အပိုင်း - ၄
အဖွား လျူရှင်းဟွာလည်း ယွမ်ချန်းကွေ့ကို ကြည့်ကာ ခေါင်းတယမ်းယမ်းဖြင့် အခန်းထဲ ပြန်ဝင်သွားတော့သည်။
ယွမ်ရိလည် သူမ အဖွားထွက်သွားတာနဲ့ သူမ အခန်းထဲ ပြန်ဝင်လာခဲ့လိုက်တော့သည်။
အခန်းတစ်ခု အတွင်းမှာတော့ အဖိုး ယွမ်ကျီကောင်း ထိုင်နေကာ လျူရှင်းဟွာ ဝင်လာတာကို မြင်လျှင် ...
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"
လို့ မေးလိုက်သည်။
အဖွား လျူရှင်းဟွာလည်း အဝတ်အထည်အစုတ်အပြဲ တချို့ရယ်၊ အပ်နဲ့ အပ်ချည်ရယ်ကို ယူကာ ကုတင် အစွန်းမှာ ထိုင်ရင်းနဲ့ ...
"ယွမ်ချန်းကွေ့တို့ ကြည့်ရတာ အိမ်ထောင်သက်သက် ခွဲချင်နေပြီ ထင်တယ်"
ယွမ်ကျီကောင်က ...
"အင်း။ သူတို့ လင်မယား နှစ်ယောက်က သူတို့ကိုယ် သူတို့ ဉာဏ်ထက်လှပြီ ထင်နေကြတာ။ သူတို့ရဲ့ ဟန်ဆောင်မူတွေ အကုန်လုံး ငါတို့က မျောက်ပွဲ ကြည့်သလို ကြည့်နေတာကိုတော့ မသိကြရှာဘူး"
လျူရွယ်ဟွားက မေးလိုက်၏။
"ရှင် ဘာဆက်လုပ်မှာလဲ"
ယွမ်ကျီကောင်းက ခေါင်းယမ်းလျက် ...
"ငါတို့က ဘာများ လုပ်နိုင်ဦးမှာမို့လို့လဲ။ သူတို့ဘက်က လုပ်ချင်သလိုသာ လုပ်ကြပါလေ့စေတော့ကွာ"
နေ့လည်ခင်း ရောက်တဲ့အခါမှာ ယွမ်ရိက ကြက်ဥခြင်း နှစ်ခြင်းကို ကိုင်စွဲလျက် ယွမ်မိသားစု အိမ်ကနေ ထွက်လာခဲ့တော့သည်။
စက်ချုပ်သမား ရှိရာ ရွှေသရဖူ ကျေးရွာက သူမတို့နေထိုင်သည့် ဖန်းယန် ကျေးရွာနဲ့ ယှဉ်လျှင်တောင်အောက်ဘက် ပိုကျယ်၏။ ဒါ့ကြောင့် ယွမ်ရိလည်းတောင်ဆင်း လမ်းလေး တစ်လျှောက် ဆင်းလာကာရွှေသရဖူ ရွာထဲ ဦးတည်လိုက်တော့သည်။
ရွှေသရဖူ ရွာကို ရောက်တဲ့အခါမှာ ယွမ်ရိလည်းစက်ချုပ်သမား၏ အိမ်ကို လိုက်ရှာရတော့သည်။
စက်ချုပ်သမားဟာ တစ်ယောက်တည်းသမား ဖြစ်ပေမယ့် သူ့ရဲ့အိမ်ကတော့ သေးငယ်ခြင်း မရှိပေ။ ခြံဝန်းကိုလည်း သပ်သပ်ရပ်ရပ် ကာရံထားကာ ခြံတံခါးမှာလည်း 'နိုင်ငံတော် အပ်ချုပ်ဆိုင် 'ဆိုသည့်ကောက်ကွေးနေသော လက်ရေးများဖြင့် ရေးထားသည့် ဆိုင်းပုဒ်ကို ချိတ်ဆွဲထားသေးသည်။
ဤအပ်ချုပ်ဆိုင်ဟာ ဖန်းမင်းတောင်ပေါ်မှာ ရှိသည့်တစ်ခုတည်းသော အပ်ချုပ်ဆိုင် ဖြစ်၍ ဤဆိုင်၏ စီးပွားရေး မည်မျှ ကောင်းမည်ကို မှန်းဆဖို့က လွယ်ကူလွန်းလှပေသည်။ အခြားသောသူမျာအတွက် အသီးအရွက်နဲ့ ဆန်ပြုတ်တို့က ကောင်းမွန်စွာ စားသောက်ဖို့ လုံလောက်နေချိန်မှာအပ်ချုပ်ဆိုင် ပိုင်ရှင်ကတော့ အသား၊ ငါးများဖြင့်အစားကောင်း၊ အသောက်ကောင်း နေနိုင်ပေသည်။
သည်နေ့မှာတော့ စက်ချုပ်သမား လူအိုကြီးကအပြင် မထွက်ဘဲ သူ့အိမ်ထဲမှာဘဲ ရှိနေကာ ခြံတံခါးကိုလည်း အကျယ်ကြီး ဖွင့်ထား၏။
ယွမ်ရိလည်း ခြံထဲကို အသာချောင်းကြည့်လိုက်သည်။ ခြံထဲမှာ စပျစ်ပင် တချို့ စိုက်ပျိုးထားပြီးအနီးမှာတော့ အဝါရောင် ကြောင်တစ်ကောင်ကို ပွေ့ကာ နောက်မှီ ကုလားထိုင်ပေါ် ဇိမ်ယူနေသည့် လူအိုကြီးတစ်ယောက်ကိုပါ သူမ မြင်တွေ့လိုက်ရတော့သည်။
ယွမ်ရိလည်း တံခါးကို ခေါက်ကာ အသံပေးလိုက်၏။
'ဒေါက်၊ ဒေါက်'
တံခါးခေါက်သံ ကြားတာနဲ့ စက်ချုပ်သမားအဖိုးကြီးက ခေါင်းထောင်ကြည့်ကာ ...
"ဝင်ခဲ့"
ယွမ်ရိလည်း ကိုယ့်ကိုကိုယ့် သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင် ပြင်ဆင်လျက် အထဲကို ဝင်သွားလိုက်တော့သည်။
သူမကို မြင်တာနဲ့ စက်ချုပ်သမား အဖိုးကြီးက
"အဝတ်အစား ချုပ်ချင်လို့လား"
စက်ချုပ်သမား အဖိုးကြီးဟာ အသက် ခုနှစ်ဆယ်ကျော်နေပြီ ဖြစ်ကာ တစ်ခေါင်းလုံးမှာ ရှိသည့် ဆံပင်တွေ အကုန် ဖြူဖွေးနေပြီ ဖြစ်သည်။ မျက်နှာပေါ်မှာလည်း ပါးရေ၊ နားရေတွေ တွန့်နေပြီ ဖြစ်ရာအရေးအကြောင်းများဖြင့် ပြည့်နေပြီ ဖြစ်၏။
ယွမ်ရိလည်း ကြက်ဥခြင်းများကို အဖိုးအို ရှေ့တိုးပေးလိုက်ကာ ...
"အဖိုး၊ ဒါတွေ အဖိုးအတွက် လက်ဆောင်ပါ၊ ကျွန်မက ဖန်ယန်ရွာက ယွမ်ကျီကောင်းရဲ့မြေးမ ယွမ်ရိပါ။ ကျွန်မ ဒီကို ရောက်လာခဲ့တာက အဝတ်အစားချုပ်တာတွေ သင်ယူချင်လို့ ရှင့်"
ထိုစကားကို ကြားတာနဲ့ အဖိုးကြီးက သူ့ရဲ့ လက်ထဲမှာ ပွေ့ထားသည့် ကြောင်ဝါကြီးကို အောက်ချလိုက်သည်။ ပြီးတော့ ယွမ်ရိအား အထက် အောက် စုံဆန်ကြည့်ကာ ...
"အဝတ်အထည် ချုပ်တယ်ဆိုတာ လူတိုင်း သင်လို့ တတ်တာ မဟုတ်ဘူးနော်။ မင်း သင်ချင်တယ်ဆိုတာက သေချာလို့လား"
ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး ...
"သေချာပါတယ်။ ကျွန်မ တကယ်ကို အဝတ်အထည် ချုပ်တတ်ချင်တာပါ"
အဖိုးကြီးလည်း ခေါင်းတညိတ်ညိတ်ဖြင့် ...
"ဒါဆိုရင်လည်း ကောင်ပြီလေ။ မင်းသာအဝတ်အထည် ချုပ်တာကို သင်ချင်ရင် မင်းရဲ့လက်ထဲက ကြက်ဥတွေကို ချထားလိုက်၊ ပြီးရင် အိမ် သန့်ရှင်းရေး သွားလုပ်ချည်"
ထိုအဖိုးကြီး၏ စကားကြောင့် ယွမ်ရိဟာ တစ်ခုခုပြန်ပြောဖို့ ပြင်လိုက်သော်လည်း နောက်ဆုံးမှာ ဘာမှ မပြောဖြစ်တော့ပေ။ လူပျိုကြီး စက်ချုပ်သမားတစ်ယောက်ထံမှာ တပည့်ခံဖို့အတွက် ယွမ်ရိဟာအနီမှာ ရှိသည့် တံမြက်စည်းကို ကောက်ကိုင်ပြီးသန့်ရှင်းရေး စလုပ်ရတော့သည်။
ယွမ်ရိ တစ်ယောက် အိမ်ထဲမှာရှိသည့် ကြမ်းခင်တွေကို သုတ်ပေး၊ လူအိုကြီးရဲ့မလျှော်ရသေးသည့်အဝတ်များကို လျှော်ဖွတ်ပေးနဲ့ အဖိုးကြီး၏ တစ်အိမ်လုံးကို ပြောင်းလက်သွားအောင် သန့်ရှင်းရေးလုပ်ပေးခဲ့၏။
ဖန်းမင်းတောင်ပေါ်မှာ အခြားသော လူများနဲ့ ယှဉ်ရင် အဖိုးကြီး၏ နေထိုင်မှုကသုခဘုံမှာစံစားနေသည့်အတိုင်းပင်။ ထိုအဖိုးကြီးထံမှာ မက်မွန်အရသာ ကိတ်ခြောက်တွေ၊ ပျားရည်တွေ အစရှိသဖြင့် အမျိုးမျိုး ပြည့်နေသော ကြောင်အိမ်တစ်လုံးကိုလည်း ပိုင်ဆိုင်ထားသေးသည်။
နောက်ထပ် နေရာတစ်ခုကိုလည်း ယွမ်ရိ သန့်ရှင်းရေး လုပ်ပေးခဲ့၏။ ထိုနေရာကတော့ အဖိုးကြီး အဝတ်အထည်များကို ချုပ်လုပ်ရောင်းချသည့် ဆိုင်ခန်းလေးပင်။ ဆိုင်ခန်းလေးအတွင်းမှာ အပ်ချူပ်စက်နဲ့ မီးကြွေအိုးတို့ ကဲ့သို့ စက်ကိရိယာ အချို့ရှိနေပါသည်။ ဆိုင်ခန်းအတွင်း အဝတ်အစားများချိတ်ဖို့ ကြိုးတန်းများလည်း ရှိနေကာ ထိုတန်းတွေမှာ ချုပ်ပြီးသွားသည့် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ချိတ်ထားတာကိုလည်း ယွမ်ရိမြင်တွေ့ခဲ့ရသည်။
အခန်း အားလုံးကို သန့်ရှင်းပြီးသည့်နောက် နေဝန်းကြီးကလည်း အနောက်ဂေါယာဆီ ပြန်ဝင်တော့မည် ဖြစ်သည်။ အပြင်ဘက်မှာတော့ အဖိုးအိုဟာမျက်စိများကို မှိတ်လျက် ကုလားထိုင်မှာ ထိုင်ရင် ဇိမ်ယူတာ မပျက်ခဲ့ပေ။
အဖိုးအိုက ယွမ်ရိ အပြင်ထွက်လာတာကို ခံစားမိတာနဲ့ မျက်စိ ဖွင့်ကြည့်လိုက်သည်။ ထို့နောက်မောပန်းနွမ်းနယ်နေပုံပေါ်သည့် ယွမ်ရိအား
"ဒီနေ့ မိုးချုပ်တော့မှာမို့လို့ ပြန်လိုက်တော့။ မနက်ကျရင် အဝတ်အထည် ချုပ်နည်းတွေ သင်ပေးမယ်"
ယွမ်ရိဟာ ထိုစကားကို ကြားတာနဲ့ သူမ ခံစားနေရသည့် ပင်ပန်းမှုတွေ အကုန် ပျောက်သွားပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရတော့သည်။ ထို့နောက်ဝမ်းသာ အားရ ပြုံးလိုက်ပြီး ...
"ဟုတ်ကဲ့ပါ ရှင့်။ မနက်ဖြန် မနက်ကျရင် ပြန်လာခဲ့ပါ့မယ်"
ကြောင်ဝါကြီးကလည်း ယွမ်ရိ၏ ခြေထောက်များအား ပွတ်သပ်ရင်းဖြင့် နှုတ်ဆက်နေခဲ့သည်။ ယွမ်ရိလည်း ကြောင်ဝါကြီး၏ ခေါင်းအား နှစ်ချက်ခန့် ပုတ်ကာ အိမ်ကို ပြန်ခဲ့လိုက်တော့သည်။
သူမသည် တောင်ပေါ် လမ်းတလျှောက် ခြင်းအလွတ်လေး နှစ်လုံးကို ကိုင်ကာ သီချင်းသံ တချို့ကို ညည်းရင်းဖြင့် အိမ်ကို ပြန်လာခဲ့သည်။
ဒုတိယအဒေါ် ဆန်းရှောင်ဟိုင်က သူမ၏ မိဘအိမ်ပြန်သွားပြီ ဖြစ်၍ ညစာ စားပွဲ၌ လူတစ်ယောက်လျော့နေခဲ့၏။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး မိသားစုအတွင်း ဘယ်သူမှ စကား မစခဲ့ပေ။
အဖွား လျူရှင်းဟွာက ယွမ်ရိအား ...
"စက်ချုပ်တဲ့ အဖိုးကြီးက မင်း ကြက်ဥတွေကိုတော့ ယူခဲ့သားပဲ။ ဆိုတော့ မင်းကို အဝတ်အထည် ချုပ်နည်းတွေ သင်ပေးလိုက်ရဲ့လား"
ယွမ်ရိဟာ ချက်ချင်း မဖြေသေးပဲ ဟင်းရည်ပန်းကန်လုံးကို အရင် မော့သောက်လိုက်သည်။ ပြီးသွားမှသာ ...
"ဒီနေ့တော့ သူ့ရဲ့ အိမ်ကို သန့်ရှင်းရေး လုပ်ပေးခဲ့ရတာ၊ မနက်ဖြန်ကျမှ အဝတ်ချုပ်နည်းတွေ သင်ပေးမယ်တဲ့"
ယွမ်ရိ၏ စကားဆုံးတာနဲ့ ယွမ်းချန်းကွေ့က ...
"ဟမ်၊ ကြက်ဥတွေလည်း ပေးရသေးတယ်၊ သန့်ရှင်းရပါ ကူလုပ်ပေးခဲ့ရသေးတယ်ဆိုတော့ အဲ့အဖိုးကြီးက ရှောင်ရိကို လှည့်စားနေတာ ဖြစ်မယ်။အမှန်တကယ် သင်ပေးချင်လို့ မဖြစ်နိုင်ဘူး"
လို့ ခေါင်းတယမ်းယမ်းဖြင့် ကြက်ဥများကို နှမျောသည့်ပုံ လုပ်ကာ ပြောလိုက်သည်။
ရှောင်ရိလည်း သူမ၏ ဒုတိယ ဦးလေး ယွမ်ချန်းကောင်းအား စေ့စေ့ကြည့်လျက် ...
"ဒုတိယ ဦးလေး။ စက်ချုပ်တဲ့ အဖိုးက လှည့်စားတာ မဟုတ်ပါဘူး"
ယွမ်းချန်းကောင်းက ခေါင်းတယမ်းယမ်းဖြင့် ...
"ရှောင်ရိရေ။ အဝတ်ချုပ်တယ်ဆိုတာက ပင်ကို အရည်အချင်းကလည်း လိုတဲ့အပြင် အိမ်က ငွေကြေး ထောက်ပံ့နိုင်မှ ရမယ်ကွ။ မင်း ကြည့်၊ အခု အိမ်က ထမင်းစားပွဲပေါ်မှာတောင် ဟင်းနည်းနည်းလေးပဲ ရှိတော့တာကို မင်း မမြင်ဘူးလား"
ယွမ်ချန်းကွေ့၏ စကားများဟာ အဆိုးဘက်ကိုဦးတည်နေပြီ ဖြစ်၍ အဖွား လျူချင်းဟွာလည်း ဝင်ပါရတော့သည်။
"ချန်းကွေ့။ မင်း တူမလေး အထည်ချုပ် သင်တာနဲ့အိမ်မှာ အသားဟင်း မချက်တာနဲ့က ဘာမှမဆိုင်ဘူးနော်။ မင်းရဲ့ ငါးယောက်မြောက် ညီငယ်ကိုအိမ်ထောင်ပြုရာမှာ တင်တောင်ဖို့ အခုတည်းက ငွေစုနေတယ်ဆိုတာ ပြောပြီးသားလေ။ မင်း နားမလည်ဘူးလား"
ယွမ်ကျီကောင်းက သူ့ မိန်းမကို ဝင်ထိန်းလိုက်၏။
"ထားလိုက်ပါတော့ဟာ"
ထို့နောက် ယွမ်ချန်းကွေ့ဘက် လှည့်ကာ ...
"မင်းရဲ့မိန်းမ ထွက်သွားတာကို ဘယ်အချိန် ပြန်သွားခေါ်မှာလဲ"
ယွန်ချန်းကွေ့က ...
"ရှောင်ဟိုင်က အိမ်ခွဲပြီး မနေမချင်း ကျွန်တော်နဲ့အတူတူ မနေဘူးလို့ အပြတ် ပြောထားခဲ့တယ်"
လို့ ပုံမှန် စကားတစ်ခု အလား သွေးအေးစွာ ပြောလိုက်၏။
ထို့နောက် ထမင်းစားဝိုင်းလေးဟာ တိတ်ဆိတ်သွားတော့သည်။
ညစာ စားပြီးတာနဲ့ ယွမ်းကျီကောင်းနဲ့ လျူရှင်းဟွာတို့ နှစ်ယောက် သူတို့ အခန်းထဲမှာပဲ သီးသန့် စကား ပြောခဲ့ကြသည်။
လျူရှင်းဟွာက ...
"ရှင် ဘယ်လိုထင်လဲ"
ယွမ်ကျီကောင်းဟာ ဆေလိပ်တစ်လိပ် ကြိတ်ခဲလျက် ...
"ဟူး ဘာတတ်နိုင်မှာလဲဟာ။ သူတို့က အိမ်ခွဲဖို့ ဆုံးဖြတ်ထားမှတော့ ငါတို့ဘက်က စီစဉ်ပေးလိုက်ကြရုံပေါ့။ သူတို့ မိသားစု ငါးယောက်စာ အိုးခွက်ပန်းကန်တွေ ထည့်ပေးလိုက်ပါကွာ"
မိခင် တစ်ယောက်အနေနဲ့ လျူရှင်းဟွာဟာ သူမ၏ သား ယွမ်ချန်းကွေ့အပေါ် အလွန် ဒေါသထွက်နေခဲ့သည်။ လူတစ်ယောက်အနေနဲ့ မိသားစု အပေါ်မှာကောင်းတာတွေ လုပ်မပေးနိုင်ရင်နေ၊ မကောင်းတာတွေ လုပ်ပြီး ဒုက္ခရောက်အောင် မလုပ်သင့်ပေ။
ယွမ်ချန်းကွေ့ လက်မထပ်ခင် အချိန်တုန်းကလည်းလက်ထပ်သည့်အခါ တင်တောင်းနိုင်အောင်ယခုကဲ့သို့ပင် ငွေရေးကြေးရေးကို စုဆောင်းခဲ့ကြရသည်။ သူ လက်ထပ်ပြီး သားသမီးတွေ ရတော့လည်း သည်မိသားစုကပဲ ပျိုးထောင် ပေးခဲ့ကြ၏။ ဒါကိုတောင်မှ ယွမ်ချန်းကောင်ဟာ မိသားစုအတွင်းကနေ ခွဲထွက်ဖို့ လုပ်ဆောင်နေခဲ့သည်။
ဒါ့ကြောင့် လျူရှင်းဟွာက ဒေါသလည်း ထွက်သလိုစိတ်မကောင်းလည်း ဖြစ်နေခဲ့သည်။
'ကလေးတွေအပေါ် ငါ့ရဲ့ ပြုစု ပျိုးထောင်မှု နည်းလမ်းတွေများ မှားယွင်းခဲ့လို့လား'
ထို့နောက် အသက်ပြင်းပြင် ရှူလိုက်ကာ ...
"ထားလိုက်ပါတော့။ သူတို့တွေ တစ်နေ့ကျနောင်တရလာလိမ့်မယ်"
ယွမ်ကျီကောင်းက ...
"ကဲ၊ ပြီးခဲ့တာတွေ ပြီးပါစေတော့။မင်းရဲ့ မြေးမရှောင်ရိနဲ့ ပတ်သတ်ပြီး အိမ်က ပစ္စည်းတွေကိုလည်း သိပ်မဖြုန်းတီးနဲ့တော့"
ယွမ်ကျီးကောင်း စကားကြောင့် လျူရှင်းဟွာက မျက်စောင်းခဲလျက် ...
"ရှင်က ရှင့် မြေးမအပေါ် ယုံကြည်မှု နည်းနည်းလေးထားလို့ မရဘူးလား။ သူမ, မကြိုးစားရသေးဘဲနဲ့ဘယ်လိုလုပ်ပြီး အဝတ် မချုပ်တတ်ဘူးလို့ ပြောနိုင်ရမှာလဲ။ ဒါ့ကြောင့် သူမကို အခွင့်အရေး တစ်ခုလောက်တော့ ပေးလိုက်စမ်းပါရှင်"
နောက်ဆုံး ယွမ်ကျီးကောင်း လက်မြှောက်လိုက်ရကာ ...
"ကောင်းပါပြီကွာ။ မင်းရဲ့ မြေးကို မင်း သဘောစိတ်ကြိုက်သာ မြေတောင် မြှောက်ပေးလိုက်ပေတော့"
"အောင်မယ်။ ဒီလူကြီးကတော့ စကားပြောတာ ကျွန်မကို ရွဲ့နေသလိုဘဲ။ အသက်ကြီးလာတော့ ကျွန်မ လက်ချက်ကို မေ့နေပြီ ထင်တယ်။ ဘယ်လိုလဲ အတွေ့အကြုံလေးတွေ ပြန်ခံစားချင်သေးလို့လား"
အဖွား လျူရှင်းဟွာက အင်္ကျီလက်တွေကို ခေါက်ပင့်လျက် အဖိုး ယွမ်ကျီကောင်းအား ပြောလိုက်လေတော့သည်။