အပိုင်း - ၁၁၈.၂
ချန်ဖုန်းကတော့ အဲ့လောက်မတွေးပေ။ သူ ပေကျင်းမှာ အလုပ်လုပ်မယ်၊ ပိုက်ဆံရှာမယ်။ သူ တောင်ဘက်သွားလုပ်တုန်းက အဆင်မပြေတာမလို့ ထပ်မသွားချင်ပေ။ ထို့ကြောင့် ယွမ်ချွေ့လန်လည်း ယွမ်ချီကျီတို့ကို အကူအညီတောင်းလိုက်ရခြင်း ဖြစ်လေသည်။
ကားလေးပေါ် လှုပ်လီလှုပ်လဲ့ စီးနေသည့် သူ့ဘေးကလျို့ဟုန်မေကို တစ်ချက်ကြည့်လိုက်လေသည်။ ပြီးမှ ယွမ်ရိကို ကြည့်ကာအသံတိုးတိုးလေးနှင့် ပြောလာလေသည်။ "မမ...ကျွန်တော်....ကျွန်တော်တို့မှာလေ...အဲ့လိုမြို့ပေါ်မှာလုပ်ဖို့ အရည်အချင်းမရှိဘူးနော်"
သူတို့ဆိုတာ တောင်ပေါ်မှာပဲ ကြီးပြင်းလာသည့် ကလေးတွေဖြစ်တာမလို့ ပေကျင်းတက်ပြီး အိမ်ဝယ်ဖို့လောက်ထိ မတွေးဖူးပေ။
ချန်ဖုန်းမျက်နှာကိုကြည့်ကာ ယွမ်ရိ ပြောလိုက်လေသည်။ "အဲ့ဒါကတော့ ရောက်မှ ကြည့်ကြတာပေါ့။"
"ဟုတ်ကဲ့ပါ မမ။"
ကားလေးက ဘူတာသို့မောင်းလာလိုက်ကာ ကားထဲလင်းယောင်နဲ့လျို့ဟုန်မေတို့ကတော့ စကားသိပ်မပြောကြပေ။ ဘူတာရောက်တာနဲ့ အိတ်ကြီးအိတ်ငယ်ချကာ ရထားပေါ်တက်လာလိုက်ကြလေသည်။
ကားပေါ်မှာကတည်းက ဟိုယိမ်းဒီယိမ်းနှင့်မလို့ ပင်ပန်းနေကြရာ ရထားပေါ်ရောက်တာနှင့် မျက်လုံးမှိတ်ကာ နားသူကနား၊ ပြတင်းကနေ ရှုခင်းကြည့်ရင်း စကားစမြည်ပြောသူက ဆက်ပြောနေလိုက်ကြလေသည်။
နောက်တစ်နေ့မနက်။
ရထားကြီးက ဘူတာတစ်ခုရောက်တော့ ဥသြမြည်သံပေးလာကာ သူတို့လည်း ကိုယ့်အိတ်ကိုယ်သယ်ကာ ချန်ဖုန်းတို့က အိတ်ကြီးအိတ်ငယ်တွေ၊ လက်ဖက်ခြောက်အိတ်တွေကိုသယ်ကာ အတူတူထွက်လာခဲ့ကြလေသည်။
ကားထဲ ထည့်စရာပစ္စည်းတွေ များလှတာမလို့ လင်းယောင်က သုံးဘီးကားပင် ခေါ်လိုက်ရလေသည်။ အပ်ချုပ်စက်အဟောင်းလေးကို ထည့်လိုက်ပြီး ချန်ဖုန်းတို့ရဲ့ အထုပ်တွေကိုလည်း သုံးဘီးကားလေးပေါ်တင်ပေးလိုက်လေသည်။
လင်းယောင်နဲ့ ယွမ်ရိတို့ကတော့ ချန်ဖုန်းတို့နဲ့အတူ ကားမောင်းကာ ပြန်လာခဲ့လိုက်ကြလေသည်။
ချန်ဖုန်းနဲ့လျို့ဟုန်မေက ကားပြတင်းကနေ မြို့ကြီးကိုကြည့်ကာ တိုးတိုးပြောလာကြလေသည်။ "နောက်ဆုံးတော့ ငါတို့တွေ မြို့တော်ကြီးကို တွေ့ဖူးပြီပဲ။"
သူတို့ပြောတာကို ကြားလိုက်တာနှင့် ယွမ်ရိက လင်းယောင်ကို ပြောလာလေသည်။ "အိမ်ကိုတန်းမပြန်နဲ့။မြို့ထဲကို နည်းနည်းပါးပါး ပတ်ပြလိုက်ဦး"
လင်းယောင် ယွမ်ရိ ဘာကိုဆိုလိုချင်မှန်း တန်းသဘောပေါက်လိုက်လေသည်။ ချန်ဖုန်းတို့ လျို့ဟုန်မေတို့လို မြို့ကြီးကို ပထမဆုံးရောက်ဖူးသူတွေအဖို့ ပထမဆုံးတျန်းအာဂိတ်ကို မြင်တာနှင့် အံ့ဩသွားကြတာကြီးပင်။
ပတ်ပြပြီးတာနှင့် အိမ်ပြလာကြကာ သုံးဘီးကားပေါ်က သူတို့အပ်ချုပ်စက်လေးရယ်နှင့် အထုပ်အပိုးတွေကို ချလိုက်ကြလေသည်။
ယွမ်ရိ သုံးဘီးကားဆရာကို ပိုက်ဆံပေးလိုက်ကာ ချန်ဖုန်းတို့ကို အိမ်ထဲဖိတ်ခေါ်လိုက်လေ၏။
သူမတံခါးမကြီးဖွင့်ပြီး ခြံဝင်းထဲဝင်လိုက်တာနှင့် လျို့ဟုန်မေက တီးတိုးပြောလာလေသည်။ "အိမ်လေးက အနီရောင်အိပ်မက်စံအိမ်တော်နဲ့ တူလိုက်တာ။"
သူတို့တောင်ဘက်ပိုင်းမှာ အလုပ်လုပ်ခဲ့တုန်းက တောင်ဘက်ပိုင်းက တိုးတက်သင့်သလောက် တိုးတက်လာပြီဆိုသော်ငြား အဆောက်အဦးတွေဆိုတာ အဲ့လောက် ထူးဆန်းမနေပေ။
အခုလို ယွမ်ရိတို့နေသည့် ခြံဝင်းကတော့ မီးခိုးရောင်တိုင်လုံးတွေနှင့် အနီရောင်တံခါးပါရှိကာ အပြင်တွင်လည်း ကျောက်သား ခြင်္သေ့ကြီး မားမားမတ်မတ်ရပ်နေပုံက တကယ်ကို အနီရောင်အိပ်မက်စံအိမ်လိုပင်။
"အနီရောင်အိပ်မက်စံအိမ်ကို ရိုက်ဖို့ဥယျာဉ်ကျယ်ကြီးပါ လုပ်ခဲ့ကြတာလေ။ ဘာမှလုပ်စရာမရှိရင် သွားကြည့်လို့ရတယ်နော်။"
လေးယောက်သား အထုပ်အပိုးတွေသယ်ကာ အခန်းထဲ ဝင်လာခဲ့လိုက်ကြလေသည်။
လင်းယောင်ဧည့်ခန်းထဲ အပ်ချုပ်စက်လေးကို မ,ကာသယ်လာပြီး အဝတ်တစ်စယူကာ သန့်ရှင်းရေး လုပ်ပေးထားလိုက်လေသည်။
ယွမ်ရိကတော့ ချန်ဖုန်းနဲ့လျို့ဟုန်မေတို့ဖို့ လက်ဖက်ရည်တိုက်ဖို့ ရေနွေးအိုးတည်နေလေသည်။
နှစ်ယောက်သားရှက်ရှက်နှင့် လက်ဖက်ရည်ခွက်လေးမ,ကာ သောက်လာကြပြီး ယွမ်ရိနဲ့လင်းယောင်ကတော့ ရေပဲသောက်လိုက်ကြလေသည်။ သူတို့တွေပါးစပ်ထဲ ရေနွေးနွေးလေး ဝင်သွားကာမှ အာခေါင်စိုလာကြလေသည်။ ထိုအချိန် ယွမ်ရိအိတ်ထဲက ဖုန်းမြည်လာလေသည်။
"ရှောင်ရိ၊ သမီးပြန်ရောက်ပြီလား?"
"အန်တီသုံးကတော့ တကယ် အချိန်ကိုက်ပဲနော်။ ခုလေးတင် သမီးတို့ရောက်ကြပြီး ရေသောက်နေကြတာ။"
"အနားယူပြီးရင် ဒီဘက်လာခဲ့ကြဦးနော်။ အန်တီ နေ့လယ်စာ ချက်ထားတယ်။ သာ့ဖုန်းကို အန်တီတို့နဲ့ပဲ အတူတူနေဖို့ ပြောလိုက်ဦးနော်။ အထုပ်တွေ သယ်လာခဲ့လို့။"
ရေသောက်ပြီးကြတာနှင့် ယွမ်ရိတို့တွေ ချန်ဖုန်းတို့ကိုခေါ်လာကာ အထုပ်တွေပါ တစ်ပါတည်းသယ်ပြီး ယွမ်ချီကျီတို့အိမ်ကို သွားကြတော့သည်။
ယွမ်ချန်းရှန်၊ ချန်ခွန်းနဲ့ ယွမ်ကျဲ၊ ချန်းဝေ့သုန်တို့ပါ ရောက်နေကြကာ သူတို့ဝင်လာတာနဲ့ နှုတ်ဆက်လာကြလေသည်။
လူတွေအများကြီးတွေ့ကာမှ ချန်ဖုန်းတို့တွေ သက်သောင့်သက်သာဖြစ်လာကြကာ ပြုံးနိုင်လာကြလေသည်။
တခြားလူတွေကလည်း သူတို့ကိုသက်သောင့်သက်သာဖြစ်လာအောင် စကားပြောပေးကြကာ ယွမ်ချီကျီက ချန်ဖုန်းတို့ကို ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့နှင့် စကားပြောဖို့ ပြောလိုက်လေသည်။ လူကြီးနှစ်ယောက်က မပြောင်းလဲစွာ လူငယ်လေးတွေကို စကားစမြည်ပြောကာ နေရသက်သာအောင် လုပ်ပေးလိုက်ကြလေသည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့တွေ ချန်ဖုန်းနဲ့လျို့ဟုန်မေတို့ကို တွေ့ရတာဝမ်းသာနေကြလေသည်။
သူတို့မွေးရပ်မြေလေးကို မရောက်တာကြာတဲ့အပြင်ကို သူတို့အိမ်ကို ဧည့်သည်မလာတာလည်း ကြာပြီလေ။
လျို့ရှောင်းဟူတို့ လာပြီးကတည်းက သူ လူသစ်တွေဆို သိပ်မကြိုက်ဖြစ်ပေမဲ့ ခုကတော့ မတူပေ။
ယွမ်ကျီကောင်းက ချန်ဖုန်းတို့ကို မတွေ့ရတာကြာတဲ့ မိသားစုတွေအကြောင်းပါ မေးလာလေသည်။ မျိုးဆက်တွေလည်း ကြာလှပြီမလို့ သိသင့်သလောက်သိလာပြီးတော့ ထပ်မေးလာကာ၊ "အဲ့တော့ ပြန်လည်ပြင်ဆင်ရေးက ဘယ်တော့လုပ်မှာတဲ့လဲ?"
"လူတချို့ကတော့ ရွှေ့ပြီးသွားကြပေမဲ့ ခုထိ မစကြသေးဘူးဗျ"
ယွမ်ကျီကောင်း သက်ပြင်းချလာကာ "ငါတို့ဘိုးဘေးတွေ မျိုးရိုးစဉ်ဆက် နေခဲ့ကြတာ။ ပြန်လည်ပြင်ဆင်တယ်ပြောတော့လည်း ပြန်လည်ပြင်ဆင်တယ်ပဲပေါ့။ မင်းအဖွားနဲ့ငါနဲ့သာ သန်မာနေသေးရင် ပြန်ရောက်ဦးမှာကွာ"
"အဲ့လိုမပြောပါနဲ့။ လူတော်တော်များများက ခုထိ ရွှေ့ပေးဖို့ငြင်းနေကြသေးတာဗျ"
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကတော့ နည်းနည်းနားလည်သင့်သလောက် နားလည်လာကြကာ လျူရှင်းဟွာက ပြောလာလေသည်။ "ဒါပေမယ့် ပြောင်းတာလည်း ကောင်းပါတယ်ကွယ်။ မင်းတို့ကိုယ်တိုင်ရုန်းမှ ဒီနေရာကလွတ်မှာလေ။ တစ်သက်လုံး တောင်နားမှာပဲ ပိတ်မိနေရင် အရင်မျိုးဆက်တွေလိုပဲ ဖြစ်မှာပေါ့ကွယ်"
"ဒါနဲ့သားမိဘတွေရော? သူတို့လိုက်မလာဘူးလား?"
"ကျွန်တော်တို့လာတာနဲ့တင် အလုပ်ရှုပ်စေတာမလို့ ကျွန်တော့်မိဘတွေပါ ပါရင် ပိုအလုပ်ရှုပ်နေပါဦးမယ်ဗျာ"
"ဘာလို့ အလုပ်ရှုပ်ရမှာလဲ??ငါတို့က မိသားစုတွေဘဲဟာကို။ မင်းအမေနဲ့အဆက်အသွယ်ရရင် ပြောလိုက် ငါမသေခင် ပြောင်းလာခဲ့ကြပါလို့"
အဖိုးပြောလာတာကြားတော့ လျို့ဟုန်မေက ဝင်ပြောလာသည်။ "ဖွ ဖွ အဖိုးကလည်း အဖိုး အကြာကြီးကို နေရဦးမှာကို အဲ့လိုမပြောပါနဲ။"
သူတို့အတွက်တော့ ဒီအသက်အရွယ်ရောက်လာတော့ မသေခြင်းအကြောင်း သိပ်မပြောဖြစ်တော့ပေ။ တစ်နေ့ သူတို့ကြုံရမှာဖြစ်ပေမဲ့ ပြောလို့လည်းမကောင်းတာတော့ မကောင်းပေ။
ချန်ဖုန်းတို့တွေ နေ့လယ်စာ စားနေတုန်း နည်းနည်းတော့ အဆင်ပြေစပြုလာကြပြီ ဖြစ်လေသည်။ သူတို့ကဆွေမျိုးတွေပဲလေ၊ ပြီးတော့ တစ်ဖက်က သူတို့အပေါ် ကြင်နာတာကြောင့် အလိုလိုသက်သောင့်သက်သာ ရှိလာကြလေသည်။
ညစာစားပွဲမှာ ထမင်းစားနေကြရင်း ရွာဘက်ကအကြောင်းလည်း ပြောဖြစ်ကြကာ ချန်ဖုန်းနဲ့လျို့ဟုန်မေတို့ ဘာတွေလုပ်ခဲ့လဲပါ မေးလာကြလေသည်။ "တစ်ခုခု လုပ်ဖို့ရှိကြလား?"
"အပြင်ထွက်ပြီး ရှာကြည့်ရဦးမှာပေါ့ တီလေးရယ်"
သူတို့မှာအကြံမရှိတာမလို့ ယွမ်ချန်းရှန်က ပြောလာလေသည်။ "ဒါဆို ဟုန်မေ သမီးအန်တီသုံးနဲ့ စက်ရုံဘက်ကိုလိုက်ပြီး လက်မှုပညာအကြောင်း ကြည့်ပြီးအန်တီသုံးကို ကြည့်စီစဉ်ခိုင်းလိုက်ရင်ရော? ချန်ဖုန်းကတော့ ဦးလေးနဲ့လိုက်ခဲ့လေ။ ဘယ်လိုလဲ?"
ချန်ဖုန်းနဲ့လျို့ဟုန်မေ ဒါလေးကြားရုံနဲ့ကို ပျော်လာကြပေမဲ့ ယွမ်ချန်းရှန်ကိုကြည့်ကာ မေးလာသေးသည်။ "ဒါ ဦးတို့ကို ဒုက္ခပေးသလို ဖြစ်နေသေးလားဟင်?"
"ဘာဒုက္ခကမှာတုန်း? တခြား ဘာမှမလိုဘူး။ မင်းတို့သာ သင်နိုင်သလောက် လိုက်သင်ထား။ ဒီမှာအေးဆေးနေလို့တော့မရဘူးနော် ဘာလို့ဆို ငါတို့မိသားစုထဲက လူဆိုတော့။ အဲ့တော့ လုပ်နိုင်ကြမယ်မလား?"
"ဟုတ် အေးဆေးမနေပါဘူးဦးလေး" နှစ်ယောက်သား ပြိုင်တူပြောလာလေသည်။
ယွမ်ချန်ရှန်းက လုပ်စရာရှိသေးတာမလို့ ထမင်းစားပြီးတာနှင့် ပြန်သွားလေသည်။
ညအထိ အလုပ်ရှုပ်နေတာမလို့ သူပြန်လာတော့ မိသားစုတွေအကုန် ညစာပင်စားပြီးကြချေပြီ။ သူချန်ခွန်းနဲ့ယွမ်တပေါင်ကို ခေါ်ကာ အိမ်ပြန်လာပြီး ကျန်လူတွေလည်း ကိုယ့်အိမ်ကိုယ် ပြန်သွားကြလေသည်။
ရေမိုးချိုးပြီးတာနှင့် ယွမ်ချန်းရှန်က ချန်ခွန်းကိုပြောလာလေသည်။ "ငါ ဒီနေ့ စွန်းဝေကို တွေ့ခဲ့သေးတယ်။"
"သူက ဘာလုပ်ပြန်ပြီတုန်း?"
"စားသောက်ဆိုင်က အရင်နှစ်တွေတုန်းကတော့ ကောင်းကောင်းရပေမဲ့ ခုတလော သိပ်မရောင်းမရတော့ပါဘူးကွာ။ အဲ့ဒါကို အဲ့ကောင် စွန်းဝေက ရောက်လာပြီး ငါ့ကို လာစော်ကားတယ်လေ။ ဘာတဲ့ ငါ့မှာအရည်အချင်းမရှိပဲနဲ့ ငါ့တူမကိုပဲ မှီခိုနေရတာတဲ့လေ"
"သူ့မှာရော ရှိလို့လား? မဟုတ်တာတွေလုပ်တဲ့ အရည်အချင်းပဲ ရှိတာလေ"
"ဒါပေမယ့် သူပြောသွားတဲ့အထဲ ငါ့ကိုအကြံကောင်းတစ်ခုတော့ ပေးသွားတယ်ဟ"
"ဘာလဲ?"
"အခုအသစ်ဖွင့်တဲ့ ဆိုင်ကလည်း တော်တော်အောင်မြင်ထားတာဆိုတော့ ငါတို့လည်းပိုက်ဆံစုမိသလောက်တော့ ရှိပြီလေ။ အဲ့ဒါ ငါတို့ စီးပွားရေးအသစ်တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံကြည့်ကြမလားလို့။ ဘယ်လိုထင်လဲ?"
"ရှင်က ဘယ်မှာ ရင်းနှီးမြှုပ်နှံချင်တာတုန်း?"
"ငါတို့ အရမ်းကြီးတာကြီးကျ တန်းလုပ်လို့မဖြစ်တော့ အရင်ဆုံးအသေးလေး တစ်ခုကနေ စကြည့်ကြတာပေါ့။ ငါ ခုတလော ပိုက်ဆံမဖြုန်းခင် သေချာတွေးပြီး ဆုံးဖြတ်ချက်ချတတ်လာပါပြီ"
"အရင်ဆုံးရှင် ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ချင်ရင် ရှောင်ရိရဲ့အိမ်ခြံမြေဘက်မှာ အရင်မြှုပ်နှံကြည့်ပါလား။ ဒါကမှ ပိုမြတ်ဦးမယ်။ အိမ်ခြံမြေလုပ်ငန်းထက် ပိုမြတ်တာမရှိဘူးနော်"
"ငါတို့ ရေစီးကြောင်းကိုပဲ မှီခိုနေလို့မရဘူးလေကွာ။ ပြီးတော့ အဲ့ကုမ္ပဏီက ယွမ်ရိတစ်ယောက်တည်းမဟုတ်ဘူး ရှဲ့သုန့်ရန်လည်း ပါတယ်လေ။ လူတွေ ငွေနဲ့ စွန့်စားတဲ့ခေတ်က ကုန်ပါပြီ။ အခု ငါတို့မှာ ငွေလည်းရှိ အခြေလည်းကျနေပြီပဲ အန္တရာယ်နဲ့တွေ့လည်း အဆင်ပြေမှာပါ။ နောက်မှ ငါတို့ ယွမ်ရိကိုရှယ်ယာဝယ်ဖို့ ပြောလည်းရတာပဲဲ။ ခုကတော့ မင်းမရှက်ဘူးလားကွာ?"
"ရှင်ပြောမှဘဲ ကျွန်မဖြင့် နည်းနည်းတော့ ရှက်သလိုပဲ"
"ငါ အရင် မေးကြည့်ပါဦးမယ်ကွာ"
"ရှင့်စိတ်ထဲမှာ စွန်းဝေက ရှင့်ကို ဘာမှမဟုတ်သလိုလာပြောတာကို မကြိုက်တာမလား?"
"အေး၊ အဲ့ဒါတင်တော့ မဟုတ်ဘူးပေါ့"
ချန်ခွန်းက စောင်ကိုဆွဲယူကာ လှဲလိုက်လေသည်။ သူလည်း အိပ်ချင်လှပြီဖြစ်ရာ သမ်းလိုက်ပြီး "သူနဲ့ရန်သွားဖြစ်မနေနဲ့ဦးနော်"
"သူ့ဘက်က ငါ့စိတ်ကို အရင်လာမစွရင်တော့ ကောင်းတာပေါ့"
ယွမ်ချန်းရှန်က ပြန်ပြောလိုက်သည်။
ချန်ခွန်းကတော့ အဲ့လောက်ထိ စွန်းဝေကို စိတ်ဝင်စားမနေပေ။ တစ်ချက်သမ်းလိုက်ကာ "မီးမှိတ်ပြီး အိပ်တော့"
ယွမ်ချန်းရှန် လက်ဆန့်တန်းကာ မီးမှိတ်လိုက်ပြီး အခန်းလေးကတော့ မှောင်ရိပ်ထဲကျသွားတော့သည်။
ခဏကြာတော့ ယွမ်ချန်းရှန် ပြောလာပြန်သည်။ "ဒါနဲ့ ရှောင်ရိရဲ့ နောက်ထပ် အဆောက်အဦးဖွင့်ရင်လေ ငါတို့အတွက် အိမ်လေးတစ်လုံးလောက်တော့ ချန်ထားခိုင်းလိုက်ရအောင်ကွာ။ ငါတို့ကွန်ဒိုမှာနေရင် ပိုနေလို့ကောင်းမလားလို့"
"ငါ့ဘဝတစ်ဝက်လောက်က ဘန်ဂလိုလေးတွေမှာပဲ နေလာရတာ။ ပြီးတော့ ဒီခြံဝင်းဆို အဲ့ဒီစွန်းဝေဆိုတဲ့ကောင်ရဲ့ မိသားစုဟာလေ"
ချန်ခွန်းကတော့ အိမ်ချင်လွန်းလို့ သူ့ကို ဘာမှပြန်မပြောနိုင်တော့ပေ။ "အင်း"
ယွမ်ချန်းရှန် ထပ်ပြောလာမယ်လုပ်နေတုန်း ချန်ခွန်းထတားလိုက်ရလေသည်။ "ရှူး အိပ်တော့"
"..."
ချန်ဖုန်းတို့တွေ မြို့ကြီးကိုအသားကျဖို့ ၂ ရက်လောက် အချိန်ယူလိုက်ရကာ ပြီးတာနှင့်ယွမ်ချန်းရှန်ပြောသလို လျို့ဟုန်မေက ယွမ်ချီကျီနဲ့အတူ စက်ရုံဘက်မှာ လက်မှုပညာကို သင်ယူနေပြီး ချန်ဖုန်းကတော့ ယွမ်ချန်းရှန်နောက်က လိုက်ပေးလေသည်။
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာတော့ ယွမ်ချန်းရှန်က ချန်ဖုန်းကို မေးလာလေသည်။ "တောင်ဘက်ပိုင်းမှာတုန်းက မင်းဘယ်လို အလုပ်လုပ်ခဲ့တာတုန်း?"
ယွမ်ချန်းရှန် ထင်ထားတာက သူအုတ်ခဲသယ်ဘာညာလောက်ပင်။ ထိုဘက်တွေမှာ ဆောက်လုပ်ရေးတွေက များပြားတော့ ရွာဘက်ကလူတွေက ထိုသို့လုပ်ကြတာပင်။ သို့သော် မထင်မှတ်ထားစွာ "ကျွန်တော် ကပွဲခန်းမတစ်ခုမှာ ဝိတ်တာလုပ်ခဲ့ပါတယ်"
ယွမ်ချန်းရှန်အံ့ဩသွားကာ ချန်ဖုန်းကို ကြည့်လာလေသည်။
ယွမ်ချန်းရှန်ကြည့်ရတာ မယုံတဲ့ပုံပေါက်တာမလို့ ချန်ဖုန်းက ထပ်ရှင်းပြလာလေသည်။ "ကျွန်တော်ဝိုင်တွေကိုလည်း စပ်တတ်ပါတယ်။ ကျွန်တော်အဲ့တစ်ခုတည်းမဟုတ်ပဲ စက်ရုံဘက်တွေမှာလည်း ပစ္စည်းတွေရောင်းဖူးတာမလို့ ကျွန်တော် ဘယ်ပစ္စည်းက ပိုမြတ်လောက်မလဲ သိပါတယ်ဗျ။"
ယွမ်ချန်းရှန် သူယုံကြောင်း ခေါင်းညိတ်ပြလိုက်ကာ "ဒါနဲ့ မင်းတို့ ဘာလို့ တောင်ဘက် မပြန်တာတုန်း?"
"အဲ့ဘက်မှာ အရမ်းရှုပ်လာလို့ပါ။ လူပေါင်းစုံတဲ့အပြင်ကို လမ်းပေါ် မော်တော်ဆိုင်ကယ်စီးနေရင်း အိတ်တွေပါလုတဲ့လူကလုနဲ့။ အဆိုးဆုံးက ဘူတာရုံတွေမှာပဲ။ ကလေးရှိရင် သေချာဆွဲထားပြီး လက်တစ်ဖက်က ပိုက်ဆံအိတ်ကို မနည်းလက်ကြားထဲထည့်ကိုင်ထားရတယ်။ ဘူတာတနေ ထွက်ပြီဆိုတာနဲ့ ခြေတစ်လှမ်းမလှမ်းခင်ကို ပတ်ဝန်းကျင် အရင်သေချာကြည့်ရသေးတယ်ဗျာ။ အဲ့မှာနေကာမျက်မှန်တပ်ထားတဲ့လူဆို ကျော်သာသွား။ ဘယ်သူကပ်လာလာ စကားမပြောရဲဘူး။ ဘာမှမသိချင်ယောင်ဆောင်ထားလို့ကို မရဘူး။ ကျွန်တော်နဲ့ဟုန်မေတို့ခံဖူးလို့ ပြန်ကိုမသွားချင်တော့တာပဲ"
"ဒါလည်း ဘဝသင်ခန်းစာပေါ့ကွာ"
ပြီးမှ သူဘာသူ ဘာတွေးမိမှန်းပင်မသိပဲ မေးမိလိုက်လေသည်။ "ဒါနဲ့ တောင်ဘက်ပိုင်းမှာ အကခန်းမတွေပေါလား?" (နိုက်ကလပ်ပါပဲ တကယ်တော့ အဲ့ခေတ်ကတော့ အကခန်းမပေါ့)
ချန်ဖုန်းက ခေါင်းညိတ်ပြလာလေသည်။ "ဟုတ် များတယ်။ အထူးသဖြင့် ဟောင်ကောင်တို့ ထိုင်ဝမ်တို့နဲ့နီးတို့ကွမ်ကျိုးကလို လူတွေပေါ့။ ကျွန်တော်တို့ဟောင်ကောင်တီဗွီလိုင်းနဲ့ ရေဒီလိုင်းကလွှင့်တဲ့ ပေါ့ပ်သီချင်းတွေဆို သူတို့ကျော်ကြားမှုက မသေးဘူးဗျ။ လူတိုင်းသီချင်းဆိုတာ တတ်ကြပေမဲ့ ဆိုဖို့နေရာလည်းမရှိ စင်တွေလည်းမရှိကြဘူးလေ။ မြောက်ဘက်ပိုင်းမှာဆို ပြည်တွင်းအဆိုရှင်တွေရှိကြပေမဲ့ သူတို့ကာရာအိုကေတွေမှာပဲဆိုပြီး ငွေရှာကြတာပဲလေ"
"ဒါဆို ငါ တစ်ခုမေးကြည့်မယ်နော်"
ချန်ဖုန်းခမျာ ဘာမှန်းမသိသေးပေ။ "ဟုတ် ဘာလိုချင်လို့လဲဟင်?"
ယွမ်ချန်းရှန် ပြုံးလိုက်ကာ "မြို့တွင်းအခြေအနေလေး စုံစမ်းပေး"
ဆောင်းဦးနေ့လည်ခင်းလေးက ပြတင်းအပြင် ပေါ့ပလာပင်လေးအောင် ရွှေအိုရောင်သစ်ရွက်ကြွေတွေက ဖုံးနေကာ လေပြည်အေးလေးက တိုးညှင်းစွာတိုက်ခတ်လာပြီး ထပ်မံအားဖြည့်လာသေးသည်။
စတူဒီယိုထဲ ပန်းထိုးသည့်သူငါးယောက်ထိုင်ကာ ထိုးနေကြပြီး အားလုံးစိတ်ပါဝင်စားစွာ လုပ်နေကြလေသည်။ ယွမ်ရိလည်း ဘေးမှာထိုင်ကာ ပန်းထိုးနေရင်း ခဏအကြာမှာတော့ သူမမျက်လုံးတွေက မှေးလာတော့သည်။ သူမလည်း ပင်ပန်းလှတာမလို့ အပ်ပင်မကိုင်နိုင်တော့ပေ။ ရုံးခန်းထဲဝင်ကာ အိပ်လိုက်ရသည်အထိပင်။
အခုတော့ လေးယောက်သာ ကျန်တော့ကာ သူမ မပါဝင်နိုင်တော့ပေ။
သို့သော် တစ်ခါတလေတော့ သူမလက်တွေက အလုပ်မလုပ်ရလို့ ယားလာတိုင်း ဘောပင်ကိုင်ကာ ပုံကြမ်းဆွဲနေတတ်ပြီး တစ်ခါတလေတော့ ပင်အပ်နဲ့အပ်ချည်ကိုင်ကာ ပန်းထိုးနေလိုက်လေသည်။ ဒါကလည်း သူမ၏ ဦးနှောက်အပန်းဖြေနည်းတစ်ခုပင်။
အခုတော့ ရုံးခန်းထဲမှာ အိပ်နေလိုက်ပြီးမှ စတူဒီယိုထဲ ပြန်ဝင်လာပြန်လေသည်။
သူမညနေအလုပ်မဆင်းခင်အထိ အလုပ်လုပ်နေလိုက်တာကြောင့် ကုမ္ပဏီကနေ အလုပ်ဆင်းလာလိုက်ပြီး အိမ်ရောက်တော့လည်း ဟင်းတောင်မချက်နိုင်တော့ပေ။ လင်းယောင်နဲ့ပဲ ပြီးမှတစ်ခါတည်း ဝင်စားလိုက်လေသည်။
စားသောက်ပြီး၍ ပန်းကန်တွေဆေးကြောပြီးတဲ့နောက် နှစ်ယောက်သား ကုတင်မှီကာ တီဗွီကြည့်နေကြရင်း ယွမ်ရိ အိပ်ပျော်သွားလေတော့သည်။
တီဗွီပိတ်လိုက်တာတောင် မသိပဲအိပ်ပျော်သွားကာ နောက်တစ်နေ့ နေ့ခင်းနားကပ်ခါနီးမှ နိုးလာလေသည်။ ပြတင်းပေါက်ကနေ နေရောင်ခြည်က တိုးဝင်းလာကာ မျက်စိကျိန်းမတတ် တောက်ပနေတော့သည်။
တနင်္ဂနွေမလို့ သူမ အလုပ်သွားစရာမလိုပေ။
လင်းယောင်လည်း အိပ်ယာဘေးရောက်လာကာ သူမကိုကြည်ပြီး မေးလာလေသည်။ "နိုးပြီလား? ထပြီး မျက်နှာသစ်တော့လေ"
ယွမ်ရိ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ခြေတစ်လှမ်းလှမ်းပြီး လင်းယောင်ရင်ခွင်ကို လှမ်းဖက်လိုက်ကာ ပျင်းရိပျင်းတွဲအသံနှင့် ပြောလာလေသည်။ "ကျွန်မ တကယ် အသက်ကြီးနေပြီလားမသိဘူး? ခုတလော အရမ်းပင်ပန်းနေသလိုပဲ?"
သူမ ၃၀ ကျော်လေးပဲ ရှိသေးတာလေ။ ၃၃ ဆိုတာ အရေးကြီးအချိန်ဖြစ်သလို ၃၀ အရွယ်လူတွေ၏ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း လုံးဝ ထိုအချိန်ဆို ပြောင်းလဲသွားတတ်သည်လေ။ သူမအခုလို ဖြစ်နေတာကြာပြီဖြစ်လေသည်။
လင်းယောင် သူမနဖူးကို ထိလိုက်ကာ "ဖျားနေလို့လား?"
"ဟင့်အင်း ဒီအတိုင်းပင်ပန်းတာပဲ။ ကျွန်မ ရာသီလာတာနဲ့ နှိုင်းရင် ခုက ပိုတောင်..."
ပြောနေရင်း ရုတ်တရက် ရပ်ကာ လင်းယောင်ကိုကြည့်လာပြီး "နေဦး ကျွန်မ ရာသီမလာတာ ဘယ်ကတည်းကလဲ?"
ဟု အံ့ဩတကြီး ရေရွတ်လိုက်မိတော့သည်။