Chapter 5

4.4K 459 0
                                    

အပိုင်း - ၅


ယွမ်ရိနဲ့ ယွမ်ကျဲတို့ နှစ်ယောက်ဟာ သူမတို့ အခန်းအတွင်းက ကုတင်ပေါ်မှာ လှဲလျောင်နေကြ၏။

ယွမ်ကျဲက ယွမ်ရိဘက်ကို လှည့်ကာ ...
"အစ်မ၊ ငါတို့တွေ တကယ်ကြီး ခွဲရတော့မှာလား"

သူမ၏ မိဘတွေဟာ မိသားစုကနေ အိမ်ထောင်ခွဲဖို့အတွက်‌ ပြောပြီးသွားကတည်းက သူတို့တွေ ခွဲခွာရဖို့ သေချာနေပါပြီ။ ဆယ်နှစ်ကျော် အတူတူ နေလာခဲ့တဲ့ မိသားစုကနေ ရုတ်တရက်ကြီး ခွဲခွာရတော့မယ်ဆိုတော့ ယွမ်ကျဲအနေနဲ့ လက်သင့်ခံနိုင်ခြင်း လုံးဝ မရှိခဲ့ပေ။

နှစ်ဆယ့်တစ် ရာစုမှ လာခဲ့သည့် ယွမ်ရိကတော့အိမ်ထောင်ခွဲတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူမ အနေနဲ့ လူ အများကြီးရှိတဲ့ မိသားစုတွေထက် စာရင် လူ အနည်းငယ်ပဲရှိတဲ့မိသားစုကို ပိုသဘောကျ၏။ အဘယ့်ကြောင့်ဆိုသော် လူများလေ၊ သဘောထား မတိုက်ဆိုင်မှုများလေ ဖြစ်ကာ သွေးသားတော်စပ်တူ အချင်းချင်းစကားများတတ်လို့ ဖြစ်၏။

သူမ၏ ဒုတိယ ဦးလေး ယွမ်ချန်းကွေ့နဲ့ သူ့ရဲ့ဇနီးဆန်းရှောင်ဟိုင်တို့ နှစ်ယောက်ဟာ မိသားစုနဲ့ကောင်းကျိုးတွေကို အတူတူ စံစားခဲ့ကြပေမယ့်အကျပ်အတည်းလေး အနည်းငယ် တွေ့ရရုံနဲ့မိသားစု‌ကနေ ခွဲထွက်ဖို့ လုပ်နေကြသည်။ သူတို့ထွက်သွားကြတာလည်း သူမအတွက် တစ်မျိုးကောင်းပေသည်။ မဟုတ်ရင် သူမ အဝတ်အထည်တွေ ချုပ်လို့ ဝင်ငွေ ရလာသည့်အခါ သူမဆီကနေအခွင့်အရေး ယူသွားမှာ စိုးရပေ၏။

မိသားစုမှ ခွဲထွက်ပြီး အိမ်ထောင်ခွဲနေလိုက်ပါက သူမဆီကနေမက မိသားစုဆီကနေပါ အခွင့်ကောင်းတွေ ထပ်ယူလို့ မရတော့ချေ။

"အင်း၊ ခွဲခွာရနိုင်တယ်"
ယွမ်ကျဲ၏ မေးခွန်းကို သူမ ပြန်‌ဖြေပေးလိုက်သည်။

ယွမ်ကျဲဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ...
"ဒါပေမယ့် ငါက ငါ့ မိဘတွေ နောက်ကို လိုက်မသွားချင်ဘူး"

ယွမ်ရိဟာ သူမ၏ ဒုတိယ ဦးလေးတို့ မိသားစုတွင်ယွမ်ကျဲက အနည်းငယ် အပယ်ခံလေး ဖြစ်နေကြောင်း မှတ်ဉာဏ်များအရ သိလိုက်ရသည်။ ယွမ်ကျဲက ငယ်ငယ်ကတည်းက ယွမ်းချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်းတို့ လက်ထဲမှာ မဟုတ်ဘဲ ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့ လက်ထဲမှာ ကြီးပြင်းလာခြင်း ဖြစ်ပေသည်။ သူမ၏ မိဘတွေကလည်း သူမထက်စာရင်၊ ယွမ်ရဲဟွာနဲ့ ယွမ်ရွယ်ဂျင်းတို့ကို ပိုပြီးဂရုစိုက်ပေးခဲ့၏။

ဒါ့ကြောင့် ယွမ်ကျဲဟာ ယွမ်မိသားစုနဲ့ မခွဲခွာလိုခြင်း ဖြစ်၏။

ယွမ်ရိက ...
"ဒါဆိုရင် မင်း မိဘတွေကို တိုက်ရိုက် သွားပြောသင့်တယ်"

ယွမ်ကျဲက ချီတုံ့ချီတုံ့ဖြင့် ...
"ပြောလို့ ဖြစ်ပါ့မလား"

ယွမ်ရိက ...
"ဘာလို့ မဖြစ်ရမှာလဲ။ ဒါပေမယ့် အဖွားတို့နဲ့ နေရစ်ခဲ့ဖို့ ဆုံးဖြတ်ထားရင် အနာဂတ်မှာ အဖွားတို့ကို စိတ်ဆင်းရဲအောင် မလုပ်ရဘူးနော်"

ယွမ်ကျဲက ခေါင်းညိတ်လိုက်ပြီး ...
"စိတ်ချပါ၊ အဖွားတို့ကို စိတ်ဆင်းရဲအောင် မလုပ်ပါဘူး"

ထို့နောက် သူမတို့ နှစ်ယောက်၏ စကားဝိုင်းလေးက တိတ်ဆိတ်သွားတော့သည်။ ယွမ်ရိလည်းသူမ၏ မျက်စိကို မှိတ်ကာ အိပ်ပျော်ဖို့ ကြိုးစားတော့သည်။ မကြာခင်မှာဘဲ သူမ အိပ်ပျော်သွား‌ခဲ့တော့၏။

မနက်ရောက်တဲ့အခါမှာ ယွမ်ရိနဲ့ ယွမ်ကျဲ နှစ်ယောက်လုံး စောစောထခဲ့ကြသည်။ ထို့နောက်မျက်နှာသစ်ကာ သူမတို့၏ ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြီးခဲ့ကြ၏ ။အဖွား လျူရှင်းဟွာ မနက်စာအတွက် ချက်ပြုတ်နေစဉ်မှာ သူမတို့ နှစ်ယောက်က အခြားသော အလုပ်များကို ဝိုင်းကူလုပ်ပေးခဲ့သည်။

မနက်စာ စားပြီးသည့်နောက် ယွမ်ရိက အိမ်မှာ မနေတော့ဘဲ သူမ၏ လွယ်အိတ်ကို ယူကာ ရွှေသရဖူရွာသို့ ထွက်လာခဲ့တော့သည်။

ယွမ်ရိ ထွက်သွားပြီးနောက် ယွမ်ကျဲဟာ လျူရှင်းဟွာ အနီးကို တိုးသွားခဲ့ပြီး ...
"အဖွား၊ သမီး အဖွားတို့နဲ့ဘဲ နေခဲ့လို့ မရဘူးလားဟင်။ အမေတို့နဲ့ လိုက်မသွားချင်ဘူး။ သူတို့ မျက်လုံးထဲမှာ အစ်ကိုနဲ့ မောင်လေးပဲ ရှိပြီး သမီးကို ဂရုမစိုက်ကြဘူး"

လျူရှင်းဟွာက ယွမ်ကျဲ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ...
"ရှောင်ကျဲရယ်၊ သမီးသာ အဖွားတို့နဲ့ ဆက်နေမယ်ဆိုရင် အသားဟင်း၊ ငါးဟင်းတွေ ဘယ်အချိန်မှ ပြန်စားရမယ်ဆိုတာ မသေချာဘူးနော်။ ဒါ့ကြောင့်သမီး မိဘတွေနဲ့ လိုက်သွားလိုက်ပါကွယ်"

ယွမ်ကျဲက သူမ၏ ခေါင်းကို ခါးယမ်းလျက် ...
"မိဘတွေနဲ့ နေရင် စားကောင်းသောက်ဖွယ်တွေ စားရမယ်ဆိုတာကို သမီး သိပါတယ်။ ဒါပေမယ့် အဲ့လို စားရလည်း သမီးအတွက် အရသာတွေ့မှာမဟုတ်ဘူး။ ဘာလို့လည်းဆို‌တော့ သမီး မိဘတွေက အစ်ကိုကြီးနဲ့ မောင်လေးတို့ နှစ်ယောက်ကိုဘဲဂရုစိုက်ပြီး သမီးကို လျစ်လျူရှုထားမှာကို သမီး သိနေလို့ပဲ"

လျူရှင်းဟွာလည်း သူမ၏ မြေးမလေးအား သနားသော အကြည့်များဖြင့် ကြည့်ကာ ...

"ရှောင်ကျဲ၊ တကယ်လို့ သမီးရဲ့ မိဘတွေ ခွင့်ပြုရင်တော့ အဖွားတို့နဲ့ အတူတူ နေပေါ့ကွယ်။ အဖွားတို့နဲ့နေရင်တော့ သမီးလည်းသိတဲ့အတိုင်းပဲ အစားအသောက် ချွေနေရတာ‌မို့ အဲ့တာလေးကိုတော့ သည်းခံပေးပေါ့ကွယ်"

ထိုအခါမှာ လိုချင်တာရသွားသည့် ယွမ်ကျဲဟာခေါင်းကို ဆက်တိုက် ညိတ်လျက် ...
"စိတ်ချပါ အဖွား။ သမီးက အစားအစာ ချေးမများပါဘူး"

လျူရှင်းဟွားလည်း ပျော်ရွှင်နေသည့် သူမ၏ မြေးမလေးထံမှ မျက်လုံးလွှဲကာ နေသာနေသည့် ကောင်းကင်ကြီးကို မော့ကြည့်လျက် သက်ပြင်းရှည်ကြီး တစ်ခု ချလိုက်မိတော့သည်။

.................
ရွှေသရဖူရွာ၊ အပ်ချုပ်ဆရာ အိမ်။

ယွမ်ရိ ရောက်လာတဲ့အခါမှာ အပ်ချုပ်ဆရာ အဖိုးကြီးက မနက်စာ စားနေချိန် ဖြစ်သည်။

ယွမ်ရိလည်း သူမ၏ လွယ်အိတ်လေးကို ဘေးမှာချလျက် တံမြက်စည်းကို ကိုင်ကာ ခြံဝန်းအတွင်း စတင် လှည်းကျင်း‌လိုက်၏။

အပ်ချုပ်သမား အဖိုးအိုကလည်း သူ့ရဲ့မနက်စာကိုအမြန် အပြီးသတ်လိုက်ကာ ...
"ပြီးပြီ"
လို့ ပြောပြီး တူကို စာ‌ပွဲပေါ်ချလိုက်သည်။

အပ်ချုပ်သမား အဖိုးအို မနက်စာ အပြီးသတ်ချိန်မှာ ယွမ်ရိလည်း သန့်ရှင်းရေး လုပ်လို့ ပြီးသွားပြီ ဖြစ်သည်။

ဒါ့ကြောင့် ယွမ်ရိက အဖိုးအို စားသောက်ထားသည့် ပန်းကန်များကို ယူကာ ဆေးကြောပေးလိုက်သည်။အကုန် ဆေးကြော သန့်စင်ပြီးသည့်နောက် အပ်ချုပ်သမား အဖိုးကြီး ရှေ့သွားကာ ...
"ဆရာကြီး၊ အကုန်လုံးကို သန့်ရှင်းရေး လုပ်ပြီးသွားပြီ။ အဝတ်အစား ချုပ်တဲ့ နည်လမ်းတွေက ဘယ်အချိန်‌ သင်ပေးမှာလဲ ရှင့်"

အဖိုးအိုလည်း ယွမ်ရိအား ကြည့်ကာ လည်ချောင်းကို နှစ်ကြိမ်ခန့် ရှင်းလိုက်သည်။
"အဟမ်း။ အဟမ်း။ ငါ့ရဲ့နောက်ကို လိုက်ခဲ့"

အဖိုးအိုက ယွမ်ရိအား အဝတ်အထည်များ ချုပ်သည့် အခန်းထဲကို ခေါ်ဆောင်သွားတော့သည်။အခန်းထဲ ရောက်တာနဲ့ အပ်ချုပ်စက် အနီးကို သွားကာ အပေါ်မှာ ဖုံးထားသည့် အဖုံးကို ဖွင့်လိုက်၏။

ယွမ်ရိလည်း အပ်ချုပ်စက်ကို စိတ်ဝင်တစားကြည့် ဟန်ဆောင်ရင်း မမြင်ဖူးသလို သရုပ်ဆောင်လိုက်သည်။ အဖိုးအို အမြင်မှာ ကြည့်လျှင် သူမကအပ်ချုပ်စက်ကို မမြင်ဖူး၍ စိတ်ဝင်တစား ကြည့်နေသလိုမျိုး မြင်တွေ့ရမည် ဖြစ်သည်။

"အဟမ်း"
အပ်ချုပ်သမား အဖိုးကြီးက ...
"လောလောဆယ် ငါ တစ်ခါပဲပြပေးမယ်။ သေချာကြည့်ထား"

ယွမ်ရိလည်း ခေါင်းညိတ်ကာ ...
"ဟုတ်ကဲ့ပါ ဆရာ"
လို့‌ လေးလေးနက်နက် ပြောလိုက်သည်။

လေးနက်စွာ ပြောနေသည့် ယွမ်ရိကြောင့် အဖိုးအိုက မယုံသလို ကြည့်ကာ ...
"တကယ် တစ်ခါတည်းပဲ သင်ပေးမှာနော်။နင်က မှတ်မိမှာ မို့လို့လား"

အဖိုးအြိ၏ မယုံသလို အကြည့်ကြောင့် ယွမ်ရိရဲ့နှုတ်ခမ်းများ အနည်းငယ် မဲ့သွားကာ ...
"သမီးကို မယုံမကြည် မဖြစ်နဲ့၊ သမီးက မွေးကတည်းက အလွန်ကောင်းတဲ့ မှတ်ဉာဏ်ကို ပိုင်ထားတာနော်။ ဘယ်အရာမဆို တစ်ခါ သင်ရုံနဲ့ တတ်လွယ်တယ်။ ဒုတိယ တစ်ကြိမ် ထပ်သင်ရရင်သမီး ရှုံးတယ်လို့ သတ်မှတ်ပြီး နောင်ကို အပ်ချုပ်လာမသင်တော့ဘူး။ ဘယ်လိုလဲ"

သူမ သည်လောက် ပြောပြတာတောင်မှ အပ်ချုပ်သမား အဖိုးအို၏ မျက်နှာပေါ်မှာ မယုံကြည်သေးသည့် အမူအရာကို မဖယ်ရှား‌နိုင်သေးပေ။

ဒါ့ကြောင့် အံ့ကြိတ်လိုက်ရကာ ...
"ဟွန့်။ မယုံကြည်သေးဘူးဆိုရင် လက်တွေ့ သက်သေပြတာပေါ့။ မြန်မြန်လေး သင်ပေးပါတော့ရှင့်"

အပ်ချုပ်သမား အဖိုးကလည်း ယွမ်ရိနဲ့ စကားနိုင် ထပ်မလုတော့ပေ။ သူက အပ်ချုပ်စက် ရှေ့မှာကျကျနန ထိုင်လိုက်သည်။

ပိတ်စ တစ်စကိုပါ ထုတ်ယူလိုက်ကာ နေရာတကျ ထားလိုက်၏။ ခြေနင်း‌ပြားပေါ်လည်း ခြေထောက်တင်ထားကာ နင်းဖို့ အသင့်ပြင်ထားသည်။ အပ်ချုပ်စက်မှာ ပါသည့် လက်လှည့် ဝိုင်းအား လှည့်လိုက်ပြီးနောက် အရှိန်ယူကာ ခြေနင်းပြားကိုနင်းလိုက်တော့သည်။

'တချောက်ချောက်၊ တချက်ချက်' ဖြင့် ပိတ်စအတွင်း အပ်သွား ထိုးဖောက်သံများ ဆူညံလာကာ ပိတ်စပေါ်မှာ သပ်သပ်ရပ်ရပ် ချုပ်ထားသည့် ချုပ်ရိုးများ ဖြစ်ပေါ်လာတော့သည်။

အဖိုးအိုက ထိုသို့ ချုပ်ပြနေရင်းဖြင့် ပါးစပ်ကနေဘယ်လို အပ်ချည်ထိုးရမယ် ဆို‌တာတွေ၊ အပ်ကို သတိထားရမယ် ဆိုတာတွေ၊ ပိတ်စတွေ အကြောင်း အစရှိသဖြင့် သိသင့် သိထိုက်တာမျိုးကို ရှင်းပြနေ၏။ ဒါ့အပြင် အပ်ချုပ်တဲ့အခါ ပိတ်စကို ရှေ့ကိုပဲ တိုးသွားရမည် ဖြစ်ကြောင်းနဲ့ နောက်ပြန်ချုပ်ပါက ချုပ်ရိုး မလှမပ ဖြစ်သွားနိုင်သည့်အပြင် အပ်ကျိုးတာ‌မျိုးတွေပါ ဖြစ်နိုင်သည့်အကြောင်း သင်ကြားပေးနေခဲ့သည်။

အကုန်လုံး သင်ကြားပေးပြီးသည့်နောက် အဖိုးအိုက ယွမ်ရိအား နားလည်ရဲ့လား၊ ထပ် သင်ပေးရမလားလို့ မမေးခဲ့ပေ။ သူက အပ်ချုပ်စက်ပေါ်မှာ သူချုပ်ထားသည့် အဝတ်စ အပါအဝင် အပ်ချည်တွေကအစ အကုန် ပြန်ဖယ်လိုက်သည်။ ထို့နောက် ထိုင်ခုံပေါ်ကနေ ထလိုက်ပြီး ...
"ကဲ ကဲ၊ တစ်ခါတည်းနဲ့ မှတ်မိပါတယ်ဆိုတဲ့ဉာဏ်ကြီးရှင်မရေ၊ လာပါတော့ကွယ်"
လို့ ဆိုလိုက်တော့သည်။

ယွမ်ရိ"… ... …"
'ဒီအဖိုးကြီးကတော့ သူမကို လာရွဲ့နေတာဘဲ'

ယွမ်ရိလည်း မျက်စောင်းလေး အနည်းငယ်ခဲကာအပ်ချုပ်စက် ရှေ့မှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် ချည်မျှင်ကို ယူကာ အပ်ချုပ်စက်မှာနေရာတကျ တပ်ဆင်လိုက်၏။ တပ်ဆင်ပြီးသွားသည့်နှင့် ပိတ်စ တစ်စကို ယူကာ အပ်ရဲ့အောက်မှာ ထားလိုက်သည်။ ထို့နောက် လက်ကိုင် အဝိုင်းကိုလှည့်လျက် ခြေနင်းပြားကို နင်းကာ စတင်ချုပ်တော့သည်။

အဖိုးဟာ အစပိုင်းမှာ ကြည့်ဖို့ပင် စိတ်မဝင်စားခဲ့ပေ။ သူ့ရဲ့စိတ်ထဲမှာ ယွမ်ရိ တစ်ယောက်တစ်ခါတည်း သင်ပေးရုံနဲ့ ဘယ်လိုမှ မတတ်မြောက်နိုင်ဘူးလို့ ယူဆထားခဲ့တာပါ။ ဒါပေမယ့်ယွမ်ရိ၏ စည်းစနစ် ကျကျ လုပ်ဆောင်သွားမှုအောက်မှာ အဖိုးအိုရဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

သူအနေနဲ့ သူ့ဆီမှာ အပ်ချုပ်ပညာ လာသင်ချင်သည့် လူအများအပြားကို တွေ့ခဲ့ဖူးသည်။ ထိုလူတွေထဲမှာ ဆယ်ယောက်လျှင် သုံးယောက်ကအပ်ချုပ်စက်အတွင်း အပ်ချည် ဘယ်လို ထိုးရမလဲ ဆိုတာကိုပင် မသိချေ။ ငါးယောက်ကတော့အပ်ချုပ်ဖို့အတွက် လက်လှည့်ဝိုင်းကို လှည့်ရင်းခြေနင်းပြာကိုတောင်မှ ကောင်းကောင်း မနင်းတတ်ခဲ့ကြချေ။ ကျန်တဲ့လူတွေကတော့ ပိတ်စပေါ်မှာ စတင်ချုပ်သည့်အခါ အပ်ချည်ကို မျဉ်းဖြောင်းတစ်ကြောင်းတည်း ဖြစ်အောင် မထိန်းနိုင်ကြပဲ ကောက်ကွေ့‌သွားတတ်တာတွေသာ ကြုံတွေ့ခဲ့ရသည်။

သူ ကိုယ်တိုင်ကလည် သင်ကြားပေးရာမှာ စိတ်ရှည်သူ တစ်ယောက် မဟုတ်ခဲ့တာမို့ ထိုလူတွေအား သင်ကြားပေးဖို့ လက်မခံခဲ့ပဲ ချက်ချင်း မောင်းထုတ်ပစ်ခဲ့သည်။

ယွမ်ရိကိုလည်း ယခင်က သူ့ထံ လာသင်ကြသည့် လူများကဲ့သို့ ထင်မှတ်ထားခဲ့သော်လည်း သူမထံမှာအစစ်အမှန် အရည်အချင်း ရှိနေလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။

ဒါ့ကြောင့် သူက မထိန်း‌နိုင်တော့ဘဲ ယွမ်ရိအား ...
"နင် အရင်တုန်းက အပ်ချုပ်တာတွေ သင်ခဲ့ဖူးလား"

ယွမ်ရိက သူမ၏ မျက်လုံးများ မှေးသွားသည်အထိပြုံးပြလိုက်ကာ ...
"ဖန်းမင်းတောင်ပေါ်မှာ အပ်ချုပ်ဆိုင်ဆိုလို့ အဖိုး တစ်ဆိုင်ဘဲ ရှိတာ၊ ပြီးတော့ အပ်ချုပ်စက်ကလည်းအဖိုးဆီမှာဘဲ ရှိတာလေ။ ဒီတော့ အခြား ဘယ်သူ့ဆီကနေမှ မသင်ဖူးပါဘူး"

ယွမ်ရိ ပြောတာလည်း မမှားပေ။ ဖန်းမင်းတောင်တခွင် ရွာပေါင်း တစ်ဒါဇင်ကျော် ရှိသော်လည်းအပ်ချုပ်တတ်တဲ့ သူက သူတစ်ယောက်တည်းပဲ ရှိနေခြင်း ဖြစ်ပေသည်။

သူတောင်မှ အပ်ချုပ် လုပ်ငန်းဟာ ဘိုးဘွား လက်ထပ်ကတည်းက လုပ်ငန်း ဖြစ်နေ၍ တတ်မြောက်နေခြင်း ဖြစ်၏။ တော်လှန်ရေး မစခင်တုန်းက အပ်ချုပ်သမားများရဲ့ဘဝဟာ သိပ်တော့ မလွယ်ကူခဲ့ပေ။ တော်လှန်ရေး စပြီးနောက်မှသာအပ်ချုပ်သည့် လုပ်ငန်းဟာ အနည်းငယ် ဝင်ငွေကောင်းလာခဲ့ခြင်း ဖြစ်သည်။

အဖိုးအိုထံမှာ ဘာစကားမှ မကြားရတော့၍ ယွမ်ရိက ...
"ဘယ်လိုလဲ။ သမီး ဉာဏ်ကောင်းတယ် ဆိုတာကို ယုံကြည်ပြီလား"

ထိုအခါမှာ အဖိုးအိုလည်း ရယ်မောလိုက်ပြီး ...
"ဟား ဟား၊ ငါက အသင်အပြ လုံးဝ မကောင်းဘူးဆိုတာ တစ်ခါတည်း ကြိုပြောထားမယ်နော်"

သည်တစ်ခါမှာတော့ ယွမ်ရိက ပြုံးရုံမျှသာ ပြုံးကာဘာမှ ထပ်‌မပြောခဲ့ပေ။

နေဝန်းကြီးဟာ အနောက်ရပ်ကို ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်ကာ ဖန်းမင်းတောင်ဟာလည်းတဖြည်းဖြည်းဖြင့် အမှောင်ထု လွှမ်းလာတော့သည်။

ဒုတိယ ဦးလေး ယွမ်ချန်းကွေ့လည်း သူ မိန်းမ ဆန်းရှောင်ဟိုင်တို့ အိမ်သို့ တိတ်တဆိတ်သွားကာ ...
"ငါတို့ အစီအစဉ်အတိုင်း ဖြစ်လာပြီ၊ အခု ကိုယ်တို့နေမယ့် အိမ်ကို ပြင်ဆင်နေတုန်း၊ ပြီးရင်တစ်ခါတည်း အိမ်ခွဲကြတာပေါ့"

ဆန်းရှောင်ဟိုင်ကလည်း ဝမ်းသာရးအာရဖြင့် ...
"ကောင်းလိုက်တာ ရှင်။ ဒါပေမယ့် ရှင့်မိသားစုထဲမှာတော့ ကျွန်မက နာမည်ပျက်သွားလောက်ပြီ ရှင့်။ဒါ့ကြောင့် ကျွန်မကို ရှင် ပိုဂရုစိုက်ပေးရမယ်နော်"

ယွမ်ချန်းကွေ့က ဆန်းရှောင်ဟိုင်၏ လက်ကို ညှင်သာစွာ ကိုင်လိုက်ပြီး ...
"စိတ်မပူပါနဲ့၊ မင်းအပေါ်မှာ ကိုယ် ပိုပြီး ဂရုစိုက်ပေးပါ့မယ်"
ထိုသို့ ပြောပြီးနောက် သူက အခြား အရာတစ်ခုကိုတွေးမိသွားကာ ...

"စကားမစပ်၊ ရှောင်ကျဲက ကိုယ်တို့နဲ့ မလိုက်ချင်ပဲ ယွမ်အိမ်မှာ ဆက်နေချင်တယ်တဲ့၊ ငါ့ မိဘတွေကတော့ ရှောင်ကျဲ သဘောတဲ့။ မင်းရော ဘာပြောချင်သေးလဲ"

ဒါကို ကြားတော့ ဆန်းရှောင်ဟိုင်ရဲ့ အကြည့်တွေလက်ကနဲ ဖြစ်သွားကာ ...
"ကျွန်မကတော့ ဘာမှ ပြောစရာ မရှိဘူး။ ရှောင်ကျဲက ယွမ်အိမ်မှာ နေခဲ့မယ်ဆိုတော့ ကျွန်မတို့လည်း အစားအသောက် တစ်‌ယောက်စာ လျော့ပြီး ဝင်ငွေ ပိုတိုးလာနိုင်တယ်လေ။ ဒါ မကောင်းဘူးလား"

ယွမ်ချန်းကွေ့လည်း ခေါင်းညိတ်လိုက်ပြီး ...
"ကောင်းပြီလေ။ အဲ့တာဆို ရှောင်ကျဲကို အဖေနဲ့ အမေတို့ဆီမှာ ထားခဲ့ကြတာပေါ့"

ဆန်းရှောင်ဟိုင်းက အပြုံးတစ်ခုကို ဆင်မြန်းလျက် ...
"ရှောင်ကျဲက တကယ့်ကို လိမ္မာတဲ့ သမီးလေးပဲ။အကယ်၍ သူမ လက်ထပ်သွားခဲ့ရင်တောင် ကျွန်မတို့က ခန်းဝင်ပစ္စည်းတွေကို လက်ခံကြရဦးမှာ"

ထိုအကြောင်းကို ပြောလိုက်တာနဲ့ ယွမ်ရိကိုပါ တွေးမိသွားကာ ဆန်းရှောင်ဟိုင်က ...
"ရှင့်အစ်ကိုကြီးတို့က စစ်တပ်ထဲမှာ ရောက်နေတာဆိုတော့ အိမ်ကို တော်တော်နဲ့ ပြန်လာနိုင်ကြဦးမှာမဟုတ်ဘူး။ ရှောင်ရိကလည်း သိပ်မကြာခက်မှာ လက်ထပ်ရတော့မယ့်အရွယ် ရောက်လာတော့မှာ။ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ သားလေးဆိုရင် မဆိုးဘူး၊ လိမ္မာရေးခြားလည်း ရှိတယ်။ သူဆိုရင်ယွမ်ရိနဲ့ သင့်တော်လောက်တယ်နော်။ ရှောင်ရိ အနေနဲ့ သဘောကျလောက်တယ်"

ယွမ်ချန်းကွေ့ဟာ သူ့ မိန်းမကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်ကာ သူမ အကြံတွေကို နားလည်နေသည့်လေသံဖြင့် ...

"သူမ အနေနဲ့ မင်း စီစဉ်တာကို လက်ခံရင်တောင် ခန်းဝင်ပစ္စည်းတွေ မင်း မရနိုင်ဘူးနော်"

ယွမ်ရိဟာ ယွမ်အိမ်တော်ရဲ့ အဖိုးအဖွားတွေ လက်ထဲမှာ ကြီးပြင်းလာတာ ဖြစ်၍ ခန်းဝင်ပစ္စည်းများကို ယွမ် အဖိုး အဖွားတို့ဘဲ ရမှာ ဖြစ်ကာ သူတို့အတွက်ကတော့ ခွဲတမ်း လုံးဝ မရှိပေ။

ဆန်းရှောင်ဟိုင်က ...
"ဪ၊ ရှင်ကလည်း တုံးအ,ရန်ကော၊ ရှောင်ရိက ယွမ် အိမ်မှာ ကြီးပြင်းလာပေမယ့် ကျွန်မတို့ လက်ထဲမှာ ကြီးပြင်းလာတာလို့လည်း ပြောလို့ရတယ်လေ။ ပြီးတော့ သူ့ ဦးလေးတွေ၊ အဒေါ်တွေ အနေနဲ့သူမရဲ့ မိဘ တစ်ပိုင်းအဖြစ် သတ်မှတ်လို့ ရတာပဲဟာကို"
ဟု ပြောလိုက်သည်။

ထို့နောက် သူတို့ လက်မယာ‌နှစ်ယောက်လုံးရဲ့စကားဝိုင်းဟာ ရှောင်ကျဲအကြောင်း ပြန်ရောက်သွားကြတော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now