အပိုင်း - ၁၀၀.၂
ညစာစားပြီးသည့်နောက် လင်းယောင်က ဟင်းခွက်တွေ သိမ်းကာ ဆေးကြောသန့်စင်ခဲ့သည်။သူက ယွမ်ရိအိမ်မှာ လစာပေးပြီးနေရတာဆိုပေမယ့် ဒီတိုင်းအလကား မနေချင်ပေ။ ဒါ့ကြောင့် သူတတ်နိုင်သည့်ဘက်ကနေ ဝိုင်းကူလေ့ရှိ၏။
ယွမ်ချန်းရှန်တို့ကလည်း ထိုအရာကို သိနေတာမို့ လင်းယောင်အား လုပ်ခွင့်ပေးထားသည်။ သူတို့မိသားစုသုံးယောက်ကတော့ ညစာစားပြီးသည့်အချိန်တိုင်း အိမ်အပြင်ထွက်ကာ ရပ်ကွက်အတွင်း လမ်းပတ်လျှောက်လေ့ရှိကြသည်။
ဒါ့ကြောင့် အိမ်တွင်လင်းယောင်နဲ့ ယွမ်ရိတို့နှစ်ယောက်ဘဲ ကျန်နေခဲ့တော့သည်။
ယွမ်ရိဟာ ပန်းကန်တွေ ဆေးကြောသန့်စင်နေသည့် လင်းယောင်ကိုကြည့်ရင်း ဝိုင်းကူရင် ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားလို့နေသည်။
ထိုအချိန်မှာပဲ ပန်းကန်တွေ ဆေးကြောနေသည့် လင်းယောင်က
"ရှောင်ရိရေ၊ ဓားတွေ မဆေးရသေးရင် ယူခဲ့ပေးဦး"
ဟု လှမ်းပြောလိုက်သည်။
ဒါ့ကြောင့် ယွမ်ရိလည်း မဆေးရသေးသည့် ဓားတွေကို ယူလျက် လင်းယောင်ထံ သွားပေးလိုက်သည်။
လင်းယောင်အနားကို ရောက်တော့ ဓားတွေကို ကမ်းပေးရင်းဖြင့်
"နောက်ဆိုရင် ရှောင်ရိလို့ မခေါ်နဲ့တော့ အမလို့ဘဲခေါ်"
ဟု တိုးတိုးလေး ပြောလိုက်သည်။
"ဘာလို့လဲ"
လင်းယောင်က ပန်းကန်ဆေးကြောနေရာကနေ မေးခွန်းထုတ်လိုက်သည်။
"ဘာလို့မှ မဟုတ်ဘူး။ ငါက နင့်ထက် တစ်နှစ်လောက်ကြီးတာလေ။ ဒီတော့ ရိုရိုသေသေ ခေါ်ပေါ့"
ယွမ်ရိက အကြောင်းပြချက်အား ရှင်းပြလိုက်သည်။
လင်းယောင်လည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်ကဲ့။ မှတ်သားထားပါ့မယ် အမကြီး"
ဟု ပြန်ဖြေပေးလိုက်တော့၏။
ယွမ်ရိ : "......."
သူမစိတ်ထဲ လင်းယောင်အား အခေါ်အဝေါ်ပြင်ခိုင်းမိသည်အား နောင်တရချင်လာသလိုပင်။
ဒါ့ကြောင့် ယွမ်ရိလည်း ခပ်ရှက်ရှက်ဖြင့် လင်းယောင် နားလေးကနေ လစ်ထွက်ဖို့ ပြင်လိုက်သည်။
"အမကြီး"
သူမ အဝေးကို မရောက်ခင်မှာဘဲ လင်းယောင်က ပြန်ခေါ်လိုက်သဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။
လင်းယောင်က ယွမ်ရိအား မနေ့ညက ကိစ္စကို မှတ်မိလားဟာ မေးချင်သော်ငြား စိတ်ကူးပြောင်းသွားပြီး
"နင်၊ ငါလက်ဆောင်ပေးထားတဲ့ အိတ်ဆောင်နာရီလေးကို အခုချိန်ထိ သိမ်းထားတယ်နော်"
ဟု လွမ်းဆွေးသံလေးဖြင့် ပြောလိုက်၏။
ထိုစကားကိုကြားတော့ ယွမ်ရိ အနည်းငယ်အံ့အားသင့်သွားသည်။
တကယ်တော့ ထိုနာရီလေးကို သူမ သေချာသိမ်းဆည်းထားတာ မှန်ပေသည်။ ဒါပေမယ့် အပြင်မှာတော့ ထုတ်မသုံးချေ။
အိမ်ပြောင်းသည့်နေ့တုန်းက အမှတ်မထင် ထုတ်ထားမိရာကနေ ပြန်မသိမ်းရသေးသောကြောင့်သာ လင်းယောင် တွေ့သွားရခြင်းဖြစ်၏။
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး
"သိမ်းထားတယ်လေ။ အဲ့တာက ဘာဖြစ်လို့လဲ"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိစကားအဆုံး၌ လင်းယောင်၏မျက်ဝန်းထဲ စိတ်ခံစားချက်တွေ တသီကြီး ဖြတ်ပြေးသွားပြီး ယွမ်ရိကို နှစ်နှစ်ကာကာစိုက်ကြည့်လျက်
"အွန်း၊ ငါသိပြီ" ဟု ပြောလိုက်တော့သည်။
ပြီးတာနဲ့ ဆေးကြောထားသော ပန်းကန်တွေ ဓားတွေကို ယူကာ ယွမ်ရိထက်အရင် အိမ်ထဲကို ပြန်ဝင်သွားတော့သည်။
ယွမ်ရိကတော့ ဘေစင်ဘေးမှာဘဲ ကြောင်အအလေးရပ်လျက် အတွေးများနေရတော့သည်။
'သူက ဘာကို သိသွားရတာတုန်း???'
နောက်ရက်တွေမှာတော့ များပြားလှသည့် အလုပ်တွေကြောင့် လင်းယောင်၏အိမ်ပြန်ချိန်တွေဟာ နောက်ကျလာတော့သည်။ တချို့ရက်တွေမှာဆိုရင် ယွမ်ရိက အလုပ်လုပ်ရင်း လင်းယောင်ကို စောင့်တတ်ပေမယ့် တချို့ရက်များတွင်တော့ အိပ်ပျော်သွားတတ်၏။
စနေနေ့ညတွင် လင်းယောင်တစ်ယောက် သန်းခေါင်ယံကျော်သည့်အချိန်မှ အိမ်ပြန်ရောက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ ခြံတံခါးအား ဖွင့်ကြည့်လိုက်၏။ မရ။ အတွင်းမှ သော့ခတ်ထား၏။
ဒါ့ကြောင့် လင်းယောင်လည်း ခြံတံခါးကို ခပ်ကျယ်ကျယ်လေး နှစ်ချက်လောက် ခေါက်လိုက်၏။
ဒါပေမယ့်လည်း ဘယ်သူမှ လာဖွင့်မပေး။ ဒါ့ကြောင့် လင်းယောင်လည်း နောက်ထပ် တံခါးထပ်ခေါက်လိုက်၏။ ဤတစ်ကြိမ်တွင်တော့ ယခင်ကထက် အသံပိုကျယ်၏။
တံခါးခေါက်ပြီးသည့်နောက်မှာပင် ဘယ်သူမှ လာဖွင့် မပေးသေးချေ။ ဒါ့ကြောင့် လင်းယောင်လည်း တံခါးကြီးကို မှီလိုက်ကာ ဘာဆက်လုပ်ရမလဲ စဉ်းစားတော့သည်။
ထိုအချိန်တွင် ယွမ်ရိကလည်း မအိပ်သေးဘဲ သူမ၏ဒီဇိုင်းတွေကို ရေးဆွဲနေဆဲပင်။
ထိုအချိန်မှာဘဲ ခြံရှေ့မှ ခြံတံခါးခေါက်သံလိုလို၊ ဘာလိုလို အသံတစ်ခုအား ကြားလိုက်ရသည်။ ဒါ့ကြောင့် အလုပ်လုပ်နေရာက ရပ်လိုက်ပြီး ခြံတံခါးအား သွားဖွင့်လိုက်တော့သည်။
တိုက်ဆိုင်စွာပင် ခြံတံခါးအား လင်းယောင်က မှီနေ၍ တံခါးဖွင့်လိုက်သည့်အခါ လင်းယောင်တစ်ယောင် နောက်လန် လဲကျသွားတော့သည်။
ယွမ်ရိလည်း အနည်းငယ် စိုးထိတ်သွားပြီး
"ဟယ်။ ရရဲ့လား။ ခြံတံခါးကလည်း ဒီနေ့မှ မှားပြီး သော့ခတ်မိလိုက်တာထင်တယ်"
ဟု ပြာပြာသလဲပြောကာ လင်းယောင်ကို ထူပေးလိုက်၏။
ထိုအချိန်မှာဘဲ လင်းယောင်က မတ်တတ်ပြန်ရပ်လိုက်ပြီး ယွမ်ရိအား သူ၏ရင်ခွင်အကျယ်ကြီးထဲ ထွေးပွေ့ပစ်လိုက်တော့သည်။
ရုတ်ခြည်း ဖြစ်ပျက်သွားသည်မို့ ယွမ်ရိတစ်ကိုယ်လုံး တောင့်တင်းသွား၏။
တစ်ယောက်နဲ့တစ်ယောက် နီးကပ်နေသည်မို့ ယွမ်ရိဟာ လင်းယောင်၏အနွေးဓာတ် ခပ်နွေးနွေးလေးရယ်၊ ပြင်းပြဟန်ပေါ်နေသည့် ခပ်လေးလေးအသက်ရှူသံနဲ့တကွ၊ စည်ချက်ညီညီ ခုန်နေသော နှလုံးခုန်သံတို့ကိုပါ အသေးစိတ် ခံစားမိလို့နေသည်။
"ဘာ၊ ဘာဖြစ်လို့လဲ"
ကြောင်,အနေရာကနေ ထစ်ငေါ့ထစ်ငေါ့ဖြင့် ယွမ်ရိမေးလိုက်မိသည်။
ခဏမျှကြာမှ လင်းယောင်က လေသံခပ်လေးလေးဖြင့်
"ရိရိ၊ ကိုယ် မထိန်းနိုင်တော့ဘူး"
ဟု ပြောလိုက်တော့သည်။
မူလက သူဟာ ယွမ်ရိအနားမှာ နေရရုံလေးနဲ့ ကျေနပ်ပျော်ရွှင် တင်းတိမ်ခဲ့သည်။ ဒါ့ကြောင့်လည်း ယွမ်ရိတို့အိမ်ကို အမြန်ဆုံး ပြောင်းနေခြင်းပင်။ ဒီအတောအတွင်း သူဟာ ယွမ်ရိအပေါ်တွင် လောဘမတက်ဘဲ ပျော်ရွှင်တင်းတိမ်နေခဲ့၏။
ဒါပေမယ့် ထိုညက ယွမ်ရိကုတင်ဘေးမှာ သူလက်ဆောင်ပေးထားသော နာရီလေးကို မြင်ပြီး အတွေးတွေ ပြောင်းသွားခဲ့သည်။
ယွမ်ရိထံကနေ ထိုနာရီလေးကို သေချာသိမ်းဆည်းထားကြောင်း ကြားသိပြီးသည့်နောက် ယွမ်ရိအပေါ်တွင် သူ့ရဲ့စိတ်ဟာ မတင်းတိမ်နိုင်တော့ဘဲ လောဘတက်လာမိတော့၏။
တိုးတက်သော ခေတ်ကာလမှာ ပြန်လည်မွေးဖွားလာသည့်သူတစ်ယောက်အနေဖြင့် ယွမ်ရိဟာ လင်းယောင်ပြောချင်သော စကားတွေကို နားလည်သွားပြီဖြစ်သည်။
ဒါ့ကြောင့် သူမ၏မျက်နှာလေး ဖြန်းခနဲ နီရဲသွားကာ ရှက်သွေးပိုသွား၏။
ဒါ့အပြင် ပြီးခဲ့သည့် အပတ်တုန်းက သူတို့ နှစ်ယောက် နမ်းနေကြသည့်မြင်ကွင်းကိုပါ ပြန်အမှတ်ရသွားပြီး လင်းယောင်၏ဖက်တွယ်ထားမှုအတွင်းကနေ အမြန်ရုန်းထွက်ကာ
"လင်းယောင်၊ နင် သောက်လာတာလား။ မူးနေတာလား"
ဟု မေးလိုက်၏။
လင်းယောင်ကတော့ ယွမ်ရိမေးခွန်းကို မဖြေခဲ့။သူက ယွမ်ရိအနီးကို တဖြည်းဖြည်း တိုးတိုးသွားပြီး
"ရိရိ၊ ကိုယ်မင်းကို ချစ်တယ်။ မဟုတ်ဘူး ကိုယ် မင်းကို မြတ်နိုးတယ်။ ကိုယ့်အသက် ဆယ့်သုံးနှစ်လောက်ကတည်းက ကိုယ်မင်းကို မြတ်နိုးတွယ်တာခဲ့ရတာပါကွာ"
ဟု ချစ်ရေးဆိုလိုက်တော့သည်။
နဂိုစကားအသွားအလာကို ကြည့်ပြီး သူမအနေနဲ့ ချစ်ရေးဆိုခံရတော့မည်ကို ကြိုသိထားသော်ငြား ယခုကဲ့သို့ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံလိုက်ရသည့်အခါ အပျိုကြီးမမ ရှောင်ရိတစ်ယောက် ပိုပြီး အရှက်သည်းရတော့သည်။
ရှက်သွေးဖြာနေသည့် ယွမ်ရိ၏မျက်နှာကို လင်းယောင်က သူ့ရဲ့လက်များဖြင့် ညင်သာစွာ ဆွဲမော့လိုက်သည်။
ထို့နောက် သူ့ရဲ့မျက်နှာကိုလည်း တဖြည်းဖြည်း ငုံ့ကိုင်းလိုက်၏။
ယွမ်ရိတစ်ယောက် တဖြည်းဖြည်း နီးကပ်လာသော လင်းယောင်၏မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းဆီအား မှင်တက်စွာ ငေးမောမိနေသည်။
'ဖြောင်းစင်းနေတဲ့ မျက်ခုံးမွှေးလေးတွေပါလား။နှာတံလေးကလည်း စင်းဖြောင့်နေတာဘဲ။ ပြီးတော့ နှုတ်ခမ်း....နေပါအုံးးး!!!!! ဘာလို့ ဒီနှုတ်ခမ်းကြီးက တဖြည်းဖြည်း နီးလာရတာလဲ!!!!!!!!'
နောက်ဆုံး ကောင်းခန်းရောက်ခါနီးမှာဘဲ ယွမ်ရိအသိတွေ ဝင်လာပြီး လင်းယောင်လက်ထဲမှ နောက်တစ်ကြိမ် ပြန်ရုန်းထွက်လိုက်၏။
ပြီးတာနဲ့ လင်းယောင်၏နဖူးပေါ် အဖျားစမ်းသလိုလုပ်လိုက်ပြီး
"နင်က မူးနေတာ မဟုတ်လောက်ဘူး။ ဖျားနေတာဘဲ ဖြစ်ရမယ်။ တစ်ကိုယ်လုံး ပူနေသလိုဘဲ"
ဟု ကောက်ချက်ချလိုက်တော့၏။