိုလျော့လိုက်ပြီး ထိုင်ခုံပေါ်ထိုင်ချလိုက်တော့၏။
ယွမ်ရိကတော့ ပုံမှန်အတိုင်းပင် တူကိုကိုင်လျက် မနက်စာအား ဆက်စားနေလိုက်တော့သည်။
ယွမ်ချန်းဖူ စိတ်လျော့သွားတော့ ယွမ်ချီကျီလည်း
"အကို၊ ဘာမှ ပြောစရာမရှိတော့ရင် ညီမအလုပ်သွားလုပ်လိုက်ဦးမယ်"
ဟု ပြောလျက် ထိုနေရာကနေ ပြန်ထွက်လာခဲ့တော့သည်။
ယွမ်ရိဟာ မနက်စာကိုစားပြီးသည့်နောက်မှာ ယွမ်ချူးရွယ် စားပြီးသွားသည်အထိ စောင့်ပေးလိုက်သည်။ ယွမ်ချူးရွယ် စားပြီးသွားသည့်နောက် ယွမ်ရိက ယွမ်ချူးရွယ်၏ပန်းကန်ကိုပါဆေးကြောရန် ယူလိုက်သည်။
ယွမ်ချူးရွယ်က သူမဘဲဆေးမည်ဟုပြောကာ ယွမ်ရိ၏ပန်းကန်ကိုပါ ယူချင်သော်လည်း ယွမ်ရိက မပေးဘဲ
"ရပါတယ်။ အမ ဆေးလိုက်မယ်"
ဟု ပြောလျက် ယွမ်ချူးရွယ်၏ပန်းကန်ကို မြန်ဆန်စွာ ယူဆေးလိုက်တော့သည်။
ယွမ်ချန်းဖူဟာလည်း ထမင်းစားခန်းတွင် ထိုင်ရင်း သူ့သမီးနှစ်ယောက်ကို ကြည့်နေရာကနေ အပြင်ကို ထထွက်သွားသည်။
ယွမ်ချန်းဖူ အပြင်ထွက်သွားမှ ယွမ်ချူးရွယ်လည်း သူ့အမနားကို ကပ်ကာ
"အမ၊ တကယ်ကြီး အလုပ်ထွက်လိုက်တာလား"
ဟု စပ်စုလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အစိုးရဌာနမှာ အလုပ်လုပ်တာက ငါ့အတွက် ကျေနပ်မှုမရှိစေဘူးလေ။ ငါ့ရဲ့စက်ချုပ်တဲ့အလုပ်ကဘဲ ငါ့ကိုပျော်ရွှင်စေတာ။ ဒါ့ကြောင့်မို့ အလုက်ထွက်ခဲ့လိုက်တာ"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ချူးရွယ်လည်း သူ့အမကို လက်မထောင်ပြလိုက်ပြီး
"အမ၊ မင်းက ငါ့ရဲ့စံပြဘဲ။ အမက အခြား ဘယ်သူမှမလုပ်ဖူးတဲ့ အရာတွေကို သတ္တိရှိရှိလုပ်ရဲတယ်။အမက ကျွန်မရဲ့အလေးစားရဆုံးပုဂ္ဂိုလ်ဘဲ"
ဟု လေးစားသောလေသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးပါညီမရယ်"
ယွမ်ရိလည်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
ယွမ်ချူးရွယ်က ဆက်လက်ပြီးတော့
"ညီမလေ၊ နောက်နှစ်ကျင်းပမယ့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေမလို့။ ပြီးရင် ဒီပေကျင်းမှာဘဲ တက္ကသိုလ်လာတက်မှာ"
ဟု ပြောလိုက်သည်။
"ကောင်းတာပေါ့"
ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်အောင်ကြိုးစားပြီး ပေကျင်းတက္ကသိုလ်ရဲ့ဝင်ခွင့်အမှတ်မှီအောင် ဖြေခဲ့"
ဟု အားပေးလိုက်သည်။
ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့နှစ်ယောက်ဟာ ထမင်းစားခန်းထဲ ဝင်လာကြသည်။သူတို့နှစ်ယောက်ဟာ ပန်းကန်ဆေးနေသည့် ယွမ်ရိတို့ကိုမြင်တော့
"အမတို့ နိုးလာကြပြီလား။ ဒါဆိုရင် မြို့ထဲ လျှောက်လည်ကြမယ်နော်"
ဟု တောင်းဆိုလိုက်၏။
ယွမ်ရိလည်း အချိန်ကိုကြည့်လိုက်ပြီးမှ ခေါင်းညိတ်ကာ
"အင်း၊ လည်ကြတာပေါ့"
ဟု ပြောလိုက်တော့သည်။