အပိုင်း - ၁၀၂.၁
ရှောင်လန်၏အိမ်ဟာ ယွမ်ချီကျီ၏အိမ်နဲ့ အနီးဆုံးဖြစ်သဖြင့် ယွမ်ချီကျီက ရှောင်လန်အား အိမ်သော့အပ်ကာ ကြက်တွေကို အစာကျွေးဖို့အတွက် အကူအညီတောင်းထားခဲ့သည်။
ဒါ့ကြောင့် ရှောင်လန်ဟာ ညနေခင်းတိုင်း ယွမ်ချီကျီ၏အိမ်ကိုလာကာ ကြက်စာကျွေးလေ့ရှိ၏။
သူမက ကြက်စာထုပ်တွေကို ဖောက်ကာ ကြက်များစားရန်အတွက် ပြင်ဆင်လိုက်သည်။ ထို့နောက် ဝါးခြင်းတစ်လုံးကို ယူကာ ကြက်မများ၏ဝပ်ကျင်းထဲမှ ကြက်ဥများကို ကောက်ယူတော့သည်။
ထိုအချိန်မှာဘဲ အိမ်ပေါက်ဝမှ အသံဗလံများကို ကြားလိုက်ရသည့်အတွက် လှမ်းမျှော်ကြည့်လိုက်သည့်အခါ ယွမ်ချီကျီတို့တတွေ ပြန်လာတော့တာကို မြင်လိုက်ရ၏။
ဒါ့ကြောင့် ခြံရှေ့ထိသွားကာ ကြိုဆိုလိုက်သည်။
ယွမ်ချီကျီတို့ထဲမှာ သူမတစ်ခါမှ မမြင်ဖူးသည့် အဖိုးအဖွားနှစ်ယောက်ကိုလည်း ရှောင်လန် မြင်တွေ့လိုက်ရသည်။
ယွမ်ချီကျီက ရှောင်လန်ကိုမြင်တော့
"ဒီအတောအတွင်း အိမ်ကို လာစောင့်ပေးလို့ ကျေးဇူးပါ ရှောင်လန်ရေ"
ဟု ကျေးဇူးတင်စကားဆိုလိုက်သည်။
"အာ၊ ရပါတယ်ရှင့်"
ရှောင်လန်က သူမ၏လက်ထဲမှ ကြက်ဥခြင်းအား ယွမ်ချီကျီထံ ထိုးပေးလိုက်ပြီး
"ဒါက ဒီနေ့ရတဲ့ ကြက်ဥတွေပါ"
ဟု ပြောလိုက်သည်။
ဒါပေမယ့် ယွမ်ချီကျီက လက်မခံဘဲ
"မဟုတ်တာ၊ ဒါတွေကို နင်တို့စားဖို့ ယူသွားလိုက်ပါ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ခီကျီဟာ ရှောင်လန်နဲ့ စကားအနည်းငယ်ပြောပြီးသည့်နောက်မှာ သူမ၏မိဘများနဲ့ မိတ်ဆက်ပေးလိုက်သည်။
ရှောင်လန်လည်း ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့အား
"မင်္ဂလာပါ၊ အဖိုးနဲ့အဖွား"
ဟု နှုတ်ဆက်လိုက်၏။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ဟာ အသက်အရွယ်တစ်ခုကို ရောက်နေကြပြီဖြစ်၍ ခရီးပန်းကာ ခေါင်းနောက်နေကြသည်။ ဒါ့ကြောင့် ခြံဝန်းထဲကို ရောက်တာနဲ့ ခြံဝန်းထဲမှ တန်းလျားတစ်ခုမှာ ထိုင်ရင်း အမောဖြေနေကြတော့သည်။
ယွမ်ချန်းရှန်က သူ့မိဘတွေကိုကြည့်ကာ
"ခေါင်းက တော်တော်လေးမူးနေတာလား"
ဟု မေးလိုက်၏။
ကားစီးလိုက်၊ ရထားစီးလိုက်ဖြင့် ရက်အတန်ကြာခရီးသွားပြီးသည့်နောက်မှာ မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုကို ရောက်လာသည်မို့ လူကြီးတွေအတွက် အနည်းငယ်ခန့် စိတ်ကသိကအောက် ဖြစ်နေကြမှာပင်။
ယွမ်ကျီကောင်းက ခေါင်းညိတ်ကာ
"အေးကွ၊ ခရီးရှည်ကြီး သွားခဲ့ရတာဆိုတော့ နည်းနည်းတော့ ခေါင်းနောက်တယ်ကွ"
ဟု ပြန်ဖြေပေးလိုက်သည်။
လျူရှင်းဟွာက ခြံဝန်းပတ်ပတ်လည်ကို လိုက်ကြည့်နေရင်းမှ
"မြို့ထဲက ဒီနေရာထက် လူနေပိုပြီးထူထပ်တယ် မလား"
ဟု မေးလိုက်သည်။
"ဟုတ်တယ် အမေ။ မြို့ထဲမှာ အိမ်ခြေထူထပ်ပြီး လူပိုရှုပ်တယ်"
ဟု ဖြေပေးလိုက်၏။
"ဒါဆိုရင် အမေတို့ မြို့ထဲက အိမ်ကို မလိုက်တော့ဘူး"
လျူရှင်းဟွာက
"ဒီမှာပဲ နေခဲ့တော့မယ်။ ဒီနေရာက မြို့စွန်မှာဆိုတော့ လူသိပ်မရှုပ်ဘူး။ ပြီးတော့ ဒီခြံထဲမှာ ဟင်းသီးဟင်းရွက်ခင်းတွေ၊ ကြက်တွေ ရှ်ိတော့ တောင်ပေါ်က ဒေသနဲ့ခပ်ဆင်ဆင်လေး။ ဒါကြောင့် ဒီမှာပဲ နေခဲ့မယ်နော်"
"အယ်....."
လျူရှင်းဟွာ၏တောင်းဆိုမှုကြောင့် အကုန်လုံး အံ့အားသင့်သွားကြသည်။
ယွမ်ချီကျီက ခေါင်းညိတ်လိုက်ပြီး
"ဒီမှာ နေချင်တယ်ဆိုရင်လည်း အမေ့သဘောပါဘဲ။ပြီးတော့ အမေဘာလုပ်ချင်သေးလဲ။ ကြက်အပြင် ဝက်တွေကိုရော မွေးချင်သေးလား"
ဟု ထပ်မေးလိုက်၏။
ကျေးလက်ကလာသော လူကြီးသူမများဟာ ဘယ်တော့မှ အလုပ်မရှိဘဲ မနေတတ်ကြပေ။ ဒါ့ကြောင့် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့အား စိတ်ပြေလက်ပျောက်ဖြစ်စေရန် အိမ်တွင်းမွေးမြူရေး လုပ်ရမည်လောဟု မေးမြန်းလိုက်ခြင်းဖြစ်သည်။
လျူရှင်းဟွာက ခဏမျှစဉ်းစားပြီးမှ
"နင်တို့ဘာသာ အဆင်ပြေသလိုဘဲ ကြည့်လုပ်ကြပါအေ။ ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် ရပါတယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
ထို့နေ့တစ်ညကိုတော့ ယွမ်ရိ၊ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ မြို့ထဲက အိမ်ကိုမပြန်ဘဲ မြို့စွန်ကအိမ်မှာဘဲ တစ်ညအိပ်ခဲ့ကြသည်။ ဒါဟာလည်း ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့အား နေသားတကျဖြစ်သွားစေရန်ပင်။
ဘာပဲဖြစ်ဖြစ် ဒီမြို့စွန်က အိမ်မှာ နှစ်,နှစ်ခန့်ဘဲ နေကြမည်ဖြစ်ကာ နောင်တစ်ချိန်ရောက်တာနဲ့ အကုန်လုံး မြို့အတွင်းပိုင်းကို ပြောင်းကြမှာပင်။
နောက်နေ့ မနက်အစောကြီးမှာဘဲ ယွမ်ရိ၊ ယွမ်ချန်းရှန်၊ ချန်ခွန်းနဲ့ယွမ်တပေါင်တို့တတွေဟာ မြို့အတွင်းပိုင်းက အိမ်ကိုပြန်ခဲ့ကြသည်။
အိမ်ကိုရောက်တာနဲ့ သူတို့ဟာ အရင်ဆုံး အိမ်သန့်ရှင်းရေး လုပ်ခဲ့ကြသည်။ အိမ်မှာ လင်းယောင် ကျန်နေခဲ့တာမို့ တအားကြီးတော့ ရှုပ်ပွမနေခဲ့ချေ။
သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ အထည်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆိုင်ကို ထွက်သွားကြတော့သည်။ ယွမ်တပေါင်ကိုလည်း သူတို့နဲ့အတူတူ ခေါ်ဆောင်သွားခဲ့၏။
ယွမ်ရိလည်း အိမ်ကိုသော့ခတ်ကာ ဈေးကိုသွားပြီး ဟင်းသီးဟင်းရွက်တချို့ကို ဝယ်ယူလိုက်သည်။
ဈေးမှ ပြန်ရောက်တော့ နေ့လယ်စာအတွက် ပြင်ဆင်ချက်ပြုတ်တော့သည်။
ထိုအချိန်မှာဘဲ သူမ၏အိမ်ကို ယွမ်ကျဲ ရောက်လာတော့သည်။
ယွမ်ရိက ယွမ်ကျဲတစ်ယောက်တည်းကိုဘဲ မြင်ရတာမို့
"ချန်းဝေ့တုန်းရော ဘယ်မှာလဲ"
ဟု မေးလိုက်၏။
ယွမ်ကျဲလည်း သူ့အမကို စိတ်လေသလိုမျိုး တစ်ချက်ကြည့်ကာ
"အမရယ်၊ ချန်းဝေ့တုန်းက ညီမနောက်ကို အမြဲလိုက်နေတာမှ မဟုတ်တာ။ သူ့အလုပ်မှာ နေမှာပေါ့"
ဟု ပြန်ပြောလိုက်သည်။
ပြီးမှ
"ဘယ်လိုလဲ။ အဖိုးနဲ့အဖွားကို ခေါ်လို့ရခဲ့လား"
ဟု စပ်စုလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ကာ
"အွန်း၊ ရခဲ့တယ်။ အခု မြို့စွန်ကအိမ်မှာ ရှိနေကြတယ်"
"ဝါးးးး ကောင်းလိုက်တာ"
ယွမ်ကျဲက ပျော်ရွှင်သွားသော လေသံဖြင့်
"ငါနဲ့ဝေ့တုန်းနဲ့ ဒီတနင်္ဂနွေနေ့ကျရင် သွားလည်ရမယ်"
ဟု ရေရွတ်လိုက်သည်။
ပြီးတာနဲ့ သူမက ယွမ်ရိ၏နား နားလေးကို အသာကပ်ကာ လေသံတိုးတိုးလေးဖြင့်
"အမ၊ ညီမမှာလေ ရင်သွေးလေး လွယ်ထားရပြီ"
"ဘယ်လို"
ယွမ်ရိလည်း သူမကြားလိုက်ရသော စကားကြောင့် အလွန်အံ့အားသင့်သွားပြီး
"ကောင်းလိုက်တာ။ ကြည့်ရတာ ဒီနှစ်တော့ ပျော်ရွှင်မှုတွေနဲ့ချည်း စတင်ခဲ့တာဆိုတော့ တစ်နှစ်လုံး ပျော်ရတော့မယ် ထင်တယ်"
ဟု ဝမ်းသာအားရဖြင့် စကားဆိုလိုက်သည်။
ယွမ်ကျဲလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ခုမှ နှစ်လလောက်ပဲ ရှိသေးတာမို့ အမကလွဲပြီး ဘယ်သူ့ကိုမှ မပြောရသေးဘူး"
ဟု ထပ်ပြောလိုက်ပြန်သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ ညီအမဟာ စကားတွေအကြာကြီး ပြောခဲ့ကြသည်။ ယွမ်ကျဲ ပြန်သည့်အချိန်မှာလည်း ယွမ်ရိက အိမ်ရှေ့ထိ လိုက်ပို့ပေးခဲ့ပြီး
"ရှောင်ကျဲ၊ အသွားအလာ ဂရုစိုက်နော်။လေးလေးပင်ပင်တွေလည်း မသယ်နဲ့။ ကိုယ်က မပေါ့မပါးကြီးနဲ့ဆိုတာကိုလည်း သတိရဦး"
ဟု လိုအပ်တာတွေကို တသီကြီး မှာကြားလိုက်သေးသည်။
"စိတ်မပူပါနဲ့ အမ၊ ညီမ သေချာဂရုစိုက်ပါ့မယ်"
ယွမ်ကျဲက ထိုစကားကိုပြောပြီးတာနဲ့ နှုတ်ဆက်ကာ ထွက်သွားတော့သည်။