အပိုင်း - ၁၁၈.၁
အပ်ချုပ်စက်ကလေးကို သယ်သွားသည့် ယွမ်ရိတို့စုံတွဲက တောင်အောက်ကို တဖြည်းဖြည်းဆင်းသွားရင်း မြင်ကွင်းကနေ တဖြည်းဖြည်းမှုန်ဝါးလာတော့သည်။ မကြာခင်မှာပဲ အိမ်တွေကြားနဲ့ တောအုပ်ကြားထဲမှာ ဒီမြင်ကွင်းလေးက တိုးလျှိုးပျောက်ကွယ်သွားတော့မယ့်အကြောင်း တွေးမိလိုက်တိုင်း ရင်ဘတ်ထဲ လစ်ဟာသွားသလိုပင်။
ယွမ်ရိ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အနောက်ပြန်လှည့်ပြီး သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်နဲ့ စကားပြောနေလိုက်လေသည်။ "ဦးလေးတို့ရော အလုပ်မသွားကြဘူးလား?"
"ဒီနှစ်ထဲ အခက်အခဲလေးတစ်ခုရှိနေလို့ဦးလေးကတော့ အလုပ်မလုပ်နိုင်ပါဘူးသမီးရယ်"
လူကြီးတစ်ယောက်က ပြန်ဖြေလိုက်သည်။ အခုဆိုမြို့ထဲ ဆောက်လုပ်ရေးတွေ ရှိနေရာ ရွာထဲကသူတွေအကုန်သွားကာ အလုပ် လုပ်ကြသည်လေ။ အိမ်မှာနေမယ့်အစား အုတ်ခဲသယ်နိုင်သူက အုတ်ခဲသယ်ကြလေသည်။ လူအိုတွေနဲ့ ကလေးတွေသာ အိမ်မှာကျန်ခဲ့တာများလေသည်။
"အပြင်ထွက် အလုပ်လုပ်တာလည်း တစ်မျိုးတော့ကောင်းတာပဲလေ။ ကလေးတွေ ကျောင်းပို့နိုင်တာပေါ့ ဦးလေးရဲ့။"
တောင်ပေါ်မှာ လမ်းကပိတ်နေကာ အခုထိလည်း လူသွားလမ်းဆိုတာမျိုး သေချာမလုပ်ပေးလာသေးချေ။
အခုဆို လူငယ်တွေအကုန် အလုပ်ထွက်လုပ်ကုန်ကြတာမလို့ တောင်ပေါ်မှာဆရာဆိုတာလည်း မရှိတော့သလို ကျောင်းဆောက်ဖို့ကလည်း ခဲယဉ်းသေးသည်။ ထို့ကြောင့် ကလေးတွေမှာ ကျောင်းစာမလေ့လာနိုင်ကြပေ။
ရှေ့ကလျှောက်နေတဲ့ သက်လတ်ပိုင်းဦးလေးကြီးက လှမ်းပြောလာလေသည်။ "အပြင်ထွက်လုပ်ကြတာ ကောင်းတာတော့ကောင်းပေမဲ့ ဒီကလူတိုင်းက ဒီတောင်နားပဲ ကြီးပြင်းလာကြတာလေ။ ငါတို့ဘိုးဘေးတွေဆိုတာလည်း ဒီမှာနေသွားကြတာဆိုတော့ တချို့ကတော့ ထွက်မသွားချင်ကြဘူးကွဲ့။ အခုဆိုရွာလေးက နှစ်ဝက်လောက်ကတည်းက တချို့ဆိုထွက်သွားကုန်ကြပေမဲ့ တချို့ကတော့ ထွက်သွားဖို့ငြင်းဆန်နေကြတုန်းပဲလေ"
တရုတ်လူမျိုး အတော်များများက သူတို့အရိုးအသားထဲကကို သူတို့မွေးရပ်မြေမှာသာ မသေခင်ထိ နေရင်နေမည် တခြားနေရာသို့မသွားနိုင်ဆိုသည့် စိတ်ကအမြစ်တွယ်တတ်ကြသည်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင်ပင်။
မနှစ်တုန်းကဆို ငွေပိုဝင်မည့် လမ်းမြင်တာမလို့ လူငယ်တွေဆိုတာ အပြင်ထွက်ပြီးအလုပ်လုပ်ဖို့ ဖိအားတွေပေးခံရလို့သာ အိမ်ကနေတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ကျန်ခဲ့တဲ့ မိသားစုထံ ငွေပို့နိုင်ကြတာပင်။
"အလုပ်ပြန်ထွက်လုပ်ရဦးမှာပေါ့ ဦးလေးတို့လည်း" ယွမ်ရိ သက်ပြင်းဖြည်းညင်းစွာချရင်း ပြောလိုက်သည်။
ဘယ်လောက်ပဲ မသွားချင်ပါဦး သွားရဦးမှာပင်။
သက်လတ်ပိုင်းဦးလေးကြီးနှစ်ယောက်က ယွမ်ရိအပ်ချုပ်စက်လေးကို သယ်ပေးလာကာ ယွမ်ရိလည်း သူတို့ကို နေ့လည်စာကျွေးလိုက်ပြီး ကျသင့်ငွေရှင်းကာ နောက်ဆုံး ကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ဆက်ခဲ့လိုက်လေသည်။
သူတို့ တောင်ဆင်းတောင်တက်လုပ်နေရတာ ပင်ပန်းနေကြရာ ယွမ်ရိတို့တွေ ပြန်ရောက်ရောက်ချင်း ဘူတာဆီတန်းမသွားပဲ နောက်တစ်ညဒီမှာပဲနားဖို့ ပြင်လိုက်ကြလေသည်။
ယွမ်ရိ ဒီကိုမရောက်တာကြာပြီဖြစ်ပေမဲ့ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ကတော့ ချန်ခွန်းမိဘတွေကို ကြည့်ဖို့ပြန်လာတတ်ကြလေသည်။
ချန်ခွန်းမှာ အကိုကြီးတစ်ယောက်ရှိကာ စစ်တပ်ထဲက ဌာနတစ်ခုမှာ အလုပ် လုပ်နေသူဖြစ်သည်။
ညစာစားပြီးကြတော့ သူတို့တွေထိုင်နေကြတုန်း ယွမ်ရိက အကြောဆန့်ရင်း ပြောလာသည်။ "ပင်ပန်းလိုက်တာ"
စကားပြောပြီးပြီးချင်း ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်ကာ "ဟယ်လို၊ ဘယ်သူလဲမသိဘူး?"
"ရှောင်ရိ၊ အန်တီလေးသုံးပါ။ သမီးတောင်အောက်ရောက်ပြီလား?"
ဖုန်းထဲမှ ယွမ်ချီကျီ၏အသံထွက်ပေါ်လာသည်။
"ဟုတ် ရောက်ပြီ အန်တီသုံး။ အခုမြို့ထဲက အဆောင်မှာ နားနေကြတာ? တစ်ညနားပြီးရင် မနက်ဖြန်ရထားနဲ့ပြန်ကြမလို့"
ယွမ်ရိက ပြန်ဖြေလိုက်သည်။
"အို၊ အိုခေ တောင်ပေါ်မှာတုန်းက ဖုန်းလိုင်းမကောင်းလို့နေမယ် အန်တီဖုန်းခေါ်လို့မရဖြစ်နေတာ သမီးရေ။ အဲ့ဒါသမီးရဲ့ အန်တီလေးက အရင်နှစ်ရက်လောက်ကတည်းက ဖုန်းဆက်ထားတာ။ အဲ့ဒါ သူ့သားချန်ဖုန်းနဲ့ချွေးမလေးက ပေကျင်းလာကြမလို့တဲ့။ သမီးလည်း ခုလင်းယောင်နဲ့ရှိနေတော့ တစ်ခါတည်း ချန်ဖုန်းကိုမနက်ဖြန်အဆောင်ကိုလာခိုင်းလိုက်ပြီး တခါတည်းထွက်လာကြလို့ရတာပဲလေ။"
ချန်ဖုန်းက သူမ၏အန်တီလေးဖြစ်သူ ယွမ်ချွေ့လန်၏ သားဖြစ်ကာ ယွမ်ရိနဲ့ဆိုလည်း အမျိုးတော်ကြသည်။
သူမတောင်ပေါ်မှာနေစဉ်တုန်းက ယွမ်ချွေ့လန်က သူမအမေအိမ် နွေဦးပွဲတော်ဆိုပြန်နေကြမလို့ တွေ့တတ်ကြပေမဲ့ နောက်ပိုင်း ယွမ်ရိတို့ ပေကျင်းရောက်ကြတော့ မတွေ့ဖြစ်ကြတော့ပေ။
ချန်ဖုန်းက လွန်ခဲ့သည့်သုံးနှစ်ကျော်လောက်ကတည်းက လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲကို ယွမ်ချီကျီနဲ့ ယွမ်ချန်းရှန်တို့ တက်ရောက်ပေးခဲ့ကြသေးသည်။
တစ်ယောက်နဲ့တစ်ယောက် ဝေးနေပေမဲ့ မောင်နှမတွေဆိုတာ အဆက်အသွယ်ရှိတတ်စမြဲပင်။ သို့သော် သူတို့နှစ်ယောက်ကတော့ အလုပ် အမြဲတစေရှုပ်နေတတ်ကာ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်နေကြသူတွေမလို့ အဲ့လောက် မဆက်သွယ်ဖြစ်ကြပေ။
သူတို့ ခုဆို ပေကျင်းမှာ စက်ရုံက အတည်တကျဖြစ်လာကတည်းက ယွမ်ချွေ့လန်ကို လာဖို့ ချန်ဖုန်းလက်ထပ်ကတည်းက ပြောပေမဲ့ လာဖို့ ငြင်းဆိုခဲ့သည်။
ယွမ်ချွေ့လန် မသွားတော့ ချန်ဖုန်းလည်း မသွားချင်ပေ။ သူ့အတွက် တောင်ပိုင်းမှာ အလုပ်လုပ်နေရတာက အခွင့်အလမ်းများတယ်ဟု ပြောမှသာ ပေကျင်းကို လာဖို့သဘောတူခဲ့လေသည်။
အခုမှ ရှားရှားပါးပါး သူတို့ဘက်ကစကာ ပြောလာတာမလို့ ယွမ်ရိလည်း "နောက်ဆုံးတော့ သူတို့တွေ ပေကျင်းလာတော့မယ်ပေါ့။ ရတယ် အန်တီ ကိစ္စမရှိဘူး သူတို့နဲ့ မနက်ဖြန်လာခဲ့လိုက်မယ်။"
"အေး အေး။"
ဖုန်းချလိုက်ပြီးတာနှင့် ယွမ်ရိက လင်းယောင်ကိုကြည့်ကာ ပြောလိုက်သည်။ "အန်တီလေးတို့က ယွမ်ချန်ဖုန်းနဲ့သူ့မိန်းမတို့ကို ပေကျင်းတစ်ခါတည်း ခေါ်ပြီးသွားဖို့ ပြောတာတဲ့"
"ဒါဆိုမနက်ဖြန် ခေါ်သွားကြတာပေါ့"
ပြောပြီးတာနှင့် ယွမ်ရိခြေထောက်တွေကို နှိပ်ပေးလာကာ "အိပ်ယာစောစောဝင်ကြရအောင်။"
သူတို့စောစောထပေမဲ့ သူတို့ထက် ချန်ဖုန်းနဲ့လျို့ဟုန်မေတို့က စောရောက်နေကြလေသည်။
ယွမ်ရိနဲ့လင်းယောင်တို့ ရေမိုးချိုးပြီးတာနှင့် သူတို့ရောက်လာကြတာဖြစ်လေသည်။
မတွေ့တာ ခြောက်နှစ်လောက်ရှိပြီဖြစ်ရာ ယွမ်ရိသိပ်မမှတ်မိပေ။ ချန်ဖုန်းကလည်း သူမကို မမှတ်မိပေ။ သို့သော် နှစ်ယောက်သား သေချာအောင် မေးမြန်းပြီးကာမှ အတူတူအဆောင်ကနေ ထွက်လာခဲ့လိုက်ကြသည်။
လူလေးယောက် စကားတပြောပြောနှင့် ထွက်လာကြကာ "အရင်မနက်စာ သွားစားကြမယ်နော်"
ချန်ဖုန်းတို့က ခေါင်းခါပြလာကာ "အိမ်က စားလာခဲ့ကြလို့ သွားစားနှင့်ကြလေ။ ဒီနားမှာပဲ စောင့်နေလိုက်မယ်"
သူတို့စားပြီးပြီဆိုလို့ ယွမ်ရိနဲ့လင်းယောင်တို့ မနက်စာဆိုင်လေးထဲဝင်ကာ အမြန်စားလိုက်ကြပြီး တစ်ခါတည်း ချန်ခွန်းတို့အိမ် တစ်ခါထပ်သွားကာ အပ်ချုပ်စက်လေးနှင့် ခရီးဆောင်အိတ်တို့ကို သွားယူလိုက်ကြလေသည်။
အထုပ်အပိုးတွေရယ် အပ်ချုပ်စက်ရယ်နှင့် လူတစ်စုက ကားလေးပေါ် ထိုင်လိုက်ကြပြီး တစ်ဖက်က ချန်ဖုန်းတို့ အိတ်ကိုကြည့်လိုက်ကာ ယွမ်ရိက မေးလာလေသည်။ "အထုပ်အပိုးတွေ အများကြီးသယ်လာကြတာပဲ"
ချန်ဖုန်းနဲ့လျို့ဟုန်မေတို့က အသက်အားဖြင့် ၂၅ သို့မဟုတ် ၂၆ သာသာအရွယ်ဟု ထင်ရလေသည်။ အဘယ်ကြောင့်ဆိုသော် ဒီလူငယ်လေးတွေက အပြင်ထွက်အလုပ်လုပ်ကြသူတွေမလို့ ဖက်ရှင်အမြင်ရှိကြလေသည်။
သို့သော် ယွမ်ရိတို့ကို ရှိန်နေပုံပေါ်ကာ "ဟုတ်၊ အိမ်မှာရှိတဲ့ ဟာလေးတွေပါပဲ"
ယွမ်ရိ ဒါသူတို့အတွက် တစ်ခုခုယူလာတာပဲဟု သဘောပေါက်လိုက်လေသည်.
ဒါကတော့ သူတို့သဘော ဖြစ်တာမလို့ ယွမ်ရိ ပြုံးလိုက်ကာ "ရပါတယ်၊ အဲ့လောက်တွေ သယ်လာစရာမလိုပါဘူး။ ခရီးကလည်း ဝေးတာကို သယ်ရတာလေးမှာပေါ့"
"ကျွန်တော့်အမျိုးတွေဆီ ကျွန်တော်လက်ဗလာနဲ့တော့ လာနိုင်ပါ့မလားဗျာ?"
ရွာဘက်ဆိုတာ ပိုက်ဆံကလည်း အဲ့လောက် ဈေးကြီးပြီး ကောင်းတဲ့ဟာတွေ မဝယ်နိုင်ပေ။ ပြီးတော့ ထိုအစား ဈေးပေါသည့်ဟာတွေတာရှိတာမလို့ သူတို့ ခြံထွက်တွေနှင့် တစ်ပါတည်း စိတ်ရင်းကို ထည့်လာကြပုံပင်။
သူမ ပေးလာတာကို လှမ်းယူလိုက်ကာ ထိုအကြောင်း ဘာမှတော့ မပြောလိုက်တော့ပေ။ ချန်ဖုန်းကိုပြီးမှ ထပ်မေးလာကာ၊ "အိမ်မှာရော အကုန်အဆင်ပြေရဲ့လား?"
"ဟုတ် ပြေပါတယ်။ အခုကလည်း ပြန်လည်နေရာချထားရေးမလား? ကျွန်တော်တို့ဆို တောင်ပေါ်ကနေ ရွှေ့လာကြရတာ"
"အစိုးရဘက်က စီစဉ်ပေးလာတဲ့ ပြန်လည်နေရာချထားရေးဘက်က နေရာတွေကကော?"
ယွမ်ရိက သူမ သိချင်သော အကြောင်းအရာများကို မေးမြန်းတော့သည်။
လျို့ဟုန်မေက ပြောပြလာသည်။ "အဆင်ပြေပါတယ်။ ဒါပေမယ့် တောင်ပေါ်မှာနေရတာတော့ ပိုကောင်းတာပေါ့။ ခုဆို အိမ်တိုင်းမှာ အိမ်ဂရမ်ရော အိမ်တစ်လုံးရော ပိုင်နေကြပေမဲ့ မြေနေရာက စိုက်ပျိုးဖို့မကောင်းတော့ ကျွန်မတို့ကိုယ့်ဟာကိုယ် မြေက ဝယ်ရပြန်ရော။ အရင်နှစ်တွေကဆို စိုက်ပျိုးရေးက ထင်သလောက် မဖြစ်ပါဘူး။"
ထိုမြေနေရာတွေက တောင်ပေါ်လို စိုက်လို့ကောင်းသည့်မြေမဟုတ်သလို မြေဆီလည်း မရှိတာမလို့ သီးနှံတွေ ထင်သလောက် မဖြစ်ထွန်းပေ။
"ဒါဆို အဲ့ဘက် ပြန်ဖြစ်ကြဦးမှာလား?"
ချန်ဖုန်းက ပြုံးကာ ပြောလာလေသည်။ "လယ်ဘက်ကို ပြန်မယ်ဆို ကျွန်တော်တို့ ဒီကို လိုက်ဖြစ်ပါ့မလား? ဟုန်မေနဲ့ကျွန်တော်က ပိုက်ဆံရဖို့ အပြင်ထွက် အလုပ်လုပ်ကြမှာလေ။ မိဘတွေကပဲ စိုက်ပျိုးရေးလုပ်ပြီး ကလေးတွေကို စောင့်ရှောက်ပေးထားမယ်တဲ့။ ကျွန်တော်တို့ အရုပ်လေးကြီးလာလို့ လက်ထပ်ရင် ဒါတွေက သူ့အတွက်ပဲလေ"
"ပေကျင်းကို အဲ့တုန်းက အန်တီလေးတို့ကို ခေါ်မလာခဲ့တာ အမတို့ကို အပြစ်တင်သေးလား?"
ကြားကြားချင်း ချန်ဖုန်း အလျင်အမြန်ငြင်းလာကာ "မဟုတ်တာ၊ အမေတို့ အဲ့လိုမထင်ပါဘူး မမရယ်။ သူပြောတာကာ မိသားစုတစ်ခုမှာ သူတို့ဦးဆောင်စရာရှိတာ ဦးဆောင်လုပ်ကြရတာပဲလေ။ တစ်ယောက်အပေါ်တစ်ယောက် အရမ်းမှီခိုနေလို့မှမဖြစ်တာ လူတိုင်းမှာလည်း မိသားစုဆိုတာရှိကြတာပဲဆိုပြီးပဲ ပြောတာပါ"
ထိုစကားကို ယွမ်ရိ ခေါင်းညိတ်ပြလိုက်ကာ "အခုလို မြို့ပေါ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့လည်း ဘာမှတွေးပူမနေနဲ့တော့ ဟုတ်ပြီလား။ ဒီမှာအလုပ်ကြိုးစား၊ ပိုက်ဆံတွေလည်း အများကြီးရှာပြီး အိမ်တစ်လုံးပါ ဝယ်နိုင်အောင် ကူပေးမယ် ဟုတ်ပြီလား။ ဒီမှာ အခြေကျပြီဆိုတာနဲ့ အန်တီလေးနဲ့ဦးလေးရော၊ ကလေးလေးတွေပါ ခေါ်လို့ရပြီလေ နော်"
အကုန် သူတို့ကူညီနိုင်သလောက် ကူညီပေးရမည်။
ထိုအချိန်တုန်းက သူမအန်တီချွေ့လန်တို့ကို မခေါ်ဖြစ်ခဲ့ပေ။ ပြောရမယ်ဆိုရင် အဲ့တုန်းက အဲ့လောက်လည်း မရင်းနှီးကြရာ သူမနဲ့မရင်းနှီးတဲ့သူကို တစ်ပါတည်းခေါ်ဖို့အထိ သူမ မစွန့်စားရဲခဲ့ပေ။