Chapter 97.1

2.3K 212 0
                                    

အပိုင်း - ၉၇.၁
အထုပ်တွေချနေတုန်းမှာပဲ အိမ်ခန်းထဲကနေ ယွမ်ချူးရွယ် ထွက်လာခဲ့သည်။ သူမက လင်းယောင်ကို မြင်သောအခါ
"အိုးးး ဟောပြောပွဲတုန်းက စင်ပေါ်ကနေ အော်လိုက်တဲ့သူဘဲ"
ဟု အမှတ်တမဲ့ ရေရွတ်လိုက်၏။

လင်းယောင် : "........."

လင်းယောင်လည်း မချိပြုံး ပြုံးလိုက်ပြီးမှ
"လင်းယောင်ပါ"
ဟု သူ့ကိုယ်သူ ပြန်မိတ်ဆက်ပေးလိုက်သည်။

ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်နဲ့ ယွမ်ဟောင်ဘင်းတို့ ညီအကိုနှစ်ယောက်ဟာလည်း အထုပ်အပိုး ကိုယ်စီဖြင့် အိမ်ထဲကို ဝင်လာကြသည်။

သူတို့ညီအကိုနှစ်ယောက်ဟာ အထုပ်အပိုးတွေကို အောက်ချထားလိုက်ပြီးနောက် ချွေးသုတ်ကာ
"နောက်တစ်ခေါက်လောက် သယ်ပြီးရင်တော့ ပြီးပါပြီ"
ဟု ပြောလိုက်သည်။

"ဆက်တိုက်လုပ်မနေကြနဲ့လေ"
ယွမ်ရိက
"ရေနွေးလေး ဘာလေး သောက်ရင်းခဏတဖြုတ်တော့ အနားယူကြပါဦးဟယ်"
ဟု ပြောလိုက်၏။

ထို့နောက် သူတို့ ငါးယောက်ဟာ ဧည့်ခန်းထဲက ထိုင်ခုံတွေပေါ်မှာ ဝင်ထိုင်ရင်းဖြင့် ရေနွေးကြမ်းသောက်ကာ အမောဖြေကြတော့သည်။

ရေနွေးသည်ကား အပူအအေးဖြင့် အနေတော်ခပ်နွေးနွေးလေးဖြစ်၏။

ယွမ်ဟောင်ဂျန်က ရေနွေးတစ်ခွက်ငှဲ့ကာ သောက်လိုက်ပြီးသည့်နောက် လင်းယောင်ကိုကြည့်ကာ
"ခဏနေကျရင် ကျွန်တော်တို့ကို ပစ္စည်းတွေ ဝိုင်းသယ်ပေးမှာလား"
ဟု မေးလိုက်သည်။

ဒီနေ့ဟာ တနင်္ဂနွေဖြစ်ကာ လင်းယောင်၏နားရက် ဖြစ်တာကြောင့် ဝိုင်းကူစရာမလိုဘူးဟု ယွမ်ရိက ပြောရန်ပြင်လိုက်ချိန်မှာဘဲ လင်းယောင်က
"အင်း၊ ဝိုင်းသယ်ပေးမယ်"
ဟု အရင်ဦးအောင် ပြောချလိုက်သည်။

ဒါ့ကြောင့် ယွမ်ရိလည်း သူမပြောမည့်စကားများအား ပြန်မျိုသိပ်လိုက်ရ၏။

ယွမ်ဟောင်ဂျန်က
"ဒါဆိုရင် သုံးဘီးစက်ဘီးကို ခင်ဗျား နင်းခဲ့နော်"
ဟု ထပ်ပြောလိုက်သည်။

"ရတယ်၊ ငါနင်းခဲ့မယ်"
လင်းယောင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။

ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့ နှစ်ယောက်ကတော့ လင်းယောင်နဲ့ ယွမ်ဟောင်ဂျန်တို့နှစ်ယောက်ကြားက စကားဝိုင်းအား အသာ နားထောင်လျက် ရေနွေးကြမ်းကိုမှုတ်သောက်နေခဲ့ကြသည်။

သူတို့နှစ်ယောက်ဟာ ငယ်ရွယ်သေးသဖြင့် ပစ္စည်းတွေကို ဝိုင်းသယ်တာမျိုး ယွမ်ရိက ခွင့်မပြုခဲ့ချေ။သူတို့ နှစ်ယောက်ကို အိမ်အား တံမြက်စည်းလှည်း၊ ဖုန်သုတ်စသည့် သန့်ရှင်းရေးကိုသာ လုပ်ဆောင်ခိုင်းခဲ့သည်။

ခန အနားယူပြီးသည့်နောက်မှာ ယွမ်ရိ၊ လင်းယောင်နဲ့ယွမ်ဟောင်ဂျန်တို့ သုံးယောက်ဟာ မြို့စွန်က အိမ်ကို ပစ္စည်းတွေ သွားသယ်ဖို့ ပြင်ကြတော့သည်။

အိမ်ရှေ့တွင် စက်ဘီးသုံးစီးရပ်ထားပြီး တစ်စီးက သုံးဘီးစက်ဘီးဖြစ်ကာ ကျန်နှစ်စီးကတော့ ရိုးရိုးဘီးလေးတွေ ဖြစ်၏။

လင်းယောင်က သုံးဘီးစက်ဘီးပေါ်သို့ တက်လိုက်တာကိုမြင်တော့ ယွမ်ရိက
"လင်းယောင်၊ ဖြစ်ပါ့မလား။ ငါဘဲ အဲ့ဟာကို နင်းခဲ့လိုက်မယ်။ နင်ဆင်းခဲ့"
ဟု ပြောလိုက်သည်။

သုံးဘီးစက်ဘီးကို နင်းရတာက ပုံမှန်စက်ဘီးများထက် အားပိုစိုက်ပြီး နင်းရသဖြင့် ပင်ပန်းလှပေသည်။


လင်းယောင်ကတော့ စက်ဘီးပေါ်ကနေ မဆင်းပဲ ခပ်တည်တည်ဖြင့်ပင်
"ရတယ်၊ ငါနင်းခဲ့မယ်"
ဟု ပြန်ပြောလိုက်၏။

ယွမ်ရိ : "............"
'အချိန်တွေ ကုန်တာမြန်လိုက်တာ။ ငယ်ငယ်က ငါ့ပြောစကား နားထောင်တဲ့ ကလေးလေးတော့ အရွယ်ရောက်လာလို့ လူကြီးလေးဖြစ်လာခဲ့ပြီဘဲ'

ထိုသို့ တွေးလိုက်ပြီးသည့်နောက် ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ကောင်းပြီလေ။ နင် အဲ့ဟာစီးမယ်ဆိုလည်း ဂရုစိုက်စီး"
ဟု မှာလိုက်တော့သည်။

ဒီလိုနဲ့ လင်းယောင်က သုံးဘီးစက်ဘီး၊ ယွမ်ရိနဲ့ယွမ်ဟောင်ဂျန်တို့နှစ်ယောက်က ကျန်သည့် ရိုးရိုးစက်ဘီးနှစ်စီးကို စီးလျက် မြို့စွန်ကအိမ်သို့ ထွက်ခွာလာခဲ့ကြတော့သည်။

လမ်းတွင်။

ယွမ်ဟောင်ဂျန်က သူ့စက်ဘီးကို နင်းလျက် လင်းယောင်အနားသို့ တိုးကပ်သွားပြီး
"အပြန်ကျရင်တော့ ခင်ဗျားရဲ့ဟာကို ကျွန်တော်နင်းခဲ့မယ်"
ဟု ပြောလိုက်၏။

လင်းယောင်က ခေါင်းယမ်းကာ
"ရပါတယ်။ အပြန်ကျရင်လည်း ငါပဲ နင်းခဲ့ပါ့မယ်"
ဟု ပြန်ပြောလိုက်သည်။

ဒီလိုနဲ့ သူတို့သုံးယောက်ကြား စကားဝိုင်းလေးဟာ ခဏမျှ ပြန်လည်တိတ်ဆိတ်သွားသည်။

တစ်အောင့်ခန့်ကြာတော့ ယွမ်ဟောင်ဂျန်ကဘဲ လင်းယောင်ကိုကြည့်ကာ
"ဒါနဲ့ ခင်ဗျားတို့ သုတေသနပညာရှင်တွေ အကုန်လုံးက စကားနည်းကြတာလား။ ခင်ဗျားမှာ သူငယ်ချင်းမိတ်ဆွေတွေရော ရှိရဲ့လား"
ဟု မေးမြန်းစပ်စုလိုက်ပြန်သည်။

ယွမ်ရိက ချောင်းကို တဟမ့်ဟမ့်လုပ်ရင်း ယွမ်ဟောင်ဂျန်အား အရမ်းစပ်စပ်စုစုမလုပ်ရန် သတိပေးလိုက်သည်။

လင်းယောင်က
"ငါက အလုပ်ထဲဘဲ အမြဲနေဖြစ်တော့ အပြင်မှာ သူငယ်ချင်းသိပ်မရှိဘူး။ ဒါ့ကြောင့် ငါ့အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကဘဲ ငါ့သူငယ်ချင်းတွေဘဲ"
ဟု ပြန်ဖြေပေးလိုက်သည်။

ဆက်လက်ပြီး ယွမ်ဟောင်ဂျန်က
"ဒါဆိုရင် ခင်ဗျားမှာ ချစ်သူရည်းစားလည်း ရှိမယ်မထင်ဘူး။ ကျွန်တော်ပြောတာ ဟုတ်တယ်မလား"
ဟု မေးလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ လင်းယောင်ဟာ ယွမ်ဟောင်ဂျန်၏ မေးခွန်းအား တိုက်ရိုက်ပြန်မဖြေဘဲ ယွမ်ရိကို ကြည့်ကာ
"ရှောင်ရိ၊ နင်ရော"
ဟု ပြန်မေးလိုက်သည်။

လင်းယောင်နဲ့ယွမ်ဟောင်ဂျန်တို့ နှစ်ယောက်ကြားက စကားဝိုင်းအတွင်း ရုတ်တရက် ဆွဲထည့်ခံလိုက်ရတာမို့ ယွမ်ရိကြောင်အသွားကာ
"အာ၊ ငါလားးးးး"
ဟု ပြောလိုက်မိသည်။

ထို့နောက် သူမတစ်ခုခုပြောရန် ပြင်လိုက်ချိန်မှာဘဲ ယွမ်ဟောင်ဂျန်က
"အမလား။ အမက ဘာမှအဖြစ်မရှိဘူး။ အခုချိန်ထိ တစ်ယောက်တည်းသမားလေ။ အမယွမ်ကျဲတောင်မှ အိမ်ထောင်ပြုပြီးသွားပြီကို။ ဒေါ်လေးချီကျီတို့ကတောင် အမအတွက် အရမ်းစိုးရိမ်နေကြပြီး အောင်သွယ်တော်တွေနဲ့တောင် ဆက်သွယ်နေကြသေးတယ်"
ဟု ဝင်ပြောလိုက်သည်။

"ဪ၊ မင်းတို့ မိသားစုက အဲ့ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး အာရုံစိုက်ကြတာဘဲ"
လင်းယောင်က
"ငါ့မိသားစုကတော့ ငါ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ငါ့ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးထားတယ်"
ဟု ပြန်ပြောလိုက်သည်။

တကယ်တော့ လင်းယောင်၏မိဘများက လင်းယောင်၏ငယ်ဘဝအတွက် အကြွေးတင်နေသလို ခံစားနေကြရ၍ လင်းယောင်၏အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး လင်းယောင်စိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားခြင်းဖြစ်သည်။

"ဒါနဲ့ ခင်ဗျားရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။ အမရှောင်ရိနဲ့ အတူတူလောက်ဘဲလား"
ယွမ်ဟောင်ဂျန်က ထပ်ပြီးတော့ စပ်စုလိုက်ပြန်သည်။

လင်းယောင်က ခေါင်းညိတ်ကာ
"အင်း၊ အဲ့လောက်ဘဲ နေမှာရယ်။ သိပ်မကွာလောက်ပါဘူး"
ဟု ပြန်ဖြေပေးလိုက်သည်။

ယွမ်ရိက
"တိတိကျကျပြောရရင် ငါ့ထက် တစ်နှစ်နီးပါးငယ်တယ်"
ဟု ဝင်ပြောလိုက်သည်။

"အဲ့လောက် အသက်နဲ့ကတော့ ရွယ်တူလို့ ပြောရင် ရနေပါပြီ"
လင်းယောင်က ခပ်တည်တည်ဖြင့် တုံ့ပြန်လိုက်၏။

ယွမ်ဟောင်ဂျန်ကတော့ လင်းယောင်ကိုကြည့်ကာ အံ့အားသင့်ဟန်ဖြင့်
"ဒါ့ကြောင့်မို့ အမက ခင်ဗျားကို ယောင်ယောင်လေးလို့ ခေါ်တာလား"
ဟု ပြောလိုက်၏။

လင်းယောင် : "........."

ယွမ်ရိလည်း ယွမ်ဟောင်ဂျန်၏ ပုခုံးကို အသာရိုက်ပုတ်လိုက်ပြီး
"ပေါက်ကရတွေ မပြောနဲ့တော့။ အဲ့ဒီတုန်းက ငယ်သေးတော့ လင်းယောင်ရဲ့ပုံစံလေးက ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတယ်လေ။ ဒါ့ကြောင့် ချစ်စနိုးနဲ့ 'ယောင်ယောင်လေး' လို့ ခေါ်တာ"
ဟု ရှင်းပြလိုက်သည်။

လင်းယောင်ကလည်း ချောင်းဟန့်လျက်
"ပြီးတော့ ငါက အရွယ်ရောက်လာပြီလေ။ အဲ့လိုမျိုး ဆက်ခေါ်နေဖို့ကလည်း မသင့်တော်တော့ဘူး"
ဟု ဝင်ပြောလိုက်၏။

သူတို့သုံးယောက်ဟာ စကားတပြောပြောဖြင့် မြို့စွန်ကအိမ်သို့ ရောက်ရှိလာကြတော့သည်။

ထိုကိုရောက်တော့ စက်ဘီးတွေအား အိမ်ထဲထိစီးမလာတော့ဘဲ အပြင်မှာဘဲ ရပ်ကာ အိမ်ထဲကို ဝင်လာခဲ့ကြသည်။

ရေလေးဘာလေးသောက်ရင်း ခဏမျှ အမောဖြေနေချိန်မှာဘဲ ယွမ်ချီကျီက သူတို့သုံးယောက်အနားသို့ ရောက်လာသည်။

သူမက ယွမ်ရိ၏ဘေးမှာထိုင်နေသည့် လင်းယောင်ကို မြင်ရပေမယ့် မမှတ်မိချေ။ ဒါ့ကြောင့် သူမက ယွမ်ရိအား
"ရှောင်ရိ၊ ဒီဘက်က ဘယ်သူလဲ"
ဟု မေးလိုက်သည်။

သူမ၏စိတ်ထဲမှာတော့ ယွမ်ရိတစ်ယောက် သူမ၏အိမ်ထောင်ဖက်ကို အိမ်ခေါ်လာပြီဟု လိုရာစွဲတွေးရင်း ကျေနပ်လို့နေ၏။

ယွမ်ရိက
"အယ်၊ ဒေါ်လေး။ သူ့ကို မမှတ်မိဘူးလား။ လင်းယောင်လေ။ ငယ်ငယ်တုန်းက တောင်ပေါ်မှာ ဆော့ဖော်ဆော့ဖက်တွေလေ"
ဟု ပြန်မိတ်ဆက်ပေးလိုက်သည်။

ထိုအခါမှ ယွမ်ချီကျီလည်း ပြန်မှတ်မိသွားပြီး လင်းယောင်ကိုကြည့်ကာ အံ့အားသင့်နေသော လေသံဖြင့်
"ဟယ်၊ နင်က အဲ့ဒီတုန်းက ကလေးလေးလား။ ငါဖြင့် မှတ်တောင်မမှတ်မိဘူးဟယ်။ အရပ်ကြီးကလည်း ရှည်လာပြီး လူကောင်ကလည်း ထွားလာတော့ ငယ်ရုပ်ကို ပြန်မဖမ်းမိဘူး ဖြစ်သွားတယ်ကွယ်"
ဟု ဆိုလိုက်သည်။

ပြီးမှ သူမက လင်းယောင်အား
"ဒါနဲ့ မင်းက ပေကျင်းရောက်တာ ကြာပြီလား။ ဒီမှာဘဲ နေတာလား"
ဟု မေးလိုက်သည်။

လင်းယောင်က
"ဒီမှာဘဲ အလုပ်လုပ်နေရင်း နေတာပါဗျ။ ရောက်တာတော့ သိပ်မကြာသေးဘူးရယ်"
ဟု ပြန်ဖြေလိုက်သည်။

"အေးကွယ်။ နောက်ပိုင်းကျရင် ဒီကိုလာလည်ပေါ့ကွယ်"
ယွမ်ချီကျီက ခေါင်းတညိတ်ညိတ်ဖြင့် လင်းယောင်အား ဖိတ်မန္တကပြုလိုက်တော့သည်။

တကယ်တော့ သူမဟာ လင်းယောင် တစ်ယောက် ပေကျင်းကို ရောက်နေသည်အား ယွမ်ချူးရွယ် ပြောပြသဖြင့် သိရှိပြီးဖြစ်သည်။ ယခုကဲ့သို ပြောဆိုလိုက်ခြင်းဟာလည်း နှုတ်ဆက်စကားဆိုလိုက် သည့် သဘောပင်။

ယွမ်ရိတို့ဟာ အချိန် ခဏမျှ အနားယူရင်း အရင်တုန်း အကြောင်းများကို ပြန်လည်ပြောဆိုခဲ့ကြသည်။

ခဏမျှ အနားယူပြီးသွားသည့်နောက် သူတို့သုံးယောက်ဟာ အနားယူနေရာကနေ ထရပ်လိုက်ကြပြီး ပစ္စည်းပစ္စယများကို သယ်လျက် စက်ဘီးတွေပေါ်တင်ကြတော့သည်။

ထို့နောက် ယွမ်ချီကျီအား နှုတ်ဆက်လိုက်ကြပြီး စက်ဘီးကိုယ်စီ စီးလျက် မြို့အတွင်းသို့ ပြန်လာခဲ့ကြတော့သည်။

အလာတုန်းကကဲ့သို့ပင် သုံးဘီးစက်ဘီးအား လင်းယောင်ကဘဲ စီးနင်းခဲ့သည်။ မတူတော့သည်ကတော့ သုံးဘီးစက်ဘီးပေါ်တွင် ဝန်အပြည့်ဖြင့် ပြန်ပါလာခြင်းပင်။

လမ်းတစ်ဝက်လောက်ကို ရောက်တော့ ယွမ်ဟောင်ဂျန်က စက်ဘီးစီးနေရာကနေ ယွမ်ရိကို လှည့်ကြည့်ကာ
"အမ၊ ငါ အိမ်ကို မြန်မြန်စီးနှင့်တော့မယ်။ ဟိုရောက်ရင် ပစ္စည်းတွေ နေရာချဖို့ ရှင်းလင်းထားလိုက်မယ်"
ဟု ပြောလိုက်သည်။

ယွမ်ရိလည်း ခေါင်းညိတ်ကာ
"အေး၊ ဖြည်းဖြည်း စီးသွားနော်"
ဟု သတိပေးလိုက်၏။

ထို့နောက် ယွမ်ဟောင်ဂျန်တစ်ယောက် သူ့စက်ဘီးအား ဒုန်းပျံကြီးတစ်စင်းသဖွယ် လျင်မြန်စွာဖြင့် နင်းသွားတော့သည်။

ယွမ်ဟောင်ဂျန်တစ်ယောက် စက်ဘီးစီးလျက် အဝေးကို ပျောက်ကွယ်သွားသည်အား ကြည့်ပြီးသည့်နောက် ယွမ်ရိက လင်းယောင်ဘက်ကိုလှည့်ကာ
"ငါတို့လည်း ဖြည်းဖြည်းပဲ သွားကြတာပေါ့။အလျင်လိုစရာမှ မရှိတာ"
ဟု ပြောလိုက်သည်။

လင်းယောင်ကလည်း ခေါင်းညိတ်ကာ
"အင်း။ ဖြည်းဖြည်းသွားတာပေါ့"
ဟု ပြန်ပြောလိုက်၏။

ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်သွားကာ စက်ဘီးကိုဘဲ အာရုံစိုက်နင်းကြတော့သည်။

တစ်အောင့်ခန့်ကြာတော့ လင်းယောင်က ယွမ်ရိဘက်သို့ လှည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် မေးလျှင် သင့်တော်မည်လား၊ မသင့်တော်ဘူးလားဆိုသည်အား ဝေခွဲမရဖြ‌စ်နေဟန်တွေ ပေါ်ပေါက်လာသည်။

ထို့နောက် သူက ဆုံးဖြတ်ပြီးသွားဟန်ဖြင့် ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ၊ နင့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူ၊ ချစ်သူရည်းစား ရှိနေပြီလား"
ဟု မေးလိုက်တော့သည်။

ထိုသို့ မေးခွန်းလေး မေးဖို့အား လင်းယောင်အတော်လေး အားထုတ်ထားရသည်။ ယွမ်ရိထံမှ သူ့မေးခွန်းအား မငြင်းပယ်ဘဲ ထောက်ခံလိုက်မည်အား သူ့စိတ်ထဲ စိုးရွံ့လို့လည်း နေခဲ့၏။

ယွမ်ရိသည်လည်း လင်းယောင်ထံမှ ထိုကဲ့သို့ မေးခွန်းမျိုးကြားလိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။

သူမက အသံထွက်သည်အထိ ရယ်မောလိုက်ပြီးမှ
"မရှိပါဘူးဟယ်၊ ပေါက်ပေါက်ရှာရှာ"
ဟု ပြန်ဖြေလိုက်သည်။

ထိုအဖြေကိုကြားမှ လင်းယောင်လည်း စိတ်သက်သာရာရသွား၏။
"သေချာလို့လားဟ၊ နင့်ညီမတောင်မှ အိမ်ထောင်ကျသွားပြီနော်။ နင့်မှာ မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"
ဟု ထပ်ပြောရင်း လင်းယောင်က ယွမ်ရိအား စနောက်လိုက်သည်။

"တကယ်မရှိပါဘူးဆိုနေ"
ယွမ်ရိက လင်း‌ယောင်အား မျက်စောင်းလေး အသာကျွေးလျက် ပြန်ပြောလိုက်၏။

‌ကောလိပ်တက်စဉ်အခါတုန်းက အခြားသော သူတွေဟာ ချစ်မှုရေးရာထဲ နစ်မွန်းနေချိန် သူမကတော့ စာလုပ်လိုက်၊ ဈေးရောင်းထွက်လိုက်ဖြင့် အချိန်ကုန်နေသဖြင့် ထိုအချိန်များတုန်းက ကြင်ဖော်မရှာနိုင်ခဲ့ချေ။

ကောလိပ်ပြီးသွားတော့လည်း ရှဲ့တုန်းယန်ထံမှ ဖွင့်ပြောခံရဖို့ အခွင့်အလမ်းတွေ ကြုံခဲ့ရပေမယ့် ရှဲ့တုန်းယန်က ဖွင့်မပြောခဲ့ပါချေ။

အကယ်၍ ထိုအချိန်တွေတုန်းက ရှဲ့တုန်းယန်သာ ဖွင့်ပြောခဲ့လျှင်လည်း သူမအနေဖြင့် လက်ခံရမည်လား၊ ငြင်းဆန်ရမည်လားကိုလည်း ဆုံးဖြတ်နိုင်ခဲ့မှာမဟုတ်ပေ။

စက်မှု‌နဲ့ကူးသန်းရောင်းဝယ်ရေးဌာနတွင် အလုပ်ဝင်တော့ လုပ်ဖော်ကိုင်ဖက်တချို့က သူမအား ချဉ်းကပ်လာတာ‌မျိုးတွေလည်း သူမ ကြုံခဲ့ရသည်။ဒါပေမယ့် သူမဘက်က စည်းတချို့ထားခဲ့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now