Chapter 41.2

2.6K 299 0
                                    

အပိုင်း - ၄၁.၂

နေ့ခင်းဘက် လျူရှောင်းနဲ့သူ၏ဖခင်တို့ နေ့လည်စာစားဖို့ပြန်လာချိန်မှာ သူမက
"ဒီနေ့ ရှင့်ချွေးမကို သမဝါယမဆိုင်မှာတွေ့ခဲ့တယ်"

လျူရှောင်း၏ဖခင်က‌ နေ့လည်စာ စားနေရင်းဖြင့်
"ယွမ်ချီကျီလား"
ဟု ပြန်မေးလိုက်သည်။

"အလိုတော်။ ရှင့်မှာ ယွမ်ချီကျီကလွဲပြီး တခြားချွေးမရှိနေသေးလို့လား"
လျူရှောင်း၏မိခင်က ပြောလိုက်၏။

လျူရှောင်းက
"ဘာတဲ့လဲ။ သူမက သူမမိဘတွေအိမ်မှာ နေလို့မရတော့ဘူး။ ကျွန်တော့ဆီ ပြန်လာချင်နေတာတဲ့လား"

လျူရှောင်း၏မိခင်လည်း သူမ၏သားအား မျက်လုံးစွေကြည့်ကာ
"ဝေးပါသေးတယ်ဟယ်။ ဟိုက ငါ့ကိုတောင် နင့်အတွက် စကားအမှာပါလိုက်သေးတယ်။ ဘာတဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ပြီးသွားရင် တောင်ပေါ်ကို စာပို့သမားလွှတ်ပြီး အကြောင်းကြားလိုက်ပါတဲ့။ ဒါနဲ့ နင့်မိန်းမက‌ တော်တော်လေးပြောင်းလဲသွားတယ်နော်။ဘယ်လောက်ပြောင်းလဲသွားလဲဆိုရင် နင်တောင် မှတ်မိမှာမဟုတ်ဘူး။ ပြီးတော့ ငွေလည်းတော်တော်လေးရှိလာတယ် ထင်တယ်။ ငါနဲ့တွေ့တော့ သူက သမဝါယမဆိုင်ကနေ အာဟာရဂျုံဘူးကြီးကို ဝယ်နေတာ တွေ့ခဲ့ရတယ်"

လျူရှောင်းက မဲ့ပြုံး,ပြုံးကာ
"အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အမေရယ်။ အမေမျက်စိမှားတာဖြစ်မှာပါ"
ဟု ပြောလိုက်၏။

လျူရှောင်း၏မိခင်မပြောခင်မှာပဲ အားနီက
"အမေ့ဘေးမှာ အင်္ကျီလှလှလေးဝတ်ထားတဲ့ အမလည်းပါသေးတယ်။ သူတို့နှစ်ယောက်လုံး တကယ်ကြီးဂျုံဘူးကြီးကို ဝယ်သွားတာ"
ဟု ဝင်ပြောလိုက်၏။

ဒီတစ်ကြိမ်မှာတော့ လျူရှောင်းက မျက်မှောင်ကြုတ်ကာ
"အဲ့တာက နင့်အမေဆိုတာ သေချာလို့လား"
ဟု သူ့သမီးကို မေးလိုက်သည်။

အားနီက ခေါင်းကို ပုတ်သင်ညိုကဲ့သို့ တဆတ်ဆတ်ညိတ်ကာ
"အဲ့တာက အမေဆိုတာ သေချာပါတယ်"
လို့ ပြန်ဖြေပေးလိုက်၏။

"အမေ အဲ့တာ သူမဆိုတာက သေချာလို့လား"
လျူရှောင်းက သူ့အမေကို နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။

လျူရှောင်း၏မိခင်လည်း သက်ပြင်းတစ်ခုအသာချကာ
"ဟုတ်တယ်"
လို့ ဖြေပေးလိုက်သည်။

ထို့နောက် သူမက ဆက်လက်ပြီး
"မင်း အဲ့ကောင်မကို ကွာရှင်းလိုက်တော့"
ဟု ပြောလိုက်၏။

သူမတွေ့ခဲ့ရသည့် ယွမ်ချီကျီဟာ ယခင်ကနဲ့ ယှဉ်လျှင်အပြောင်းလဲကြီး ပြောင်းလဲနေပြီဖြစ်သည်။

ယခင်ကဆိုပါက သူမပြောသမျှအကုန်နာခံသည့် ခပ်တုံးတုံး၊ ခပ်အအပုံစံလေး ဖြစ်ပေမယ့် အခုချိန်မှာတော့ ထက်ထက်မြက်မြက်ဖြင့် ဂျစ်ကန်ကန်ပုံစံဖြစ်နေပါပြီ။ ထိုကဲ့သို့သော ချွေးမကို သူမ မလိုချက်တော့ပေ။ ဒါ့ကြောင့် သူမ၏သားကို ကွာရှင်းလိုက်တော့ဖို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

လျူရှောင်းတစ်ယောက် ခဏတိတ်ဆိတ်သွား၏။

သူ၏အမေက ဆက်လက်ပြီး
"ကွာရှင်းပေးလိုက်ပါတော့။ ပြီးတော့ မင်းကလည်း အသက်အရွယ်ကောင်းမှာ ရှိ‌သေးတဲ့ဟာကို အောင်သွယ်တစ်ယောက်ငှားပြီး မင်းအတွက် သင့်တော်မယ့် အမျိုးသမီးတစ်ဦးကို ထပ်ရှာပေးပါ့မယ်ကွယ်"

လျူရှောင်း၏ဖခင်ကလည်း
"မင်းအမေပြောတာမှန်တယ်။ မင်းရဲ့အချိန်တွေကို ယွမ်ချီကျီပြန်လာမယ့်အချိန်ကို စောင့်ရင်းဖြုန်းမနေသင့်တော့ဘူး။ သူမကို သူမရဲ့သားသမီးတွေတောင်မှ ပြန်လက်ခံချင်တာမဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ မင်းလည်း သူမနဲ့ကွာရှင်းပြီး နောက်အိမ်ထောင်ပြုလိုက်တော့။ ကွာရှင်းဖို့ က်စ္စကို ယွမ်ချီကျီ‌ဘက်က အရင်စတာဖြစ်တဲ့အတွက် ငါတို့မိသားစုလည်း မျက်နှာပျက်စရာအကြောင်း လုံးဝမရှိဘူး။ ဒါ့ကြောင့်မို့ နောက်အိမ်ထောင်မြန်မြန်ပြုသင့်တယ်"
လို့ ဝင်ပြောလိုက်သည်။

လျူရှောင်းလည်း သူအဖေနဲ့အမေကိုကြည့်ကာ ခေါင်းငုံ့ထမင်းးစားရင်း အတွေးများနေတော့သည်။
'ယွမ်ချီကျီ‌ဆိုတဲ့ကောင်မ၊ နောက်အိမ်ထောင်ပြုလည်း တောင်ပေါ်ကတောသားနဲ့ပဲ ညားမှာ။ ငါကတော့ အလုပ်တစ်ခုရှိတယ်၊ ကိုယ်ပိုင်အိမ်လည်း ပိုင်တယ်ဆိုတော့ မြို့ထဲကအဆင်ပြေမယ့် အမျိုးသမီးကို ကောက်ယူလို့ရသေးတယ်။ ဘာပဲဖြစ်ဖြစ် ငါက ယွမ်ချီကျီထက်တော့ သာနေမှာပဲ။ တကယ်လို့ အဲ့ကောင်မက မကွာရှင်း‌တော့ပဲ ငါ့ဆီပြန်လာမယ်ပြောရင်တောင် ငါ့ဘက်ကလည်း လုံးဝပြန်လက်ခံမှာ မဟုတ်တော့ဘူး'

ထိုသို့တွေးပြီး စိတ်ပိုင်းဖြတ်လိုက်ကာ
"ဒီနှစ်သစ်ကူးပြီးတဲ့ အချိန်ထိ စောင့်လိုက်ပါဦး။နှစ်သစ်ကူးပြီးသွားမှ နောက်အိမ်ထောင်ပြဖို့နဲ့ပတ်သက်ပြီး ပြောကြတာပေါ့"
ဟု သူ့အဖေအား ပြန်ပြောလိုက်သည်။

ထိုအခါမှ လျူရှောင်း၏မိခင်နဲ့ဖခင်ဟာ သူ့သားမှန်သည်ဆိုသည့် အမူအရာမျိုးပြကာ လျူရှောင်းအားထောက်ခံလိုက်ကြတော့သည်။

တစ်ဖက်မှာတော့ ယွမ်ကျီကောင်း၊ လျူရှင်းဟွာတို့ဟာ ယွမ်ချန်းရှန်၏နောက်‌ကနေတဆင့် ချန်မိသားစုထံရောက်သွားကြသည်။ ချန်မိသားစုထံကိုရောက်တာနဲ့ သူတို့မှာ ပါလာသည့် လက်ဆောင်ပစ္စည်းတွေကို အရင်ပေးလိုက်၏။

ထို့နောက် သားရေးသမီးရေးကို စတင်ဆွေးနွေးကြကာ မင်္ဂလာဆောင်မည့်ရက်အား အတိအကျသတ်မှတ်ခဲ့ကြတော့သည်။

သူတို့ဟာ နေ့လည်ကို ရောက်တဲ့အခါမှ ချန်အိမ်ကနေပြန်လာခဲ့ကြပြီး သူတို့သတ်မှတ်ထားသည့်နေရာမှာ ယွမ်ချီကျီတို့အဖွဲ့နဲ့ ပြန်ပေါင်းခဲ့ကြသည်။

ထို့နောက်သူတို့ အုပ်စုဟာ အနီးမှာရှိသည့် ခေါက်ဆွဲဆိုင် တစ်ဆိုင်အတွင်းဝင်ကာ နေ့လည်စာစားဖို့ ပြင်ကြတော့သည်။

ကျောင်းရွယ်ယန်က သူမနဲ့သူမ၏သား လင်းယောင်အတွက် ခေါက်ဆွဲ‌ဖိုး ပေးဖို့ပြင်လိုက်ပေမယ့် ယွမ်ချီကျီက တားဆီးလိုက်၏။

ဒီနေ့ဟာ ယွမ်ချန်းရှန်၏စေ့စပ်ကြောင်းလမ်းသည့်နေ့ဖြစ်တာမို့ ယွမ်မိသားစုတစ်ခုလုံးအတွက် ပျော်ရွှင်ရသည့် နေ့ရက်လေး တစ်ရက်ဖြစ်ပေသည်။ဒါ့ကြောင့်မို့ ကျောင်းရွယ်ယန်နဲ့လင်းယောင်အတွက် နေ့လည်စာဖိုးကို ယွမ်မိသားစုကပဲ ပေးချေခဲ့သည်။

ခေါက်ဆွဲစားနေရင်းဖြင့် ယွမ်ချီကျီက ယွမ်ချန်းရှန်အား
"ချန်းရှန်။ နှစ်ဖက်မိဘသွားတွေ့ပြီး လက်ထပ်မယ့်ရက်ကို သတ်မှတ်တာက အဆင်ပြေခဲ့ရဲ့လား"
ဟု မေးလိုက်သည်။

ယွမ်ချန်းရှန်က ခေါင်းညိတ်ကာ ပျော်ရွှင်နေသည့် လေသံဖြင့်
"နှစ်သစ်ကူးပြီး မေလထဲမှာလက်ထပ်တဲ့ရက်ကို သတ်မှတ်ခဲ့ကြတာ"
ဟု ပြန်ဖြေပေးလိုက်သည်။

ယွမ်ချီကျီလည်း ဝမ်းသာအားရပြုံးလိုက်ပြီး
"ငါ့မောင်အတွက် ဂုဏ်ယူပါတယ်ကွယ်"
ဟု ပြောလိုက်သည်။

ယွမ်ကျီကောင်းက ခေါက်ဆွဲစားနေရင်းဖြင့်
"ခဏနေကျရင် စာတိုက်ကိုသွားပြီး မင်းတို့အကိုအကြီးဆုံးကို ချန်းရှန်လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စားရေးပို့ပေးရင်း အကြောင်းကြားလိုက်"
ဟု ပြောလိုက်သည်။

ထိုအခါ လျူရှင်းဟွာက
"ရှင်ကလည်း သားကြီးက သူ့တာဝန်နဲ့ မအားပါဘူးဆိုနေ။ ပြန်လာဖို့က အချိန်ရှိပါ့မလား"

ယွမ်ကျီကောင်းက
"မင်းကလည်းကွာ အသိပေးရမယ့်အရာကိုတော့ ငါတို့ဘက်က အသိပေးရမှာပဲလေ။ ပြန်လာနိုင်လား ပြန်မလာနိုင်ဘူးလားကတော့ သူ့ကိစ္စပဲဟာ"
ဟု ရှင်းပြလိုက်သည်။

ယွမ်ရိက ဘေးနာကနေ အသာလေးနားထောင်နေခဲ့သည်။ အဖိုးယွမ်နဲ့၊ အဖွားလျူတို့ စကားဝိုင်းအတွင်းမှ အကိုအကြီးဆုံးဆိုတာ သူမ၏ဖခင်ဖြစ်သူ ယွမ်ချန်းဖူကိုပြောကြောင်း သူမ သိပေသည်။

မနက်ပိုင်းက သမဝါယမဆိုင်မတွင်းမှာ လျူရှောင်း၏မိခင်ဖြင့်တွေ့ဆုံခဲ့သည့်အကြောင်းကိုတော့ ယွမ်ချန်းရှန်၊ ယွမ်ကျီကောင်းနဲ့လျူ‌ရှင်းဟွာအား မည်သူမျှ မပြောပြခဲ့ကြပေ။ ဘာလို့လည်းဆိုတော့ ယခုချိန်ခါသမယမှာ ယွမ်ချန်းရှန်လက်ထပ်မည့်ကိစ္စနဲ့ပတ်သက်ပြီး တစ်မိသားစုလုံး ပျော်ရွှင်နေကြတဲ့အတွက်ကြောင့်ဖြစ်ပြီး ထိုပျော်ရွှင်မှုလေး ပျက်ဆီးသွားမှာစိုးလို့ပဲဖြစ်သည်။

ထိုအချိန်မှာပဲ ခေါက်ဆွဲဆိုင်အတွင်းမှာ စားပွဲထိုးလေးနှစ်ယောက်က တွတ်ထိုးနေကြတော့သည်။
စားပွဲထိုး တစ်က
"ဟေ့ကောင် ဒီနေ့ည တုန်းဖန်အလယ်တန်းကျောက်ရဲ့အားကစားကွင်းထဲမှာ ရုပ်ရှင်ပြမှာသိလားကွ"

ခေါက်ဆွဲဆိုင်အတွင်းမှာ နည်းနည်းဆူညံနေပေမယ့် ယွမ်ကျဲဟာ 'ရုပ်ရှင်ပြမယ်'ဆိုတဲ့စကားကိုတော့ ကောင်းကောင်းကြီး ကြားလိုက်ရသည်။ ဒါ့ကြောင့် သူမက အာရုံစိုက်ပြီး စားပွဲထိုးနှစ်ယောက်ပြောမယ့်စကားတွေကို နားထောင်နေခဲ့သည်။

စားပွဲထိုး နှစ်က
"တကယ်ကြီးလား။ ဘာရုပ်ရှင်ပြမှာတဲ့လဲ"
ဟု မေးလိုက်၏။

ထိုအခါ စားပွဲထိုးတစ်က
"ဘာရုပ်ရှင်ပြမယ်ဆိုတာကိုတော့ မကြေညာရသေးဘူး။ ဘာပဲဖြစ်ဖြစ် ညကျသွားကြည့်ရင် သိရမှာပဲဟာကို"

ယွမ်ကျဲလည်း ထိုစကားတွေကို အစအဆုံးကြားလိုက်ရပြီး ဘေးမှာထိုင်နေသည့် ယွမ်ရိလက်ကို ဆုပ်ကိုင်ကာ
"အမ၊ အမ၊ နင်ကြားလိုက်လား။ ဒီည တုန်းဖန်အလယ်တန်းကျောင်းရဲ့အားကစားကွင်းထဲမှာ ရုပ်ရှင်ပြမှာတဲ့။ လမ်းမှာ ဆုတောင်းခဲ့တဲ့ ငါ့ဆုတောင်းတွေ အမှန်တကယ်ဖြစ်လာခဲ့ပြီ"
လို့ ဝမ်းသာအားရပြောလိုက်သည်။

ယွမ်ရိကလည်း စားပွဲထိုးနှစ်ယောက် ပြောသည့်စကားသံများကို ကြားပေသည်။ ဒါ့ကြောင့် သူမက ယွမ်ကျီကောင်းအား ကြည့်ကာ
"အဖိုးရော ကြားလိုက်တယ်မလား။ သမီးတို့ ရုပ်ရှင်ကြည့်ချင်လို့၊ ခွင့်ပြုပေးပါနော်"
ဟု တောင်းဆိုလိုက်သည်။

ယွမ်ကျီကောင်းလည်း တောင်ပေါ်က လူတွေအနေနဲ့ရုပ်ရှင်ကြည့်ခွင့်ရတယ်ဆိုတာက တကယ့်ကို ကံကောင်းမှဖြစ်မည်ကို သိပေသည်။ ဒါ့ကြောင့် သူက
"ကောင်းပြီလေ ဒါဆိုရင်လည်း ဒီနေ့ တောင်ပေါ်ကိုမပြန်ကြသေးပဲ ဒီမှာပဲ နေကြဦးစို့"
ပြောကာ ယွမ်ရိတို့၏ တောင်းဆိုချက်အား ခွင့်ပြုပေးလိုက်တော့သည်။

ယွမ်ကျဲလည်း သူမအဖိုးထံမှ ခွင့်ပြုချက်ကို ရလိုက်တာနဲ့ ဝမ်းသာအားရဖြင့်
"ဟားး ဟားး ရုပ်ရှင်ကြည့်ရတော့မယ်"
ဟု ရေရွတ်မိလိုက်တော့သည်။

ယွမ်ရိက
"ညနေကျရင် စောစောသွားမှ ရှေ့ဆုံးကနေ နေရာရမှာ။ နောက်ကျသွားလို့ကတော့ အရင်တစ်ခေါက်က ငါနဲ့လင်းယောင်လို သစ်ပင်ပေါ်က တက်ကြည့်တဲ့အဖြစ်မျိုးနဲ့ ကြုံနေရလိမ့်မယ်"

ယွမ်ကျဲက ခေါင်းတညိတ်ညိတ်ညိတ်ဖြင့်
"အဲ့တာဆိုရင် ညနေကျ စောစောလေးသွားကြည့်ကြတာပေါ့"

နေ့လယ်စာ စားပြီးသည့်နောက်မှာ ယွမ်ချန်းရှန်က ယွမ်ကျီကောင်းနဲ့အတူ ယွမ်ချန်းဖူထံ စာပို့ဖို့အတွက် စာတိုက်ကို သွားခဲ့ကြသည်။ လိုအပ်သည့် တံဆိပ်ခေါင်းတွေ ဝယ်ပြီးသည့်နောက်မှာ ယွမ်ရိတို့ထံ ပြန်လာခဲ့ကြသည်။

ယွမ်မိသားစုက ဒီညအနားယူဖို့အတွက် တည်းခိုခန်းမှာ အခန်းယူခဲ့ကြသည်။ ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချီကျီ၊ လျူရှင်းဟွာ၊ ကျောင်းရွယ်ယန်နဲ့လင်းယောင်တို့က ယွမ်ချန်းရှန်နဲ့ယွမ်ကျီကောင်းတို့ကို တည်းခိုခန်းကနေ စောင့်မျှော်နေခဲ့ကြ၏။

ညနေခင်းကို ရောက်တာနဲ့ ယွမ်ရိတို့အုပ်စုဟာ တုန်းဖန်မြို့၏အားကစားကွင်းသို့ ထွက်လာခဲ့ကြသည်။အားကစားကွင်းထဲမှာတော့ ရုပ်ရှင်ပြဖို့အတွက် ပိတ်ကားချပ်ကို ထောင်ထားပြီးပြီဖြစ်သည်။

ယွမ်ရိတို့ဟာ ပိတ်ကားချပ်ရှေ့က ကြည့်လို့အဆင်ပြေမည့် မြက်ခင်းပြင်ပေါ်မှာ ထိုင်ချလိုက်ကြသည်။ သူတို့အုပ်စုဟာ ထိုနေရာလေးကိုထိုင်ပြီးနောက် သူများဦးသွားမှာစိုးသည့်အလား ဖယ်ကိုမဖယ်ကြတော့ပေ။

ထိုင်နေကြရင်းဖြင့် အရင်တုန်းကအကြောင်းတွေ‌ပြန်ပြောကြ၊ ဟာသတွေပြောကြ‌ဖြင့် ရယ်မောသံလေးတွေ တညံညံထွက်နေတော့သည်။

ဒီလိုနဲ့ တဖြည်းဖြည်းမှောင်လာကာ လူတွေလည်း တဖွဲဖွဲရောက်လာကြတော့သည်။

အချိန်တစ်ခုကြာတဲ့အခါမှာတော့ ပိတ်ကားချပ်ပေါ်မှာ အလင်းရောင်တစ်ချက်လက်သွားပြီး ရုပ်ရှင်အဖွင့်တီးလုံးသံ ထွက်လာတော့သည်။

ယွမ်ရိလည်း သူမဘေးမှာရှိသည့် ယွမ်ကျဲကို လှည့်ကြည့်လိုက်သည်။

ထိုအခါ ယွမ်ကျဲဟာ ရုပ်ရှင်ပိတ်ကားချပ်ပေါ်မှာပဲ အာရုံစိုက်နေကာ ပိတ်ကားချပ်မှာ ပြန်လာသည့်အလင်းရောင်ဟာ သူမ၏မျက်နှာပေါ်မှာ‌ အရောင်ပြန်ဟပ်လို့နေသည်။

ယွမ်ရိလည်း တခြားတစ်ဖက်မှာရှိသည့် လင်းယောင်ကို လှည့်ကြည့်မိလိုက်သည်။ ထိုအခါ လင်းယောင်ကလည်း သူမကိုကြည့်နေတာနဲ့ဆုံပြီး နှစ်ယောက်သားအကြည့်တွေ ဆုံသွားကြ၏။

ထို့နောက် တိုင်ပင်မထားပဲ ပြိုင်တူရယ်မောမိလိုက်ကြတော့သည်။

ယွမ်ရိလည်း သူမ၏မျက်နှာအား ရုပ်ရှင်ပိတ်ကားချက်ထံ ပြန်လှည့်ရင်း စိတ်ထဲကနေ တွေးတော့လိုက်မိသည်။
'ဘဝဆိုတာကြီးက ဆောင်းတွင်းမှာကျတဲ့ နှင်းပွင့်လေးတွေလိုပဲ။ တခဏပဲရှိပြီး အချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်။ ဒါ့ကြောင့် ဖြစ်ပေါ်လာတဲ့အခိုက်အတန့်လေးမှာ ပျော်စရာကိစ္စတွေအားလုံးကို ငါ့မှတ်ဉာဏ်ထဲ စွဲနေအောင် မှတ်သားထားရမယ်။ ဒါမှ နောင်တချိန်မှာ ဒီအဖြစ်အပျက်တွေကို ပြန်တွေးရင် ကြည်နူးရမှာ'

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now